အရည်အသွေးမြှင့် အဆင့်မြှင့်တင်နေတဲ့ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
သံအမတ်ကြီး မစ္စတာ ချန်းဟိုင်
မတ်လ ၁၈ ရက်နေ့တွင် သတ္တမအကြိမ်မြောက် “လန်ချန်း - မဲခေါင် သီတင်းပတ်” ကျရောက်တော့မည် ဖြစ်သည်။ လန်ချန်းမြစ်-မဲခေါင်မြစ်သည် တရုတ်နိုင်ငံ ချင်းဟိုင်တိဘက်ကုန်းပြင်မြင့်ဒေသ ထန်ကူလာတောင်တန်းမှ မြစ်ဖျားခံလာပြီး မိုင်ထောင်ချီကွေ့ကောက်စီးဆင်းကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ခြောက်နိုင်ငံကို နီးစပ်စွာချိတ်ဆက်ပေးလိုက်ပါသည်။ ၂၀၁၆ ခုနှစ်တွင် ခြောက်နိုင်ငံက ခေါင်းဆောင်များသည် “တစ်မြစ်ထဲရေအတူသောက် သုံး၍ ကံကြမ္မာချင်းနီးကပ်စွာ ချိတ်ဆက်နေခြင်း” စိတ်ဓာတ်ဖြင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟူသော ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှုယန္တရားပုံစံအသစ်ကို အတူစတင်ခဲ့ပါသည်။ ရှစ်နှစ်တာအတွင်း၌ လန်ချန်း - မဲခေါင် ခြောက်နိုင်ငံသည် တန်းတူညီမျှဆက်ဆံပြီး ရိုးသားစွာအပြန်အလှန်ကူညီကာ တစ်မိသားစုတည်းပမာ ချစ်ခင်ရင်းနှီးကြသည်။ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သုညမှယခုကဲ့သို့တိုးတက်လာသည်အထိ အရည်အသွေးမြှင့် အဆင့်မြှင့်တင်လာပြီး များပြားသောရလဒ်များ ဆွတ်ခူးရရှိခဲ့ပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည်လည်း အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာပြီး မြစ်ဝှမ်းဒေသနိုင်ငံမှ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးပါသည်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် မြန်မာနိုင်ငံတွင် စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ရန် ပံ့ပိုးပေးခဲ့
ကျွန်တော်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ လုပ်ဖော်ကိုင်ဖက်များက တရုတ် - မြန်မာ လန်ချန်း - မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုတိုးတက်မှုကို ဖော်ဆောင်ရာမှာ ပါဝင်ခွင့်ရခဲ့ပါသည်။ “နေ့တိုင်း တိုးတက်မှုရှိပြီး လတိုင်းရလဒ်ရကာ နှစ်တိုင်းအဆင့်တိုးလာခြင်း” ဟူသည့် “လန်ချန်း - မဲခေါင် ထိရောက်မှုနှုန်း” ကို မြန်မာနိုင်ငံတွင် ပြည့်ဝစွာပေါ်လွင်ခဲ့ပါသည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်း သံရုံးမှ လန်ချန်း - မဲခေါင် စီမံကိန်းလှုပ်ရှားမှုပေါင်း အကြိမ် ၄၀ ကျော်ကို ပါဝင်တက်ရောက်ခဲ့ပါသည်။ နှစ်စဉ် လန်ချန်း - မဲခေါင် သီတင်းပတ်တွင်လည်း တရုတ် - မြန်မာ နှစ်ဦးနှစ်ဖက်က ဆောင်းပါး၊ ရုပ်သံတွေ့ဆုံ ဆွေးနွေးမှုစသည့်ပုံစံများနှင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း အတူဆွေးနွေးကြပါသည်။ ကျွန်တော်တို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံတွင် ရလဒ်အသီးအပွင့်များစွာ သီးပွင့်လာခြင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ပြီး လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုခွန်အားအလားအလာကိုလည်း ကိုယ်တိုင်ခံစား