ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားစံနှုန်းများ
မောင်မောင်ဉာဏ်နိုင်
ကိုယ်ကျင့်တရားကောင်းမွန်ရေးဆိုသည်မှာ ယခုရေတွင်းတူး၊ ယခုရေကြည်သောက်၍မရဘဲ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ရသောအရာတစ်ခုဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လုပ်သင့်သည်ကို လုပ်ခြင်း (စာရိတ္တသီလ) နှင့် မလုပ်သင့်သည်ကို မလုပ်ခြင်း (ဝါရိတ္တသီလ) ပင်ဖြစ်သည်။ ကိုယ်ကျင့်တရားကို အင်္ဂလိပ်ဘာသာစကားဖြင့် Morality ဟု ခေါ်ဆိုပြီး ဂုဏ်ဒြပ်တစ်ခု၊ လူတစ်ယောက်၏ အဆင့်အတန်းကို တိုင်းတာသော ပေတံတစ်ခု၊ အကောင်းဆုံးအဆင် တန်ဆာတစ်ခုအဖြစ် မှတ်ယူကျင့်သုံးကြပါသည်။ “လူသေသော်လည်း နာမည်မသေ” ဆိုသည့်စကားအတိုင်း လူတစ်ယောက်သည် ကိုယ်ကျင့်တရားကောင်းမွန်မည်ဆိုပါက ၎င်းကျင်လည်ရာပတ်ဝန်းကျင်တွင် လူသေသည့်တိုင်အောင် နာမည်ဂုဏ်သတင်းမွှေးပျံ့နေမည်ဖြစ်ပါသည်။ မိမိ၏ဂုဏ်သတင်းသည် မိမိမိသားစု၏ ဂုဏ်သတင်းဖြစ်သည်၊ မိမိသားသမီး၏ ဂုဏ်သတင်းဖြစ်သည်။ မြန်မာဆိုရိုးစကားတွင် “စမ်းရေဘယ်လောက်အေးအေး၊ စန္ဒကူးဘယ်လောက်မွှေးမွှေး လောကတွင် အအေးဆုံး၊ အမွှေးဆုံးမှာ ကိုယ်ကျင့်တရားပင်ဖြစ်သည်” ဟု အဆိုရှိသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ကျင့်တရားကို ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မာမြဲမြံစွာ စောင့်ထိန်းရမည်ဖြစ်ပါသည်။
ကိုယ်ကျင့်တရားဆုံးရှုံးပါက...
အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးက “ကျန်းမာရေးဆုံးရှုံးသည့်အခါ တစ်စုံတစ်ရာကိုသာ ဆုံးရှုံးရသည်၊ ကိုယ်ကျင့်တရားဆုံးရှုံးပါက ဘဝတစ်ခုလုံးကို ဆုံးရှုံးရသည်” ဟု ဆိုခဲ့ဖူးသည်ကို မှတ်သားမိပါသည်။ လူတစ်ဦး၏ ဘဝတစ်လျှောက်ခံယူချက်၊ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူအားလုံးကို ကိုယ်ကျင့်တရားကသာ ထိန်းကျောင်းသည်။ ကောင်းမွန်သည့်စံနှုန်းများသည် ကောင်းမွန်သည့် ကိုယ်ကျင့်တရားကို ဖြစ်ပေါ်စေပြီး ညံ့ဖျင်းသည့်စံနှုန်းများက လူတစ်ယောက်၏ဘဝအပေါ် မကောင်းသောသက်ရောက်မှုများကိုသာ ဖြစ်ပေါ်စေသည်။ လူတို့၏လက်ငါးချောင်းပင် မတူညီကြသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများလည်း ကွဲပြားကြသည်။ ၎င်းကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများသည် လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့် ဘဆိုသလိုမိဘဆီမှ အမွေရခြင်းလည်းရှိသည်၊ သူတော်ကောင်းနှင့် သူခိုးဓားပြဆီ ရောက်သွားကြသည့် ကျေးညီနောင်ပုံပြင်ကဲ့သို့ ရောက်ရှိရာ၊ တစ်နည်းအားဖြင့် နေထိုင်ရာအရပ်ဒေသအပေါ်လည်း မူတည်သည်၊ သင်ယူတတ်မြောက်သည့် ပညာရပ်၊ တွေ့ဆုံကြုံကြိုက်ရသည့် လူ့ပတ်ဝန်းကျင်၊ ရှင်သန်ကျင်လည်ရသည့် အသိုက်အဝန်းအစရှိသည်ဖြင့် တွေ့ကြုံဖြတ်သန်းခဲ့ရသည့် ဘဝဖြတ်သန်းမှုအမျိုးမျိုးအရ ကွဲပြားကြသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သောကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို တည်ဆောက်ခြင်းဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရန် အရေးကြီးပါသည်။
