ပလိပ်အင်းနှင့် ပြူကန် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေများ
ဒေါက်တာဆုစန္ဒာအောင်
အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် အဖွဲ့အစည်း (East Asian-Australian Flyway Partnership- EAAFP)
EAAFP ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အတွင်းရေးမှူးရုံးကို ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့၌ ရုံးစိုက်ထားရှိပါသည်။ ယနေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံ၊ နိုင်ငံတကာအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အေဂျင်စီ (Intergovernmental Agency) များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (Internatio- nal Non-Government Organizations-INGOs) များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (Inter-national Organizations) များ ၂၁ ခု၊ စုစုပေါင်းအဖွဲ့ဝင်နိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်း ၄၀ ဖြင့် ဖွဲ့စည်းထားပါသည်။ အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက် နယ်မြေ ၁၅၅ ခု သတ်မှတ်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် ငှက်ပျံသန်းကွန်ရက်နယ်မြေရှစ်ခု သတ်မှတ်ထားရှိပြီး ဖြစ်ပါသည်။
အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australian Flyway- EAAF) သည် ကမ္ဘာပေါ်ရှိ ရွှေ့ပြောင်းရေပျော်ငှက်များ ပျံသန်းရာ အဓိကလမ်းကြောင်း ကိုးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရုရှားမှ အရှေ့ဘက်အလက်စကား၊ ၎င်းမှတစ်ဆင့် အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဩစတြေးလျနှင့် နယူးဇီလန်အထိ ကျယ်ဝန်းပါသည်။ အဆိုပါလမ်းကြောင်း၌ ရေပျော်ငှက်များ ရွှေ့ပြောင်းရာတွင် ခေတ္တနားခိုရန်နှင့် အစာရေစာဖြည့်တင်းရန်အတွက် အရေးကြီးသော ရေဝပ်ဒေသ များ တည်ရှိပါသည်။
EAAFP သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရခြင်းနှင့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေများ သတ်မှတ်ရခြင်း ရည်ရွယ်ချက်
EAAFP သည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (EAAF) တွင် ပျံသန်းကျက်စားလျက်ရှိသော ရွှေ့ပြောင်းရေပျော်ငှက်မျိုးစိတ်များနှင့် ၎င်းတို့ကျက်စားရာဒေသများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆောင်းခိုရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများ ထိန်းသိမ်းရေးဆောင်ရွက်နေမှု သတင်းအချက်အလက်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း သတင်းအချက်အလက်မျှဝေနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။
EAAFP သည် ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) ခေါ် ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands) ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဖွဲ့စည်းထားသော Ramsar Regional Initiative (RRI) တစ်ခုလည်းဖြစ်ပါသည်။
ရေဝပ်ဒေသများ ထိန်းသိမ်းရေးသည် သက်ရှိလူသားများနှင့်ရွှေ့ပြောင်းရေပျော်ငှက်များအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပြီး အရှေ့တောင်အာရှနိုင်ငံများရှိ ရေဝပ်ဒေသများသည် ရွှေ့ပြောင်းရေပျော်ငှက်များ၏ အစားအစာနှင့် သားပေါက်ရန်အတွက် အရေးကြီးသောနေရာများ ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်အင်းနှင့် တံတားဦးမြို့နယ် ပြူကန်တို့ကို အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းနှင့် အတည်ပြုသတ်မှတ်ပြီးစီးခြင်း
သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association-BANCA) ၏ ကိန်းဂဏန်းအချက်အလက်ပံ့ပိုးမှုဖြင့် ပလိပ်အင်းနှင့် ပြူကန်တို့ကို အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း ငှက်ပျံသန်း ကွန်ရက်နယ်မြေအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေးအတွက် EAAFP အတွင်းရေးမှူးရုံးသို့ အဆိုပြုခြင်း လုပ်ငန်းစဉ်များကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် သတင်းအချက်အလက်များ မွမ်းမံပြင်ဆင်ခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၏ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ငှက်ပျံသန်းကွန်ရက်နယ်မြေများအဖြစ် ပလိပ်အင်း (EAAF 154) နှင့် ပြူကန် (EAAF 155) တို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် အတည်ပြုသတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။
ပလိပ်အင်းနှင့်ပြူကန်တို့သည် မျိုးသုဉ်းရန်အန္တရာယ် ရှိသော (သို့မဟုတ်) မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ရေပျော်ငှက်မျိုးစိတ် (သို့မဟုတ်) မျိုးစိတ်ကွဲတစ်ခုချင်းစီ၏ အကောင်ရေပေါင်း တစ်ရာခိုင်နှုန်းခန့် ပုံမှန်ထောက်ပံ့ပေးနိုင်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော (သို့မဟုတ်) မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ရေပျော်ငှက်မျိုးစိတ်များစွာကို ထောက်ပံ့ပေးနိုင်ခြင်း၊ ဒေသရွှေ့ပြောင်းငှက်များအတွက် ဆောင်းခိုရာဒေသ တစ်ခုဖြစ်ပြီး ရေပျော်ငှက်ကောင်ရေ ၅၀၀၀ ကျော် (သို့မဟုတ်) အဆိုပါဒေသ၌ Population Stage တစ်ခု၏ ငှက်ကောင်ရေ ၀ ဒသမ ၂၅ ရာခိုင်နှုန်းကျော် ကျရောက်ကျက်စားနိုင်သော ရေဝပ်ဒေသ တစ်ခုဖြစ်ခြင်း အစရှိသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက် နယ်မြေအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါသည်။
ပလိပ်အင်းသည် ဧရိယာစုစုပေါင်း ၁၁၈၆ ဧက ကျယ်ဝန်းပြီး သုတေသနဆောင်ရွက်ချက်များအရ ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ အမှီပြုနေထိုင်ရာ အလွန်အရေးကြီးသော မြန်မာနိုင်ငံအလယ်ပိုင်းရှိ သဘာဝရေဝပ်ဒေသ တစ်ခုဖြစ်သည့်အပြင် ပတ်ဝန်းကျင်ရှိကျေးရွာများမှ စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါသည်။
ပလိပ်အင်းအတွင်း ငှက်မျိုးစိတ်များဝင်ရောက် ဆောင်းခိုသည့်အခါ ငှက်ချစ်မြတ်နိုးသူများက အင်းအတွင်း ငှက်ဓာတ်ပုံများ ရိုက်ကူးနိုင်သော အခွင့်အလမ်းများ၊ ဘုရား၊ စေတီပုထိုးများ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ ဒေသခံတောင်သူလယ်သမားများ၏ စိုက်ခင်းများနှင့် လူနေမှုဘဝများကို လေ့လာခွင့်ရမည့် အခွင့်အရေးများအပြင် ပလိပ်အင်းကို ထိန်းသိမ်းခြင်းဖြင့် ဒေသတွင်း ဝင်ငွေတိုးပွားလာစေရေးတစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
ပလိပ်အင်းရေဝပ်ဒေသ ပျက်စီးပျောက်ကွယ်သွားပါက မြန်မာနိုင်ငံအလယ်ပိုင်းအတွက် ရေချိုလျော့နည်းမှုဒဏ်၊ အပူလွန်ကဲခြင်းဒဏ်၊ ရောဂါပိုးမွှားတို့၏ ဒဏ်တို့ကိုအလျင်အမြန် ခံစားလာကြရမည်ဖြစ်သောကြောင့် အဆိုပါရေဝပ်ဒေသကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်လိုအပ်မည် ဖြစ်ပါသည်။
ပြူကန်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀ ခန့်က ပုဂံမင်းဆက်လက်ထက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ပြူကန်သည် ဧရိယာ စုစုပေါင်း ၅၇၈ ဧက ကျယ်ဝန်းပြီး ဆည်မြောင်း၊ တူးမြောင်းများမှတစ်ဆင့် ပတ်ဝန်းကျင်စိုက်ပျိုးမြေများသို့ ရေများထောက်ပံ့ပေးလျက်ရှိပါသည်။
ပို့ချပ်ခေါင်းစိမ်း (Baer's pochard) နှင့် တောဘဲငန်းများ၊ ဘဲမျိုးစိတ်များစသည့် အခြားရွှေ့ပြောင်းရေပျော်ငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း ပြူကန်ရေဝပ်ဒေသတွင် ပေါများစွာ တွေ့ရခြင်း၊ အထူးသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ်နှင့် ရွှေ့ပြောင်းရေပျော်ငှက်မျိုးစိတ်များကို ဝန်ဆောင်မှုပေးနိုင်သည့် အဖိုးမဖြတ်နိုင်သော ရေဝပ်ဒေသဂေဟစနစ်ရှိခြင်းတို့ကြောင့် ပြူကန်ရေရှည်တည်တံ့နိုင်စေရန်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါသည်။
