Skip to main content

ပြည်တွင်းရေးကို စွက်ဖက်လာသော ပြည်ပမီဒီယာ

ဇင်ငြိမ်း

ရွှေအကြောင်း ဖယောင်းသိ၊ လူ့အကြောင်းပေါင်းမှသိဆိုတဲ့ စကားလိုပါပဲ။ မိတ်ဆွေတုတွေဟာ သူတို့အကျိုးစီးပွားကိုပဲ ကြည့်တတ်ကြတဲ့အတွက် ဒုက္ခနဲ့ မှတ်ကျောက်တင်တဲ့အခါမှာ ဖုံးကွယ်ထားတဲ့ စိတ်ရင်းအမှန်တွေ ပေါ်လာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာလည်း အလားတူပါပဲ။ ကိုယ့်နိုင်ငံရဲ့အကျိုးကို အမှန် တကယ်လိုလားတဲ့ နိုင်ငံတွေရှိသလို၊ ကိုယ့်နိုင်ငံကို အသုံးချဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ အခုမြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာဆိုရင် မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုတွေရဲ့ သရုပ်မှန်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။

မြန်မာ့ပြည်တွင်းရေးအပေါ် တုံ့ပြန်မှု

လတ်တလော မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ ပြည်တွင်းရေးကို အခြေခံတဲ့ပဋိပက္ခတွေသာဖြစ်ပါတယ်။ ဒီပြည်တွင်းရေးကိစ္စအပေါ်မှာ နိုင်ငံတကာက အမျိုးမျိုးတုံ့ပြန်နေကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံချင်းစီအလိုက် မြန်မာ့ ပြည်တွင်းရေးအပေါ်မှာ အပြုသဘောနဲ့ တုံ့ပြန်ကြသလို အပျက်သဘောနဲ့ တုံ့ပြန်လာတာတွေလည်း ပါပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားအပေါ်အခြေခံပြီး တုံ့ပြန်ကြတာလို့ ယူဆနိုင်ပါတယ်။ အချို့က ကိုယ်ကျိုးစီးပွားကာကွယ်ဖို့၊ အချို့ကလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းကြတာတွေ့ရပါတယ်။ အချို့က မြန်မာ့ပြည်တွင်းရေးအကျပ်အတည်းတွေ အမြန်ဆုံးအဆုံးသတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်စေဖို့ တိုက်တွန်းတဲ့ နိုင်ငံတွေကိုလည်း ရှိပါတယ်။

အဲဒီထဲမှာ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကနေ ကိုယ်ကျိုးစီးပွားအတွက် လက်စွမ်းကုန်နှိုက်ယူဖို့အတွက် ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာအောင် လှုံ့ဆော်ပေး၊ နှတ်ကြောင်းပေးနေတဲ့ နိုင်ငံအချို့လည်းပါပါတယ်။ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူအသုံးချဖို့ ထင်ထင်ပေါ်ပေါ်နဲ့တစ်မျိုး၊ နောက်ကွယ်က တစ်မျိုးနဲ့ ကြိုးစားနေကြပါတယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ စကားလိုပါပဲ။ ကိုယ့်နိုင်ငံအခက်အခဲအကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘယ်အဖွဲ့အစည်းတွေက စိတ်ရင်းမှန်လဲ၊ ဘယ်နိုင်ငံက မိတ်ဆွေစစ်နိုင်ငံလဲဆိုတာ သူတို့ရဲ့တုံ့ပြန်မှုတွေကို ကြည့်ရင်တွေ့ရပါတယ်။ အခက်အခဲတွေဟာ မိတ်ဆွေစစ်၊ မိတ်ဆွေတုဆိုတာကို မှတ်ကျောက်တင် လိုက်သလိုပါပဲ။ စိတ်ရင်းမှန်တွေ ပေါ်လာကြပါတယ်။

ဝင်ရောက်စွက်ဖက်နေကြ

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ ပြည်တွင်းနိုင်ငံရေးမှာ အခြေခံတယ်ဆိုပေမယ့် ပြဿနာတွေ ပိုပြီးကြီးမားကျယ်ပြန့်လာစေတဲ့ အချက်တွေကတော့ ပြည်တွင်းရေးသက်သက်မဟုတ်ပါဘူး။ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်နွှယ်နေတဲ့အကြောင်းရင်းတွေ ပါပါတယ်။ ကိုယ်ကျိုးစီးပွားစွက်ဖက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူတွေနဲ့ လက်ခံထားသူတွေမရှိဘဲ ရပ်တည်လို့မရပါဘူး။ အဲဒီအဖွဲ့တွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူတွေရှိလို့လည်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေးမှာ အတားအဆီးများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အဝေးကရန်သူထက် နောက်ကျောကို ဓားနဲ့ထိုးမယ့် အနီးကပ်မိတ်ဆွေက ပိုကြောက်စရာ ကောင်းတယ်ဆိုတဲ့ စကားက သတိပြုစရာပါ။

မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံငါးနိုင်ငံရှိပါတယ်။ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နိုင်ငံတွေက လာအို၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ သဘာဝကပေးတာပါ။ ကိုယ့်ဘာသာရွေးချယ်ခွင့် မရှိပါဘူး။ သဘာဝကပေးလို့ အိမ်နီးချင်းဖြစ်လာတဲ့အခါ ဆက်စပ်ပတ်သက်မှုတွေဆိုတာ အခုလည်းရှိတယ်၊ နောက်လည်းရှိနေဦးမှာပါပဲ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုး၊ ယဉ်ကျေးမှု၊ လူမှုရေးတွေလည်း ဆက်နွှယ်နေမှာပါ။ ဒီလိုဆက်နွှယ်နေတာကို အိမ်နီးချင်းကောင်းပီသစွာ ဘယ်လိုဆက်ဆံကြမလဲဆိုတာ ရေတို၊ ရေရှည်ကြည့်ရမယ့် ကိစ္စဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံတိုင်းက သူတို့ပြည်တွင်းရေးတွေ၊ ပဋိပက္ခတွေဆိုတာ ရှိကြပါတယ်။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေး တစ်နိုင်ငံက မစွက်ဖက်ဖို့ဆိုတာ ကုလ သမဂ္ဂ ပဋိညာဉ်၊ အာဆီယံပဋိညာဉ်တွေနဲ့ နှစ်နိုင်ငံသဘောတူညီမှုတွေမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးတွေမှာ ဝင်စွက်ဖက်တာ၊ ဆန့်ကျင်ဘက်တွေကို ပံ့ပိုးထောက်ပံ့တာမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံကောင်း၊ မိတ်ဆွေကောင်းပီသစွာ ကျင့်ကြံခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်သလို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ ကျင့်ဝတ်လို့လည်း ခံယူထားတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ အပြောတစ်မျိုး၊ လက်တွေ့တစ်မျိုးနဲ့ နောက်ကွယ်ကနေ နှတ်ကြောင်းပေးစွက်ဖက်နေကြပါတယ်။ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် နာလန်မထူနိုင်တဲ့နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါ။ အီရတ်၊ အာဖဂန်နိုင်ငံတွေကို ကြည့်ပါ။ ပြည်တွင်းရေးတွေမှာ ပြည်ပက ဝင်စွက်လို့ ပဋိပက္ခသံသရာလည်နေပါတယ်။ မြန်မာ့ပြည်တွင်းရေးမှာလည်း ပြင်ပက နေစွက်ဖက်နေတာကို ကြည့်ရင် အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက တကယ့်စိတ်ရင်းမှန်တဲ့ မိတ်ဆွေနိုင်ငံဆိုတာ အလွယ်တကူခွဲခြားနိုင်ပါတယ်။ အချို့နိုင်ငံတွေက သူတို့နိုင်ငံသားတွေနဲ့ သူတို့နိုင်ငံကို ကာကွယ်ပေးဖို့လို့ ဆိုပေမယ့် လက်တွေ့မှာတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ထက် ကိုယ်ကျိုးစီးပွားအမြတ်ထုတ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

