တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာတိုးတက်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့
မောင်သောင်းဝင်း (တမန်ဟောင်း)
နိုင်ငံသားတိုင်း၏ အခြေခံစိတ်ဓာတ်တွင် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသော စိတ်ဆန္ဒများရှိကြပါသည်။ သို့သော် တည်ငြိမ်အေးချမ်းမှုရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအင်အားတောင့်တင်းရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေး အင်အားရှိနေမှသာလျှင် ပြည်တွင်း ပြည်ပအဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများကို ဟန့်တားချေမှုန်းနိုင်မည်ဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေစတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်မှုနှင့်စပ်လျဉ်း၍ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေလိုသူများနှင့် ပြည်ဖျက်မီဒီယာများသည် လူမှု ကွန်ရက်စာမျက်နှာများတွင် အမျိုးမျိုး ဝေဖန်ရေးသားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ်မရှိသူများ၊ တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသူများက ပြည်သူများအကြား အထင်အမြင်လွဲမှားအောင် နှတ်ကြောင်းပေးရေးသားလာကြသည်။ ဤသည်မှာ ပြည်ဖျက်မီဒီယာများ၏ လုပ်ရိုးလုပ်စဉ်ပင်ဖြစ်သည်။ အထူးအဆန်းတော့မဟုတ်ပေ။ ပြည်သူများအနေဖြင့် ချင့်ချိန်နိုင်စွမ်းရှိမည်ဟု ထင်ပါသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့သည် ကာကွယ်ရေးအင်အားချည့်နဲ့သော နိုင်ငံငယ်များကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများဆင်နွှဲပြီး ၎င်းတို့မနှစ်သက်သည့်အစိုးရများကိုဖြုတ်ချကာ ရုပ်သေးအစိုးရများ တင်မြှောက်လျက်ကြိုးကိုင်ခြယ်လှယ် လေ့ရှိကြသည်။ ထို့ကြောင့် တိုင်းပြည်ကာကွယ်ရေးအင်အား တောင့်တင်းနေမှသာလျှင် ပြည်တွင်းရှိအကြမ်းဖက်သမားများနှင့် ပြည်ပမှဝင်ရောက် စွက်ဖက်လိုသူများကို ဟန့်တားနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့ကာကွယ်ရေး အင်အားတောင့်တင်းရန်သည် ပြည်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများစွာလိုအပ်လျက်ရှိသည်။
နိုင်ငံတကာတွင်လည်းကျင့်သုံး
စင်စစ်အားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းနေခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိသည်။ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့်တောင် ကိုရီးယားနှင့် ဩစတြေးလျနိုင်ငံတို့တွင်လည်း ကျင့်သုံးလျက်ရှိသည်။ အဆိုပါနိုင်ငံများ၌ နိုင်ငံသားတိုင်းသည် အသက် ၁၈ နှစ်ပြည့်သည့်အချိန်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ကြရသည်။ အချိန်မီသတင်းပို့ခြင်းမရှိလျှင် သက်ဆိုင်ရာက မိဘအုပ်ထိန်းသူများထံသို့ အကြောင်းကြားလေ့ရှိသည်။
နိုင်ငံသားတိုင်း၏တာဝန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟု လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း” ဖော်ပြပါရှိ သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အခန်း ၈ ခန်း ပါရှိသည်။ အခန်း (၁) တွင် စစ်မှုထမ်းရမည့်ကာလနှင့် အသက်အရွယ်တို့ ပါရှိသည်။ စစ်မှုထမ်းရမည့်အသက်အရွယ် နှင့်စပ်လျဉ်း၍ အမျိုးသားသည် အသက် (၁၈) နှစ်ပြည့်ပြီး (၃၅) နှစ် မကျော်လွန် သေးသူ၊ အမျိုးသမီးဆိုလျှင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၇)နှစ် မကျော်လွန်သေးသူများ ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များဆိုလျှင် အမျိုးသားသည် အသက် (၁၈) နှစ်ပြည့်ပြီး (၄၅) နှစ် မကျော်လွန်သေးသူ၊ အမျိုးသမီးသည် အသက် (၁၈) နှစ်ပြည့် ပြီး (၃၅) နှစ် မကျော်လွန်သေးသူများ ဖြစ်သည်။ စစ်မှုထမ်းဆောင်ရမည့်ကာလသည် နှစ်နှစ်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်သည် သုံးနှစ်ဖြစ်သည်။ ဆိုရလျှင် နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် အချိန်နှစ်နှစ် လောက်သာပေးရခြင်းသည် မပြောပ လောက်သောကာလတိုလေးသာ ဖြစ်သည်။ စစ်မှုထမ်းဆောင်ခြင်းအားဖြင့် ဘဝတိုးတက်အောင်မြင်မှုအတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများစွာကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းက
ရှေးယခင်ကတည်းကပင်မြို့၊ ရွာများအလိုက် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခဲ့ကြသည်။ တိတိကျကျဆိုရလျှင် မျိုးချစ်စိတ်ဓာတ်ရှိသော နိုင်ငံ သားတိုင်းသည် လွတ်လပ်ရေးကြိုးပမ်းစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)တွင် ဝင်ရောက်ကာ စစ်မှုထမ်းခဲ့ကြသည်။ ထိုစဉ်ကပြည်သူများ တဖွဲဖွဲဝင်ရောက် စစ်မှုထမ်းခဲ့ကြသဖြင့် BIA သည် ခြောက်လအတွင်း အင်အား ၅၀၀၀၀ ကျော်အထိ ရှိလာခဲ့သည်။ ထိုစဉ်က ဂျပန်တို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ နေ့ချင်းညချင်း အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်မကင်းပင်ဖြစ်ခဲ့ရသည်။ အမှန်တော့ တပ်မတော်အင်အား တောင့်တင်းခိုင်မာလာသောကြောင့် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးအရယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးရန်လို
