Skip to main content

ရန်ကုန်မြို့တော်၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် သာကေတ ၁ဝ၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန် လိုအပ်နေသည့်အကြောင်း ရင်းများထဲတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ် ကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဖူလုံမှုရှိစေ မည့် နည်းလမ်းများကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ လျှပ်စစ်ကဏ္ဍ၌ လာရောက်ရင်းနှီး မြှုပ်နှံမည့် သူများကိုလည်း ဖိတ်ခေါ်ဆောင် ရွက်လျက်ရှိရာ လျှပ်စစ်ကဏ္ဍတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် တစ်ခုအပါအဝင်ဖြစ်သည်။

ကန်ဒေါ်လာ ၁၂၆ သန်း ရင်းနှီးမြှုပ်နှံ

အဆိုပါ သာကေတမြို့နယ်ရှိ ၁၀၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ YEIG (Yunnan Energy Investment Group) ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် UREC (Union Resources & Engineering Co.,Ltd.) တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၂၆ သန်း ရင်းနှီးမြှုပ်နှံ၍ ၂၀၁၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စက်များစတင်လည်ပတ်ကာ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ပေးခဲ့သည်။


UREC ၏ ပင်မကုမ္ပဏီဖြစ်သည့် YEIG ကုမ္ပဏီသည် ယူနန်ပြည်နယ်အစိုးရနှင့် CPC ကော်မတီ၏ အတည်ပြုချက်ဖြင့် ၂ဝ၁၂ ခုနှစ်တွင် ယူနန်ပြည်နယ်တွင် တည်ထောင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနှံ့အပြား၌ ရေအားလျှပ်စစ်၊ အပူစွမ်းအင်၊ နေရောင် ခြည်သုံး စွမ်းအင်၊ လေစွမ်းအင် စသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လျက်ရှိကာ စုစုပေါင်း မဂ္ဂါဝပ် ၁၅ဝဝဝ ကျော် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ YEIG ၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် တရုတ်ယွမ်၁၈၇ ဘီလီယံရှိသည်။ နှစ်စဉ် ဝင်ငွေ ၁၁၃ ဘီလီယံရရှိနေပြီး ယူနန်ပြည်နယ်၏ စုစုပေါင်းဓာတ်အားထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ကျော်ကို ထုတ်လုပ်ပေးနေ သော ကုမ္ပဏီကြီး ဖြစ်သည်။

 

YEIG ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် UREC Energy International Co., Ltd သည် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့ တွင် ရုံးခွဲများဖွင့်လှစ် ထားပြီး မြန်မာနိုင်ငံ၌ သာကေတမြို့နယ်ရှိ ၁ဝ၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် ရွှေလီ (၁) ၆ဝဝ မဂ္ဂါဝပ် ရေအားလျှပ်စစ်စက်ရုံတို့ကို ရင်းနှီးမြှုပ်နှံဆောင်ရွက် လျက်ရှိသည်။


နောက်ဆုံးပေါ်နည်းပညာ အသုံးပြု

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရခြင်းနှင့် စပ်လျဉ်းပြီး UREC Energy International Co., Ltd မန်နေးဂျင်းဒါရိုက်တာ Mr. Dong Fan က “UREC အနေနဲ့ နောက်ဆုံး ပေါ်နည်းပညာတွေ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းကို အဓိကထား ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကလည်း တစ်နေ့ တခြား တိုးတက်လာတာကို တွေ့ရပြီး နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်ဖို့ ကြိုးစားဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုး မှာ UREC ကုမ္ပဏီအနေနဲ့ နှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်ပြီး မြန်မာနိုင်ငံတိုးတက်ရေး အတွက် အများအကျိုးပြု ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက် ရင်းနှီးမြှုပ်နှံရတာဖြစ်ပါတယ်” ဟု ပြောသည်။

သာကေတဓာတ်အားပေးစက်ရုံအနေဖြင့် တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီ သန်း ပေါင်း ၈ဝဝ ခန့် ထုတ်လုပ်နေသဖြင့် အိမ်ထောင်စုပေါင်း ၄၂၀၀၀ ခန့်ကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ရန်ကုန်မြို့တော်၏ လျှပ်စစ်လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း အထောက် အကူပြုလျက်ရှိသည်။


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအနေဖြင့် ၂ဝ၁၆ခုနှစ် မတ်လတွင် တစ်နိုင်ငံ လုံး လျှပ်စစ်သုံးစွဲသူ ၃၄ ရာခိုင်နှုန်း အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်ခဲ့ရာမှ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၅ဝ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွက် ၂ဝ၁၆ခုနှစ် ဧပြီလမှ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအထိ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ သုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ စုစုပေါင်းစက်ရုံ ၁၀ ရုံနှင့် လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ် ကို တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။


ကျေးလက်မြို့ပြမကျန် အသုံးပြုနိုင်ရေး

ထို့အတူ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေး စက်ရုံများ တိုးချဲ့ တည်ဆောက်လာသည်နှင့်အမျှ ထုတ်လုပ်ပေးသည့်ဓာတ်အားများကို ကျေးလက်မြို့ပြမကျန် အသုံးပြုနိုင်ရေး အတွက် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း မိုင် ၁၉၆၀ဝ ကျော်နှင့် ၁၂၆၃၆ အမ်ဗွီအေဓာတ်အားခွဲရုံများကို ၂၀၁၆ ခုနှစ်မှစတင်ပြီး သုံးနှစ်ခွဲကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သည်။

ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေး အတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ လျှပ်စစ်က အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ အလွန်အခြေခံ ကျပြီး အရေးကြီးပါတယ်။ ဥပမာ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌တွေအနေနဲ့ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိရင် တိုးတက်မလာနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စီးပွားရေးအရ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လူနေမှုဘဝ ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း လျှပ်စစ်မီးလင်းရေးဟာမရှိမဖြစ်လိုအပ်ပါတယ်” ဟု Mr. Dong Fan က သုံးသပ်ထားသည်။

YEIG နှင့် UREC အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ပြုလုပ် သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့အနီးရှိ မီးလင်းချိုင့် ဒေသတွင် LNG မှ လျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှုများ ပူးပေါင်းပါဝင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုပိုမိုလုပ်ဆောင်မှာဖြစ်


“ UREC အနေနဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ဝကျော်လုပ်ကိုင်လာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ YEIG နဲ့ UREC ဟာ အနာဂတ် ကာလမှာ ယူနန်အစိုးရရဲ့ ပထမဦးစားပေးအဖြစ်နဲ့ မြန်မာပြည် တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ထပ်ပြီးရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။ YEIGမှ နည်းဗျူဟာနဲ့ ဘဏ္ဍာရေးပံ့ပိုးမှုတွေနဲ့အတူ UREC အနေနဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ နောင်လာမယ့်ငါးနှစ် အတွင်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဂ္ဂါဝပ် ၂၀၀၀ ထုတ်လုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါတယ်” ဟု Mr. Dong Fan က ဆိုသည်။

 

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုကို ကြည့်မည်ဆိုပါက တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၁၆၈၁ ဒသမ ၆၇၈ သန်း၊ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၈၃ ဒသမ ၄၃၅ သန်းရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၇၄၆ ဒသမ ၆၂၀သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ မြန်မာကျပ်ငွေ သန်း ၅၉၀၆၀ ဒသမ ၅၅၄ ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ ။

 

မင်းသစ် (MNA)