နွေမှာစိုက်ခင်း မိုးမှာအင်း
ကိုရွှေမန်း (မန္တလေး)
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝမြို့ဟောင်း မီးသွေးတိုက်ကျေးရွာရှိ တောင်သူ ဦးခင်မောင်ရင်၏ ၁ ဒသမ ၆၁ ဧကရှိ လယ်မြေတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသည့် အခမ်းအနားကို စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ၁၁.၃.၂၀၂၄ ရက်နေ့က ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်ကြည့်ရှု စစ်ဆေးသည်။ ဤသို့ဆောင်ရွက်ချက်သည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။ အခမ်းအနားကျင်းပသည့် လယ်မြေနှင့် ဆက်စပ်လျက်ရှိသော ကန်တော်ကြီးအင်းသည် မိုးတွင်းကာလ ရေပြင်ကျယ်ကြီးအဖြစ်မှ ယခုအချိန်တွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် နွေစပါးစိုက်ခင်းများအဖြစ်သို့ ပြောင်းလဲ၍ စိမ်းစိုလှပနေသည်ကို တွေ့ရသည်။
ကန်တော်ကြီးအင်းသည် တစ်ချိန်က ဂရန်အင်းဖြစ်သော်လည်း အင်းဝရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း ကျရောက်နေသည့်အတွက် သီးသန့်အင်းအဖြစ် သတ်မှတ်ပေးခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှ အခြားနည်းအသုံးပြုခွင့်မရှိစေရန် ပူးပေါင်းကာကွယ် ထားသည့်အတွက် နွေစပါးစိုက်ဧက ၁၀၀ ကျော်နှင့် ဆောင်းသီးနှံပဲမျိုးစုံ ဖြစ်ထွန်း အောင်မြင်လျက်ရှိသည်ကို တွေ့ရပါသည်။ ဤတွင် အင်းအိုင်များ၊ ငါးလုပ်ငန်းရေပြင်များသည် စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ အရေးပါကြောင်း တွေ့ရှိရသဖြင့် ဆက်စပ်ပတ်သက်သည့် ဌာနများ ပူးပေါင်းကာကွယ်ရန်လိုကြောင်း တွေ့ရှိရသည်။
မင်းနေပြည်တော်များ ဖြစ်ခဲ့ကြသည့် အင်းဝမြို့နှင့် အမရပူရမြို့များသည် စစ်ရေးစစ်ရာ ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် သားငါးဖူလုံရေးတို့အတွက် အင်းအိုင်များဝန်းရံလျက်ရှိသည့် အရပ်ကိုအခြေပြု၍ တည်ဆောက်ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ နွေဦးကာလတပေါင်းလဖြစ်သော်လည်း လမ်းဘေးဝဲယာတို့တွင် ဆောင်းသီးနှံစိုက်ခင်းများ၊ နွေစပါးစိုက်ခင်းများဖြင့် စိမ်းစိုသာယာလျက်ရှိသည်ကို တွေ့ရသည်။
သဘာဝအမွေအနှစ်
ရှေးယခင်က အင်းရေပြင်ကျယ်ကြီးများဖြစ်သည့် ဤဒေသသည် ယခုအခါတွင် စစ်ကိုင်း - မြစ်ငယ်လမ်းမကြီးမှ မန္တလေး - ရန်ကုန်လမ်းဟောင်းကြီးသို့ လည်းကောင်း၊ စစ်ကိုင်း - တံတားဦး လမ်းမကြီးမှ မန္တလေး - ရန်ကုန် အဝေးပြေးလမ်းမကြီးသို့လည်းကောင်း၊ အင်းအိုင်၊ ချောင်းမြောင်းများကို ဖြတ်ကျော်၍ လမ်းတံတားများ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် ရှေးယခင်နှင့် မတူတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့လျက်ရှိကြောင်း တွေ့ရသည်။
