Skip to main content

မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

မင်းခန့်

ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းအားစုတွေ စုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့နေရာမှာ မိမိနိုင်ငံအတွက်လိုအပ်မယ့်၊ ကိုက်ညီမယ့်ပမာဏကို စိစစ်ခေါ်ယူလေ့ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်း ဥပဒေတွေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသား အားလုံးသည် မိမိနိုင်ငံကိုကာကွယ်ဖို့ တာဝန်ရှိတယ်။ လိုအပ်ရင်စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာတွေတတ်ရမယ်ဆိုတဲ့အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့် နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှ သုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့၊ နိုင်ငံရေးနဲ့လုံခြုံရေးပတ်ဝန်းကျင်အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။

စစ်မှုမထမ်းမနေရစနစ် နှစ်မျိုးရှိ

ဒီဆောင်းပါးမှာတော့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့စစ်မှုထမ်းဥပဒေတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စစ်မှုထမ်းစနစ်များကို ခြုံငုံလေ့လာကြည့်လိုက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးခြွင်းချက်မရှိ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုမထမ်းမနေရစနစ် (Mandatory Conscription) စနစ်၊ ဥပဒေအရ စစ်မှုမထမ်းမနေရစနစ်နဲ့ ဆန္ဒပြုစနစ်ကို တွဲစပ်ကျင့်သုံးသည့် (De Jure Conscription or Combination) ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီး နိုင်ငံသားတိုင်း စစ်မှုမထမ်း မနေရဖြစ်တဲ့ Mandatory Conscription စနစ်ကို လူဦးရေနည်းပါးတဲ့ နိုင်ငံငယ်လေးတွေနဲ့ တစ်ပါတီ စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥပဒေအရ စစ်မှုထမ်းဆောင်ရမယ့် နိုင်ငံသားများအားလုံး မှတ်ပုံ တင်စေသော်လည်း တာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြုသူတွေနဲ့ အင်အားလိုအပ်သလောက်သာ အကန့် အသတ်နဲ့ဆင့်ခေါ်တဲ့ De Jure or Combination ပုံစံကျင့်သုံးတာကို တွေ့ရပါတယ်။

လစ်ဘရယ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာလည်း ကမ္ဘာစစ်ကြီးတွေ ဖြစ်ပွားနေတဲ့ကာလမှာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ပြီး ယခုလည်း Selective Service လို့ခေါ်တဲ့ အသက် ၁၈ နှစ်ပြည့်လျှင် စစ်မှုထမ်းဆောင်ရန်အတွက် မဖြစ်မနေ မှတ်ပုံတင်ရတဲ့စနစ် ပြုလုပ်ထားပြီး ဒီလိုမှတ်ပုံတင်တဲ့အထဲကမှ လိုအပ်သလောက်ကိုသာ စိစစ်ခေါ်ယူခြင်းပြုလုပ်ပါတယ်။ တစ်နည်းအားဖြင့် De Jure or Combination ပုံစံလို့ သတ်မှတ်နိုင်ပါတယ်။

စစ်မှုထမ်းတွေ ဆင့်ခေါ်နိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်း

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနေပြီး လာအိုနဲ့အိန္ဒိယနိုင်ငံ မှာတော့ ဆန္ဒပြုစနစ်ဖြစ်ပေမယ့် နိုင်ငံအတွက် လိုအပ်တဲ့အချိန်မှာ စစ်မှုထမ်းတွေ ဆင့်ခေါ်နိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းထားရှိပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်နိုင်ငံလိုပဲ De Jure or Combination ပုံစံကို ကျင့်သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကတော့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး လက်တွေ့ကျင့်သုံးလျက်ရှိပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးလျက် ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း De Jure ပုံစံကို ကျင့်သုံးပါတယ်။ World Population Review Website မှာ ဖော်ပြထားချက်များအရ ကမ္ဘာပေါ်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထားပြီး ပုံစံမျိုးစုံနဲ့ ကျင့်သုံးနေတဲ့နိုင်ငံပေါင်း ၈၆ နိုင်ငံရှိတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီးကတည်းက ဆန္ဒ အလျောက်စစ်မှုထမ်းဆောင်တဲ့စနစ် (Voluntary Enlistment) ကိုသာ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအချိန်ကြာလာတဲ့အခါမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ စစ်မှုထမ်းတွေ ရဲ့အလုပ်သာဖြစ်တယ်။ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဝင်လာတတ်ကြပြီး သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့အများစုဟာလည်း လူမျိုးရေးကိုအခြေခံပြီး အတင်းအဓမ္မလူသစ်စုဆောင်းမှုတွေ ဆောင်ရွက်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တိုင်းပြည်အတွက် လိုအပ်ရင် နိုင်ငံရဲ့တရားဝင်တပ်မတော်မှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့မူကို ၁၉၄၇ ခုနှစ်ကတည်းက ထုတ်ဖော် ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