ခဲ့ရပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံထူထောင်သည့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် မြန်မာနိုင်ငံတွင် စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ရန်ပံ့ပိုးပေးခဲ့ပါသည်။ အရေအတွက်နှင့် အရင်းအနှီးပမာဏသည် မဲခေါင်မြစ်နိုင်ငံများတွင် ထိပ်ဆုံးကဖြစ်ပြီးတိုးတက်မှုနှင့် ရလဒ်များဟာ ကျေနပ်ဖွယ်ကောင်းသဖြင့် တရုတ် - မြန်မာ ပူးပေါင်းဆောင်ရွက်မှုထူးခြားချက် ဖြစ်လာပါပြီ။ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း အခြေအနေနှင့်ကိုက်ညီကာ တန်ဖိုးမြှင့်မှုမြင့်မားသော စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းပုံစံအသစ်ကို ဖော်ဆောင်ခဲ့ရာ စပါးမျိုးကောင်းမျိုးသန့် ပျိုးထောင်မိတ်ဆက်ခြင်း၊ ကော်ဖီ၊ အခွံမာသီး၊ ဟင်းသီး ဟင်းရွက် သစ်သီးဝလံ၊ ရေထွက်ကုန်များ စိုက်ပျိုးမွေးမြူခြင်းနှင့် အချောကိုင်ခြင်း၊ ဝါးထုတ်ကုန်များ ဆန်းသစ်တီထွင်ရက်လုပ်ခြင်းစသည့် စီမံကိန်းများအား ဖော်ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် စွမ်းရည်တည်ဆောက်မှုမြှင့်တင်ခြင်း၊ လူငယ်နှင့်အမျိုးသမီးများ စွန့်ဦးတီထွင်မှုကိုပံ့ပိုးကူညီခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ခြင်း၊ သက်မွေးပညာ လေ့ကျင့်ရေးစင်တာတည်ဆောက်မှု မြှင့်တင်မှု စသည်တို့တွင်လည်း တရုတ်နိုင်ငံမှ ကူညီပေးခဲ့ပါသည်။ တစ်ချိန်တည်းတွင် ထွန်းသစ်စ လုပ်ငန်းနှင့်လုပ်ငန်းပုံစံအသစ်တိုးတက်လာမှုကို အားပေးပြီး သတင်းအချက်အလက် နည်းပညာသုတေသနလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးခြင်းစသော ထွန်းသစ်စလုပ်ငန်းများအပြင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များကုစားခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည် လည်ပတ်အသုံးပြုခြင်းနည်းပညာ လက်တွေ့ စမ်းသပ်ခန်းတည်ဆောက်ခြင်း စသည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများဖော်ဆောင်ရန်လည်း ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံ စီးပွားရေးနှင့်လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ တိုးတက် ကောင်းမွန်လာစေရေးအတွက်အရေးပါ အကျိုးထမ်းဆောင်ခဲ့ပါသည်။
တရုတ် - မြန်မာ-ထိုင်း သုံးနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှု လုပ်ဆောင်ရာမှာ အပြုသဘောဆောင်သော ရလဒ်များရရှိ
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု၏ “ရွှေရောင် စံနမူနာ” ဖြစ်လာခဲ့ပြီး လန်ချန်း - မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုမှာလည်း အပြုသဘောဆောင်သော တိုးတက်မှုများရရှိခဲ့ပါသည်။ တရုတ်-ကမ္ဘောဒီးယား၊ တရုတ် - လာအို၊ တရုတ် - မြန်မာ၊ တရုတ် - ထိုင်း၊ တရုတ် - ဗီယက်နမ်နိုင်ငံများက နှစ်ဖက် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွတည်ဆောက်မည်ဟု ရှေ့ဆင့်နောက်ဆင့် ကြေညာ ခဲ့ပါသည်။ လန်ချန်း - မဲခေါင် မိတ်ဖက်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက် မှုကိုမြှင့်တင်သည့် အားကောင်းသောအင်ဂျင်ကို ဖန်တီးလိုက်ပြီး အတူတကွ လုံခြုံမှုဟူသော