ကိုရွှေမန်းတို့ ငယ်စဉ်အချိန်က ဤနေရာများသည် မိုးတွင်းကာလ ဧရာဝတီမြစ်နှင့် ဒုဠဝတီမြစ် ရေတိုးချိန်များတွင် စစ်ကိုင်း - မန္တလေးကားလမ်းအား ရေကျော်လေ့ရှိပြီး အသွားအလာများ ယာယီရပ်ဆိုင်းလေ့ရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဠဝတီမြစ်ရေများ ဝင်ရောက်ပြီး အိုးစားကြီးအင်း၊ ထီးလှိုင်အင်း၊ အမြှောက်ဘုံးအိုးအင်း၊ အင်းသာယာအင်း၊ ရွှေပေါ် ကျွန်းအင်း၊ မြစ်တူးမြစ်စွတ်အင်း၊ လက်တောင်းအင်း၊ ဝမ်းဘဲအင်း၊ လက်ဆည်ကန်ကိုးသွယ်အင်း၊ တောင်သမန်အင်း၊ တောင်မြင့်အင်း၊ ရွှေကြူပေါက်မြောက်အင်း၊ ထိန်ပင်ကန်အင်း၊ ငါးတိုက်အင်း၊ အိုးစားကြီးအင်း စသည့်အင်းများ ဆက်စပ်ကာရေပြင်ကျယ်ကြီးဖြစ်ခဲ့ သည်။ မိုးရာသီ ၄-၅ လတွင် အင်းအိုင်ရေဝပ်ဧရိယာ စုစုပေါင်း ၃၄၄၆ ဒသမ ၆၅ ဧကခန့်ရှိမည်ဖြစ်သည်။ မိုးရာသီရေဝပ်ဧရိယာများသည် နိုင်ငံတော်၏ ရေချိုသယံဇာတ အရင်းအမြစ်များဖြစ်သည့်အပြင် မိုးတွင်းရာသီတွင် ရေချိုငါးလုပ်ငန်းရေပြင်များဖြစ်ပြီး ရေကျသွားသည့် ဆောင်းရာသီနှင့် နွေရာသီအချိန် ကာလများတွင် ဆောင်းသီးနှံစိုက်ခင်းများ၊ နွေစပါးစိုက်ခင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ အမရပူရခရိုင်နှင့် တံတားဦးခရိုင်အတွင်းရှိ အင်းရေပြင်များသည် တစ်အင်းနှင့်တစ်အင်း ရေပြင်ချင်းဆက်စပ်လျက်ရှိပြီး မြစ်ရေတင်စီမံကိန်းများ၊ ဆည်ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် မလိုသေးသော သဘာဝတရားကြီးက ဖန်တီးပေးထားသော သဘာဝအမွေအနှစ် (Natural Heritage) ဖြစ်ပြီးလျှင် ရေဆီ၊ မြေဆီပြည့်ဝသည့် ဆောင်းသီးနှံစိုက်ခင်းများ၊ နွေစပါးစိုက်ခင်းများလည်း ဖြစ်ပါသည်။ ဤနေရာများသည် မိုးရာသီတွင် အင်းရေပြင်ကျယ်ကြီးများ ငါးလုပ်ငန်း ရေပြင်များဖြစ်ပြီး ဆောင်းရာသီနှင့် နွေရာသီများတွင် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ခင်းများအဖြစ် ပြောင်းလဲသွားသည့်အတွက် “နွေမှာစိုက်ခင်း၊ မိုးမှာအင်း” ဟူသော အဆိုအမိန့်ကို သက်သေထူလျက်ရှိသော ဒေသတစ်ခုလည်း ဖြစ်သည်။
နွေမှာစိုက်ခင်း မိုးမှာအင်း
“နွေမှာစိုက်ခင်း၊ မိုးမှာအင်း”ဟူသော အဆိုအမိန့်လေးသည် ရွတ်ဆို၍ ကောင်းသည်သာမက မှတ်သားရလည်း လွယ်ကူပါသည်။ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပါက မိုးရာသီကာလ အင်းရေပြင်ကျယ်ကြီးများ၊ ငါးလုပ်ငန်းရေပြင်များသည် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ဆောင်းသီးနှံစိုက်ခင်းများနှင့် နွေစပါးစိုက်ခင်းများအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ ဤအဆိုအမိန့်သည် မြစ်ချောင်း၊ အင်းအိုင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုနေသည်ကို သက်သေပြု လျက်ရှိနေပြီး လူ၊ တိရစ္ဆာန်နှင့် အပင်တို့ အပြန်အလှန်အမှီသဟဲပြုနေသည့် ဂေဟဗေဒစနစ်ကောင်း တစ်ခုကို ကာကွယ်ထိန်းသိမ်းထားသည့် အဆို အမိန့်တစ်ခုဖြစ်ပါသည်။ ရှေးမြန်မာဘိုးဘေးများသည် မိမိတို့၏ ပတ်ဝန်းကျင်အခြေအနေကောင်းများကို လေ့လာမှတ်သားထားကြပြီး ယင်းအခြေအနေကောင်းများကို သားစဉ်မြေးဆက် အထူးဂရုပြုထိန်းသိမ်းစေလိုသောဆန္ဒဖြင့် လက်ဆင့်ကမ်းအမွေပေးအပ်ခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် အဆိုအမိန့်တစ်ခုလည်း ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးကို ကြိုးပမ်းဆောင်ရွက်
ယခုအခါနိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိနေကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များတွင်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ စတင်လိုက်သည့် ထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို များစွာပြောင်းလဲနိုင်စေကြောင်း၊ မိမိနိုင်ငံနှင့် ကိုက်ညီပြီး အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်များ ရှိကြောင်းကိုလည်း တွေ့ရှိရပါသည်။
စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စီမံချက်များချမှတ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။ အကောင်အထည်ဖော်ဆောင်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေကန်များ၊ ရေတံခါးများ၊ မြစ်ရေတင်လုပ်ငန်းများ၊ စက်ရေတွင်းများ၊ ယာယီချောင်းပိတ်တမံများ၊ ဆိုလာရေတင်စနစ်များ တည်ဆောက်ခြင်း၊ ခေတ်မီနည်း စနစ်များကိုအသုံးပြု၍ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် ရာသီသီးနှံနှင့် နှစ်ရှည်စိုက်ပျိုး ရေးလုပ်ငန်းများတွင် မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နည်းပညာနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးခြင်း၊ အသား၊ ငါးမွေးမြူရေးကဏ္ဍ တိုးတက်ရန်အတွက် နိုင်ငံတော်ဘက်မှ နည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ငွေကြေးကဏ္ဍလိုအပ်ချက်များကို ဖြည့်ဆည်းကူညီဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် မြေသယံဇာတ၊ ရေသယံဇာတများကို အကျိုးရှိစွာအသုံးချ၍ စွမ်းအားပြည့်ထုတ်လုပ်ဆောင်ရွက်နိုင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါသည်။ အလားတူ တာဝန်ရှိသူများ၊ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း မြေသယံဇာတ၊ ရေသယံဇာတများကို စွမ်းအားပြည့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာ့ရေမြေသယံဇာတ
မြန်မာနိုင်ငံ၏ ရေမြေသယံဇာတ အခြေအနေများကိုကြည့်လျှင် မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ စီးဆင်းသောမြစ်များတွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ အရှေ့ပိုင်းတွင် သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ရခိုင်ပြည်နယ်၌ မေယုမြစ်၊ ကုလားတန်မြစ်၊ မွန်ပြည်နယ်တွင် အတ္တရံမြစ်၊ ဂျိုင်းမြစ်၊ တနင်္သာရီ၌ ထားဝယ်မြစ်၊ တနင်္သာရီမြစ် စသည့် ထင်ရှားသောမြစ်ကြီးများနှင့် မြစ်ငယ်ချောင်းငယ်များသည် နိုင်ငံအသက်သွေးကြောအဖြစ် တင်စားခြင်းခံရသော ရေသယံဇာတအရင်းအမြစ်များဖြစ်ကြသည်။ မြစ်ဖျားပိုင်းအရပ်မှ စတင်စီးဆင်းရာတွင် မြစ်ကြောင်းကျဉ်းမြောင်း၍ ရေစီးသန်လျင်မြန်ပြီးစီးဆင်းရာ ခရီးတစ်လျှောက်တွင် မြစ်ငယ်ချောင်းငယ်များ၊ စိမ့်စမ်းရေတံခွန်များ၊ ပေါင်းစပ်စီးဝင်လျက်တောတောင်လျှိုမြောင် အထပ်မှ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး မြေပြန့်လွင်ဆီသို့ ရောက်ရှိသည့်အခါတွင် ရေစီးနှုန်းအား လျော့ကျသွားပါသည်။ ရေစီးအားလျော့ကျသွားသည့် မြေပြန့်လွင်ပြင်အရပ်များတွင် မိုးရာသီ၌ ကုန်းတွင်းအနိမ့်ပိုင်းဒေသများသို့ မြစ်ရေများ ဝင်ရောက်သည့်အတွက် အင်းအိုင်များကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ မြစ်ချောင်း၊ အင်းအိုင်များ၏ ပြုပြင်ဖန်တီးမှုများကြောင့် မြေယာအရည် အသွေးကောင်းမွန်သည့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ခင်းများကို ဖြစ်ပေါ်စေပြီး ငါးမျိုးစိတ်များစွာအတွက် မိတ်လိုက်သားပေါက်နိုင်စေသည့် သဘာဝတရားများကိုလည်း ဖန်တီးပေးနေပါသည်။
မြန်မာနိုင်ငံတွင် အင်းအိုင်များအပါအဝင် မိုးတွင်းကာလ ၄-၅ လခန့် ရေလွှမ်းမိုးသော ဧရိယာသည် စတုရန်း မိုင်ပေါင်း ၂၃၀၀၀ (၅၉၈၀၀ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး တစ်နှစ်ပတ်လုံး ရေဖုံးလွှမ်းသော ဧရိယာစတုရန်း မိုင်ပေါင်း ၅၀၀၀ (၁၃၀၀၀ စတုရန်းကီလို မီတာ) ခန့် ရှိပါသည်။ မိုးတွင်းကာလ ရေလွှမ်းမိုးသော ဧရိယာအများစုမှာ မြစ်ချောင်း၊ အင်းအိုင်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ “ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုစကားနှင့်အညီ ဇွန်၊ ဇူလိုင်လများတွင် မြစ်ကြီးများသည် မိုးတွင်းကာလ ကမ်းလုံးပြည့်ရေလျှံတက်ရာမှ မြစ်လက်တက်များ၊ ချောင်းမြောင်းများမှတစ်ဆင့် ကုန်းတွင်းပိုင်းအင်းများသို့ ရေကြီးဝင်ရောက်ခဲ့ကြပါသည်။ အင်းချောင်းများ ပျောက်ကွယ်သွားကာ အင်းရေပြင်ချင်းဆက်လျက် ရေပြင်ကျယ်ကြီးသို့ ပြောင်းလဲရောက်ရှိသွားပါသည်။
ရေပြင်ကျယ်ကြီးများသည် အင်းအိုင်များအတွင်းရှိ လယ်ယာကိုင်းကျွန်းများကို လွှမ်းမိုးသွားပြီး မြေယာအရည်အသွေးကောင်းမွန်သော လယ်ယာကောင်းများကို ဖြစ်စေပါသည်။ ဆက်လက်၍ လယ်ယာကိုင်းကျွန်းများ၏ စိုက်ပျိုးသီးနှံအကြွင်းအကျန်များမှရရှိသည့် သဘာဝဩဇာဓာတ်များနှင့် မြစ်ရေနှင့်အတူ ပါဝင်လာသော သဘာဝဩဇာဓာတ်များ ပေါင်းစပ်သွားပြီး ငါးစားကျက် အင်းရေပြင်ကျယ်ကြီးများအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားပြန်ပါသည်။ ထိုအချိန်တွင် ရေချိုငါးမျိုးစိတ်များစွာတို့သည် ငါးစားကျက် ရေပြင်ကျယ်ကြီးများသို့ ရောက်ရှိ၍ မိတ်လိုက်ဥချကြပါသည်။ ရေချိုငါးများ မိတ်လိုက်ဥချရန် ပတ်ဝန်းကျင်အခြေအနေ ခြောက်ချက်လိုအပ်ကြောင်းကို ဆရာဦးဘသော်၏ မြန်မာနိုင်ငံ အင်းအိုင်ရေချိုငါးဖမ်းလုပ်ငန်းစာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားကြောင်း တွေ့ရှိရပါသည်-
