Skip to main content

ထိန်းသိမ်းကာကွယ် သစ်ပင်သစ်တော ပြုန်းတီးမှုအန္တရာယ်

(ယမန်နေ့မှအဆက်)

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု

ကမ္ဘာတွင် သဘာဝသယံဇာတများ ရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ် ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ အရင်း အမြစ်များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့် လေညစ်ညမ်းမှု စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်လျက် ရှိပါသည်။ မဲခေါင်ဒေသသည် သစ်တောကို အမှီသဟဲပြုနေသည့် ခန့်မှန်းခြေလူဦးရေ ၈၅ သန်းတို့၏ မှီတင်း နေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ထိုလူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် ဒေသခံတိုင်းရင်းသားများ ဖြစ်ကြသည်။ ဒေသအတွင်းရှိ ခန့်မှန်းခြေလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးကြသည့်အတွက်သဘာဝအရင်းအမြစ်များကို ရယူသုံးစွဲမှုနှင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုး တက်လာမှုတို့ကြောင့် ၁၉၉၀ နှင့် ၂၀၁၅ အတွင်း ပျမ်းမျှသစ်တော ၄ ဒသမ ၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး မဲခေါင်ဒေသရှိ သစ်တောအသိုင်းအဝိုင်းသည် တောတောင်ရေမြေပေါ်တွင်အခြေခံ၍ ရေရှည်ထိန်းသိမ်းလုပ်ကိုင်သွားနိုင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသည်။ ဒေသတွင်းနိုင်ငံများအားလုံးသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလားတူပြဿနာများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည့်အတွက် သစ်တောပြုန်းတီးမှု ကြုံတွေ့နေမှုအပေါ် ကာကွယ်နိုင်ရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါသည်။

သဘာဝပတ်ဝန်းကျင်ဗဟိုပြုအစီအစဉ်

ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာသည့်အတွက် မဲခေါင်ဒေသတွင်းနိုင်ငံများသည် ၂၀၀၅ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ဗဟိုပြုအစီအစဉ်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးစင်္ကြံဒေသများ ရှေ့ပြေးလုပ်ငန်းစီမံကိန်း (Core Environment Program and Biodiversity Conservation Corridors Initiative)ကို တည်ထောင်ခဲ့သည်။ အဆိုပါစီမံကိန်းကို ခြောက်နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနများက ကြီးကြပ်ကာ “သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်၍ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိသော မဲခေါင်မြစ်ဝှမ်းဒေသ အစီအစဉ်” ဖြစ်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အစီအစဉ်ကို အေဒီဘီကစီမံခန့်ခွဲသည့်အတွက် လုပ်ငန်းညှိနှိုင်းချိတ်ဆက်မှုကို ထိုင်းနိုင်ငံရှိ အေဒီဘီရုံး၌ ဖွင့်လှစ်ထားသည့် သဘာဝပတ်ဝန်းကျင် အော်ပရေးရှင်းစင်တာက ဆောင်ရွက်ပေးသည်။ ရှေ့ပြေးစီမံကိန်းအဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ငါးနှစ်တာကာလအဖြစ် ဆောင်ရွက်ပြီး ယင်းအစီအစဉ်၏ အောင်မြင်မှုအဖြစ် စီမံကိန်းကာလ ငါးနှစ်တာသတ်မှတ်ကာ ၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းသည် မဲခေါင်ဒေသတွင်း သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာအောင် ခိုင်ခိုင်မာမာ အကျိုးပြုထားပြီးဖြစ်သည်။ ရလဒ်များအဖြစ် မဲခေါင်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်ခိုင်မာမာတည်ဆောက်နိုင်ပြီး အရေးပါသောကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လားရာများနှင့် စွမ်းဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် နိုင်ငံအလိုက်စနစ်များနှင့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာခဲ့သည်။

အများသဘောတူမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် တိုင်ပင်ညှိနှိုင်းမှု၊ စေတနာ့ဝန်ထမ်းမှု၊ ဘုံပံ့ပိုးမှုနှင့် မျှဝေခံစားခွင့်များနှင့် ကုလသမဂ္ဂပဋိညာဉ် စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာခြင်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ကဏ္ဍစုံ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ဒေသတွင်း အလုံးစုံဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအား ၂ဝ၁၅ ခုနှစ်၌ စတင်ထူထောင်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှု ယန္တရားမှတစ်ဆင့် ဒေသခွဲခြောက်နိုင်ငံရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ Lancang-Mekong ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ခြင်း၊ ဒေသတွင်းပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ အတွက် ဆွေးနွေးမှုပလက်ဖောင်းတစ်ခုပံ့ပိုးခြင်း၊ ဒေသဆိုင်ရာသဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ခြင်း၊ ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် သဟဇာတဖြစ်သော စက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပူးပေါင်းဆောင်ရွက်ရေးများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ်တွင် Lancang-Mekong Enviro-nmental Cooperation Center ကို တည်ထောင်ခဲ့သည်။

