ငလျင်အကြောင်း သိကောင်းစရာ
ဒေါက်တာ ယဉ်မျိုးမင်းထွေး (မိုး/ဇလ)
ဘူမိဗေဒအထောက်အထားများအရ မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပေါ်ခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်အန္တရာယ်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါအားများ (စွမ်းအင်များ) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါ၍သွားခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။ မီးတောင်ပေါက်ကွဲခြင်း၊ မြေအောက်မိုင်းခွဲခြင်း၊ အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်ခြင်းတို့ကြောင့်လည်း ငလျင်များ လှုပ်ရှားတတ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင်ဖြစ်ပေါ်သော ငလျင်လှုပ်ရှားမှု၏ ၁၅ ရာခိုင်နှုန်းကို ခံစားရသည့် မြေထဲပင်လယ် - ဟိမဝန္တာဇုန်တွင် တည်ရှိနေပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ငလျင်များသည် နှောင်းဖြစ် ဘူမိအနေအထားတို့ကြောင့် ဖြစ်ပေါ်ခဲ့ရကာအထူးသဖြင့် ပြတ်ရွေ့များရှိရာ နေရာများ၌ ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ရှားမှုအား ဖြစ်ပေါ်စေသော အဓိကပြတ်ရွေ့ကြီးဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စသည့်ပြတ်ရွေ့ များအပြင် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေပါသည်။ အဆိုပါပြတ်ရွေ့များ ရွေ့လျားမှုကြောင့် ပြတ်ရွေ့များ တည်ရှိရာဒေသများနှင့် အိန္ဒိယမြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ တိုးဝင်မှုဖြစ်စဉ် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ငလျင်လှုပ်ရှားမှုများဖြစ်ပေါ်လေ့ရှိသဖြင့် အဆိုပါဒေသများတွင် ငလျင်ဘေးအန္တရာယ်အား သတိပြု၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်။
အဓိကပြတ်ရွေ့ကြီး
မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ကြီးဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံရှိ လူဦးရေထူထပ်များပြားသော မြို့ကြီးများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့များကို ဖြတ်သန်းသွားသည်ဖြစ်၍ အဆိုပါမြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင် ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားရနိုင်ပါသည်။ အတိတ်ကာလ၏ သမိုင်းမှတ်တမ်းများအရ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့သော ငလျင်များသည် အင်အားများ၍ မြေပြင်ဗဟိုချက်အနက် တိမ်သောကြောင့် ပျက်စီးမှုများ ရှိခဲ့ပါသည်။
ငလျင်သည် ကြိုတင်ခန့်မှန်းတွက်ချက် နိုင်သောသဘာဝဘေးတစ်မျိုး မဟုတ်သော်လည်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များကို ပြန်လည်လေ့လာသည့်နည်းပညာ (Paleoseismology) ဖြင့် နောင်တစ်ချိန်တွင် တစ်ကျော့ပြန်လည်လှုပ်ရှားနိုင်သည့် အလားအလာအား လေ့လာနိုင်သည်ဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဂျပန်နိုင်ငံကျိုတိုတက္ကသိုလ် တို့နှင့် ပူးပေါင်း၍ ၁၉၃၀ ပြည့်နှစ်တွင် အင်အားပမာဏ ၇ ဒသမ ၃ ဖြင့် လှုပ်ရှားခဲ့သော ပဲခူးငလျင် ဖြစ်စဉ်အား သုတေသနပြုလေ့လာခဲ့ကြရာ နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကျော့ပြန်လည် လှုပ်ရှားနိုင်ကြောင်း တွေ့ခဲ့ရ၍ ယခုအခါ ပဲခူးငလျင် လှုပ်ခတ်ပြီးခဲ့သည်မှာ နှစ်ပေါင်း ၉၀ ကျော် ကြာလာပြီဖြစ်ရာ အဆိုပါပဲခူးငလျင်ဖြစ်စဉ်ကိုသိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်သည်။ ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်လည်း သမိုင်းအထောက်အထားများအရ ၁၇၆၂ ခုနှစ်က အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ပြီး အဆိုပါအင်အားပြင်းငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရ၍ ယခုအခါ အဆိုပါနေရာတွင် ငလျင်ကြီးလှုပ်ရှားခဲ့သည်မှာ နှစ်ပေါင်း ၂၆၀ ကျော် ရှိပြီဖြစ်သဖြင့် အဆိုပါဒေသ အနီးတစ်ဝိုက် တွင်လည်း ၁၇၆၂ ခုနှစ်က လှုပ်ရှားခဲ့သော ငလျင်ကြီးဖြစ်စဉ်ကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်။
ငလျင်အန္တရာယ်ကို သတိပြုသင့်
မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍လှုပ်ရှားသောငလျင်များကိုသာ သတိပြုသင့်သည်သာမက အိမ်နီးချင်းနိုင်ငံများရှိ ပြတ်ရွေ့များတွင်လှုပ်ရှားသော ငလျင်များကြောင့်လည်း အိမ်နီးချင်းနိုင်ငံ များနှင့်ထိစပ်နေသော ဒေသများတွင်လည်းထိခိုက် ပျက်စီးမှုများရှိနိုင်သည်ကို သတိပြုသင့်ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ရှိ ပြတ်ရွေ့များတွင် ငလျင်လှုပ်ရှားပါက အဆိုပါနိုင်ငံများနှင့် နယ်မြေထိစပ်နေသော မြန်မာနိုင်ငံအနောက်မြောက်၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများ ရှိနိုင်သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ပြတ်ရွေ့များတွင် ငလျင်လှုပ်ရှားမှု ဖြစ်ပေါ်ပါက မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ထိခိုက်ပျက်စီးမှုများရှိနိုင်ပါသည်။ အလားတူလာအိုနိုင်ငံရှိ ပြတ်ရွေ့များတွင် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ပါက လာအိုနိုင်ငံနှင့် နယ်မြေထိစပ်နေသော မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ထိခိုက်ပျက်စီးမှုများရှိနိုင်ပြီး ထိုင်းနိုင်ငံရှိ ပြတ်ရွေ့များတွင် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ပါက ထိုင်းနိုင်ငံနှင့်နယ်မြေထိစပ်နေသော မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင်ထိခိုက် ပျက်စီးမှုများရှိနိုင်ပါသည်။ သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၏ ငလျင်အန္တရာယ်ကိုလည်း သတိပြုသင့်ပါသည်။
၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ Columbia University မှ Professor Mickael Steckler သည် Global Positioning System-GPS များ တပ်ဆင်ပြီး လေ့လာခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် အင်အားပမာဏ ၈ ဒသမ ၂ မှ ၉ ဒသမ ၀ အထိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ရှား နိုင်မှုအား လေ့လာတွေ့ရှိရကြောင်းနှင့် အဆိုပါအင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ရှားပါက ငလျင်လှုပ်ရှားမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်နိုင်ငံတည်းသာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကိုလည်း သက်ရောက်နိုင်ကြောင်း ၎င်း၏သုတေသနစာတမ်းတွင် ရေးသားဖော်ပြထားသည်ဖြစ်ရာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများသည် အဆိုပါအင်အားအလွန်ပြင်းထန်သော ငလျင်ကြီးအား သတိပြုရန် လိုအပ်ပါသည်။
ထိခိုက်သေဆုံးမှုများ