“စီးအောက်၊ ဝဲပြန်၊ သဲခံ၊ နေလောင်၊ ပြန့်သောင်၊ ရေကျော်၊ စုံခဲ့သော်က တူပျော်ရွှင်နွှဲ ငါးရစ်ပွဲ”
ဆရာက သူ၏ကဗျာကို အောက်ပါ အတိုင်း အသေးစိတ်ရှင်းပြထားပါသေးသည်-
(က) စီးအောက်ဆိုသည်မှာ ငါးများ၏ မျိုးရေနှင့်ဥများကို ရေစီးအားသန်သော မြစ်ချောင်းအင်းအိုင်တို့၏ ရေစီးတွင် မျောပါမသွားစေနိုင်သောနေရာ၊ ရေစီးနှင့် လွတ်ကင်းသောနေရာမျိုးကို ဆိုလိုသည်။
(ခ) ဝဲပြန်ဆိုသည်မှာ မြစ်ချောင်း အင်းအိုင်များတွင် မြစ်လက်တက်၊ ချောင်းလက်တက်များ ခွဲထွက်တတ်သည်။ ငါးရစ်လိုက်၍ ဥနှင့်မျိုးရည် ထိတွေ့ပြီးနောက် မျိုးအောင်သည့် ဥများသည် အောက်ဆီဂျင်လိုသည်။ ဝဲပြန်သောနေရာတွင် ရေအသစ်များ တဖြည်းဖြည်းစီးဝင်ပြီး လည်နေသောကြောင့် ရေတွင် ပျော်ဝင်သော အောက်ဆီဂျင်အသစ် များရ၍ မျိုးအောင်သည့်ဥများသည် အောက်ဆီဂျင်ကို စုပ်ယူရန်အချိန်များစွာ ရနိုင်သည်။ ထို့ကြောင့် မျိုးပွားမည့် ငါးများသည် ဝဲပြန်သောနေရာမျိုးကို ရွေးချယ်လေ့ရှိသည်။
(ဂ) သဲခံဆိုသည်မှာ စီးအောက်၊ ဝဲပြန်သောနေရာ၏ အောက်ခံမြေသားသည် သဲခံမြေသားမျိုးဖြစ်ရန်လိုသည်။ ဥသည်မျိုးအောင်ရန် မျိုးရည်နှင့် ထိတွေ့နိုင်ရမည်ဖြစ်ပြီး မလိုအပ်သောအရာများ ကပ်ညှိနေပါက မျိုးအောင်ရေးတွင် အတားအဆီးသဖွယ်ဖြစ်နေသည်။ အကယ်၍ အောက်ခံမြေသားသည် ရွှံ့နွံ့များဖြစ်နေပါက ဝဲပြန်သောကြောင့် ရေသည် အမှုန်ထကာ နောက်ကျိနေ သည်။ ရွှံ့မှုန်၊ နွံမှုန်များသည် မျိုးအောင်မည့်ဥများကို ကပ်ညှိနေပါက မျိုးရည်နှင့် ထိတွေ့အောင်မြင်ရန် မလွယ်ကူတော့သဖြင့် အောက်ခံမြေသားသည် သဲခံမြေသားအမျိုးအစားဖြစ်ရမည်ဟု ဆိုလိုသည်။
(ဃ) နေလောင်ဆိုသည်မှာ စီးအောက်၊ ဝဲပြန်၊ သဲခံသောနေရာသည် မိုးတွင်းမရောက်မီဖြစ်ရမည်။ မြစ်ဘေး၊ ချောင်း ဘေးနေရာများသည် တစ်နွေလုံးနေလောင်ထားပြီး မိုးရာသီ၌ ရုတ်တရက် ရေလွှမ်းသွားသောအခါတွင် ထိုနေရာရှိ ရေအပူချိန်သည် မြစ်မ၊ ချောင်းမရှိ ရေအပူချိန်နှင့် ကွာခြားသွားသည်။ ထိုဖြစ်ရပ်သည် အပူချိန် ရုတ်တရက်ပြောင်းလဲသွားသောသဘာဝ ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ငါးများသည် သားပေါက်ရန် အပူချိန်ရုတ်တရက် ပြောင်းလဲမှုကိုလိုသည်။ ထိုသို့ အပူချိန်ပြောင်းလဲမှုကြောင့် ငါးများအဖို့ သားပေါက်ရန် ပြင်ပလှုံ့ဆော်ခြင်းခံရ သောအနေအထားသို့ ရောက်လာတော့သည်ကို ဆိုလိုသည်။
(င) ပြန့်သောင် ဆိုသည်မှာ ငါးများဥချမည့် ရေလွှမ်းနေသော သောင်ပြင်သည် ပြန့်ပြူးသော ကုန်းလျှောသဖွယ်ဖြစ်ရမည်။ ငါးများသည် ရေနက်သောနေရာတွင် မျိုးပွား၍ ဥချလိုက်သောဥများသည် ရေနက်ပိုင်းသို့ ရောက်သွားပြီး ရေထု၏ဖိအားကို များစွာခံရသည်။ သို့ဖြစ်ရာ ပြန့်ပြူးသော ကုန်းလျှောသဖွယ်နေရာမျိုးကိုရွေးချယ်၍ မျိုးပွားခြင်းဖြင့် ဥများသည် ရေထု၏ဖိအားကို ရေနက်ပိုင်းမှာကဲ့သို့ မခံရတော့ကြောင်းကို တွေ့ရသည်ဟုဆိုလိုသည်။