နိုင်ငံတော်ကာကွယ်ရေးအမြင်နဲ့ အတတ်ပညာတွေဟာလည်း ပြည်သူများအားလုံး သိသင့်သိထိုက်တဲ့ သိရမယ့်ပညာရပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးတဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာ၊ အင်အားကြီးနိုင်ငံတွေရဲ့အကြားမှာ တည်ရှိနေတဲ့နိုင်ငံအတွက် နိုင်ငံတော်ကာကွယ်ရေး အသိပညာနဲ့ အတတ်ပညာတွေဟာ နိုင်ငံသားတိုင်း သိသင့်၊ တတ်သင့်လှပါတယ်။

နိုင်ငံသားအားလုံး မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့်ပုံစံဖြစ်

ဒါကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် နေ့မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာခဲ့တာဟာ နိုင်ငံတော်လုံခြုံရေးအတွက် ရေရှည်တစိုက်မတ်မတ်လုပ်ရမယ့် အထူးကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒီဥပဒေဟာ ယခုမှဖြစ်ပေါ်လာတာတော့ မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပြီး ယခုမှစတင်အသက်ဝင်လာတာဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာလို့ နိုင်ငံသားအားလုံးမဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့်ပုံစံမဟုတ်ဘဲ လိုအပ်သလောက်သာ အကန့်အသတ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်အရွယ်အရ အကျုံးဝင်သူ စစ်မှုထမ်းဆောင်နိုင်တဲ့အမျိုးသား၊ အမျိုးသမီး အားလုံးတစ်ပြိုင်နက်တည်း တာဝန် ထမ်းဆောင်ရမှာမဟုတ်ဘဲ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတ်မှတ်အသက် အပိုင်းအခြားအတွင်းက စိစစ်ပြီးအင်အား အနည်းငယ်ကိုသာ ခေါ်ယူမှာဖြစ်တဲ့အတွက် လတ်တလောမှာ အမျိုးသားများကိုသာခေါ်ယူပြီး အမျိုးသမီးတွေကို ခေါ်ယူဦးမှာ မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေ ပြောဆိုတာကို ကြားနေရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့သူတွေအားလုံး ယခုတပ်မတော်သားများနည်းတူ ရသင့်ရထိုက်တဲ့ ရိက္ခာ၊ လစာတွေ၊ ခံစားခွင့်တွေကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ယခုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းများကို စိစစ်ရွေးချယ်ခေါ်ယူဖို့ ဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သောင်းကျန်းသူတွေကတော့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေကို လုပ်ဆောင်နေကြတာ လွတ်လပ်ရေးရပြီးကတည်းကလို့ပဲ ဆိုနိုင်ပါတယ်။ လတ်တလောကာလမှာ KIA သောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသက ပြည်သူတွေကို အပြစ်အမျိုးမျိုးရှာပြီး ပြစ်ဒဏ် အတွက် KIA အဖွဲ့ထဲဝင်ခိုင်းသလို ကျေးရွာအလိုက် မိသားစုအလိုက်လည်း အဓမ္မ လူသစ်စုဆောင်းနေပါ တယ်။ MNDAA နဲ့ TNLA အဖွဲ့သည်လည်း ထိုနည်းတူစွာဆောင်ရွက်ပြီး သူတို့အဖွဲ့ထဲ မဝင်လို လျှင် အဆမတန် ဆက်ကြေးပေးဆောင်ရပါတယ်။ သိပ်မကြာသေးခင်ကပဲ စစ်ဘေးရှောင်တဲ့ ကလေးနဲ့ သံဃာတွေပါမချန် သင်္ကန်းချွတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလို့ ပလောင်ဒေသက လူငယ်တွေ ထွက်ပြေးနေရပါတယ်။

