ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ရေအရင်းအမြစ်ပြဿနာ
သီဟစည်သူ
“ကမ္ဘာ့နိုင်ငံများတွင် ရေဖူလုံမှုမရှိဘဲ ရေချိုဂေဟစနစ်၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူသားတို့၏ ကောင်းကျိုးချမ်းသာများကို မပေးစွမ်းနိုင်” ဟု ကုလသမဂ္ဂရေ၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းမှ အကြီးတန်းရေလုံခြုံရေး သုတေသီ ဒေါက်တာ ချာလော့တီ မက်အလစ္စတာက ကမ္ဘာ့ရေဖူလုံမှုအခြေအနေစစ်တမ်း ၂၀၂၃ တွင် မှတ်ချက်ပြုခဲ့သည်။
၂၀၂၃ ခုနှစ် မတ် ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာတစ်ဝန်းရှိ ရေဖူလုံမှုအခြေအနေစစ်တမ်းတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု၊ ကောင်းမွန်သော မိလ္လာစနစ်၊ ကျန်းမာရေးကောင်းမွန်မှု၊ ရေအရည်အသွေး၊ ရေရရှိနိုင်မှု၊ ရေတန်ဖိုး၊ ရေစီမံခန့်ခွဲမှု၊ လူသားများဘေးကင်းလုံခြုံမှု၊ စီးပွားရေး ဘေးကင်းလုံခြုံမှုနှင့် ရေအရင်းအမြစ် တည်ငြိမ်မှုစသည့် အချက် (၁၀) ချက်ကို အခြေခံသည့် ရလဒ်များအရ ကမ္ဘာ့လူဦးရေ၏ ၇၈ ရာခိုင်နှုန်း (လူဦးရေ ၆ ဒသမ ၁ ဘီလီယံ) သည် ရေဖူလုံမှုမရှိသော နိုင်ငံများတွင် လက်ရှိနေထိုင်နေကြ သည်ဟုဆိုသည်။
ရေအသက်တစ်မနက်
“ရေအသက်တစ်မနက်”ဟူသည့် စကားပုံကဲ့သို့ ရေသည် သက်ရှိများအားလုံး အသက်ရှင်ရပ်တည်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ လူ့ခန္ဓာကိုယ်တွင် ရေဓာတ် ၇၀ ရာခိုင်နှုန်းကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားသည့်အတွက် ရေသည် လူသားတို့ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက်လည်း ကြီးမားသော အစိတ်အပိုင်းအဖြစ် ပါဝင်လျက်ရှိသည်။ တစ်ဖက်တွင်လည်း ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေကြသည့် ရေချိုအရင်းအမြစ်များ၏ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနေကြရပြီး စိုက်ပျိုးရေးလုပ်ငန်းမှ လူတစ်ဦး၏ တစ်ရက်စာ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ရေပမာဏသည် ပျမ်းမျှအားဖြင့် လီတာ ၂၀၀၀ မှ ၅၀၀၀ အကြားအထိ ရှိသည်ဟု ဆိုသည်။ ရေထုသည် ကျွန်ုပ်တို့ ကမ္ဘာမြေ ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းထားသော်လည်း အသုံးပြုနိုင်သည့် ရေချို ပမာဏမှာ အလွန်ရှားပါးသည်။ ကမ္ဘာ့ရေထု၏ အများစုဖြစ်သည့် ၉၇ ရာခိုင်နှုန်းမှာ ပင်လယ်ဆားငန်ရေဖြစ်ပြီး ရေချိုပမာဏသုံးရာခိုင်နှုန်းရှိသည့်အနက် အမှန်တကယ်သုံးစွဲနိုင်သည့် ရေချိုပမာဏမှာ တစ်ရာခိုင်နှုန်းအောက်သာရှိသည်ဟုဆိုသည်။
အဆိုပါရေချိုပမာဏ သုံးရာခိုင်နှုန်းအနက် သုံးပုံနှစ်ပုံကျော်သည် ရေခဲမြစ်များနှင့် ဝင်ရိုးစွန်းရေခဲတောင်များတွင် အေးခဲနေသည်။ ကျန်ရှိသော ရေချိုအရင်းအမြစ်အနေဖြင့် မြေအောက်ရေ အဖြစ်သာ အဓိကတွေ့ရှိရပြီး မြေပြင်အထက် သို့မဟုတ် လေထဲရှိ တိမ်တိုက်များတွင် အနည်းငယ်သာတွေ့ရသည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း မြေဆီလွှာ အစိုဓာတ်၊ ဆီးနှင်းနှင့် ရေခဲများ အပါအဝင် ကုန်းနေရေသိုလှောင်မှုမှာ တစ်နှစ်လျှင် တစ်စင်တီမီတာနှုန်း ကျဆင်းလျက်ရှိပြီး ရေဖူလုံမှုအတွက် ကြီးမားသော အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ လေးဘီလီယံ (ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါး) သည် တစ်နှစ်လျှင် အနည်းဆုံး တစ်လခန့် ရေရှားပါးမှုကို ခံစား နေကြရသည်။ ထို့ပြင် ရေပေးဝေမှု စနစ်များနှင့် လက်လှမ်းမမီသော နိုင်ငံများတွင် လူဦးရေနှစ်ဘီလီယံကျော် နေထိုင်ကြရပြီး ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် ရေရှားပါးမှုရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်ရနိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြင်းထန်သော ရေရှားပါးမှုကြောင့် လူဦးရေသန်း ၇၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်နိုင်ပြီး ၂၀၄၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေးလေးဦးလျှင် တစ်ဦးသည် အလွန်အမင်း ရေရှားပါးသော ဒေသများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားသည်။
ယခုအခါ နွေရာသီကာလသို့ ရောက်ရှိလာသည်နှင့်အညီ မြန်မာနိုင်ငံအပူပိုင်းဇုန်ဒေသများရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများတွင် ရေရှားပါးမှု အန္တရာယ်ကို ကြုံတွေ့လာရပြီဖြစ်သည်။ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယနေ့အချိန်အထိ နိုင်ငံတစ်ဝန်း၌ မိုးရာသီကာလတွင် ရွာသွန်းသည့် မိုးရေကို မြေသားရေသိုလှောင်ကန်များဖြင့် စုဆောင်းကာ အသုံးပြုနေရသည့် ကျေးရွာပေါင်း များစွာရှိနေဆဲပင်ဖြစ်သည်။ ယခုအခါ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ အဆိုပါရေကန်များအနက် အချို့မှာ ခန်းခြောက်လာပြီဖြစ်၍ ကျေးရွာအချို့တွင် ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်နေကြရပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေချိုအရင်းအမြစ်ပိုင်ဆိုင်မှု
၂၀၂၀ ပြည့်နှစ် အာရှဖွံ့ဖြိုးရေးဘဏ်၏ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာ့ရေချိုအရင်းအမြစ် အပေါများဆုံးပိုင်ဆိုင်သည့်နိုင်ငံ ၂၀ အဆင့်တွင် အဆင့် (၁) ဘရာဇီးနိုင်ငံ၊ အဆင့် (၂) ရုရှားနိုင်ငံ၊ အဆင့် (၃) ကနေဒါနိုင်ငံ၊ အဆင့် (၄) အမေရိကန်နိုင်ငံ၊ အဆင့် (၅) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက အဆင့် (၁၀) တွင်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲ ကုန်းတွင်း ရေချိုတစ်ထရီလီယံ ကုဗမီတာပိုင်ဆိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိက ရေချိုထောက်ပံ့မှုစနစ်တွင် ရေကန်များ၊ ရေဝေရေလဲစနစ်များ၊ မြစ်များနှင့် အင်းအိုင်များစွာ ပါဝင်သည်။ မြန်မာ့ရေချိုအရင်းအမြစ်များကို စိုက်ပျိုးရေးလုပ်ငန်းတွင် ၈၉ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းအတွက် အနည်းဆုံးတစ်ရာခိုင်နှုန်းသုံးစွဲနေပြီးများသောအားဖြင့် ၉၀ ရာခိုင်နှုန်းကျော်ကို မြေပေါ် ရှိ ရေချိုအရင်းအမြစ်များမှ အသုံးပြုခြင်း ဖြစ်ပြီး ကိုးရာခိုင်နှုန်းခန့်သာ မြေအောက်ရေကို အသုံးပြုကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ထုတ်ပြန်ချက်မှ သိရသည်။ အာရှဒေသတွင်း နိုင်ငံများတွင် တရုတ်နိုင်ငံသည် အဆင့် (၁)၊ အင်ဒိုနီးရှားနိုင်ငံသည် အဆင့် (၂)၊ အိန္ဒိယနိုင်ငံသည် အဆင့် (၃)၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် အဆင့် (၄) နှင့် မြန်မာနိုင်ငံမှာ အဆင့် (၅)တွင် ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ ၁၀ နိုင်ငံ၏ ရေ ၁၆ ရာခိုင်နှုန်းခန့်နှင့် အာရှတိုက် တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်းခန့်အထိ ရေအရင်းအမြစ်များ ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။