လူတိုင်းတွင် ၎င်းတို့တန်ဖိုးထားသောအရာများရှိကြသည်။ ဥပမာ - ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှု၊ အချိန်တိကျမှု၊ ပျော်ရွှင်မှု၊ ချမ်းသာကြွယ်ဝမှု၊ လုပ်ပိုင်ခွင့်အာဏာ၊ ရာထူးဂုဏ်ဒြပ် စသည်ဖြင့် လူတို့၏အသက်ရှင်နေထိုင်မှုအလိုက် တန်ဖိုးထားသည့်အရာများ မတူညီကြပေ။ ၎င်းအရာများကို လူမှုတန်ဖိုးများ (Social Values) ဟုခေါ်ဆိုပြီး ၎င်းလူမှုတန်ဖိုးများသည် လူတို့၏ကျင့်ဝတ်ဆိုင်ရာကိစ္စ ရပ်များဆုံးဖြတ်ရာတွင် အခြေခံကျသည့်အတွက် လူမှုတန်ဖိုးများ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ဆိုရပေမည်။ မိမိတို့ကိုယ်ပိုင် လူမှုတန်ဖိုးကို တချို့က သိသည်၊ တချို့ကမသိ။ မိမိက အရာတစ်ခုနှင့် စပ်လျဉ်းပြီး ပျော်ရွှင်သည်၊ ထိုအရာကို ပြုလုပ်လိုက်သည့်အတွက် မိမိကိုယ်ကို ဂုဏ်ယူမိသည် သို့မဟုတ် ပြီးပြည့်စုံသည်ဟု ခံစားရသည့် အရာသည် မိမိ၏လူမှုတန်ဖိုးဖြစ်သည်ဟု လေ့လာမှတ်သားဖူးသည်။
ထိုလူမှုတန်ဖိုးများအနက် ဖြောင့်မတ်တည်ကြည်မှုသည် အရေးကြီးဆုံးနှင့် အမြင့်မားဆုံးလူမှုတန်ဖိုးဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်ရန် ဖြောင့်မတ်တည်ကြည်မှုသည် အခြေခံဖြစ်သည်။ ဖြောင့်မတ်တည်ကြည်မှုဟုဆိုရာတွင် ကိုယ်ကျင့်တရားစံနှုန်းများကို အလေးထားသည့်၊ လိုက်နာသည့် Commitment တစ်မျိုး၊ တစ်နည်းအားဖြင့် မိမိ၏စံနှုန်းများကို မည်သည့်အခြေအနေမျိုးတွင်မဆို လိုက်နာစောင့်ထိန်းမည်ဟု မိမိကိုယ်ကိုကတိပေးထားခြင်းတစ်မျိုးပင် ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်သည်ဆိုရာတွင် မိမိ၏စံနှုန်းအရ ဖြစ်ပေါ်လာသည့် အပြုအမူ၊ အပြောအဆိုတို့သည် တစ်ထပ်တည်းကျနေခြင်း သို့မဟုတ် အပြောနှင့်အလုပ်ညီခြင်းဟု မှတ်ယူနိုင်သည်။ ထို့အတွက် ဖြောင့်မတ်တည်ကြည်မှုရှိရန် Courage - သတ္တိလိုအပ်သည်။
ချိမ်းဘားစ် ၂၁ ရာစုအဘိဓာန်တွင် အနက်အဓိပ္ပာယ်ဖွင့်ဆိုထား
ဖြောင့်မတ်တည်ကြည်မှု - Integrity ဟူသောစကားမှာလက်တင် ဝေါဟာရဖြစ်သည့် “integritas” မှ ဆင်းသက်လာပြီး “ကိုယ်ကျင့် တရားဆိုင်ရာတန်ဖိုးထားမှုများနှင့် အခြေခံမူ သဘောတရားများကို တိကျစွာ လိုက်နာခြင်း” ဟု ချိမ်းဘားစ် ၂၁ ရာစုအဘိဓာန်တွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်နှင့် ပြုမူဆောင်ရွက်ချက်များအကြား လိုက်လျောညီထွေရှိပြီး စံသတ်မှတ်ချက်နှင့် အခြေခံမူများကို လိုက်နာမှုရှိခြင်း၊ ကိုက်ညီမှုရှိခြင်းဟု ဆိုလိုပါသည်။ ဖြောင့်မတ်တည်ကြည်မှုကို ကျင့်ဝတ်နှင့် ယှဉ်တွဲသုံးတတ်ပြီး ရိုးသားဖြောင့်မတ်ခြင်း၊ ပွင့်လင်းခြင်း၊ တာဝန်ယူမှု/ တာဝန်ခံမှုရှိခြင်းနှင့် ယုံကြည်စိတ်ချရခြင်းတို့သည် ဖြောင့်မတ်တည်ကြည်မှုရှိခြင်း၏ လက္ခဏာများဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ဖြောင့်မတ်တည်ကြည်မှုရှိသူသည် လူအများ၏ယုံကြည်မှုကို ရရှိနိုင်ပြီး အပြန်အလှန်အားဖြင့် လူအများ၏ယုံကြည်မှုကိုရလိုပါက ဖြောင့်မတ်တည်ကြည်မှုရှိစွာ ကျင့်ကြံနေထိုင်ရမည်ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်မှုရှိခြင်းဖြင့် အဂတိလိုက်စားမှုများကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။
ဖြောင့်မတ်တည်ကြည်မှုသည် မည်သူမျှကြည့်မနေလျှင်တောင်မှ သို့မဟုတ် မည်သူမျှမသိလျှင်တောင်မှ မှန်ကန်သည့်အရာကို ပြုလုပ်ခြင်းဖြစ်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိခြင်းသည် မိမိနှင့်ပတ်ဝန်းကျင်အပေါ် စစ်မှန်ခြင်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အရဟံဂုဏ်တော်တွင်လည်း မကောင်းမှုမှန်သမျှကို မပြုခြင်း၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုခြင်းဟု လမ်းညွှန်ထားပါသည်။ ဖြောင့်မတ်တည်ကြည်မှုရှိခြင်းဟု ဆိုလိုက်လျှင် အလွယ်တကူမမြင်တတ်ကြဘဲ မည်သည့်အရာက ဖြောင့်မတ်တည်ကြည်မှုရှိပြီး မည်သည့်အရာက ဖြောင့်မတ်တည်ကြည်မှုမရှိသည်ကို မခွဲခြားနိုင်ဖြစ်လေ့ရှိပါသည်။ မိမိကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးအားဖြစ်စေ ပေးထားသောကတိကိုတည်ခြင်း၊ ဈေးဆိုင်တွင် ဝယ်ယူသည့်ပစ္စည်းများအနက် ငွေမချေဘဲ ပါလာသောပစ္စည်းများအား သွားပြန်ပေးခြင်း၊ မိတ်ဆွေသူငယ်ချင်းမှ ယုံကြည်၍ ပြောပြသည့်ကိစ္စရပ်များအပေါ် နှုတ်စောင့်စည်းခြင်း၊ ကောက်ရပစ္စည်းအား ပိုင်ရှင်ထံပြန်ပေးခြင်း၊ စာမေးပွဲဖြေရာတွင် မိမိအရည်အချင်းဖြင့်သာ ဖြေဆိုခြင်း၊ မိမိအမှားအား သူတစ်ပါးအပေါ် မပုံချခြင်း စသည့်နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့်အရာများသည် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အခြေခံအပြုအမူများပင်ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်မှုရှိမည်ဆိုလျှင် ကောင်းမွန်သောကိုယ်ကျင့် သိက္ခာကိုရရှိမည်၊ ကိုယ်ကျင့်သိက္ခာသည် အပြောအဆိုနှင့် ပြုမူပုံကို ဦးဆောင်သည်၊ ထိုမှတစ်ဆင့် အလေ့အကျင့်များဖြစ်လာပြီး မိမိတို့၏ ဘဝအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်သည်။
ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ကျင့်တရားရှုထောင့်မှ လေ့လာရလျှင် လူတို့သည် မိမိတို့၏ဘဝကို လူ့ကျင့်ဝတ်နှင့်အညီ အသက်ရှင်နေထိုင်သွားရန် သန္နိဋ္ဌာန်ချမှတ်၍နေထိုင်ခြင်းဟု ပညာရှင်များက ဆိုခဲ့ပါသည်။ လူ့ကျင့်ဝတ်ဟုဆိုရာ၌ လူသားတို့သည် မိမိတို့ အသက်ရှင်နေထိုင်စဉ် မည်သို့အသက်ရှင်နေထိုင်မည်၊ မည်သည့်အပြုအမူများကို ဆောင်ရွက်မည် စသည့်လူ့တန်ဖိုးများကို မှန်မှန်ကန်ကန်အသုံးချ ခြင်းဖြစ်သည်။ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်သည် ဆက်စပ်နေသည်။ ကျင့်ဝတ်လိုက်နာခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိမည်ဖြစ်သလို ဖြောင့်မတ်တည်ကြည်သူသည် ကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာစောင့်ထိန်းသူဖြစ်သည်။
အကောင်းအဆိုး၊ အမှားအမှန်ကို လမ်းညွှန်ပေးသော စည်းမျဉ်းစည်းကမ်း