ငလျင်သည် အချိန်တိုအတွင်းဖြစ်ပေါ်သော သဘာဝဘေးတစ်မျိုးဖြစ်ပြီး ငလျင်လှုပ်ရှားစဉ် မြေကြီးလှုပ်ရှားမှုကြောင့် တိုက်ရိုက်ထိခိုက်ဒဏ်ရာရရှိမှုသည် အလွန်နည်းပါးပြီး အထက်မှကျသော အရာဝတ္ထုများနှင့် အဆောက်အအုံများ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်လေ့ရှိပါသည်။ သို့ဖြစ်၍ ငလျင်ဘေးအန္တရာယ်ရှိသော ဒေသများတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ထားသင့်ပါသည်။ အင်အားပြင်းငလျင် ကြီးများလှုပ်ရှားပြီး နောက်ဆက်တွဲငလျင်ငယ်များသည် နာရီပေါင်းများစွာမှတစ်ခါတစ်ရံ ရက်ပေါင်း များစွာကြာသည်အထိ ဖြစ်ပေါ်တတ်ပါသည်။ အင်အားပြင်းငလျင်ကြီးများသည် ပင်လယ်ရေအောက်ကြမ်းပြင်ကိုဗဟိုပြု၍ လှုပ်ရှားသည့်အခါ နောက်ဆက်တွဲအဖြစ် ဆူနာမီဘေးအန္တရာယ်လည်း ကျရောက်နိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသကြီးများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ငလျင်၏နောက်ဆက်တွဲ ဘေးအန္တရာယ်တစ်ခုဖြစ်သော ဆူနာမီကိုလည်း သတိပြုသင့်ပါသည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ Northern Sumatra ၌ အင်အားရစ်ချ်တာစကေး ၉ ဒသမ ၂ ဖြင့် လှုပ်ရှားခဲ့သော အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါဆူနာမီကြောင့် မြန်မာနိုင်ငံရှိရွာပေါင်း ၂၉ ရွာအား ဆူနာမီရေလှိုင်းများသက်ရောက်ခဲ့ပြီး အိမ်ခြေ ၆၀၁ အိမ် ပျက်စီး၍ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၆၁ ဦး သေဆုံးခဲ့ပါသည်။
ငလျင်သည် အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ အချိန်မရွေးလှုပ်ရှားနိုင်ပါသည်။ ငလျင်လှုပ်ရှားမှုကို မည်သည့်နိုင်ငံမျှ ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါ။ သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်ကြုံတွေ့နိုင်သော ဒေသ၊ ငလျင်လှုပ်ရှားနိုင်သည့်ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့တည်ရှိရာ ဒေသအနီးတစ်ဝိုက်တွင် နေထိုင်ကြသူများ၊ ငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးသောဒေသတွင် နေထိုင်ကြသူများအဖို့ ငလျင်သတိအမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများမရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ် ထားကြရမည်ဖြစ်ပါသည်။ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံမျိုးတွင်သာ နေထိုင်ကြရန်နှင့် မိမိ၏မိသားစုအား ငလျင်ဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည့်နည်းလမ်းများကို အသိပေးထားရန် လိုအပ်ပါသည်။
ငလျင်ဘေးမှ လုံခြုံစိတ်ချရအောင်လည်း မိမိတို့နေထိုင်ရာ အရပ်ဒေသအား ဘေးလုံခြုံအောင် စီမံ ဆောင်ရွက်ခြင်း၊ ဘေးမှလုံခြုံစိတ်ချစေရန်နှင့် အရေးပေါ်ဆက်သွယ်နိုင်မည့် အစီအစဉ်များ ချမှတ်ထားခြင်း၊ အသိပညာပေးခြင်း၊ သရုပ်ပြလေ့ကျင့် ခြင်းများ ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ် ထောက်ပံ့မှုအဖွဲ့များ ဖွဲ့စည်းထားခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ လျော့နည်းသက်သာစေရေး အာမခံထားခြင်းများ ဆောင်ရွက်ထားခြင်း၊ ငလျင်လှုပ်ရှားချိန်တွင် ဝပ်၊ ကာ၊ ကိုင်ဆိုသည့် ဆောင်ပုဒ်အတိုင်းဝပ်နေပြီး ဦးခေါင်းအား မထိခိုက်စေရန် အကာအကွယ်ယူ၍ ကိုင်ထားခြင်း၊ ငလျင်လှုပ်ရှားပြီးနောက် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်သူများအားကူညီရန်၊ ရွှေ့ပြောင်းရန်နှင့် ငလျင်လှုပ်ရှားပြီးနောက် ပျက်စီးသွားသော အပျက်အစီးများမှ ကာကွယ်နိုင်ရေးအတွက် လုံခြုံမှုအားတိုးမြှင့်ထားခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းတို့အား သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။