အဖိုးတန် နွေကျောင်းပိတ်ရက်ရှည်
ဆုလာဘ်ထွန်း
နွေရာသီကာလဖြစ်သည့်အတွက် ပူပြင်းခြောက်သွေ့သော ပတ်ဝန်းကျင်ဖြစ်ပေါ်နေမှုတို့သည် ကလေးအရွယ်နှင့် နုနယ်သေးသော လူငယ်များအတွက် နေထိုင်လှုပ်ရှားကြရာတွင် ပင်ပန်းမှုဖြစ်စေသောကြောင့် ဘဝအတွက် အဓိကအထောက်အကူပြုသော ကျောင်းသင်ခန်းစာသင်ကြားမှု သင်ယူမှုများကို ဆောင်ရွက်ရန်အခက်အခဲရှိပါသည်။ ထို့ကြောင့် မြန်မာ့ပညာရေးလောကတွင် နှစ်စဉ်ဇွန်လမှ ဖေဖော်ဝါရီလလယ်ခန့်အထိ သင်ကြားနာယူခဲ့သော ကျောင်းပညာရေးကို အတန်းတင်စာမေးပွဲကြီးပြီးကတည်းက ခေတ္တရပ်နားရလေ့ရှိသည်မှာ မြန်မာနိုင်ငံ၏ လူနေမှုစနစ်နှင့်အညီ ကြာမြင့်လှပြီဖြစ်ပါသည်။
နောင်စာသင်နှစ်အတွက် စတင်သင်ယူ
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ၏ စိတ်အားထက်သန်မှုနှင့် မိဘများ၏ တိုက်တွန်းအားပေးမှုတို့ကြောင့် အချို့ကျောင်းသားကျောင်းသူများအနက် မိမိကိုယ်တိုင် ဖြေဆိုခဲ့ပြီးသော ကျောင်းစာမေးပွဲကို သေချာပေါက် အောင်မြင်နိုင်မည်ဟု ယုံကြည်စိတ်ချသူများအနေ ဖြင့် တစ်ဆင့်မြင့်သော နောင်စာသင်နှစ်အတွက် သင်ခန်းစာများကို စာမေးပွဲကြီးဖြေဆိုပြီးကတည်းက စတင်သင်ယူကျက်မှတ်နေကြပြီဖြစ်သည်။ ကျောင်းပညာရေးထူးချွန်စေရန်အတွက် ကျောင်းသားရော မိဘများပါတွန်းတွန်းတိုက်တိုက် ကြိုးစားကြသည်ကို ကြိုဆိုဖွယ်ရာဖြစ်ပါသည်။
ပူပြင်းသော ရာသီဥတုဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိပြီဖြစ်သော အသက် ၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ယူရမည့် အဆင့်ဂရိတ်မြင့်လာသည့်အတွက် ကြိုတင်ပြင်ဆင် သင်ယူသည်မှာ လက်ခံနိုင်ဖွယ်ရာရှိပါသည်။ သင်ယူလိုစိတ်နှင့် အပင်ပန်းခံနိုင်မှုတို့ဖြင့် ရာသီဥတုကို ခံနိုင်ရည်ရှိသော သင့်တင့်မျှတသည့် နေရာထိုင်ခင်းတွင် သင်ယူကြရပါက သင်ယူမှုတွင် ကိုယ်စိတ်ပင်ပန်းမှုအနည်းဆုံးဖြင့် ကလေးများအာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။ သို့မှသာ ကုန်ဆုံး သွားသောအားအင်များနှင့် လျော်ညီစွာ သင်ယူရ သည်မှာ ထိုက်တန်သည်ဟု ဆိုနိုင်ပါသည်။
သူငယ်တန်းမှ သတ္တမတန်း (Grade-7) အထိ ကျောင်းသား ကျောင်းသူများအတွက်မှာမူ နွေရာသီ ကာလအတွင်း တစ်ဆင့်မြင့်အတန်းအတွက် ကြိုတင်သင်ယူမှုလုပ်ဆောင်ရန် ကျောင်းသား ကျောင်းသူများကိုယ်တိုင်နှင့် မိဘဆရာများက တွန်းအားပေးခြင်းနှင့် အားစိုက်လုပ်ဆောင်ခြင်း မပြုလုပ်သင့်လှပါ။ သူတို့ကိုယ်တိုင် အပင်ပန်းခံနိုင်သည့်တိုင် မိဘများအနေဖြင့် ယခုကဲ့သို့ ပူပြင်းလှသောရာသီဥတုတွင် အာရုံစူးစိုက်ပညာသင်ကြရန် ကိစ္စအတွက်ကို သေချာစွာ စဉ်းစားသင့်ကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုသည် အအေးပိုင်းနိုင်ငံများ၏ ရာသီဥတုနှင့် မတူညီသည့်အပြင် လူတစ်ဦးတစ်ယောက်စီ၏ ခံနိုင်ရည်အားသည်လည်း မတူကြပါ။ ပညာရေးစနစ်ကိုပင် အနောက်တိုင်း၏ ပညာရေးစနစ်အတိုင်း ပုံတူကူးချပြီး ကျင့်သုံး၍မရပါ။ ထို့ကြောင့် ကလေးငယ်များ ပညာသင်ကြားရေး တွင် နွေရာသီကျောင်းပိတ်ရက် ကာလရှည်အတွင်း မည်သို့ဆောင်ရွက်ကြမည်ကို မိဘများအနေဖြင့် စဉ်းစားသင့်ကြသည်။ မိဘ၏ တွန်းအားနှင့် စိတ်ဆန္ဒအတိုင်း ဆောင်ရွက်ရန် မိမိတို့၏ သားသမီး များ ခံနိုင်ရည်ရှိ၊ မရှိကို သုံးသပ်ကြသင့်သည်။
သို့သော်လည်း နွေရာသီကျောင်းပိတ်ရက်ရှည်ကို အလဟဿ ကုန်ဆုံးရမည်တော့ မဟုတ်ပေ။ နွေရာသီကာလအတွင်း ကလေးငယ်များ လှုပ်ရှား သွားလာသမျှသည် သူတို့ကြီးပြင်းလာသော တစ်ချိန်တွင် ပြန်လည်အကျိုးပြုအသုံးတည့်နိုင်သည့်အတွက် တန်ဖိုးရှိလှသောအချိန်ကို မသင့်လျော်သည့် လုပ်ဆောင်မှုများတွင် ကုန်ဆုံးခြင်းမဖြစ်စေရန်သာ မိဘများက ထိန်းသိမ်းပေးရန်လိုပါသည်။ ကလေးငယ်များကို ကလေးနှင့်သင့်တော်သလောက်၊ လူငယ်များကို လူငယ်များနှင့်သင့်တော် သလောက် အကြံပေးလမ်းညွှန်ခြင်းဖြင့် ကူညီနိုင်ကြပါသည်။ တစ်နည်းအားဖြင့် နွေရာသီတွင်လုပ်ဆောင်မှုမှန်သမျှတို့သည် ကလေးများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘဲ အကျိုးလည်းရှိ ပေါ့ပေါ့ ပါးပါးလည်းဖြစ်လျက် ဖြတ်ကျော်နိုင်ရန် စီစဉ် လမ်းကြောင်းပေးကြရမည် ဖြစ်ပါသည်။
ကျောင်းစာပြင်ပ သင်ယူလေ့ကျင့်ရန်အတွက်လမ်းကြောင်းများ
နွေရာသီတွင် ကျောင်းစာပြင်ပသင်ယူလေ့ကျင့်ရန်အတွက် ရွေးချယ်ရန်လမ်းကြောင်းများစွာရှိပါသည်။ လူငယ်များအနေဖြင့် ကြက်ခြေနီ သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဘာသာစကား သင်တန်း၊ အားကစားသင်တန်း၊ လက်မှုပညာ သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ယဉ်ကျေးမှု သင်တန်း၊ အနုပညာသင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ စက်မှုလက်မှုသင်တန်း စသည်တို့ဖြင့် သင့်လျော် သော အတတ်ပညာလည်းရ အချိန်ကိုလည်း အကျိုးရှိရှိ အသုံးချနည်းဖြင့် နွေရာသီကို ဖြတ်ကျော် ရပါမည်။ မည်သည့်သင်တန်းမျှ မတက်စေကာမူ ကလေး၊ လူငယ်များအနေဖြင့် နှစ်သက်ရာ ကာတွန်း၊ စာစောင်များ၊ တစ်ဆင့်မြင့်သော သင့်လျော်သည့် စာအုပ်စာပေများကို ဖတ်ရှုပြီး အချိန်ကို ကုန်ဆုံးစေ သင့်ပါသည်။
