အဖိုးနည်းဝန်ပါ သင်ကျန်းမာဖို့ ပိုက်ကျော်ခြင်းကစားစို့ . . .
အားကစားဝါသနာရှင်တစ်ဦး
၁၉၈၀ ကျော် ၉၀ ဝန်းကျင်ကာလတွင် ပိုက်ကျော်ခြင်း အားကစားနည်းသည် မြန်မာလူငယ်တို့ကြား၌ အထူးရေပန်းစားလာသည်။ ရပ်ကွက်၊ ကျေးရွာ မြေကွက်လပ်တိုင်းနီးပါးတွင် ပိုက်ကျော်ခြင်းကွင်းလေးများ ဖြစ်ထွန်းပေါ်ပေါက်လာသည်။ ညနေစောင်းပြီဆိုလျှင်ဖြင့် ပိုက်ကျော်ခြင်းကွင်းများတွင် လူငယ်များစုဝေးလာကြသည်။
သုံးယောက်တစ်တွဲ၊ တစ်အုပ်စုဖြင့် အသင်းတွေက များလွန်းလှ၍ ရှုံးထွက်စနစ်ဖြင့် တစ်သင်းဝင် တစ်သင်းထွက်ကစားကြရသည်။ ကစားဖော်အချင်းချင်းနောက်ကြ၊ ပြောင်ကြ၊ ကျီစယ်ကြဖြင့် အတော်ပျော်စရာကောင်းခဲ့သည်။ အချို့သူငယ်ချင်းများက ဘယ်ကဘယ်လိုနည်းစနစ်တွေ သင်ယူရရှိခဲ့ကြသလဲမသိ။ အတော်ကောင်းကြသည်။ ဆရာကြီးများပါဝင်သည့် အသင်းအချင်းချင်း ဆုံတွေ့ပြီဆိုမှဖြင့် ပြိုင်ဆိုင်မှုက ပို၍ပီပြင်သက်ဝင်လာပြီး အကြိတ်အနယ်ရှိလှသည်။ ကျွန်တော်ကတော့ ဘောလုံးခရေစီဖြစ်၍ အားပေးသူကသက်သက်။ သို့သော် ဘောလုံးအားကစားနည်းပြီးလျှင် ပိုက်ကျော်ခြင်းအားကစားနည်းကို နှစ်ခြိုက်ပါသည်။ ဘောလုံးမကန်ဖြစ်လျှင် ပိုက်ကျော်ခြင်း ကွင်းဘက်ခြေဦးလှည့်လေ့ရှိပါသည်။ တစ်ခါတစ်ရံ နောက်ထိန်းကစားပေးလေ့ရှိသည်။
တိုးမပေါက်အောင် စည်ကား
ပိုက်ကျော်ခြင်းကစားသူလူငယ်များ အထူးများပြားလာ၍ ရပ်မိရပ်ဖများက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စသည့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များနှင့် ဒီဇင်ဘာလူထုအားကစားလများတွင် ရပ်ကွက်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးခဲ့သည်။ ပိုက်ကျော်ခြင်းကွင်း ဘေးစည်းလေးဖက်လေးတန်ပြည့်မျှ ပရိသတ်များအားပေးခဲ့ကြ၍ တိုးမပေါက်အောင် စည်ကားလှသည်။ သူ့အသင်းကိုယ့်အသင်း၊ သူ့လမ်းကိုယ့်လမ်း အားပေးကြရင်း ပြိုင်ဆိုင်မှုများပြင်းထန်လာသည်နှင့်အမျှ တစ်ခါတစ်ရံ ပွတ်တိုက်မှုများလည်း ရှိခဲ့သည်။ ဒိုင်လူကြီးပင် ခုံအောက်ပုန်းရှောင်ခဲ့ရသည့် နှစ်များပင်ကြုံတွေ့ခဲ့ရဖူးသည်။ ပိုက်ကျော်ခြင်း အားကစားနည်းသည် ဤမျှရေပန်းစားခဲ့ပါသည်။
ပိုက်ကျော်ခြင်း အားကစားနည်းကို နိုင်ငံတကာတွင် Sepak Takraw ဟု ခေါ်ဆိုသည်။ Sepak ဟူသည့် စကားလုံးမှာ မလေးဘာသာစကားအရ “ကန်သည်” ဟုအဓိပ္ပာယ်ရပြီး Takraw ဟူသည့် စကားလုံးမှာ ထိုင်းဘာသာစကားအရ “ခြင်းလုံး” ဟုအဓိပ္ပာယ်ရသည်။ ရှေးအကျဆုံး မှတ်တမ်းများအရ ပိုက်ကျော်ခြင်းအားကစားနည်းကို အေဒီ ၁၅ ရာစု နှစ်တွင် မလက္ကာရေလက်ကြားဒေသများတွင် အစောဆုံးကစားခဲ့ကြသည်ဟု မလေးရှားနိုင်ငံ သမိုင်းမှတ်တမ်းများအရ သိရသည်။ ထို့နောက် အရှေ့တောင်အာရှနိုင်ငံများတွင် ထွန်းကားခဲ့ပြီး အရှေ့တောင်အာရှပြင်ပရှိ တရုတ်၊ ဘရာဇီးစသော နိုင်ငံများတွင်လည်း စတင်ခေတ်စားလာသည်။ လက်ရှိကာလတွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ပိုက်ကျော်ခြင်းအားကစားနည်းတွင် ထိပ်တန်းအဆင့်နိုင်ငံများဖြစ်ကြသည်။
နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်
မြန်မာနိုင်ငံတွင်လည်း ပိုက်ကျော်ခြင်း အားကစားနည်းသည် လူထုပါဝင်ကစားသည့် အားကစားနည်းတစ်ရပ်ဖြစ်လာသည်နှင့်အမျှ အာရှနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ခဲ့သည်အထိ အောင်မြင်မှုရရှိလာသည်။
ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် နိုင်ငံတော်အတွက် အာရှနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၂၃ ခုနှင့် ကြေးတံဆိပ် ၃၂ ခု စုစုပေါင်းဆုတံဆိပ် ၇၅ ခု ရယူပေးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ရယူဆွတ်ခူးပေးနိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း (လေးယောက်တွဲ) ပြိုင်ပွဲတွင်လည်း မြန်မာပိုက်ကျော်ခြင်းအသင်းသည် အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရယူခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ရယူဆွတ်ခူးပေးခဲ့ပြန်ပါသည်။
ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ပိုက်ကျော်ခြင်း (လေးယောက်တွဲ) အသင်းသည် အုပ်စုတွင်းက ရှုံးနိမ့်ခဲ့သည့် အင်ဒိုနီးရှားအသင်းကို ပထမပွဲတစ်ပွဲတွင် (၂၁-၁၃) ရမှတ်ဖြင့် ပြတ်ပြတ်သားသားအနိုင် ယူနိုင်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ရမှတ်အတူ အနေအထားမှ သူတစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနယ်ကစားခဲ့ရပြီး (၂၄-၂၂) ရမှတ်ဖြင့် ခက်ခဲစွာ အနိုင်ရယူခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်း (လေးယောက်တွဲ) အသင်းတွင် ဇင်မင်းဦး (အားထစ်)၊ ဇင်ကိုကို၊ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး)၊ အောင်ခန့်သူ(ဘားသက်)၊ သန့်ဇင်ဦး (ဘောစိ)နှင့် သန့်ဇင်ထွန်းတို့ ပါဝင်ကစားခဲ့ကြသည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအိုနှင့် ဂျပန်အသင်းတို့ကို အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ ချန်ပီယံရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ဂုဏ်ပြုဆုချီးမြှင့်
ထို့ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပိုက်ကျော်ခြင်းအားကစားအဖွဲ့အပါအဝင် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးဆု ဆွတ်ခူး ပေးနိုင်ခဲ့သည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ဗိုဗီနမ်အားကစားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၃၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ယခုကဲ့သို့ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်း ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ် ၁၄ ခု စုစုပေါင်းဆုတံဆိပ် ၂၄ ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာ ရောက်သည့်အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပေးပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများအပါအဝင် ပြိုင်ပွဲဝင်မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်း။
ထိုသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်း ရွှေတံဆိပ်နှင့် အသင်းလိုက် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း ၃၀၀ စီ၊ တစ်ဦးချင်း ငွေတံဆိပ်နှင့် အသင်းလိုက်ငွေတံဆိပ်ဆု ရရှိခဲ့ကြသည့်အသင်းများကို ငွေကျပ်သိန်း ၂၀၀ စီ၊ တစ်ဦးချင်း ကြေးတံဆိပ်နှင့် အသင်းလိုက် ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ် သိန်း ၁၀၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၃၉၀၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နှစ်စဉ်မပျက် ကျင်းပပေးလျက်ရှိ
ထို့အတူ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူလူထုများ ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ ပြိုင်ပွဲဝင်အားကစား သမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတို့ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ နှစ်စဉ်မပျက်ကျင်းပပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း၊ အားကစားသမား စုစုပေါင်း ၂၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့က ဆွတ်ခူးရရှိသွားခဲ့ ကြသည်။
ထို့အတူ မြန်မာ့ပိုက်ကျော်ခြင်း အားကစားဖွံ့ဖြိုး တိုးတက်ရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များ ပေါ်ပေါက်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကကြီးမှူး၍ ရွှေသံလွင်မီဒီယာက ပထမအကြိမ် စီစဉ်ကျင်းပသည့် ၂၀၂၄ ခုနှစ် SKYNET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုးထည့်သွင်းကျင်းပခဲ့ရာ ဟန်ကျိုးအာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် လူငယ်ပိုက်ကျော်ခြင်း အားကစားသမားများအပါအဝင် အမျိုးသားအသင်း ခြောက်သင်းနှင့် အမျိုးသမီးအသင်းလေးသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုကြေးများအဖြစ် အမျိုးသား (လေးယောက်တွဲ) ပြိုင်ပွဲတွင် ပထမဆုငွေကျပ်သိန်း ၃၀ နှင့် ဒုတိယဆုငွေကျပ် သိန်း ၂၀၊ အမျိုးသား (သုံးယောက်တွဲ) ပြိုင်ပွဲတွင် ပထမဆုငွေကျပ် ၂၅ သိန်းနှင့် ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ အမျိုးသမီး (သုံးယောက်တွဲ) ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၁၂ သိန်းနှင့် ဒုတိယဆုငွေကျပ်ရှစ်သိန်းဖြစ်ပြီး အကောင်းဆုံး အားကစားသမားဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ငွေကျပ်ငါးသိန်းနှင့် အားကစားသမား တစ်ဦးချင်းအတွက် ဂျာစီနှစ်စုံ ထောက်ပံ့ပေးခဲ့ပြီး နယ်မှလာသည့် အသင်းများအတွက် တည်းခိုနေထိုင်ရေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့က ပံ့ပိုးကူညီပေးခဲ့သည်။
SKYNET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် နိုင်ငံတကာပိုက်ကျော်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Abdul Halim Bin Kader တက်ရောက်အမှာစကားပြောကြားခဲ့ပြီး SKYNET ရုပ်သံလိုင်းများကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့သည်။ ပြိုင်ပွဲတွင် အမျိုးသား (သုံးယောက်တွဲ) ပြိုင်ပွဲနှင့် အမျိုးသား (လေးယောက်တွဲ) ပြိုင်ပွဲချန်ပီယံဆုကို Late Thone Kaung အသင်းနှင့် အမျိုးသမီး (သုံးယောက်တွဲ) ပြိုင်ပွဲ ချန်ပီယံဆုကို Apple အသင်းတို့က ဆွတ်ခူးရရှိသွားခဲ့ကြသည်။
ပိုက်ကျော်ခြင်းအားကစား၏ အရွေ့သည် ကျွန်တော်တို့လူငယ်ဘဝကလို မဟုတ်တော့။ နိုင်ငံတော်နှင့် အဖွဲ့ချုပ်တို့၏အားပေးမှုဖြင့် တိုးတက်မြင့်မားလာသည်။ အားကစားသမားများ အနေဖြင့်လည်း ထူးချွန်သည်နှင့်အမျှ အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ် ဆုကြေးစားအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ကြသည်။
ယခင်က ညနေစောင်းလျှင် လူငယ်များဆုံနေကျ ရပ်ကွက်ကွင်းအတွင်းက ပိုက်ကျော်ခြင်း ကစားကွင်းလေးကို ကျွန်တော်လွမ်းမောအမှတ်ရလာသည်။ ကစားဖော် ကစားဖက်၊ အားပေးဖော် အားပေးဖက်သူငယ်ချင်းများကိုလည်း သတိရမိသည်။ အချို့ကား မရှိကြတော့။ ယခင်ပိုက်ကျော်ခြင်းကွင်းလေး တည်ရှိရာ မြေကွက်လပ်လွတ်လေးကလည်း ပိုင်ဆိုင်မှု၏ သင်္ကေတခြံစည်းရိုးတွေက အထပ်ထပ်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာဖို့ပိုက်ကျော်ခြင်း ကစားကြစို့” ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်နိုင်သည့် ပိုက်ကျော်ခြင်း အားကစားနည်းကို အထူးသဖြင့် လူငယ်များ အောက်ခြေတွင် ပိုမိုကစားနိုင်ရန် ရပ်မိရပ်ဖလူကြီးများက အားပေးဆောင်ရွက်ကြရပါမည်။ အားကစားနည်းတစ်ရပ်အောင်မြင်ဖို့၊ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ဆိုသည်မှာ ပိရမစ်သဏ္ဌာန် အောက်ခြေကစ၍ ကျယ်ပြန့်စွာ တည်ဆောက်ကြရမည်ဖြစ်ပါသည်။