ထို့အပြင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း အနာဂတ်အကျိုးစီးပွားဖြစ်ထွန်းဖို့ ပြည်သူနှင့်ပုဂ္ဂလိကအခန်းကဏ္ဍ ပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပင်မအစီအစဉ် (GMS Core Environment Program) တို့ ပူးပေါင်း၍ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး များအဆင့် အစည်းအဝေးများ၊ ဖိုရမ်များကို ဒေသတွင်းနိုင်ငံများ၌ အပြန်အလှန် ကျင်းပကြပြီး စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ခြင်း၊ မဟာဗျူဟာများ၊ မူဘောင်များရေးဆွဲခြင်း၊ Action Plan များ ရေးဆွဲခြင်း၊ ပေါ်လစီများချမှတ်ခြင်း၊ သဘောတူစာချုပ်များ ရေးထိုးခြင်း၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုများ၊ သဘာဝအရင်းအမြစ်များရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ၊ တန်ဖိုးချိတ်ဆက်မှု (Value Chain)မှ တစ်ဆင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းများ၊ အစိမ်းရောင်ကုန်သွယ်မှုတွင် သဘာဝ အရင်းအမြစ်များအား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းများအတွက် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများကို အပြန်အလှန်ဖလှယ်ခြင်းဖြင့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတကာ ကတိကဝတ်များ

သစ်တောများပြုန်းတီးခြင်းကြောင့် ဖြစ်ပွားရသည့် ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ရန် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) သို့ အဖွဲ့ဝင်နိုင်ငံများက တင်သွင်းကြရမည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Nationally Deter-mined Contribution -NDC) ကို မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်တွင် တင်သွင်းခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် အဓိကလုပ်ငန်းကဏ္ဍများအနက် သစ်တောကဏ္ဍကို အဓိကလုပ်ငန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထားသည်။ သစ်တောနယ်မြေများ (ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ)ကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီးကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေး၊ သစ်တောများ အရည်အသွေးပိုမိုကောင်းမွန်လာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

ကမ္ဘာနှင့်အဝန်းတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု အလေးထားလာကြသည်ဖြစ်ရာ ကမ္ဘာ့ကုလသမဂ္ဂ၏ သစ်တောများဆိုင်ရာ နယူးယောက်ကြေညာချက်(၂၀၁၄)တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် လျှော့ချနိုင်ရန်အတွက် ၂၀၃၀ ပြည့် နှစ်တွင် သစ်တောပြုန်းတီးမှုလုံးဝမရှိစေရေးရည်မှန်းပြီး ဆောင်ရွက်သွားရန်နှင့် တောနိမ့်တောပျက်ဟက်တာ သန်း ၂၀၀ ကို ပြန်လည် တည်ထောင်ထိန်းသိမ်းရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလန်နိုင်ငံ ဂလပ်စ်ဂိုးမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုကွန်ဗင်းရှင်း၏ (၂၆)ကြိမ်မြောက် ညီလာခံ(UNFCCC COP 26)တွင် ကမ္ဘာ့ခေါင်းဆောင်များ၏ သစ်တောနှင့် မြေအသုံးချမှု ဆိုင်ရာကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး သစ်တောပြုန်းတီးမှုနှင့် မြေအတန်းအစား ကျဆင်းမှုတို့အား လျှော့ချရန်နှင့် သစ်တောထိန်းသိမ်း ရေးကို အတူတကွပူးပေါင်းကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြ ရန် ကတိကဝတ်ပြုခဲ့ကြသည်။

၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကုလသမဂ္ဂဂေဟစနစ်များ ပြန်လည်တည်ထောင်ရေးဆယ်စုနှစ် (United Nations Decade on Ecosystem Restoration)ဟု သတ်မှတ်ခဲ့ပြီး ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေးကို ကမ္ဘာနှင့်အဝန်း တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရေးအမျိုးသားမြေအသုံးချမှု မူဝါဒ (၂၀၁၆)တွင် မြေသယံဇာတများသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ်ပြီး အထူးအလေးထားစီမံ အုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များ ဖြစ်ကြောင်းနှင့် မြေအရင်းအမြစ်များကို စနစ်တကျအသုံးချစီမံခန့်ခွဲနိုင်သည်နှင့်အမျှပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ပြည့်ဝလာစေရန် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ 

ထို့ကြောင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်း တည်ထောင် ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ၊ ဆက်စပ်ဌာနများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တောပြုန်းတီးမှုအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သလို သစ်တောသယံဇာတများကို သားစဉ်မြေးဆက်တိုင်အောင် စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

လူသားအားလုံးကျန်းမာဖို့၊ သစ်တောသစ်ပင် ထိန်းသိမ်းစို့

သစ်တောများကအကျိုးပြုနေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်ပြီး ငွေကြေးအားဖြင့် တန်ဖိုးဖြတ်၍မရနိုင်အောင် အဖိုးတန်လှသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် အထောက်အကူပြုနိုင်ရန် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး၊ သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးတို့ကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံနှင့်အဝန်း သစ်တောများဖုံးလွှမ်းလျက် စိမ်းလန်းစိုပြည်သာယာမှသာလျှင် ရာသီဥတုကောင်းမွန်မျှတကာ စားရေရိက္ခာအထွက်တိုးပြီး တိုင်းပြည် သာယာဝပြောမည်ဖြစ်ကာ ပြည်သူလူထုအားလုံး ကျန်းမာရွှင်လန်းကြမည်ဖြစ်သည်။

သစ်တောများ ပြုန်းတီးမှုအန္တရာယ်မှ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများအောင်မြင်စေရန်မှာ သက်ဆိုင်ရာ အစိုးရဌာနများသာမက ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်မှသာ အပြည့်အဝ အောင်မြင်မှု ရနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်သစ်များအတွက်၊ ကျွန်ုပ်တို့၏ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် ကျွန်ုပ်တို့အားလုံး သစ်တောများ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။  ။