သို့သော်လည်း ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုဖြစ်စဉ်များကြောင့် မိမိတို့နိုင်ငံတွင် နှစ်စဉ်မိုးရွာသွန်းသည့် ရက်လျော့နည်းလာမှုနှင့်အတူ မိုးရာသီကာလတိုတောင်းလာခြင်း၊ မိုးရေချိန် နည်းပါးလာခြင်း စသည်တို့ကြောင့် ဆည်၊ တမံများတွင် ရေသိုလှောင်မှုပမာဏ နှစ်စဉ်လျော့ကျလျက်ရှိသည်။ အချို့နေရာ ဒေသများတွင် သောက်သုံးရေအခက်အခဲ မလုံလောက်သည့် ပြဿနာများရှိသည်။ အထူးသဖြင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသအချို့တွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲများ နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အယ်လ်နီညို ရာသီဥတုကျရောက်သည့်နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်၍ ရေရှားပါးမှု ပြဿနာများ ကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင်မုတ်သုံ လေအဝင်နောက်ကျခြင်း၊ မုတ်သုံလေ အင်အားနည်းခြင်း၊ မုတ်သုံလေအထွက် စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း အစရှိသည့် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရလေ့ရှိသည်။ မုတ်သုံလေ အဝင်နောက်ကျပြီး အထွက်စောခြင်းကြောင့် မုတ်သုံကာလကို တိုတောင်းစေပြီး မုတ်သုံမိုးကို မှီခိုရသော စိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်စေသည်။ ထို့ပြင် မုတ်သုံကာလ တိုတောင်းခြင်းသည် တစ်နည်းအားဖြင့် အပူချိန် မြင့်မားသော နွေကာလများကို ရှည်လျားစေသောကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ သောက်သုံးရေအပါအဝင် စိုက်ပျိုးရေ ရှားပါးမှုပြဿနာများကို ရင်ဆိုင်ကြရသည်။ ဥပမာအားဖြင့် ၁၉၉၇- ၁၉၉၈ ခုနှစ် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၁၉၉၈ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး မိုးရေချိန်ပမာဏသည် ပုံမှန်နှစ်တစ်နှစ်၏ ရွာသွန်းမြဲ မိုးရေချိန် ပမာဏအောက် ၂၃ ရာခိုင်နှုန်းခန့် လျော့နည်း ရွာသွန်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း စခန်းပေါင်း ၃၀ ကျော်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိုးခေါင်မှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရသည်။ ထို့အတူ ၂၀၀၉-၂၀၁၀ ပြည့်နှစ်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်းတွင်လည်း စခန်းပေါင်း ၂၀ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ကာ ထိုအချိန်က မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်လည်း ဖြစ်ခဲ့သည်။ တရားဝင်မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် အပူပိုင်းဇုန်ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ကျေးရွာပေါင်း ၈၆၀ အပြင် မြစ်ဝကျွန်းပေါ်ဒေသများ၊ ရှမ်းပြည်နယ်တို့တွင်လည်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရေပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ရေရှားပါးမှုပြဿနာ
လက်ရှိကာလတွင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ကြောင်းနှင့် အဆိုပါ အယ်လ်နီညိုဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ထုတ်ပြန်ထားသည်။ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ဖြစ်ပေါ်နေမှုနှင့်အတူ မိမိတို့နိုင်ငံတွင် နွေရာသီရောက်ရှိလာပြီဖြစ်၍ ပူပြင်းခြောက်သွေ့ပြီး ရေရှားပါးမှုပြဿနာကို ပိုမိုရင်ဆိုင်ရဖွယ်ရှိသည်။ ရေရှားပါးမှုဖြစ်ရခြင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ စိမ်းလန်းစိုပြည်မှုမရှိခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု များ၊ သစ်ပင်သစ်တောများကို ခုတ်ယူသုံးစွဲမှုများကြောင့် သစ်တောများ ကွယ်ပျောက်ပြီး ရာသီဥတုဆိုးရွားခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ရေချိုဂေဟစနစ်များ ရေရှည်တည်တံ့စေရေးအတွက် ရေကိုစနစ်တကျသုံးစွဲခြင်း၊ မိုးရေကို ရနိုင်သမျှ သိုလှောင်ခြင်း၊ မြေအောက်ရေကို နည်းလမ်းတကျ တူးယူသုံးစွဲခြင်းများနှင့် ဖြေရှင်းကြရမည်ဖြစ်သည်။ အလားတူ စိုက်ပျိုးမွေးမြူရေးအတွက် ရေကိုရယူသုံးစွဲရာတွင် ဆည်မြောင်းစနစ်များမှ ရယူခြင်း၊ မြေအောက်ရေကို ထုတ်ယူခြင်းများတွင် လိုအပ်သလောက်ကိုသာ ရယူသုံးစွဲကြရန် ရေကိုထိထိရောက်ရောက်နှင့် အဟောသိကံမဖြစ်အောင် ချွေတာသုံးစွဲကြရန် လိုအပ်ပြီး သက်ရှိသတ္တဝါများအတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးစားပေးဆောင်ရွက်သွားရမည် ဖြစ်သည်။
ရေနှင့်ပတ်သက်သောအန္တရာယ်
ရေသည် ငြိမ်းချမ်းရေး သို့မဟုတ် ပဋိပက္ခကို ဖန်တီးနိုင်သည်။ ရေရှားပါးချိန် သို့မဟုတ် ညစ်ညမ်းနေချိန် သို့မဟုတ် လူများမမျှတသော သို့မဟုတ် သုံးစွဲခွင့်မရှိသည့်အခါ ရပ်ရွာများနှင့် နိုင်ငံများကြား တင်းမာမှုများ မြင့်တက်လာနိုင်သည်။
ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သုံးဘီလီယံကျော်သည် နိုင်ငံနယ်နိမိတ် ဖြတ်ကျော်ရေအရင်းအမြစ်များကို မှီခိုနေကြရသည်။ သို့သော် နိုင်ငံပေါင်း ၂၄ နိုင်ငံကသာ ၎င်းတို့၏ ရေအရင်းအမြစ်မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များရှိသည်။ ရာသီဥတု ဖောက်ပြန်မှု သက်ရောက်မှုများ ပိုမိုများပြားလာမှုနှင့်အတူ လူဦးရေတိုးပွား လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ အဖိုးတန်ဆုံးရေချိုသယံဇာတများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် စည်းလုံးညီညွတ်ကြရန် နိုင်ငံတွင်းနှင့် နိုင်ငံအချင်းချင်းအကြား အရေးတကြီး လိုအပ်နေပါသည်။
ထို့ကြောင့် ယခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day)၏ ဆောင်ပုဒ်ကို “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး”ဟူ၍ သတ်မှတ်ထားခြင်းဖြစ်သည်။ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြောရေးတွင် ရေသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် အားလုံးအတွက် ၂၀၃၀ ပြည့် နှစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (၆) ဖြစ်သည့် - သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးကို ပံ့ပိုးကူညီနိုင်ရန်ရည်ရွယ်ရင်းလည်းဖြစ်သည်။ အဆိုပါ ရည်မှန်းချက် အောင်မြင်စေရေးနှင့် သန့်ရှင်းသောရေချို စနစ်များ ဖူလုံမှုရရှိရေးအတွက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်သစ်တောများ ထူထောင်ရေးကို အလေးထားဆောင်ရွက်ကြရန် အဓိကလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ရေဝေရေလဲဒေသများနှင့် ရေတိမ်ဒေသများသည် ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနေခြင်းဖြစ်၍ ရေဝေရေလဲဒေသများနှင့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဆိုပါက ရေရှားပါးမှုအခက်အခဲများ သက်သာစေမည့်အပြင် ရာသီဥတုသမ မျှတပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးအတွက်ကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း မတ် ၂၂ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ရေနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
ကိုးကား -
(၁) Myanmar – Urban Develop-ment and Water Sector Assessment (2020), Asia Development Bank.
(၂) Global Water Security 2023 Assessment.
(၃) အယ်လ်နီညိုအကြောင်းသိကောင်း စရာဆောင်းပါး - ဒေါက်တာ မြင့်မြင့်အေး (မိုး/ဇလ)။