ယေဘုယျအနေဖြင့် နွေရာသီတွင် တက်ရောက် ပါဝင်သော သင်တန်းများနှင့် လှုပ်ရှားမှုများသည် လူငယ်ဘဝများ၏ အစိတ်အပိုင်းဖြစ်သော်လည်း မိမိဘဝအောင်မြင်မှုများကို ပြန်ပြောင်းရေတွက်ရာ တွင် ကြီးမားသော မှတ်တိုင်များဖြစ်စေရေးအတွက် ဦးတည်ချက်ထားကာ ပင်ပန်းကြီးစွာ အားထုတ် ကြိုးပမ်းရန်အထိ မလိုအပ်ပါချေ။ မိမိတို့ဘဝ လည်ပြန်ဆန်းစစ်သောအခါတွင် နှစ်သိမ့်ကြည်မော ဘဝမှတ်တိုင်သဘောမျှသာလျှင် ဖြစ်သင့်ပါသည်။ ယေဘုယျအနေဖြင့် မိမိတို့ငယ်စဉ်က ပါဝင်ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုကလေးများအဖြစ်သာ သဘောထားပြီး ဘဝ၏ပျော်ရွှင်ပေါ့ပါးသော ရက်စွဲမှတ်တမ်း များဖြစ်စေရန် သဘောထားသင့်သည်။ နောင်ကာလတွင် မိမိတို့၏ သုံးစွဲရတော့မည့်ခွန်အား များကို ပေါ့ပါးသောလှုပ်ရှားမှုကလေးများတွင် မကုန်ဆုံးကြစေသင့်ပါ။
သို့မဟုတ်ပါကလည်း မိမိတို့၏ပြင်းပြသော ဆန္ဒနှင့်အားထုတ်မှုတို့ကို သိရှိကျေနပ်ပြီး ထိုထိုသော လှုပ်ရှားမှုကလေးများမှတစ်ဆင့် ဘဝအတွက် အမှန်တကယ်ချိုးကွေ့မည့် အလှည့်အပြောင်းအဖြစ် ယူဆဆောင်ရွက်လိုလျှင်မူ မိမိတွင်ရှိသော စိတ်ဆန္ဒ၊ အားအင်၊ ဝီရိယတို့ကို အစွမ်းကုန်အသုံးချ ပုံအော လိုက်ကြရန်သာရှိပါသည်။ ဥပမာ နွေရာသီ အားကစား သင်တန်းတက်ရောက်ရင်း မိမိ၏အစွမ်းအစများနှင့် ဆရာသမားများ၏ အကဲဖြတ်မှုကြောင့် တောက်ပသောအနာဂတ်ရှိသည့် လူငယ်များအနေဖြင့် မိမိဘဝအတွက်ရွေးချယ်ရမည့် အကောင်းဆုံးလမ်းကြောင်းကို စောစီးစွာသိရှိနိုင်ပြီး ရွေးချယ်ကာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါမည်။ ထိုနည်းတူ ဘာသာစကားဆိုင်ရာသင်တန်းများ၊ စက်မှုလက်မှု ဆိုင်ရာသင်တန်း (ဥပမာကားစက်ပြင်သင်တန်း)၊ နည်းပညာ (ဥပမာကွန်ပျူတာသင်တန်း) သင်တန်းများ၊ အချုပ်အလုပ်သင်တန်းများ စသည်ဖြင့် သင်တန်းတက်ရောက်ရင်း မိမိတို့၏စွမ်းရည်နှင့် ဗီဇကိုစောစီးစွာအကဲဖြတ်သိလာနိုင်ပါက အကောင်း ဆုံး ရွေးချယ်လျှောက်လှမ်းနိုင်ကြပါသည်။
စင်စစ် လူငယ်ဘဝသည် တိုတောင်းလှပါသည်။ တိုတောင်းလှသောကာလအတွင်း လူငယ်များ မိမိတို့နှစ်သက်သည်များကို ပျော်ပျော်ရွှင်ရွှင် ထိတွေ့လုပ်ဆောင်နိုင်ကြခွင့်ရှိသင့်ပါသည်။ လူငယ်ဘဝ နှောင်းပိုင်းဖြစ်သော အသက် ၁၅ နှစ်၊ ၁၆ နှစ်ကာလများတွင်ပင် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းကြရမည့် အခွင့်အရေးများ အလွန်နည်းသွားပြီဖြစ်ပါသည်။ ကျောင်းပညာအတန်းများက မြင့်မားလာကြ ပြီး ဖိစီးမှုများတိုးလာပါပြီ။ အသက်နှင့်အပြိုင် မိသားစုအရေး၊ ပတ်ဝန်းကျင်အရေးများကိုနားလည် သိတတ်မှုများ တိုးလာပြီဖြစ်သောကြောင့် သောကများနှင့် စိတ်ဖိစီးမှုများ အထိုက်အလျာက်ရှိလာပြီဖြစ်သည့်အတွက် အပူအပင်ကင်းသော ကလေးဘဝထက် ပင်ပန်းမှုများရှိလာကြကာ လောက၏ ပျော်ရွှင်မှုများကို တင်းပြည့်ကျပ်ပြည့် မခံစားနိုင်တော့ပါ။ ထို့ကြောင့် မိမိတို့အတွက်ရသည့်အချိန် ကလေးတွင်ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ရန် စဉ်းစားသင့်ကြပါသည်။
အဖိုးမဖြတ်နိုင်အောင် ကျေးဇူးရှိ
စင်စစ် ကျောင်းပညာရေးဆိုသည်မှာ ပစ်ပယ်၍မရနိုင်ပါ။ ဘဝတစ်လျှောက်လုံး မိမိဘာသာရပ်တည် လေ့လာထိုးထွင်းသင်ယူကြရမည်ဖြစ်သော်လည်း ကျောင်းပညာရေးကို စတင်သင်ယူမှသာ အခြေခံနည်းစနစ်အင်အားရရှိပြီး ဆက်လက်လေ့လာနိုင်စွမ်းရရှိမည်ဖြစ်ပါသည်။ အခြေခံပညာကဏ္ဍမှ ဆရာဆရာမများ၏ ဆုံးမလမ်းညွှန် သင်ကြားပေးမှုများသည် နောင်အခါ မိမိကိုယ်ကိုအားကိုးပြီး လေ့လာမှတ်သား သင်ယူရသည့်ကာလ သို့ရောက်ကြသောအခါ အဖိုးမဖြတ်နိုင်အောင် ကျေးဇူးရှိလှပါသည်။
ထို့ကြောင့် ကျောင်းပညာရေးကို ဦးတည်ကြိုးစား နေရသည့်ကာလဖြစ်သော ကျောင်းသားကျောင်းသူများဘဝတွင် မိမိ၏ဦးတည်ချက်မပျောက်ပျက်စေရန် အဓိကနှင့်သာမည လမ်းကြောင်းများကို ခွဲခြားသိမြင်နိုင်စွမ်းရှိကြရမည်ဖြစ်သည်။ လိုအပ်ပါကမိမိထက် အသိပညာပြည့်စုံသူများထံမှ အကူအညီတောင်းခံပြီး ဆွေးနွေးမေးမြန်းသင့်လှသည်။ သို့မှသာ မိမိဘဝလမ်းကြောင်းသည် မယိမ်းမယိုင် တည့်မတ်နေမည်ဖြစ်သည်။
ကျောင်းစာပြင်ပ ဆောင်ရွက်မှုများကို လုံးဝပစ်ပယ်ရမည်ဟုလည်း မဆိုလိုပါ။ အဓိကပညာရေးအပြင် အရန်လမ်းကြောင်း ဆောင်ရွက်လှုပ်ရှားမှုသည် အရန်သဘောမှာသာ ထားရှိရန်ဖြစ်ပါသည်။ ကျောင်းစာထဲတွင်သာ ခေါင်းကိုနစ်မနေစေရန်နှင့် ပတ်ဝန်းကျင်တွင် မိမိတစ်ယောက်တည်း ထီးတည်းမဖြစ်စေရန် သင့်တင့်မျှတသော ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကိုမူ မျက်ခြည်မပျက် ရှိနေသင့်သည်၊၊ အဓိကအားဖြင့် ပညာသင်အရွယ် လူငယ်တို့အနေဖြင့် စိတ်လေလွင့်မှုမရှိစေရန်၊ အကြားအမြင် ဗဟုသုတများ တိုးပွားစေရန်၊ စိတ်ဖိစီးမှုများပပျောက်စေရန် ဘဝအတွက် အရန်လှုပ်ရှားမှုလမ်းကြောင်းများ ထားရှိရမည်ဖြစ်သော်လည်း အဓိကလမ်းကြောင်းမှသွေဖည်ပြီး အရန်ကိုအဓိကဟု ထင်မှတ်မှားမည်ကို ရှောင်ရှားနိုင်ကြရ မည်ဖြစ်ပါသည်။