ခိုင်မြဲသည့်ဒိုင်းကာကြီးကို တည်ဆောက်လိုက်ကာ အပြန်အလှန်နားလည်ရင်းနှီးသော သံယောဇဉ်ကြိုးကို တင်းကျပ်စွာချည်နှောင်လိုက်သည်။ တရုတ် - လာအို - ထိုင်း ရထားလမ်းသည် အပြန်အလှန်ချိတ်ဆက်မှုကို ဖော်ဆောင်လိုက်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း တည်ငြိမ်စွာ ဖော်ဆောင်လျက်ရှိပါသည်။ ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှုအဆင့်အတန်းသည် သိသိသာသာတိုးတက်လာပြီး ဒေသတွင်း စီးပွားကုန်သွယ်ရေးနှင့် လူပုဂ္ဂိုလ်သွားလာဆက်ဆံရေးအတွက် မြန်နှုန်းမြှင့်ကိရိယာ တပ်ဆင်ပေးလိုက်ပါသည်။ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်နိုင်ငံများ ကုန်သွယ်ရေးပမာဏသည် လွန်ခဲ့သည့် ၇ နှစ်အတွင်း၌ နှစ်ဆတိုးလာခဲ့ပါသည်။ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ပြည်သူ့အကျိုးပြုစီမံကိန်းပေါင်း ၇၀၀ ကျော်ကို ဖော်ဆောင် ခဲ့ပါသည်။ မြန်မာစသည့်နိုင်ငံများတွင် ဖော်ဆောင်သော “ကြွယ်ဝစွာ ရိတ်သိမ်းသော လန်ချန်း - မဲခေါင်နိုင်ငံများ” စီမံကိန်းပေါင်းရာချီသည် ဒေသခံတောင်သူများကို အထွက်နှုန်းနှင့် ဝင်ငွေတိုးစေခဲ့ပါသည်။ “လန်ချန်း - မဲခေါင် ရေပေးဝေမှုအစီအစဉ်” သည်လည်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံတွင် ကျေးလက်ရေပေးဝေမှုကို ကောင်းမွန်လာစေပြီး “အစိမ်းရောင် လန်ချန်း - မဲခေါင် အစီအစဉ်” မှာ ဒေသတွင်းပတ်ဝန်းကျင်စီမံမှုနှင့် ကာဗွန်နည်းဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်ခဲ့သဖြင့် ဒေသတွင်း ပြည်သူ့ဘဝ အကျိုးစီးပွားကို လက်တွေ့ကျကျဖန်တီးပေးခဲ့သည်။ လန်ချန်း - မဲခေါင်နိုင်ငံများသည် အကြမ်းဖက်မှု၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုစသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍကို ရင်ဆိုင်ရာတွင် နီးစပ်စွာတွဲဖက်လုပ်ဆောင်ခဲ့သည်။ တရုတ် - မြန်မာ-ထိုင်း သုံးနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှု လုပ်ဆောင်ရာမှာ အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ပြီး ဒေသတွင်းပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ ကျွန်တော်တို့ကလည်း လန်ချန်း - မဲခေါင် ရုပ်ရှင်သီတင်းပတ်၊ နိုင်ငံတကာရုပ်ရှင်သီတင်းပတ်၊ ရိုးရာအကပွဲတော်၊ ခြင်းလုံးအားကစားပြိုင်ပွဲစသည့် အမျိုးအစားစုံလင်သော လှုပ်ရှားမှုများကို ကျင်းပခဲ့ပြီး ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုနှောင်ကြိုးကို တင်းကျပ်စွာချည်နှောင်လိုက်ပါသည်။ လက်ရှိတွင် လန်ချန်း - မဲခေါင် နိုင်ငံများသည် အတူလက်တွဲပြီး အရည်အသွေးမြင့် “Belt and Road” အတူတကွတည်ဆောက်ရေး စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ စမ်းသပ်ဇုန်နှင့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ ရှေ့ဆောင်ဇုန်တွေကို တည်ဆောက်နေ ကာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် စံနမူနာ ပြလိုက်ပါသည်။
ထွန်းသစ်စလုပ်ငန်းများ အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာပြီး အစိမ်းရောင်အသွင်ကူးပြောင်းမှုသည်လည်း ရလဒ်ကောင်းများရရှိခဲ့
တရုတ်နိုင်ငံ၏ အစည်းအဝေးကြီးနှစ်ရပ်ကို မကြာသေးခင်ကမှ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ သမ္မတရှီကျင့်ဖျင်က အစည်းအဝေးကာလအတွင်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုဟူသော အဓိကတာဝန်ကို စွဲမြဲစွာကိုင်ဆောင်ထားပြီး ဒေသအလိုက် သင့်တော်သော အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖော်ဆောင်ရမည်ဟု အလေးထားပြောကြားခဲ့သည်။ ယမန်နှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုအမြန်နှုန်း ၅.၂ ရာခိုင်နှုန်းဖြင့် တစ်ကမ္ဘာလုံးတိုးတက်မှု၏ သုံးပုံတစ်ပုံအတွက် အကျိုးထမ်းဆောင်ခဲ့ကာ တိုးတက်မှုကို ဖော်ဆောင်သော တွန်းအားသည် အားကောင်းဆဲဖြစ်သည်။ ၎င်းအနက် သဘောတရားကိုက်ညီသည့် ပမာဏတိုးတက်မှုအပြင် အရည်အသွေးကို ထိရောက်စွာတိုးမြှင့်မှုလည်းပါဝင်သည်။ ထွန်းသစ်စလုပ်ငန်းများ အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာပြီး အစိမ်းရောင်အသွင်ကူးပြောင်းမှုသည်လည်း ရလဒ်ကောင်းများရရှိခဲ့သဖြင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အရှိန်မြှင့်ဖြစ်တည် လာပါသည်။ တရုတ်ပုံစံခေတ်မီမှုသည် မြန်မာစသည့် မဲခေါင်မြစ်နိုင်ငံများအတွက် အကျိုးစီးပွားသစ်များ သယ်ဆောင်လာပေးမည့်အပြင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုမိုကြီးမားသည့်အင်အားများ တိုးစေမည်ဖြစ်သည်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သာမန်မဟုတ်သည့်လမ်းတွင် ၈ နှစ်ကြာ လျှောက်လှမ်းခဲ့ပြီးဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ် - မြန်မာဆက်ဆံရေးတွင် အလွန်ကြီးမားသည့်အလားအလာနှင့် ဖြစ်နိုင်ခြေများပါဝင်နေသည်။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန် အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းသံတမန်ဆက်ဆံရေးအယူအဆကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ လန်ချန်း - မဲခေါင် နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးသော၊ တန်းတူညီမျှညှိနှိုင်းသော၊ လက်တွေ့ကျ ထိရောက်သော၊ တံခါးဖွင့်၍အားလုံးပါဝင်သော လန်ချန်း - မဲခေါင်စိတ်ဓာတ်ကို ပြန့်ပွားအောင်ဆောင်ရွက်ပြီး ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မှု၊ လုံခြုံရေးစီမံအုပ်ချုပ်မှုကိုတိုးမြှင့်မှု၊ ပြည်သူများအကြား အပြန်အလှန်ကူးလူးဖလှယ်မှုတိုးမြှင့်မှုတို့ကို ဖော်ဆောင်သွားမည်ဖြစ်သည်။ ကျွန်တော်တို့သည် မိမိ၏အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သည့် ဖြစ်စဉ်အတွင်း တရုတ်-မြန်မာ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြှင့် အဆင့်မြှင့်တင်သွားလိုပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို ခေတ်သစ်တွင် အရောင်အသွေးသစ်များနှင့် သစ်လွင်တောက်ပ လာစေကာ တရုတ် - မြန်မာ၊ လန်ချန်း - မဲခေါင်နှင့် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး စာမျက်နှာသစ်ကို အတူရေးသားသွားလိုပါသည်။ ။