တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့
မောင်သောင်းဝင်း (တမန်ဟောင်း)
စင်စစ်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ရေခံမြေခံပထဝီအနေ အထားနှင့် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံလုံး အေးချမ်းသာယာစည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော်တည်ဆောက်ရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် သော့ချက်ပင်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးကိုအခြေခံ
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ပြီး စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးလျက်ရှိကြသည်။ ထို့ကြောင့် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဆိုလျှင် ခေတ်နှင့်လျော်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့်လူသားအရင်း အမြစ်များမွေးထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်နှင့်လျော်ညီသည့် စက်မှုလုပ်ငန်းများ ဖြင့် ဆောင်ရွက်နိုင်သည်။ ထို့နောက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်အောင်ဖော်ဆောင်နိုင်မည်ဖြစ်သည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အနာဂတ်လားရာမျှော်မှန်းချက် များပြည့်မီရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်နှင့် မဟာဗျူဟာများ စနစ်တကျရေးဆွဲဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်ဒေသလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းမှသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိရောက်စွာ အထောက်အပံ့ပြုနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုကို ကောင်းမွန်သောစီမံအုပ်ချုပ်မှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှု စသည့်မဏ္ဍိုင် (၃) ရပ်ဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားရန် လိုအပ်သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်း (MSME )များသည် နိုင်ငံတစ်နိုင်ငံစီးပွားရေး ဦးမော့လာစေရန်အတွက် အဓိကမောင်းနှင်အား ပင်ဖြစ်သည်။ MSME များကို အားပေးမြှင့်တင်ခြင်းအားဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများသည် အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရသည် MSME လုပ်ငန်းများ စတင်ထူထောင်နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးများ ပံ့ပိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအနက်မှ MSME လုပ်ငန်းများအတွက် ချေးငွေများကို လိုအပ်သလိုစိစစ်ပြီး ထုတ်ချေးပေးလျက်ရှိသည်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်အစိုးရ၏ စေတနာပင်ဖြစ်သည်။
စင်စစ်အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးဦးတည်ချက်များနှင့်အညီ တိုင်းပြည်စီးပွားရေးမြှင့်တင်နိုင်ရေးအတွက် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဘက်ဘက်က အားပေးကူညီလျက်ရှိသည်။ MSME လုပ်ငန်းများ တိုးတက်လာခြင်းအားဖြင့် တိုင်းပြည် GDP လည်း တိုးတက်လာမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် ပြည်တွင်း၌ စားရေရိက္ခာဖူလုံမှုအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည်။
ဝန်ဆောင်မှုလုပ်ငန်းများ
နိုင်ငံတစ်နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးချဲ့နိုင်မည်ဆိုလျှင် စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အလျင်အမြန် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တချို့သောနိုင်ငံများသည် ဝန်ဆောင်မှုလုပ်ငန်းများဖြင့် နိုင်ငံ့ဝင်ငွေရရှိအောင် ဆောင်ရွက်လျက်ရှိကြသည်။ ထို့ကြောင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျဆောင်ရွက်ရန် လိုအပ်သောဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး အသက်ဝင်ဖွံ့ဖြိုးစေရန် ဆောင်ရွက်သွားရန် လိုအပ်သည်။
ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများသာမက ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ဝန်ဆောင်မှုကဏ္ဍသည် အလွန်အရေးကြီးလှသည်။ ဝန်ဆောင်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အားလုံးခံစားပါဝင်နိုင်သည့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၏ မောင်းနှင်အားတစ်ခုပင်ဖြစ်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများသည် ထုတ်ကုန်ကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍနှင့် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည့် အရေးကြီးသောအရင်းအမြစ် ဖြစ်သကဲ့သို့ အဓိကအလုပ်အကိုင်ဖန်တီးပေးသော သော့ချက်တစ်ခုလည်းဖြစ်ရာ မိမိတို့နိုင်ငံအတွက် ဆင်းရဲမှုလျှော့ချရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ပေးနိုင်မည်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုး ရေးထုတ်ကုန်များ၊ မွေးမြူရေးထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့်အဆင့်အထိ ပြင်ဆင်ကြိုးပမ်းနေချိန်ကာလတွင် “သစ်မရခင်ဝါးပေါင်းကွပ်” ဆိုသလို ဝန်ဆောင်မှုအပိုင်း ဖွံ့ဖြိုးစေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သည်။
ဝန်ဆောင်မှုလုပ်ငန်းများအနက် ခရီးသွား လုပ်ငန်းသည် နိုင်ငံ့ဝင်ငွေကို များစွာအထောက်အကူ ပြုစေပါသည်။ မြန်မာနိုင်ငံကဲ့သို့ သဘာဝပတ်ဝန်း ကျင်လှပသောနိုင်ငံသည် ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာအသုံးချနိုင်သည်။ ပြည်ပမှ ခရီးသွားဧည့်သည်တစ်ဦးလာရောက်ပါက အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်သုံးစွဲနိုင်မည်ဟု ခန့်မှန်းနိုင်သလို ထို့ထက်ပိုမိုသုံးစွဲစေရန်လည်း ဖန်တီးနိုင်ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း၌ ကုန်တိုက်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ အလျင် အမြန်ပေါ်ပေါက်လာသဖြင့် အဆိုပါဝန်ဆောင်မှုများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးလျက်ရှိသည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ဝန်ဆောင်မှုကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် Engine of Growth ပင်ဖြစ်သည်။
အလားတူ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည်လည်း နိုင်ငံ့ဝင်ငွေအားရှာဖွေရာတွင် များစွာအထောက်အကူပြုလျက်ရှိသည်။ တိုးတက်လာသောလူဦးရေ၊ များပြားဆန်းကြယ်လှသည့် ရောဂါများ၊ ကူးစက်ရောဂါများ ပိုမိုမြင်တွေ့နေရသော ယနေ့ကမ္ဘာကြီးတွင် ကျန်းမာရေးကဏ္ဍကို အစိုးရတစ်ခုတည်းကသာ တာဝန်ယူပါက ပြည့်စုံနိုင်မည် မဟုတ်ချေ။ မြန်မာနိုင်ငံတွင် လူဦးရေ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဖွံ့ဖြိုးမှုသည်လည်း အရေးပါသည့်နေရာ တစ်ခုဖြစ်လာမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ထိုနည်းတူစွာ ပညာရေးသည် အရာအားလုံးတွင် အခရာပင်ဖြစ်ပါသည်။ ကဏ္ဍတိုင်းဖွံ့ဖြိုး တိုးတက်ရန် မရှိမဖြစ်လိုအပ်သလို ကမ္ဘာကြီးငြိမ်းချမ်းသာယာတည်တံ့ရန်အတွက်လည်း ပညာရေးသည် အဓိကကျလျက်ရှိပါသည်။ ထို့ကြောင့် အစိုးရတိုင်းသည် ပညာရေးတိုးတက်ကောင်းမွန်စေ ရန်ကြိုးပမ်းနေကြရပါသည်။ အထူးသဖြင့် ပညာရေးဝန်ဆောင်မှုများမှ အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးပေးနိုင်ပေသည်။
ပြည်ပပို့ကုန်တိုးမြှင့်ခြင်း
တိုင်းပြည်စီးပွားရေး ဦးမော့လာစေရေးဆောင်ရွက်ရာ၌ ရေရှည်တွင် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာစေရန်အတွက် အခြေခံစီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးအားနည်းချက်များကို ပြုပြင်ပြောင်းလဲသွားရန် လိုအပ်သည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာစေရန်အတွက် နိုင်ငံခြားငွေဝင်ရောက်မှု ပိုမိုရရှိအောင်ဆောင်ရွက်ရန်နှင့် နိုင်ငံခြားငွေအသုံးပြုမှုလျှော့ချနိုင်ရေး အဓိကထားဆောင်ရွက်သွားရန်လိုအပ်သည်။
