Skip to main content

အစိုးရကျောင်းများ၌ G1 မှ G5 အထိ အခမဲ့ကျောင်းအစားအစာ ကျွေးနေပြီဖြစ်သည့် သီရိလင်္ကာ

နွယ်နီလင်း

သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။

သီရိလင်္ကာနိုင်ငံတစ်ဝန်း G1 မှ G5 အထိ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ပညာရေးဝန်ကြီးဌာနမှဦးဆောင်ပြီး အာဟာရပြည့်ဝသည့် အစားအစာများ ပံ့ပိုးပေးရန်ရည်ရွယ်၍ နံနက်စာအခမဲ့ကျွေးမွေးမည့် အစီအစဉ်ကို မတ် ၂၅ ရက်က စတင်အကောင်အထည်ဖော်ခဲ့သည်။ နံနက်စာကို အကောင်းဆုံးအာဟာရဖြစ်သည့် အချိန်ကို ကျွမ်းကျင်သူများ၏ အကြံပြုချက်များဖြင့် ချိန်ညှိပြီး နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအချိန်အတွင်း ကျွေးမွေးလျက်ရှိသည်။

အဆိုပါအစီအစဉ်ကို သီရိလင်္ကာနိုင်ငံ၌ အစိုးရ ကျောင်းပေါင်း ၉၁၃၄ ကျောင်းများ၌ ကျွမ်းကျင်သူ များ၏ အကြံပြုချက်များနှင့်အတူ စတင်အကောင် အထည်ဖော်လုပ်ဆောင်ခဲ့သည်ဟု ပီအမ်ဒီကဆိုသည်။

ဘက်စုံပညာရေး၏ အရေးပါမှုကို အလေးထား

သီရိလင်္ကာသမ္မတရာနေးလ် ဝစ်ခ်ခရမ်မီဆင်းဟီက နိုင်ငံတစ်ဝန်းရှိကလေးများအတွက် ပညာရပ်ဆိုင်ရာဘာသာရပ်များနှင့် အာဟာရဆိုင်ရာထောက်ပံ့မှုများအပါအဝင် သင်ရိုးညွှန်းတမ်းတစ်ခုအတွက် ဘက်စုံပညာရေး၏အရေးပါမှုကို အလေးထားပြောကြားသည်။

ကျောင်းပညာရေးနှင့် ပညာရေးစနစ်များ ပြုပြင်ပြောင်းလဲရန် အစိုးရ၏ယုံကြည်ချက်နှင့် ပညာရေးမူဘောင်အတွင်း ဉာဏ်ရည်တု (အေအိုင်) ကဲ့သို့ ခေတ်မီနည်းပညာလိုအပ်ချက်များကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း သမ္မတကပြောကြားသည်။

ယခုနှစ် ကျောင်းအစားအစာကျွေးခြင်း အစီအစဉ်မှာနိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူ ၁ ဒသမ ၆ သန်းကို အကျိုးပြုမည်ဟု ခန့်မှန်းထားကြောင်း သမ္မတ၏ မီဒီယာဌာနခွဲ (ပီအမ်ဒီ)က ပြောသည်။

သီရိလင်္ကာအစိုးရသည် အဆိုပါအစီအစဉ် အတွက် ဘတ်ဂျက်ရူပီးငွေ ၁၆ ဒသမ ၆ ဘီလီယံ လျာထားပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် အမေရိကန်စိုက်ပျိုးရေးဌာန (ယူအက်စ်ဒီအေ)ကဲ့သို့သော အဖွဲ့အစည်းများက အပိုဆောင်းပံ့ပိုး ကူညီမှုဖြင့် ပြည်နယ်ဒေသန္တရအုပ်ချုပ်ရေးကောင်စီ ကိုးခုသို့ တိုက်ရိုက်ခွဲဝေပေးခဲ့သည်။

သီရိလင်္ကာနိုင်ငံ၌ အလုပ်အကိုင်သစ်များ ဖြစ်ပေါ်စေရန် တိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံ၏စီးပွားရေးကုန်ထုတ်လုပ်မှု ကြီးထွားလာစေရန် ပါဝင်ကူညီပေးခြင်းအဖြစ် ပြည်တွင်းထောက်ပံ့သူများကလည်း အဆိုပါအစီအစဉ်အတွက် လိုအပ်သည့်အစားအစာများကို ထောက်ပံ့ပေးသည်။

ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ခြင်း

ကျောင်းအစားအစာ အစီအစဉ် အကောင်အထည်ဖော်မှုအပေါ် စဉ်ဆက်မပြတ်ရှိစေရန် ယင်းအစီအစဉ် စတင်သည့်အချိန်မှစကာ စီမံခန့်ခွဲမှုကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာန အထူးသဖြင့် ကျန်းမာရေးနှင့် အာဟာရဌာနခွဲကို တာဝန်ပေးအပ်ထားသည်။

