Skip to main content

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေများပြားလာမှုနှင့် ရင်ဆိုင်နေရတဲ့ဥရောပ 

နှင်းမိုးအိမ်

လတ်တလောမှာတော့ဥရောပမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုမြင့်မားလာတဲ့အတွက် သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုထားတယ်လို့ သိရပါတယ်။ တုပ်ကွေးကူးစက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့သူတွေ များပြားလာတယ်လို့ ကိုပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာဟန့်စ် ဟန်ရီပီ-ကလူဂါ ကပြောပါတယ်။ ဒါ့အပြင် လာမယ့်သီတင်းပတ်တွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ  ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။

နယ်သာလန်နိုင်ငံအတွင်း ကူးစက်မှုများ

နယ်သာလန်နိုင်ငံမှာတော့ လတ်တလောမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှုတွေ  များပြားလာတာနဲ့ ကြုံတွေ့နေရပါတယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသားအင်စတီကျု့က ပြောပါတယ်။  ကိုဗစ် - ၁၉၊ တုပ်ကွေး ဗိုင်းရပ်စ်အပါအဝင် အမျိုးမျိုးသော ရောဂါဖြစ်ပွားမှုတွေဟာ ပြည်သူလူထုကြားမှာ ပုံမှန်လိုပဲကူးစက်ဖြစ်ပွား နေကြပါတယ်လို့ ပြည်သူ့ကျန်းမာရေးနှင့်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသားအင်စတီကျု့က  ဇန်နဝါရီ ၁၀  ရက်တွင် ပြောကြားခဲ့ပါတယ်။ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာ ခံစားနေရသူတွေဟာ  ပိုမိုပြီးများပြားလာတယ်လို့  အဆိုပါအဖွဲ့အစည်းက ပြောပါတယ်။ ဇန်နဝါရီပထမပတ်အတွင်း  လူပေါင်း ၁၀၀၀၀၀ ရှိတဲ့အနက် ၄၄ ဦးဟာ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာတွေကြောင့် ဆေးဘက်ဆိုင်ရာ ကုသမှုအတွက် အကြံပြုချက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

သိသိသာသာ များပြားလာ

အဲဒီအရေအတွက်ဟာ ဒီဇင်ဘာလနောက်ဆုံးပတ်ကနဲ့ နှိုင်းယှဉ်လျှင်အရေအတွက် သိသိသာသာများပြားလာတာကို တွေ့ရပါတယ်။ မကြာသေးမီက ကောက်ယူထားတဲ့ အချက်အလက်တွေအရ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာခံစားနေရသူ ၃၅ ရာခိုင်နှုန်းဟာ ရောဂါကူးစက်ခံနေရတယ်လို့ အဖြေထွက်ခဲ့ပြီး အဲဒီ အရေအတွက်ဟာ ဒီဇင်ဘာနောက်ဆုံးပတ် အရေအတွက်ထက် ပိုပြီးများပြားပါတယ်။

ဆေးရုံတွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရ

အီတလီနိုင်ငံမှာဆိုရင်လည်း ပြင်းထန်တဲ့ တုပ်ကွေးရောဂါကူးစက်မှုကြောင့် နိုင်ငံအတွင်းက ဆေးရုံတွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တုပ်ကွေးရာဂါဖြစ်ပွားမှုဟာ ၁၅ နှစ်အတွင်း အဆိုးဝါးဆုံးလည်းဖြစ်တယ်လို့ အီတလီကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီဒုတိယပတ်အတွင်းက သတိပေးခဲ့ပါတယ်။ ပြင်းထန်တဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့်အရေးပေါ်အခန်းတွေမှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လူနာတွေနဲ့ ပြည့်နေတယ်လို့ အီတလီကျန်းမာရေးအာဏာပိုင်များနှင့် ဆေးရုံများဖက်ဒရေးရှင်း ရဲ့ပြောကြားချက်အရ သိရပါတယ်။

ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ရန် အမိန့်ထုတ်

စပိန်နိုင်ငံမှာဆိုရင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပါပြီ။ ဇန်နဝါရီ ၁၀ ရက်မှစပြီး ဆေးရုံတွေနဲ့ ကျန်းမာရေးစင်တာတွေမှာ ပါးစပ်နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်ရမယ်လို့ ပြန်လည်အမိန့်ထုတ်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ နှစ်သစ်ကစလို့ ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ တုပ်ကွေးကူးစက်မှုတွေဟာ သိသိသာသာမြင့်မားလာခဲ့ပြီး အဲဒီအတွက်ကြောင့်လည်း အခုလိုအမိန့်ထုတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ကူးစက်ခံနေရ

စပိန်နိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဟာ တစ်ဟုန်ထိုးများပြားလာပြီး လူပေါင်း ၁၀၀၀၀၀ မှာ ၉၅၂ ဦးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံနေရတယ်လို့ သိရပါတယ်။ ရောဂါကူးစက်မှုဟာ အထွတ်အထိပ်သို့ မကြာမီရောက်ရှိလာတော့မယ်လို့ ကျန်းမာရေးဝန်ကြီး မိုနီကာဂါစီယာကသတိပေးခဲ့ပါတယ်။ ကိုပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိခိုက်လွယ်တဲ့လူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးများကို ထိုးနှံကြဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာဟန့်စ် ဟန်ရီပီ-ကလူဂါ ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးရဲ့ အောင်မြင်မှု

ကိုဗစ် -၁၉ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစပြီး စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ကာကွယ်ဆေးရဲ့ အဓိကကျတဲ့ အောင်မြင်မှုကိုလည်း သူကအလေးပေးပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာမှုအသစ်အရ ဥရောပမှာရှိတဲ့ လူပေါင်း ၁ ဒသမ ၄ သန်းခန့်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရမှုကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အထူးအကျိုးပြု

ကိုဗစ် -၁၉ ကာကွယ်ဆေးဟာ အသက် ၆၀ နဲ့အထက်တွေအတွက် အထူးအကျိုးပြုခဲ့ပြီး အသက် ၆၀ ဝန်းကျင်တွေရဲ့ အသက်ကို ၉၀ ရာခိုင်နှုန်းအထိ ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာမှုအရသိရပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ကာကွယ်ဆေး စတင်ထိုးနှံပေးသည့် အချိန်မှစတင်ကာ ဥရောပမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေကို ၅၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ်ထိုးရုံဖြင့် လူပေါင်း ၇၀၀၀၀၀ ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မျိုးကွဲရဲ့ ကူးစက်မှုအပေါ် စိုးရိမ်နေရ

ဒါပေမယ့်လည်း ကိုဗစ် - ၁၉ မျိုးကွဲ JN.1 ရဲ့ လျင်မြန်စွာကူးစက်မှုအပေါ် စိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာ Hans Henri P.Kluge ကပြောပါတယ်။ ယခုအခါ မှာတော့ JN.1 ရဲ့ကူးစက်မှုတွေဟာ များပြားနေပါတယ်။ ကိုဗစ်- ၁၉ မျိုးကွဲ JN.1 ဟာ ရောဂါလက္ခဏာ ပြင်းထန်တယ်လို့ အခိုင်အမာ သက်သေပြစရာမရှိသေးပေမယ့် မျိုးကွဲရဲ့အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

ကာကွယ်ရေးလမ်းကြောင်း ဖြစ်နေဆဲ

ဥရောပဒေသ ၁၃ နိုင်ငံဟာ ဇန်နဝါရီ ဒုတိယအပတ်မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သတင်းပေးပို့ခဲ့ခြင်းမရှိပါဘူး။ စောင့်ကြည့် ထောက်လှမ်းနေမှုတွေကတော့ ကြိုတင်မှန်းဆမရနိုင်တဲ့ ရောဂါတွေဖြစ်ပွားမှုကနေ ကာကွယ်ပေးဖို့အတွက် ပထမဆုံးလုပ်ဆောင်နိုင်တဲ့ ကာကွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်နေဆဲပါပဲ။

ကိုကား-ဆင်ဟွာ