အခြားတစ်ဖက်တွင်လည်း နိုင်ငံခြားငွေ ပိုမိုရရှိရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး၊ ပို့ကုန်များတင်ပို့မှု ပိုမိုတိုးတက်လာစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ထုတ်ကုန်များ နိုင်ငံတကာဈေးကွက် ပိုမိုရရှိရေးနှင့် နိုင်ငံတကာတွင် မြန်မာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာစေရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါသည်။
နိုင်ငံခြားငွေအသုံးပြုရမှု လျှော့ချရန်အတွက် သွင်းကုန်တင်သွင်းမှုကို လျှော့ချသွားရန် လိုအပ်သည်။ ထိုသို့ သွင်းကုန်တင်သွင်းမှုကို လျှော့ချရာတွင် ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို လျှော့ချတင်သွင်း၍ ကျန်လိုအပ်သည့် ပမာဏကို ပြည်တွင်းဖြစ် ကုန်ပစ္စည်းများဖြင့် အစားထိုးအသုံးပြုခြင်းဖြင့် သွင်းကုန်ပမာဏကို လျှော့ချနိုင်ပါသည်။ ထို့ပြင် စားသုံးဆီကဏ္ဍတွင်လည်း ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်း အောင် စိုက်ပျိုးခြင်းအားဖြင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပြည်ပသို့ပင် တင်ပို့သွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေတင်သွင်းရမည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုခြင်းဖြင့် နိုင်ငံခြားငွေအသုံးပြုရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ
အလားတူ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်အတွင်း နည်းပညာများ တိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိတိုးတက်စေနိုင်သည်။ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး လုပ်ငန်းယှဉ်ပြိုင်မှုနှင့်အတူ ဝင်ငွေတိုးပွားမှုများကို ဖြစ်ပေါ် စေမည်ဖြစ်သည်။ ထို့အပြင် ထုတ်ကုန်တိုးတက်ခြင်း၊ လုပ်ခများတိုးတက်လာခြင်း၊ နိုင်ငံအတွက် အခွန်ရငွေ တိုးတက်လာစေခြင်း၊ နည်းပညာသစ်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်သူများ၊ အထောက်အပံ့အပါအဝင် ပြည်တွင်း၌ တစ်ဦးတည်း ချုပ်ကိုင်လုပ်ဆောင်မှုစွမ်းအား လျော့နည်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာဖြစ်ထွန်းစေနိုင်သည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုငွေကြေးများစီးဝင်လာခြင်းနှင့်အတူ သွင်းကုန်အစားထိုးထုတ်လုပ်ခြင်း၊ ကုန်စည်နှင့် ပို့ကုန်တင်ပို့နိုင်ခြင်း၊ နိုင်ငံတကာနှင့် ပိုမိုလွယ်ကူစွာကုန်သွယ်နိုင်ခြင်းအပါအဝင် တစ်ဦးချင်းဝင်ငွေသာမက တိုင်းပြည်၏စုစုပေါင်း ကုန်ထုတ်လုပ်မှုတန်ဖိုးကို တိုးတက်စေနိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး နည်းပညာဖွံ့ဖြိုးမှုမှတစ်ဆင့် ထုတ်ကုန်သစ်များကို ပိုမိုထုတ်လုပ်နိုင်သဖြင့် ပို့ကုန်တင်ပို့မှုများလည်း တစ်စထက်တစ်စ တိုးတက်လာလျက်ရှိသည်။ ဆိုရလျှင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုအတွက် အခွင့်အလမ်းများဖြစ်ပေါ်လာစေပါသည်။
မည်သို့ပင်ဆိုစေ တိုင်းပြည်စီးပွားရေး တိုးတက်လာရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေးအတွက် မလိုအပ်သော နိုင်ငံခြားဖြစ်ကုန်ပစ္စည်းများ တင်သွင်းမှုကိုလျှော့ချပြီး ပြည်ပပို့ကုန်အမည်များ ပိုမိုထုတ်လုပ်ခြင်း အထူးသဖြင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ၏ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းများဖြင့် တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုလျှင် နိုင်ငံ့စီးပွားများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ရည်ညွှန်း။ နေ့စဉ်ထုတ်သတင်းစာများ။