မီဒီယာနဲ့ နှတ်ကြောင်းပေးနေ

ဇန်နဝါရီ ၂၃ ရက်က ထိုင်းနိုင်ငံသတင်းဌာနတစ်ခုဖြစ်တဲ့ TNN World Today (Thai News Network) ကနေ သတင်းတစ်ပုဒ်လွှင့်ခဲ့ပါတယ်။ အွန်လိုင်းက လွှင့်ခဲ့တာပါ။ သတင်းကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ အကြောင်းပဲဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားတာက မြန်မာနိုင်ငံက လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂါလီတွေ ထိခိုက်နစ်နာနေတဲ့ အကြောင်းကို လိုရာဆွဲဖော်ပြခဲ့ပါတယ်။ မဆက်စပ်တဲ့ အကြောင်းအရာနှစ်ခုကို လိုချင်ရာ ဆွဲပြောသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေက ဘင်္ဂါလီတွေနဲ့ ဆက်စပ်မှုမရှိဘူး ဆိုတာပါပဲ။ ဘင်္ဂါလီကိစ္စဟာ အနောက်နိုင်ငံတွေနဲ့ OIC တို့လို အဖွဲ့အစည်းတွေက နိုင်ငံတကာအရေးဖြစ်အောင် ဇာတ်သွင်းနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီလို မဆက်စပ်တဲ့ကိစ္စတစ်ခုကို ထည့်သွင်းပြောကြားခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိပြောကြားခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ မီဒီယာနဲ့ နှတ်ကြောင်းပေးတာဟာ မီဒီယာကျင့်ဝတ်နဲ့မညီသလို အိမ်နီးချင်း နိုင်ငံအချင်းချင်းအကြား စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်ပါတယ်။

TNN World Today ရဲ့ ထုတ်လွှင့်ချက်ဟာ ပကတိတရားဖုံးကွယ်ပြီး သတင်းတစ်ပုဒ်ကို ဘက်လိုက်တင်ပြတာဟာ သတင်းမီဒီယာဘက်လိုက်မှု (Media Bias) ဖြစ်ပါတယ်။ သတင်းမီဒီယာဘက်လိုက်မှုကြောင့် ဖြစ်စဉ်အမှန်ကနေ သွေဖည်ပြီး လမ်းကြောင်းအမှန်ကို ပြောင်းလဲစေပါတယ်။ TNN World Today ရဲ့ ရည်ရွယ်ချက်က အဲဒီအတိုင်းပါပဲ။ လက်ရှိမြန်မာ့အကျပ်အတည်းနဲ့ ဘယ်လိုမှမသက်ဆိုင်တဲ့ ဘင်္ဂါလီကိစ္စကို ဘက်လိုက်ဖော်ပြခဲ့ပါတယ်။ ဒီသတင်းထုတ်လွှင့်မှုဟာ သတင်းဌာနရဲ့ အာဘော်လား၊ ထိုင်းနိုင်ငံရဲ့ အာဘော်လားဆိုတာကိုတော့ ခွဲခြားဖို့ ခက်ခဲပါတယ်။ သေချာတာကတော့ TNN World Today ရဲ့ သတင်းကတော့ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တာကတော့ သေချာပါတယ်။ ပြည်တွင်းရေး အကျပ်အတည်းတွေကို ဖြေရှင်းနေရချိန်မှာ ဘင်္ဂါလီကိစ္စကို မပတ်သက်တဲ့ နှတ်ကြောင်းပေးတာဟာ အပျက်သဘော ဆောင်နေပါတယ်။

မီဒီယာလက်နက်

သတင်းနည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးမှာ မီဒီယာဟာအစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်လာပါတယ်။ ယခင်ကတော့ Main Stream Media တွေသာရှိပေမယ့် အခုအခါမှာ အွန်လိုင်းမီဒီယာတွေ များစွာရှိနေပါပြီ။ အွန်လိုင်းမီဒီယာတွေဟာ သတင်းမြန်ဆန်သလို လူထုဆီကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ချက်ချင်းရောက်တဲ့အတွက် ထိရောက်မှုလည်းရှိပါတယ်။ ဒါကြောင့် အွန်လိုင်းမီဒီယာတွေဟာ လူထုကြားကို အမြန်ဆုံးထိုးဖောက်နိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ အခုဆိုရင် အွန်လိုင်းမီဒီယာတွေကို နိုင်ငံရေး၊ စီးပွားရေး စတဲ့နယ်ပယ်စုံမှာ အသုံးပြုလာကြပါတယ်။ နယ်ပယ်စုံမှာ အသုံးပြုလာနေတဲ့ အွန်လိုင်းမီဒီယာတွေဟာ တစ်ဖက်မှာလည်း နိုင်ငံရေး၊ စီးပွားရေးတွေမှာ လက်နက်သဖွယ် အသုံးပြုနေကြပါတယ်။