ဆောင်းရာသီအတွင်း ဆောင်းခိုငှက်နှင့် ရေပျော်ငှက်မျိုးစိတ်များ ဝင်ရောက်ဆောင်းခိုသည့်အခါ အင်းအတွင်း ငှက်ဓာတ်ပုံများ ရိုက်ကူးနိုင်သော အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်သည့်အပြင် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများကို လေ့လာနိုင်မည်ဖြစ်ခြင်း၊ ဒေသအခြေပြုခရီးသွား လုပ်ငန်းများကို ခရီးသွားဧည့်သည်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ဒေသခံတောင်သူလယ်သမားများ၏ စိုက်ခင်းများမှ ထွက်ရှိသော သဘာဝထုတ်ကုန်များနှင့် ဒေသခံများ၏ တစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်း စိတ်ဝင်စားဖွယ်လေ့လာနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။
ရေဝပ်ဒေသများသည် မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်၏ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုထိန်းညှိပေးမှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ရေဝပ်ဒေသများကို ကောင်းမွန်စွာထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်းတို့သည် ရေဝပ်ဒေသများမှရရှိသည့် သဘာဝအရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့စေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံအဆင့်နှင့် ကမ္ဘာ့အဆင့် ထူးခြားသည့် ရေဝပ်ဒေသများကို ပံ့ပိုးပေးသည့်နေရာ အများအပြားကိုပိုင်ဆိုင်ထားပြီး အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australian Flyway) နှင့် ဗဟိုအာရှဒေသ ငှက်ပျံသန်းရာ လမ်းကြောင်း (Central Asian Flyway) တွင် ကျရောက်ပါသည်။ ဒေသပြောင်းရွှေ့ ကျက်စားလေ့ရှိသော ရေပျော်ငှက်များ ပျံသန်းပြောင်းရွှေ့ရာတွင် လိုအပ်သည့်အစာ အလုံအလောက်ရှိရန်နှင့် ကမ္ဘာ့မြောက်ဘက်ရှိ သားပေါက်သည့် နေရာများမှ မိုင်ထောင်ချီကွာဝေးသည့် တောင်ဘက်ရှိ ဆောင်းခိုသည့်နေရာများသို့ ပျံသန်းရာတွင် လုံခြုံသည့် ရပ်နားနေရာများကို ထောက်ပံ့ပေးရန် ငှက်ပျံသန်းရာ လမ်းကြောင်းပေါ်ရှိ ရေဝပ်ဒေသ ကျက်စားနယ်မြေများသည် ဆောင်းခိုငှက်များအတွက် အလွန်အရေးပါသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ မုတ္တမပင်လယ်ကွေ့၊ မွန်ပြည်နယ် (သတ်မှတ်ခံရသည့်နေ့ ၁၁-၁၂-၂၀၁၄၊ EAAF 117)၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ် (သတ်မှတ်ခံရသည့်နေ့ ၁၅-၁၂-၂၀၁၄၊ EAAF 118)၊ မိုးယွန်းကြီး အင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပဲခူးတိုင်းဒေသကြီး (သတ်မှတ်ခံရသည့်နေ့ ၁၅-၁၂-၂၀၁၄၊ EAAF 119)၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ ရခိုင်ပြည်နယ် (သတ်မှတ်ခံရသည့်နေ့ ၁၉-၁၁-၂၀၁၈၊ EAAF 139)၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရာဝတီတိုင်းဒေသကြီး (သတ်မှတ်ခံရသည့်နေ့ ၁၉-၁၁-၂၀၁၈၊ EAAF 140) အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရှမ်းပြည်နယ် (သတ်မှတ်ခံရ သည့်နေ့ ၂-၂-၂၀၂၀၊ EAAF 147)၊ ပလိပ်အင်း၊ မန္တလေးတိုင်းဒေသကြီး (သတ်မှတ်ခံရသည့်နေ့ ၁၆-၁၁-၂၀၂၃၊ EAAF 154)နှင့် ပြူကန်၊ မန္တလေးတိုင်းဒေသကြီး (သတ်မှတ်ခံရသည့်နေ့ ၁၆-၁၁-၂၀၂၃၊ EAAF 155) အစရှိသည့် ငှက်ပျံသန်းကွန်ရက်နယ်မြေရှစ်ခုကို သတ်မှတ်ထားပြီး ဖြစ်ပါသည်။
ငှက်မျိုးစိတ်များရွှေ့ပြောင်းကျက်စားနေထိုင်မှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု
မြန်မာနိုင်ငံရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေ ရှစ်ခုသည် EAAF ၏ အဓိကမျိုးစိတ်များအနက် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်များ (Critically Endangered-CR) ဖြစ်သည့် ရေညှောင့်နှုတ်သီးဝိုင်းငှက် (Spoon-billed Sandpiper) နှင့် ပို့ချပ်ခေါင်းစိမ်း (Baer's Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် (Endangered-EN) ဖြစ်သည့် ခြေစိမ်းခြောက် (Spotted Greenshank)၊ နော့(Great Knot-EN)နှင့် မြစ်တွေးဗိုက်မည်း (Black-bellied Tern) ကဲ့သို့ ရွှေ့ပြောင်းနေထိုင်နိုင်သော ရေပျော်ငှက်မျိုးစိတ်များစွာအတွက် ဆောင်းခိုသည့်ရာသီတွင် နိုင်ငံတကာအဆင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အရေးပါသောနေရာများ (Staging Sites)နှင့် ရပ်နားရာနေရာများ (Stopover Sites) ဖြစ်ပါသည်။
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် သားပေါက်ပြီး ဆောင်းရာသီတွင် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများသို့ ပြောင်းရွှေ့ကျက်စားလေ့ရှိသည့် ရေဘဲခေါင်းစိမ်းငှက်မျိုးစိတ်သည် မြန်မာနိုင်ငံရှိ ရေချိုကန်များနှင့် ဆည်များသို့ လာရောက်ဆောင်းခိုကျက်စားလေ့ရှိပြီး အင်းတော်ကြီး၊ အင်းလေး၊ မိုးယွန်းကြီးအင်း၊ ပလိပ်အင်း၊ ပြူကန်စသည့်နေရာများတွင် ကျက်စားလေ့ရှိသောကြောင့် ရေဝပ်ဒေသထိန်းသိမ်းရေးကို ၎င်းတို့ကျက်စားသည့် ရာသီချိန်များကို အထူးသတိပြု၍ ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
သစ်တောဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေညှောင့်နှုတ်သီးဝိုင်းငှက် (Spoon-billed Sandpiper)၊ ပို့ချပ်ခေါင်းစိမ်း (Baer's Pochard) နှင့် အခြားသောရွှေ့ပြောင်းရေပျော်ငှက် မျိုးစိတ်များစွာတို့ကို ကာကွယ်ရန်ရည်ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူထု၊ အသိပညာပေးလှုပ်ရှားမှုများကို ကျယ်ပြန့်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက် နယ်မြေတွင် တွေ့ရှိရသည့် အဓိကငှက်မျိုးစိတ်များ (Key Species of EAAFP) တွင် ရေညှောင့်နှုတ်သီးကောက်( Curlew Sandpiper)၊ နော့နီ(Red Knot)၊ ပျံဖြူနားမည်း(Asian Dowitcher)၊ ကုလားကောက် (Eurasian Curlew) ၊ နှုတ်သီးရှည်မြီးမည်း( Black-tailed Godwit) ၊ ရေညှောင့်နှုတ်သီးဝိုင်း(Spoon-Billed Sandpiper)၊ ခြေစိမ်းခြောက် (Spotted Greenshank )၊ ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ ငှက်ကြီးဒုံးစပ် (Greater Adjutant) ၊ မြစ်တွေးဗိုက်မည်း (Black-Bellied Tern)၊ ရေဗလုံ(Masked Finfoot) အစရှိသည့် ငှက်မျိုးစိတ်များ ပါဝင်ပါသည်။
ပြူကန်နှင့် ပလိပ်အင်းတို့တွင် ရွှေ့ပြောင်းရေပျော်ငှက်များအဖြစ် တောငန်း (Greylag Goose)၊ ဘဲမြီးသွယ် (Northern Pintail)၊ ပို့ချပ်ခေါင်းနီ (Red-crested Pochard)၊ ပို့ချပ်ဘဲ (Common Pochard)၊ ဘဲနီစပ် (Ferruginous Pochard)၊ ဘဲဖြူနက် (Tufted Duck)၊ ရေကြက်ဒုံ (Common Coot)၊ ဂေါ်ပြားနှုတ်သီးပုံဘဲ (Northern Shoveler)၊ ကြိုးကြာခေါင်းညို (Common Crane)၊ ခရုစုပ်အဖြူ (Black-headed Ibis)၊ ခရုစုပ် (Asian Openbill)၊ ဘဲအ (Eurasian Wigeon)၊ ဘဲပြာကလေး (Garganey)၊ ဘဲမည်း(Gadwall) အစရှိသည့် ရေပျော်ငှက်များနှင့် မယ်ညို (Purple Swamphen)၊ စစ္စလီ (Lesser Whistling Duck)၊ ကြာဖက်နင်း (Pheasant-tailed Jacana)၊ တစီးမှုတ် (Little Grebe)၊ ခရုစုပ်အနက် (Glossy Ibis)၊ ရေကြက် (Common Moorhen) အစရှိသည့် ရေပျော်ငှက်မျိုးစိတ်များ တွေ့ရှိနိုင်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေဝပ်ဒေသများနှင့် ယင်းတို့၏ သယံဇာတများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်းတို့ဖြင့် ရေဝပ်ဒေသများ ရေရှည်တည်တံ့စေရန်၊ ၎င်းတို့၏ဂေဟဗေဒ၊ လူမှုစီးပွားရေးဆိုင်ရာ လည်ပတ်မှုများနှင့် တန်ဖိုးများကို စဉ်ဆက်မပြတ်စောင့်ရှောက်ရန် မျှော်မှန်း၍ ရေဝပ်ဒေသ မူဝါဒ (၆) ချက် (ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုကိုမြှင့်တင်ခြင်း၊ ဒေသနှင့် နိုင်ငံတကာရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း) ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