(စ) ရေကျော်ဆိုသည်မှာ မြစ်ရေတိုးလာသည်နှင့်တစ်ပြိုင်နက် စီးအောက်၊ ဝဲပြန်သည့် မြစ်ဘေးနေရာရှိ သဲခံ၊ နေလောင်ထားသော သောင်ပြင်ကို တစ်ခါတည်း ရေကျော်သွားစေသည်။ ထိုမြစ်ဘေးနေရာသည် သဲခံ၊ နေလောင်၊ သောင်ပြန့် အခြေအနေဖြစ်နေမှသာလျှင် မြစ်ရေတိုးသောကြောင့် ရေကျော်သော အခါ၌ အပူချိန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ငါးများအတွက် ပြင်ပလှုံ့ဆော်မှုကို ရရှိမှသာလျှင် သားပေါက်နိုင်စေသည်ဟု ဆိုလိုသည်။
ငါးလုပ်ငန်းရေပြင်
သို့ဖြစ်ရာ မိုးတွင်းကာလ ငါးမျိုးစိတ်များစွာ မိတ်လိုက်ဥချသော ငါးလုပ်ငန်းရေပြင်များကို ကာကွယ်နိုင်ရေးနှင့် ငါးသယံဇာတထိန်းသိမ်းနိုင်ရေးတို့အတွက် ဗြိတိသျှအစိုးရလက်ထက် (၂၂-၄-၁၉၀၅) နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အင်းအိုင်အက် ဥပဒေတွင်လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၄-၃-၁၉၉၁) နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ရေချိုငါးလုပ်ငန်းဥပဒေတွင်လည်းကောင်း၊ (၂၀၀၈) ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ရေချိုငါးလုပ်ငန်းဥပဒေများတွင်လည်းကောင်း၊ ငါးလုပ်ငန်းရေပြင်များ သတ်မှတ်ရာတွင်- အစဉ်အမြဲ ရေတည်ရှိသည်ဖြစ်စေ၊ ယာယီရေတည်ရှိသည်ဖြစ်စေ၊ ငါးများနေထိုင်ကျက်စား ခိုအောင်းပေါက်ပွားကြီးပြင်းရာ ရေပြင်၊ ရေကန်၊ ရေရိုး၊ မြစ်ချောင်း၊ အင်းအိုင်များ၊ ဂရန်အင်း၊ သီးသန့်အင်း၊ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပြုသော ငါးလုပ်ငန်းရေပြင်၊ ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေပြင်များပါဝင်ကြောင်းဖြင့် ကျယ်ပြန့်စွာ ထည့်သွင်းပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရှိရပါသည်။
လယ်မြေ၊ ယာမြေများနှင့် အင်းအိုင်ဧရိယာများသည် မြို့ပြနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးမှုကြောင့်လည်းကောင်း၊ လူတို့၏ပြုပြင်ဖန်တီးမှုများကြောင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့်လည်းကောင်း၊ မြစ်ရေဝင်ရောက်မှု အားနည်းခြင်းများကြောင့်လည်းကောင်း၊ နည်းမျိုးစုံဖြင့် လျော့နည်းလျက်ရှိနေသည်ကို တွေ့ရပါသည်။
လယ်မြေ၊ ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ခြင်း၊ လူနေအိမ်များ ကျူးကျော် တည်ဆောက်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်းများကို ဆောင်ရွက်နေသည့်အတွက် ကျူးလွန်သူများကို အရေးယူဆောင်ရွက်မှုများ ရှိနေသည်ကိုလည်းတွေ့ရသည်။ အဆိုပါကျူးလွန်မှုများသည် ကုန်းမြေတွင်သာမက အင်းဧရိယာအတွင်းရှိ စိုက်ပျိုးမြေများအထိ ဆောင်ရွက်လာပြီဖြစ်ရာ မိုးရာသီအင်းရေပြင် ကျယ်အောက်ရှိ လယ်မြေ၊ ယာမြေများ သည်နည်းအမျိုးမျိုးဖြင့် ဆုံးရှုံးပျက်စီးမှုများ ရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။ အင်းဧရိယာအတွင်းရှိ လယ်မြေ၊ ယာမြေများ လျော့နည်းဆုံးရှုံးမှုကြောင့် ဆောင်း သီးနှံနှင့် နွေစပါးစိုက်ဧကများ လျော့နည်းမည်၊ စိုက်ဧကလျော့နည်းသဖြင့် သီးနှံအထွက်နှုန်းနှင့် အင်းဧရိယာလျော့ကျသွားမည်၊ အင်းဧရိယာ လျော့ကျသည့်အတွက် ငါးစားကျက်ရေပြင်များ လျော့နည်းကာ လူ၊ တိရစ္ဆာန်နှင့် အပင်တို့ အပြန်အလှန်အမှီသဟဲပြုနေသည့် ဂေဟဗေဒစနစ်ကောင်း တစ်ခုကို ပျက်စီးစေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အင်းဧရိယာ တည်တံ့အောင်ကာကွယ်ခြင်းသည် အင်းအတွင်းရှိ စိုက်ပျိုးမြေကို ကာကွယ်ခြင်းဖြစ်ပြီး စိုက်ပျိုးမြေကို ကာကွယ်ခြင်းသည် အင်းဧရိယာအား ကာကွယ်ပေးခြင်းဖြစ်ကာ အပြန်အလှန်ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်ရမည့် လုပ်ငန်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထပ်သာထပ်စေ မလပ်စေနဲ့
ဗြိတိသျှလက်ထက်မှစ၍ ယနေ့တိုင်အောင် အင်းအိုင်ရေချို ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အကြား ပဋိပက္ခများရှိကြောင်း တွေ့ရှိရပါသည်။ ထိုပဋိပက္ခများသည် အင်းသူကြီးနှင့် လယ်သမားတို့၏ ပုဂ္ဂိုလ်ရေးရာအငြင်းပွားမှုများသာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့သော ဥပဒေများအရ ငါးလုပ်ငန်းရေပြင်ဟု ပြဋ္ဌာန်းချက်ဧရိယာများ အတွင်းတွင် တစ်ခါတစ်ရံ မြို့ရွာများ၊ စေတီပုထိုးကျောင်းကန်များ၊ ရှေးဟောင်းနန်းတော်များ၊ ရှေးဟောင်းအမွေအနှစ်ဧရိယာများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းတံတားအဆောက်အဦများ၊ သစ်တောများ၊ ဆည်မြောင်းများ စသည်ဖြင့် အမျိုးမျိုးပါဝင်နိုင်ပါသည်။ ထိုအခါ ဥပဒေပြဋ္ဌာန်းချက်များအရ ဥပဒေတစ်ခုနှင့်တစ်ခုဖွင့်ဆိုချက်များ ထပ်ကောင်းထပ်နေနိုင်ပါသည်။ “ထပ်သာထပ်စေ မလပ်စေနဲ့” ဟူသောအဆိုသည် ဥပဒေနှင့်ပတ်သက်သော အဆိုအမိန့်ဖြစ်သည်ဟု မှတ်သားရပါသည်။ အပြန်အလှန် ပူးပေါင်းကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်အတွက် ထပ်ကာထပ်ကာ ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု မှတ်ယူသင့်ကြောင်း တင်ပြလိုပါသည်။ တာဝန်ရှိဌာနအားလုံး ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သို့မှသာ ဥပဒေအရ ထိန်းသိမ်းကာကွယ်ရမည့် ဌာနများအနေဖြင့် မိမိတို့စွဲကိုင်သော ဥပဒေများနှင့်အညီ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာလျှင် သဘာဝသယံဇာတများ (Natural Resources)၊ သဘာဝအမွေအနှစ်များ (Natural Heritage)၊ အမျိုးသားအမွေအနှစ်များ (National Heritage)ကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံဖြင့် ပူးပေါင်းကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။