ဝေဖန်ဆန့်ကျင်နေကြ

ရခိုင်ပြည်နယ်က သောင်းကျန်းသူ AA အဖွဲ့ကလည်း ရွာတစ်ရွာကို ၁၀ ဦးနှုန်းနဲ့ အဓမ္မလူသစ်စုပါတယ်။ AA ထဲ မဝင်ရင် ရွာကနေမောင်းထုတ်ပါတယ်။ ‘ဝအဖွဲ့၊ မိုင်းလားအဖွဲ့၊ ဝမ်ဟိုင်းအဖွဲ့၊ ယွက်စစ် အဖွဲ့၊ MNSP မွန်အဖွဲ့၊ KNU အဖွဲ့တွေလည်း ထိုနည်းတူစွာပဲ ဆောင်ရွက်ကြပါတယ်။ PDF အကြမ်းဖက်တွေကတော့ သူတို့ထဲမဝင်ရင် ဒလန်လို့ စွပ်စွဲပြီးသတ်ဖြတ်နေကြလို့ ပြည်သူအားလုံးက အော့နှလုံး နာနေကြရပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက လိုအပ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသက်သွင်းခဲ့တာကို ဆန့်ကျင်ဝေဖန်နေကြတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်း တချို့ဟာ တရားမဝင်လက်နက်ကိုင်သောင်းကျန်း သူများရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကို မသိချင်ယောင်ဆောင်ပြီး အစိုးရတစ်ရပ်ရဲ့ ဥပဒေနဲ့ အညီ ဆောင်ရွက်ချက်ကို ဝေဖန်ဆန့်ကျင်နေကြတာ ကိုလည်း အံ့အားသင့်ဖွယ် မြင်တွေ့ကြားသိနေရပါ တယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်သိနိုင်ငံ့သားကောင်းလူငယ်တွေ စစ်မှုထမ်းဆောင်ရာမှာ လည်း လူတိုင်းတိုက်ခိုက်ရေးတပ်ရင်း/တပ်ဖွဲ့တွေ ကို သွားဖို့လိုအပ်တာ မဟုတ်ဘဲ ကျွမ်းကျင်ရာ ပညာရပ်တွေအလိုက် တာဝန်ပေးအပ်မှာဖြစ်လို့ အခြားလက်ရုံး တပ်ဖွဲ့များကိုလည်း ရွေးချယ်နိုင်ပါ သေးတယ်။

စစ်မှုထမ်းဆောင်ရမယ့် လူငယ်တွေဟာ တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အခြားပြည်သူတွေအနေနဲ့လည်း ပြည်သူ့စစ်မှုထမ်းစနစ်ကို လေ့လာခွင့်ရမှာဖြစ်တာကြောင့် အထူးသင့်လျော်တယ်လို့လည်း ယူဆမိပါတယ်။ နည်းဥပဒေတွေ အတည်တကျ ထွက်လာရင်တော့ ဒီအချက်တွေ ရှင်းရှင်းလင်းလင်း ပါဝင်လာမှာ ပဲ ဖြစ်ပါတယ်။

မဟုတ်မမှန်တဲ့သတင်းတွေကို နားမယောင်မိကြဖို့လို

ဒါကြောင့် ပြည်ဖျက်မီဒီညာတွေ၊ အကြမ်းဖက် သမားတွေနဲ့ သောင်းကျန်းသူတွေ လှုံ့ဆော်နေတဲ့ မဟုတ်မမှန်တဲ့သတင်းတွေကို နားမယောင်မိကြဖို့ လိုပါတယ်။ ဒီအဖွဲ့တွေဟာ ပြည်သူတွေ နိုင်ငံတော်ကာကွယ်ရေးပညာတွေ တတ်မြောက်ပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းဆောင်လာကြမှာကို အင်မတန်ကြောက်ရွံ့နေကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဟာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေစည်းကမ်း ကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း၊ ရင့်ကျက်မှုပိုမိုရှိလာပြီး မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲလုံ့လရှိမှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်မလွဲဖြစ်ပါတယ်။

စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်

ဒါ့အပြင်စစ်မှုထမ်းခြင်းမှ ရရှိလာမယ့်အတွေ့အကြုံနဲ့ အသိပညာများကြောင့် အနာဂတ်လူငယ်များရဲ့ ဘဝရပ်တည်မှုကိုများစွာ အထောက်အကူပေးနိုင်မှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်းခွင်နယ်ပယ်မှာ လည်း ရင်ဆိုင်ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် သန်စွမ်းမှုများလည်း ရရှိစေမှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က ပြည်သူတွေအများစုသို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် အရပ်ဘက်နဲ့ စစ်ဘက်အကြား အပြန်အလှန် ယုံကြည်နားလည်မှုတွေ တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ စစ်မှုမထမ်းမနေရ စနစ်တွေကို အရပ်ဘက်နဲ့ စစ်ဘက်အကြားက လူမှု ပေါင်းကူးတံတား (Civil-military Social Bridge) လို့လည်း တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည် ပေါ်လာ တာနဲ့အမျှ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအသိရှိတဲ့ နိုင်ငံသားများ ပိုမိုများပြားလာမှာဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ဖြစ်တည်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ရေရှည်အာမခံနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံပြိုကွဲဖို့ နည်းလမ်းပေါင်းစုံက ထိုးနှက်နေတဲ့ နိုင်ငံတချို့အနေနဲ့ မြန်မာနိုင်ငံက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝေဖန်ရေးလုပ်နေတာဟာ သူတို့ရဲ့စိတ်ရင်းအမှန်ကို လှစ်ပြနေတာနဲ့ တူနေပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုဒေသအတွင်း နိုင်ငံအများအပြားမှာ ကျင့်သုံး

အမှန်စင်စစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို အိမ်နီးချင်းနိုင်ငံများသာမက ဒေသတွင်းနိုင်ငံအများအပြားမှာ ကျင့်သုံးနေသလို ကမ္ဘာ့အင်အားကြီး နိုင်ငံများမှာလည်း နိုင်ငံ့ကာကွယ်ရေး စွမ်းပကား မြင့်မားစေရေး မဖြစ်မနေကျင့်သုံးလျက်ရှိပါတယ်။ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းဆောင်ပြီးပါက ကျား/မ မရွေးလူငယ်များအနေဖြင့် သင့်တင့်မျှတစွာ စဉ်းစားချင့်ချိန်နိုင်ခြင်း၊ စည်းကမ်းစနစ်တကျရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိလာခြင်း၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး တပ်မတော်အပေါ် နားလည်ယုံကြည်မှုများ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြုပြဋ္ဌာန်းထားတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ကမ္ဘာ့အင်အားကြီးနိုင်ငံများ အားပြိုင်မှုကြားမှာ မိမိတို့နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျကျတည်ရှိမှုကြောင့် ကာကွယ်ရေးစွမ်းပကား မြင့်မားရန်လိုအပ်မှု၊ ကျင့်သုံးနေတဲ့ပြည်သူ့စစ်မဟာ ဗျူဟာကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်နေမှု၊ ပြည်သူလူထုရဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်မြင့်မားလာစေရေးနဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်စေရေးတို့အတွက် ရေရှည်မျှော်တွေးပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှာ စတင်အသက်သွင်းလိုက်ရခြင်း ဖြစ်ပါတယ်။

မိမိနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေပေါ်မှာသာ မူတည်

မြန်မာနိုင်ငံမှာ အသက်ဝင်လာတဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေဟာ ကမ္ဘာ့နိုင်ငံတချို့ ကျင့်သုံးနေတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံး ခြွင်းချက်မရှိ စစ်မှုထမ်းရမည့် (Mandatory Conscription) မျိုး မဟုတ်သလို၊ အကြမ်းဖက်သမားတွေနဲ့ သောင်းကျန်း သူတွေ ပြုလုပ်နေသလို၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းမျိုးမဟုတ်ဘဲ မိမိနိုင်ငံရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေပေါ်မှာသာ မူတည်ပြီး သင့်တင့်လျောက်ပတ်တဲ့အင်အားကိုသာ တာဝန်ထမ်းဆောင်ရမယ့် De Jure or Combination ပုံစံမျိုး ပြည်သူ့စစ်မှုထမ်းဥပဒေ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြည်သူအများသိရှိနိုင်အောင် ရေးသားတင်ပြလိုက်ရပါတယ်။ ။