ရေဝပ်ဒေသများသည် မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေအရည်အသွေးကျဆင်းခြင်း၊ ငါးဖမ်းခြင်းနှင့် စိုက်ပျိုးခြင်း၊ ပြင်ပမျိုးစိတ်များ ကျူးကျော်ဝင်ရောက်ခြင်း၊ ရေဝပ်ဒေသများ၏ ဂေဟစနစ်၊ ရေရှည်တည်တံ့မှုကို ထိခိုက်နိုင်ခြေရှိသည့် ရေရှည်တည်တံ့မှုမရှိနိုင်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။
ငှက်ပျံသန်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်ခံရခြင်း၏ အကျိုးကျေးဇူးများ
EAAFP မှ ရေပျော်ငှက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းနှင့် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့အား အသေးစားစီမံကိန်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ EAAFP ၏ အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ငှက်မျိုးစိတ်များနှင့် ၎င်းတို့ကျက်စားနေထိုင်ရာ ဒေသများကို ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းနှင့် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့တို့သည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း ဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံများ၏ အစည်းအဝေးများ တက်ရောက်ခြင်း၊ ကမ္ဘာ့ကမ်းရိုးတန်းဒေသဆိုင်ရာ ညီလာခံတက်ရောက်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်။
ငှက်ပျံသန်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်ခံရခြင်းဖြင့် ၎င်း၏စံနှုန်းများနှင့်အညီ စီမံအုပ်ချုပ်ရန် နိုင်ငံတကာမှ နည်းပညာနှင့်ရန်ပုံငွေများရရှိနိုင်မည့် အလားအလာကောင်းများစွာ ရှိသည့်အပြင် မြန်မာနိုင်ငံအနေဖြင့် ရေဝပ်ဒေသထိန်းသိမ်းရေး၊ ဌာနေငှက်နှင့် ရွှေ့ပြောင်းရေပျော်ငှက်များ ထိန်းသိမ်းခြင်းဆိုင်ရာနည်းလမ်းများ မြှင့်တင်ခြင်း၊ ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့စေခြင်း၊ ရွှေ့ပြောင်းမျိုးစိတ်များနှင့် နေရင်းဒေသများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ဆက်စပ်ပတ်သက်သူများအကြားမျှဝေခြင်း၊ ရွှေ့ပြောင်းငှက်များနှင့် ယင်းတို့၏ ငှက်ပျံသန်းရာ လမ်းကြောင်းများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ရေချိုနှင့် ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ငှက်ပျံသန်းကွန်ရက် နယ်မြေများ၏ ဆောင်းခို ငှက်စာရင်းကို နှစ်စဉ်စာရင်းကောက်ယူပြီး အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း နယ်မြေသတင်းအချက်အလက် ဖြည့်စွက်ရမည့်ပုံစံကို အနည်းဆုံးခြောက်နှစ်တစ်ကြိမ် ပြင်ဆင်မွမ်းမံဖြည့်စွက်၍ EAAFP အတွင်းရေးမှူးရုံးသို့ တင်သွင်းခြင်း၊ အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးအတွက် နိုင်ငံအဆင့်အစီရင်ခံစာ ရေးသားပြုစုခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ အရေးပါသော ရေဝပ်ဒေသများကို ဖော်ထုတ်၍ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေး လိုအပ်သော သတင်းအချက်အလက်များ ပြုစုနိုင်ရေးနှင့် အမည်စာရင်းအဆိုပြုနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဖိတ်ခေါ်ရင်း မြန်မာနိုင်ငံ၏ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ငှက်ပျံသန်းကွန်ရက်နယ်မြေများအဖြစ် ပလိပ်အင်းနှင့် ပြူကန်သတ်မှတ်အတည်ပြုပြီးစီးခြင်းကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။