ထို့နောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်း သောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်သူ တရုတ်ဖြူကူမင်တန်တို့ကို နှိမ်နင်းရာတွင် ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူးရိုးမဒေသများတွင် ပြည်တွင်းသောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။
အလားတူ လက်ရှိအချိန်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်အပါအဝင် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် PDF အကြမ်းဖက်သမားများနှင့် တချို့သော EAO များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့သောအခြေအနေမျိုးတွင် ပြည်ဖျက်အကြမ်းဖက်သမားများကို ပြည်သူအားလုံးပါဝင်မှုဖြင့် ချေမှုန်းသွားရန် လိုအပ်လာပြီဖြစ်သည်။ အထူးသဖြင့် အမျိုးသားစစ်မှုထမ်းစနစ်ကို မဖြစ်မနေကျင့်သုံးသွားရန် လိုအပ်လာပြီဖြစ်သည်။ နိုင်ငံတကာတွင်လည်းလိုအပ်ပါက ပြည်သူ့စစ်မှုထမ်းစနစ်ထက်မြင့်သည့် စစ်စည်းရုံးမှုအထိပင် လုပ်ဆောင်လေ့ ရှိကြသည်။
ပူးပေါင်းဆောင်ရွက်ရန်လို
ဆိုရလျှင် တိုင်းပြည်အတွင်းရှိသည့် နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခု တည်းသောနည်းလမ်းသည် အမျိုးသား စစ်မှုထမ်းစနစ် (National Service) ပင်ဖြစ်သည်။ အမျိုးသား စစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ရသည့် စီမံချက် (Long Term Plan) တစ်ခုပင် ဖြစ်သည်။ အမှန်တော့နိုင်ငံတော်၏ စီးပွားရေးစွမ်းအား (Economic Might)နှင့် ကာကွယ်ရေးစွမ်းအား(Military Might)တို့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပေသည်။
အကျိုးကျေးဇူးများစွာ
စင်စစ်အားဖြင့် ပြည်သူ့စစ် မဟာဗျူဟာသည် တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးတံတားပင် ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် တပ်မတော်နှင့် ပြည်သူတို့အကြား ဆက်နွှယ်မှုကို ပိုမိုကျစ်လျစ် ခိုင်မာလာစေမည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ခြင်းအားဖြင့် သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများ အပါအဝင် စစ်ကိုဟန့်တားနိုင်သော စွမ်းဆောင်ရည် (Deterrence Power) များ ပိုမိုရရှိလာမည် ဖြစ်သည်။
ထို့ပြင် တိုင်းပြည်၏ ကာကွယ်ရေးစွမ်းအားနှင့် ပြည်သူလူထု၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာစွမ်းရည်များကိုလည်း ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ပြသနိုင်မည်ဆိုလျှင် ပြိုင်ဘက် ရန်သူများကို ဟန့်တားနိုင်သည့် မဟာဗျူဟာ အောင်မြင်ပြီး စစ်ကိုလည်း ဟန့်တားနိုင်သည့် စွမ်းဆောင်ရည်များရှိလာမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်လုံခြုံရေးအတွက် အခြေအနေများကိုလည်း ဖန်တီးသွားနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူအားလုံးသည် စစ်မှုထမ်းစနစ်နှင့် အကျုံးဝင်နေသည့်အတွက် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးတည်ဆောက်မှုနှင့် ကာကွယ်ရေးတည်ဆောက်မှုတို့ကိုလည်း မျှတစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံသားအားလုံးအတွက် သား ရွှေအိုးထမ်းလာသောကိန်းပင် ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်တွင်း ပြည်ပပယောဂများကြောင့် တိုင်းပြည်၏ တချို့သောနေရာများတွင် အကြမ်းဖက်သမားများ ကြီးစိုးလျက်ရှိသည်။ နိုင်ငံသားတိုင်းသည် စစ်ပညာသင်ကြားပြီးချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက် လာသူများအား အမြစ်ပြတ်ချေမှုန်းနိုင် မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ပြည်သူများ အေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်မည်ဖြစ်သည်။ ကလေးငယ်များ ပျော်ရွှင်ချမ်းမြေ့စွာပညာသင်ယူနိုင်မည်၊ တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ပြင်နိုင်ငံသားများအကြား တိုင်းပြည်ချစ်စိတ်၊ နိုင်ငံတော်ကာကွယ်လိုစိတ်များ ကိန်းအောင်းလာမည်ဖြစ်သည်။ အထူးသဖြင့်လူငယ်များကြားတွင် အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးသွေးစည်းညီညွတ်မှု တည်ဆောက်သွားမည်ဆိုသော စိတ်ဓာတ်များ ကိန်းအောင်းလာမည် ဖြစ်သည်။
စင်စစ်အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော်သားများ၏ တာဝန်သာမဟုတ်ဘဲ ပြည်သူအားလုံးမှာလည်း တာဝန် ရှိနေပေသည်။ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည့် နိုင်ငံသူနိုင်ငံသားအားလုံး အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်း မှုဖော်ဆောင်နိုင်ရေးအတွက် ဂုဏ်ယူဝင့်ကြွားစွာ စစ်မှုထမ်းဆောင်ကြပါစို့ဟု ရေးသားတင်ပြလိုက်ရပါသည်။ ။