ကျယ်ပြန့်လာတဲ့ အွန်လိုင်းမီဒီယာတွေမှာ မှန်ကန်တဲ့သတင်းဌာနတွေရှိသလို ကျင့်ဝတ်တွေ၊ စည်းမျဉ်း စည်းကမ်းနဲ့မညီတဲ့ အွန်လိုင်းမီဒီယာတွေလည်းရှိကြပါတယ်။ သတင်းစာ ပညာနဲ့ပတ်သက်လို့ ၁၈၉၈ အတွင်း ဖြစ်ပွားခဲ့တဲ့ စပိန်-အမေရိကန် စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာ ထုတ်ဝေသူ ဝီလီယံရူးဒေါ့ဟတ်စ်က စကားတစ်ခွန်းပြောခဲ့ပါတယ်။ “You furnish the pictures and I'll furnish the war.” “မင်းက ဓာတ်ပုံတွေသာ ပို့ပေးပါ၊ ငါက စစ်ပွဲဖန်တီးပေးပါ့မယ်” တဲ့။ ဟတ်စ်ရဲ့စကားက သတင်းစာပညာကို ကြိုက်သလို ဖန်တီးနိုင်တာကို ဖော်ပြခြင်းဖြစ်ပါတယ်။ မီဒီယာတွေဆိုတာ ပြည်သူလူထုရဲ့အမြင်တွေကို ထင်ဟပ်စေနိုင်ပြီး နိုင်ငံရေးဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပါတယ်။

လွှမ်းမိုးတဲ့နေရာမှာ အပြုသဘောလား၊ အပျက်သဘောလားဆိုတဲ့ ကွာခြားမှုတော့ ရှိပါတယ်။ TNN World Today သတင်းရဲ့ သတင်းထုတ်လွှင့်မှုဟာ လုပ်ကြံဖန်တီးထုတ်လွှင့်တာဖြစ်တဲ့အတွက် အပြုသဘောမဆောင်ပါဘူး။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့်ဆိုတာ ကိုယ်ထင်ရာကိုယ်ပြောခွင့်မဟုတ်ပါဘူး။ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိပါတယ်။ အဲဒါတွေကို လိုက်နာမှုမရှိဘဲ မီဒီယာကို နိုင်ငံရေးလက်နက်အနေနဲ့ အသုံးချလာတဲ့အခါမှာ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေကို ပိုကျယ်ပြန့်စေပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးသက်ရောက်စေနိုင်

သတင်းနည်းပညာခေတ်မှာ အွန်လိုင်း မီဒီယာတွေက ဘက်လိုက်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်း၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေသလိုပဲ TNN World Today ကလည်း မြန်မာ့ ပြည်တွင်းရေးအပေါ် မီဒီယာကနေ စွက်ဖက်လာပါတယ်။ TNN World Today ဟာ သူတို့ဖြစ်စေချင်တဲ့ အကြောင်းအရာကို နှတ်ကြောင်းပေးလိုရာဆွဲ ဖော်ပြခဲ့ပါတယ်။ TNN World Today ရဲ့ အဲဒီသတင်းဟာ အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးအပေါ် ကောင်းကျိုးမပြုပါဘူး။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူထားကြတဲ့ နိုင်ငံတွေပါ။ နှစ်နိုင်ငံချစ်ကြည်ရေးခရီး လည်ပတ်တာတွေလည်း ရှိပါတယ်။ အပြန်အလှန် နားလည်မှုနဲ့ သဘောတူညီမှုတွေ တည်ဆောက်ထားကြတာပါ။

အဲဒီလိုအခြေအနေမှာ TNN World Today ရဲ့ သတင်းဖော်ပြမှုက လက်နဲ့ရေး ခြေနဲ့ဖျက်သလို ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာလည်း မွတ်စလင်ခွဲထွက် ရေးလှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းနေရဆဲပါ။ ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းရေးတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ဝင်ရောက်စွက်ဖက်တာ၊ နောက်ကွယ်က ပံ့ပိုးကူညီတာနဲ့ ပဋိ ပက္ခတွေ ကျယ်ပြန့်လာအောင် နှတ်ကြောင်းပေးပြောဆိုတာတွေ မရှိခဲ့ပါဘူး။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာ ရပ်တည်နေခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့စေဖို့ ဖြစ်ပါတယ်။

TNN World Today ရဲ့ လုပ်ရပ်ကတော့ မိတ်ဆွေစစ်သဘော မတွေ့ရပါဘူး။ မြန်မာ့အရေးကို မီဒီယာကနေ စွက်ဖက်နေတာဟာ မရိုးသားစိတ်၊ မိတ်ဆွေမပီသတဲ့စိတ်လို့ ဆိုရမှာပါ။ ဒါကြောင့် TNN World Today အနေနဲ့ နှစ်နိုင်ငံအကြားဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချင့်ချိန်ပြီး နိုင်ငံရေးလွှမ်းမိုးမှုမရှိတဲ့ မီဒီယာဖြစ်အောင်ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်။ ။