ကျင့်ဝတ် - Ethic ဆိုသည်မှာ ဂရိဘာသာစကား “ethos” မှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာအဘိဓာန်တွင် “လိုက်နာကျင့်ထိန်း အပ်သောဝတ္တရား” ဟု ဖွင့်ဆိုထားကာ အကောင်းအဆိုး၊ အမှားအမှန်ကို လမ်းညွှန်ပေးသော စည်းမျဉ်းစည်းကမ်းဟု ဆိုလိုထားပြီး ချိမ်းဘားစ်အဘိဓာန်တွင် “ကိုယ်ကျင့်တရားဆိုင်ရာ ပညာရပ်ကိုလေ့လာခြင်း” ဟု ဖွင့်ဆိုထားပါသည်။ ပညာရှင်ဘလက်ဘန်း၏ အဆိုအရ “လူသားဆိုသည်မှာ ကျင့်ဝတ်ရှိသောသတ္တဝါများဖြစ်သည်” ဟု ဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့သည် ကျင့်ဝတ်နှင့်အညီ ပြုမူကြရာ၌ အကျိုးအကြောင်းသင့်စွာ၊ ခွဲခြမ်းစိတ်ဖြာကြရန် လိုအပ်ပါသည်။ ထို့ကြောင့်လည်း ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အယူအဆ သဘောတရားများမှာ အမှားနှင့်အမှန်ကြားက ခြားနားချက်ကို ဖြေရှင်းခြင်းဟု ဆိုကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကျင့်ဝတ်ဆိုသည်မှာ လူတို့၏အပြုအမူကို ထိန်းညှိလမ်းညွှန်ပေးသော စည်းမျဉ်းများဖြစ်ပြီး ဖြောင့်မတ်တည်ကြည်မှုဆိုသည်မှာ လူတို့၏ နေ့စဉ်ဘဝနှင့် လှုပ်ရှားမှုများပြုလုပ်ရာ၌ ကိုယ်နှင့်မကွာ သယ်ဆောင်သွားရမည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းတစ်ခုပင် ဖြစ်ပါသည်။
မြန်မာမှုနယ်ပယ်တွင် သားသမီးဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ ဆရာဝတ် အစရှိသည့် ကျင့်ဝတ်များကဲ့သို့ အဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသောကဏ္ဍအလိုက် ကျင့်ဝတ်များလည်းရှိသည်။ ကျင့်ဝတ်သည် ဥပဒေကဲ့သို့ မဖြစ်မနေလိုက်နာရသည်မဟုတ်ဘဲ လူတို့၏ အသိတရားအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်အပေါ် မူတည်ပါသည်။
ကျင့်ဝတ်ဟုဆိုရာတွင် ရေးဆွဲပြဋ္ဌာန်းထားသည့် ကျင့်ဝတ်များလည်းရှိသကဲ့သို့ Hidden Ethics သို့မဟုတ် Understood Ethics- ဆင်ခြင်ဉာဏ်ဖြင့် လိုက်နာစောင့်ထိန်းရသည့် ပြဋ္ဌာန်းမထားသောကျင့်ဝတ်များလည်းရှိသည်ကို သတိပြုသင့်ပါသည်။
ပညာရှင် ဂျိမ်းမက်ဒီစင်က လူသားများက လူသားများကို စီမံအုပ်ချုပ်ရသည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းရတော့မည်ဆိုလျှင် အုပ်ချုပ်ရမည့်သူများကို ထိန်းချုပ်နိုင်စွမ်းရှိအောင် ဦးစွာပြုလုပ်ပေးရမည်ဟု ဆိုခဲ့သည်။ ထို့အတွက် ကျင့်ဝတ်များကို ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လာရခြင်းဖြစ်သည်။ ဥပမာ-နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွက် ကော်မရှင်ကျင့်ဝတ် စသည်ဖြင့် အဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြင့် အများပြည်သူကဏ္ဍ တာဝန်ရှိသူများကို ထိန်းညှိပေးသည်။ လမ်းစည်းကမ်းဆောင်ပုဒ်တစ်ခုဖြစ်သည့် “စည်းကမ်း လိုက်နာဘေးကင်းကွာ” ဆိုသလိုပင် ရေးဆွဲပြဋ္ဌာန်းထားသော ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် ဘေးအန္တရာယ်များ၊ မလိုလား အပ်သောပြဿနာများကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းဖြင့် ကောင်းမွန်သောဘဝသို့ လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုများကို ရှောင်ကြဉ်ရန်ကျင့်ဝတ်များကို စောင့်ထိန်းရန်အရေးကြီးသည်။ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုလုပ်ရန် လက်ဆောင်ပဏ္ဏာပေးခြင်း/ လက်ခံခြင်းမှအစ နိုင်ငံတော်ပိုင်ပစ္စည်းနှင့် ငွေကြေးကို အလွဲသုံးစားလုပ်ခြင်းတို့သည် ကျင့်ဝတ်မလိုက်နာခြင်း၊ ဖြောင့်မတ်တည်ကြည်မှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည်။ ဥပမာ - လူတစ်ဦးသည် ၎င်း၏ ရာထူးတိုးကိစ္စအတွက် မိမိအရည်အချင်းနှင့် ကြိုးစားရမည့်အစား အထက်လူကြီးသို့ တံစိုးလက်ဆောင်ပေးကာ မသမာသောနည်းလမ်းဖြင့် အခွင့်အရေးလိုချင်သည်ဆိုပါက လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းဖြင့် အဂတိမှုကျူးလွန်ရာရောက်ပြီး လက်ခံသူသည်လည်း ၎င်းအား ပေးအပ်ထားသည့် အခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းကြောင့် အဂတိမှုမြောက်မည်ဖြစ်ပါသည်။ အဂတိလိုက်စားမှုတွင် တံစိုးလက်ဆောင်လက်ခံသူသာမက တံစိုးလက်ဆောင်ပေးသူကိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် လူတို့သည် မိမိတို့နေ့စဉ်ဘဝလှုပ်ရှားမှုများတွင် သေးငယ်သောအရာများမှစတင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိစွာ ကျင့်ကြံနေထိုင်ရမည်။ သို့မှသာ အလေ့အကျင့်ဖြစ်လာပြီး အဂတိလိုက်စား မှုများကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။
ကျင့်ဝတ်ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြား
မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကျောင်း များတွင် စာရိတ္တနှင့် ပြည်သူ့နီတိများကို ကျောင်းသားလူငယ်တို့၏ ကိုယ်ကျင့်တရား မြင့်မားလာစေရေးအတွက် ကျင့်ဝတ်ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားလာသည်ကို တွေ့ရှိရပါသည်။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်။ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသော လူ့အသိုက်အဝန်းကို ပုံဖော်ရာတွင် လူငယ်ထု၏အင်အားကို လိုအပ်သည်။ ထိုလူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးမည်ဆိုပါက ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှု ရှိမည်ဖြစ်သလို လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင်လည်း အဂတိလိုက်စားမှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အဟန့်အတားတစ်ခုဖြစ်သည့်အတွက် ထိုအဟန့်အတားကို ဖယ်ရှားပစ်ရန်မှာ ကျောင်းသားလူငယ်များအပါအဝင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ၊ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု၊ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်းများအား ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေသလို ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာသဘောတရားများ၊ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ မြင့်မားလာရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများ ပြုလုပ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အခြေခံကျသည့်ဖြောင့်မတ်တည်ကြည်မှုရှိရေး၊ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ မြင့်မားလာစေရေးတို့ကို လူတစ်ဦးချင်းမှ ဆောင်ရွက်ရမည်ဖြစ်သည်။ လူတစ်ဦးချင်းမှ လူတစ်ဖွဲ့၊ လူတစ်ဖွဲ့မှသည် နိုင်ငံအဆင့်အထိ ဖြောင့်မတ်တည်ကြည် မှုရှိလာပါက အဂတိလိုက်စားမှုများသည် တဖြည်းဖြည်းလျော့နည်း သွားမည်ဟု ယုံကြည်မိပါတော့သည်။
ကိုးကား
၁။ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁)
၂။ ကျင့်ဝတ်နှင့်ကိုယ်ရည်ကိုယ်သွေးဆောင်းပါး (သိန်းထွန်း - IR)