မရင်းတစ်လှည့်၊ အင်းတစ်လှည့်
အင်းအိုင်များတွင် လယ်သမားနှင့် ရေလုပ်သား၊ လယ်ယာစိုက်ပျိုးရေးနှင့် ငါးကဏ္ဍ၊ ယှဉ်တွဲလျက်ရှိနေကြသည်ကို သက်သေထူထားသည့် “မရင်းတစ်လှည့်၊ အင်းတစ်လှည့်” ဟူသည့် အဆိုအမိန့်သည် အသားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍနှစ်ရပ်စလုံးအတွက် အင်းအိုင်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ အင်းရေပြင်ဧရိယာများ၊ ငါးလုပ်ငန်းရေပြင်များ၊ လျော့နည်းမှုမရှိစေရန် ထိန်းသိမ်းကာကွယ်ခြင်းသည် အသားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍနှစ်ရပ်စလုံးကို ကာကွယ်ထားခြင်းဖြစ်ကြောင်း အထင်အရှားတွေ့ရှိရပါသည်။ ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်မှသာလျှင် အမျိုးသားရေးရည်မှန်းချက်ဖြစ်သော စားရေရိက္ခာဖူလုံစေရေးကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။
ရေမြေသယံဇာတ၊ ထိန်းသိမ်းကြ
ငါးလုပ်ငန်းဆိုင်ရာ ဥပဒေများတွင် ငါးလုပ်ငန်းရေပြင်များ သတ်မှတ်ပြဋ္ဌာန်းရာ၌ “အစဉ်အမြဲရေတည်ရှိသည်ဖြစ်စေ၊ ယာယီရေတည်ရှိသည်ဖြစ်စေ၊ ငါးများနေထိုင်ကျက်စား ခိုအောင်းပေါက်ပွား ကြီးပြင်းရာ ရေပြင်၊ ရေကန်၊ ရေရိုး၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့ကိုဆိုသည်။” ဟု ကျယ်ပြန့်စွာ ပြဋ္ဌာန်းထားခြင်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ငါးကဏ္ဍ နှစ်ရပ်စလုံးကို ကာကွယ်ထားရာရောက်ကြောင်း တွေ့ရှိရပါသည်။ အင်းရေ ဝင်ရောက်ရာဒေသများသည် မြေယာအရည်အသွေးကောင်းမွန်သော ဆည်ရေပေးဝေရေးစနစ်များ၊ မြစ်ရေတင်စနစ်များ ဆောင်ရွက်ပေးရန် မလိုသေးသော သီးနှံစိုက်ခင်းကြီးများ၊ ငါးထုတ်လုပ်ရေး လုပ်ငန်းများအဖြစ် သဘာဝတရားကြီးက ဖန်တီးပေးထားသော သဘာဝသယံဇာတများ (Natural Resources)၊ သဘာဝအမွေအနှစ်များ (Natural Heritage)၊ အမျိုးသားအမွေအနှစ်များ (National Heritage) ဖြစ်သည့်အတွက် အင်းအိုင်ဧရိယာများ လျော့နည်းမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ညီနောင်ဦးစီးဌာနများ၊ မိတ်ဖက်ဦးစီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတူတကွပူးပေါင်း ကာကွယ်ကြရမည်ဖြစ်ပါကြောင်း ဆရာ ဦးဘသော်၏ ကဗျာလေးဖြင့် နိဂုံးချုပ်၍ တိုက်တွန်းတင်ပြအပ်ပါသည်။
မြေမှာစပါး၊ ရေမှာငါးတိုးပွားအောင်လို့၊ ကြိုးစားစို့။
စပါးကရွှေ၊ ငါးကငွေရေမြေသယံဇာတ၊ ထိန်းသိမ်းကြ။
ကျမ်းကိုး
- မြန်မာနိုင်ငံ အင်းအိုင် ရေချိုငါးဖမ်း လုပ်ငန်း၊ ဦးဘသော် တိုင်းဦးစီးဌာန မှူး ငြိမ်း) ငါးလုပ်ငန်းဦးစီးဌာန၊
- အမရပူရခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ အင်းမှတ်တမ်းများ၊
- တံတားဦးခရိုင်ရှိ အင်းမှတ်တမ်းများ၊
- ကွင်းဆင်းမှတ်တမ်းနှင့် ကိုယ်တွေ့ မှတ်တမ်းများ။