ယင်းအစီအစဉ်မှာ အစိုးရ၏အဓိကရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အရေးကြီးသည့် အချက်များထဲမှ တစ်ခုဖြစ်သည်။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရပ်ဆိုင်ရာအသိပညာနှင့် စာမေးပွဲဆိုင်ရာ စွမ်းဆောင်ရည်များသာမက အာဟာရသုခကိုပါ လွှမ်းခြုံထားပြီး နိုင်ငံအများအပြားကလက်ခံကျင့်သုံးသည့် ကမ္ဘာ့အလေ့အကျင့်များကိုပါ ထင်ဟပ်စေသည်။

ယခင်က အစားအစာအစီအစဉ်ကို ဝေးလံခေါင်ဖျားသည့် ပြည်နယ်များမှ ကျောင်းသားကျောင်းသူများအတွက် ရည်မှန်းထားသော်လည်း ယခုနှစ်တွင် ပထမတန်းမှပဉ္စမတန်းအထိ ကျောင်းသားကျောင်းသူများအတွက် အာဟာရပြည့်ဝသည့် အစားအစာများ စီစဉ်ပေးခြင်းဖြစ်သည်ဟု သီရိလင်္ကာနိုင်ငံပညာရေးဝန်ကြီး ဒေါက်တာဆူဆီပရီမာဂျာရန်သာက ဆိုသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်၏ အပိုဆောင်းအကူအညီဖြင့် သမ္မတရာနေးလ် ဝစ်ခ်ခရမ်မီဆင်းဟီ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ယင်းအစီအစဉ်အတွက် ရူပီး ၁၆ ဒသမ ၆ ဘီလီယံကို ပဏာမလျာထားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်ဆိုးကျိုး၏ အကျိုးဆက်အဖြစ် စီးပွားရေးကျပ်တည်းမှု စတင်ဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ကတည်းက စီးပွားရေးကျပ်တည်းလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုတို့နှင့် ကြုံတွေ့ခဲ့ရသည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ် ဧပြီလက နိုင်ငံအတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်ခဲ့ရာ ကျောင်းများပိတ်ခဲ့ရသည်အထိ အခြေအနေဆိုးရွားလာခဲ့ပြီး လျှပ်စစ်မီးများ ဖြတ်တောက်ခြင်းလည်းခံခဲ့ရသည့်အပြင် အသက်ကယ်ဆေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများက ယခင်သမ္မတဟောင်းဂိုတာဘာရာ ရာဂျာပက်ဆာကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

 ထို့ပြင် ဇူလိုင် ၉ ရက်က ရာဂျာပက်ဆာအိမ်၌ ပြည်သူများက ဝိုင်းဝန်းဆန္ဒပြသဖြင့် ၎င်းကထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယင်းနောက်တွင် သမ္မတရာနေးလ် ဝစ်ခ်ခရမ်မီဆင်းဟီက သီရိလင်္ကာ နိုင်ငံသမ္မတဖြစ်လာခဲ့သည်။

အကျပ်အတည်းများကို ဖြေရှင်း

သီရိလင်္ကာနိုင်ငံအစိုးရသည် သမ္မတရာနေးလ် ဝစ်ခ်ခရမ်မီဆင်းဟီတာဝန်ယူသည့် အချိန်အတွင်း နိုင်ငံခြားကြွေးမြီနှင့်အတိုးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော်ကို ဖြေရှင်းပေးခဲ့သည်ဟု သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ကီးသီ တန်းနစ်ခ်ခွန်းကဆိုသည်။

တစ်ချိန်တည်းမှာပင် အစိုးရသည်ဘက်ပေါင်းစုံချေးငွေနှင့် အတိုးနှုန်းများအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်ကိုထုတ်ပေးခဲ့ပြီး ချေးငွေအရစ်ကျ နှင့် အတိုးပေးချေမှု ကြွင်းကျန်မှာ အကြွေးတင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ အာရှဖွံ့ဖြိုးရေးဘဏ် သို့ ဒေါ်လာ ၇၆၀ ဒသမ ၁ သန်းပေးချေခဲ့ပြီး အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်သို့ ဒေါ်လာ ၇ သန်း ပေးချေခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကာလအတွင်း နှစ်နိုင်ငံချေးငွေနှင့် အတိုးနှုန်း ဒေါ်လာ ၅၇၁ သန်းကို ပေးချေပြီးဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။

ကိုးကား-ဆင်ဟွာ၊ NEWSWIRE