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း မိမိဝါသနာ ပါရာ၊ စိတ်ပါဝင်စားရာ၊ စူးစမ်းလိုစိတ်ရှိရာ အလုပ်များကို ပျော်ပျော်ရွှင်ရွှင် စိတ်ပေါ့ပေါ့ပါးပါးလုပ်နိုင်ပါသည်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ မကျရှုံးခြင်းတို့အတွက် စိတ်ခံစားမှု ပြင်းထန်ရန်မလိုအပ်ပါ။ သို့သော်အသက် ၁၄ နှစ်၊ ၁၅ နှစ် ခန့်မှစ၍ မိမိဝါသနာပါရာကို သိရှိအကဲခတ်တတ် နေပြီဖြစ်ပေရာ မိမိဝါသနာအတိုင်း ဆောင်ရွက်မှု များမှ ဘဝတွင် အောင်မြင်မှုနှင့် တိုးတက်မှုတို့ကို မူ အလေးအနက်ထား သတိပြုကြရပါတော့မည်။ အကယ်၍သာ မိမိရည်မှန်းချက်သည် ကျောင်းပညာသင်ယူရန်သာ ဦးတည်ချက်ထားပါမူ ဝါသနာနှင့် ဦးတည်ချက်ကို ခွဲခြားသိမြင်ပြီး မိမိစိတ်ဆန္ဒကို သတိကပ်ကာ အရာရာတိုင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။
စိတ်အနားယူအပန်းဖြေခြင်း
နွေရာသီကာလအတွင်း ဆောင်ရွက်လှုပ်ရှားမှုများသည် စာသင်နှစ်တစ်နှစ်တာကာလအတွင်း ပင်ပန်းခဲ့သမျှ ခြေညောင်းလက်ဆန့် စိတ်အနားယူ အပန်းဖြေခြင်းတစ်မျိုးဟု ယူဆလျက် နောင်လာမည့် စာသင်နှစ်အတွက် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်ဖြစ်စေရန် အင်အားမွေးမြူခြင်း ဖြစ်စေရပါ မည်။ ထိုကာလအတွင်း ဆောင်ရွက်မှုများသည် ကျောင်းသား ကျောင်းသူများအတွက် စိတ်အင်အားဖြစ်စေရန်၊ ဖိစီးမှုမဖြစ်စေရန်၊ အကြားအမြင်ဗဟုသုတများ တိုးပွားစေရန်၊ အဖွဲ့အစည်းနှင့် လုပ်ဆောင်တတ်စေရန်၊ အကြောင်းအရာ တစ်ခုကို စဉ်းစားချဉ်းကပ်တတ်စေရန် စသည်တို့ကို မိဘ၊ ဆရာများက စောင့်ကြည့်အကြံပေးသင့်ပါသည်။
စင်စစ်လူငယ်တစ်ဦးချင်းအတွက် ကံကြမ္မာနှင့် အနာဂတ်တို့သည် မတူညီနိုင်ကြပါ။ ကျောင်းပညာရေးကိုသာ အဓိကထားသောကျောင်းသား ကျောင်းသူများ၏ လက်တွေ့ဘဝ အတွက် နွေရာသီကျောင်းပိတ်ရက် လှုပ်ရှားမှုများ တွင် ပါဝင်ဆောင်ရွက်မှုသည် အောင်မြင်မှုကို လည်းကောင်း ဆုံးရှုံးမှုများကိုလည်းကောင်း ထိတွေ့ခံစားတတ်ခွင့်အတွက်သာ ဖြစ်စေသင့်ပါသည်။ လူငယ်များအနေဖြင့် အောင်မြင်မှု၏ ချိုမြိန်မှုနှင့် ရှုံးနိမ့်ခြင်း၏ ခါးသီးမှုတို့ကို မြည်းစမ်းကြည့်မိမှသာ သူတို့၏အနာဂတ်ကို သေချာစွာရွေးချယ်နိုင်ပါ လိမ့်မည်။ ပညာရေးတွင် အားနည်းသော်လည်း အတတ်ပညာတစ်ခုခုတွင် ထူးချွန်နေသူများအတွက် လမ်းကြောင်းများသည်လည်း အဆင်သင့်ရှိနေပါသည်။ သူတို့ဆောင်ရွက်သမျှသည် စိတ်ကို ပြင်ဆင်တတ်စေရန် လေ့ကျင့်ပေးသော သင်ခန်းစာများသာဖြစ်သင့်ပါသည်။ သို့မှသာ ဘဝအတွက်အဓိကအဖြစ် ရွေးချယ်ထားသော သက်ဆိုင်ရာလမ်းကြောင်းများတွင် ဆုံးရှုံးမှုကို မလိုချင်သော၊ အောင်မြင်မှုကို ဆာလောင်သော ကျောင်းသားကျောင်းသူများဖြစ်လာကြကာ ရင့်ကျက်လာသောကာလတွင် လောကဓံကို ခံနိုင်ရည်ရှိလာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။