လယ်ယာစီးပွား အကျိုးများဖို့ သမဝါယမ စွမ်းပကားနဲ့ ကူညီကြပါစို့
စစ်လွမ်းနောင်(မန်းမြေသား)
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများမှာဖြစ်ပြီး အများစုကစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကျွန်ုပ်တို့မြန်မာ နိုင်ငံသည် ရာသီဥတုမျှတပြီး ရေမြေသဘာဝ၊ မြေဆီမြေဩဇာပြည့်ဝ၍ ရေခံမြေခံကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ထိုအခြေခံကောင်းများအပေါ်မူတည်၍ လက်ရှိနိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် စီးပွားရေးဦးတည်ချက်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။
မိရိုးဖလာစနစ်ထက် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဆောင်ရွက်ရန်လို
ထိုသို့ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့် အမျိုးသားရေးရည်မှန်းချက်များအောင်မြင်ရန် တောင်သူလယ်သမားများအနေဖြင့် လူ၊ ကျွဲ၊ နွား အစရှိသည်များနှင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ကြိတ်ခွဲခြင်းစသည့် မိရိုးဖလာလက်မှုလယ်ယာ စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းထက် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းလုပ်ကိုင်ဆောင်ရွက်မှသာ လယ်ယာထွက်ကုန်များ တိုးတက်လာမည်၊ အရည်အသွေးပြည့်ဝသည့်ထွက်ကုန်များ ရရှိလာမည်ဖြစ်ပါသည်။ ထို့ပြင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်း အားဖြင့် အချိန်ကုန်သက်သာပြီး လူ၊ ကျွဲ၊ နွားများပင်ပန်းမှုမှ သက်သာကြမည်ဖြစ်ပါသည်။ အရည်အသွေးပြည့်ဝသည့် လယ်ယာထွက်ကုန်များ တိုးတက်ရရှိလာသည့်အတွက် ဈေးကွက်အတွင်း ရောင်းချရာတွင် ဈေးကောင်းရရှိပြီး ဝင်ငွေတိုးကာတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာမည် ဖြစ်ပေသည်။
တောင်သူလယ်သမားများ၏ အခက်အခဲများကို သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပေးထားပြီးဖြစ်
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတော်မှချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့် အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရေးတို့အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးစရိတ် မလုံလောက်မှု၊ စိုက်ပျိုးရေးသွင်းအားစုများ လုံလောက်စွာအသုံးမပြုနိုင်မှု၊ အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် စိုက်ပျိုးရေးသွင်းအားစုများ ရရှိရန်ခက်ခဲမှု၊ စနစ်ကျသည့် ခေတ်မီစိုက်ပျိုးရေး နည်းပညာများလက်လှမ်းမမီမှု၊ အထွက်နှုန်းကောင်းမွန်သည့် သီးနှံမျိုးစေ့များ အလွယ်တကူမရရှိမှု၊ အချိန်မီမစိုက်ပျိုးနိုင်မှု၊ အချိန်မီမရိတ်သိမ်း/မခြွေလှေ့နိုင်မှု၊ သီးနှံဈေးကွက်တွင် ဈေးနှိမ်ခံရမှုအစရှိသည့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲလိုအပ်ချက်များကို သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။
အလားတူ မိရိုးဖလာလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အဆင့်ဆင့်သော လုပ်ငန်းစဉ်များရှိသည့်အနက် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများကို အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးရသည့် အကြောင်းရင်းကို တင်ပြရလျှင် လယ်ယာသုံး စက်ကိရိယာများ၏တန်ဖိုးမှာ အနည်းဆုံးငွေကျပ် သိန်း ၃၀ မှ အများဆုံး ငွေကျပ် သိန်း ၅၀၀ ကျော်အထိဖြစ်ရာ တောင်သူလယ်သမားအများစုက တစ်လုံးတစ်ခဲတည်း လက်ငင်းပေးချေပြီး ဝယ်ယူနိုင်ရန်အခက်အခဲရှိကြပေလိမ့်မည်။ ပုဂ္ဂလိကလုပ်ငန်း ရှင်/ကုမ္ပဏီများက တစ်ဦးချင်းတစ်ယောက်ချင်းချိတ်ဆက်ပြီး အကြွေးစနစ်ဖြင့် ရောင်းချပေးနိုင် သည်ဆိုလျှင်တောင်မှ သိန်း ၅၀၀ ကျော်တန် စက်ပစ္စည်းဖြစ်ပါက အနည်းဆုံးနှစ်နှစ်မှ အများဆုံး သုံးနှစ်ဆိုင်းခန့်ဖြင့်သာ ရောင်းချပေးနိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ ပြန်လည်ပေးဆပ်ရသည့်ကာလ တိုတောင်းသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် ဝယ်ယူသုံးစွဲရန် များစွာအခက်အခဲများ ရှိနိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့် တောင်သူ လယ်သမားအများစုက စက်မှုလယ်ယာစနစ်ကို တစ်ဦးချင်းတစ်ယောက်ချင်း ကူးပြောင်းလုပ်ကိုင် ဆောင်ရွက်ရန် မည်သည့်နည်းနှင့်မျှစွမ်းဆောင် နိုင်ကြလိမ့်မည်မဟုတ်ပါ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အခြေခံသမဝါယမအသင်းများ ဖွဲ့စည်းပေးပြီးသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ကြီးကြပ်မှု၊ ဗဟိုသမဝါယမအသင်းအပါအဝင် သမဝါယမအသင်း အဆင့်ဆင့်၏တာဝန်ယူ၊ တာဝန်ခံမှုတို့ဖြင့်အသင်းသား တောင်သူလယ်သမားများထံသို့ ကိုရီးယားနိုင်ငံ Daedong ကုမ္ပဏီမှထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာများအား သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ခုနစ်နှစ်ဆိုင်း Hire Purchase စနစ်ဖြင့် ၄၄၀၁ စီး ရောင်းချပေးထားပြီးဖြစ်ပါသည်။ ထို့ပြင် အသင်းသားတောင်သူလယ်သမားများ စိတ်ကြိုက်ဖြစ်သည့် လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင်၊ ကုမ္ပဏီများမှနှစ်သက်ရာ စက်အမျိုးအစားကို ဝယ်ယူသုံးစွဲနိုင်စေရေး သက်ဆိုင်ရာအရောင်းဆိုင်၊ ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးထားပြီးလည်း ဖြစ်ပါ သည်။
ဆက်လက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် စီမံဆောင်ရွက်လျက်ရှိ
သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေမှုအပေါ် ပြည်သူအများလက်ခံ နားလည်သဘောပေါက်လာသည်နှင့်အမျှ သမဝါယမအသင်းများတွင် စုပေါင်းလုပ်ကိုင်ဆောင်ရွက်လိုစိတ်၊ ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်လိုစိတ်၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲလိုစိတ်များရှိကြသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်လာပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများကို သမဝါယမစနစ်ဖြင့် ဝယ်ယူလိုကြောင်း တင်ပြလာမှုများလည်း ရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။ ထိုသို့ အသင်းသားတောင်သူ လယ်သမားများ၏ တင်ပြလာမှုအပေါ် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားများကျင်းပပြုလုပ်ပြီး အဆိုပါအခမ်းအနားများတွင် ပြည်တွင်းမှလယ်ယာသုံးစက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများကိုဖိတ်ခေါ်၍ ၎င်းတို့ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းရည်ကိုလက်တွေ့ မောင်းနှင်ထွန်ယက် သရုပ်ပြရှင်းလင်းမှုများဆောင်ရွက်ခြင်း၊ အခမ်းအနားသို့တက်ရောက်လာသည့် အသင်းသားတောင်သူလယ်သမားများက သိရှိလိုသည်များ မေးမြန်းစုံစမ်းပြီး ၎င်းတို့စိတ်ကြိုက်ဖြစ်သည့် လယ်ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက်၊ ထော်လာဂျီ အစရှိသည့် လယ်ယာသုံး စက်ကိရိယာများကို ဝယ်ယူလိုကြောင်း တင်ပြလာမှုအပေါ် သက်ဆိုင်ရာ သမဝါယမအသင်းအဆင့်ဆင့် မှတစ်ဆင့် ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဝယ်ယူရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် Japan International Cooperation Agency(JICA)၏ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan) ကို ချေးယူပြီး လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူလိုသည့် အသင်းသားတောင်သူလယ်သမားများအတွက် JICA (Two Step Loan) ဆိုင်ရာ အကြောင်းအရာများသိရှိနိုင်စေရန် အဆိုပါ သမ ဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားများသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတာဝန်ရှိသူများအားဖိတ်ခေါ်၍ ရှင်းလင်း ဆွေးနွေးပြောကြားစေပြီး ချေးငွေယူပြီး လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူလိုသည့်အသင်းသား တောင်သူလယ်သမားများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပေးပြီး ဆက်လက်ပံ့ပိုးကူညီပေးရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
JICA (Two Step Loan) ချေးငွေ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲအခမ်း အနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းဆွေးနွေးပြောကြားချက်အရ တောင်သူလယ်သမားများအနေဖြင့် JICA (Two Step Loan)ချေးငွေအစီအစဉ်တွင် တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း၊ သုံးဦးမှ ၁၀ ဦး အထိပါဝင်သော အစု၊ အဖွဲ့ပုံစံဖြင့်လည်းကောင်း ချေးယူနိုင်ကြောင်း၊ တစ်ဦးချင်းချေးငွေပမာဏကို ငွေကျပ်သန်း ၇၀ သတ်မှတ်ထားပါကြောင်း၊ အစု၊ အဖွဲ့ဖြစ်ပါက အများဆုံး ငွေကျပ်သန်း ၅၀၀ အထိ သတ်မှတ်ထားပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်ပြီး ပြန်လည်ပေးဆပ်နိုင်စွမ်း ရှိသူများကို ချေးငွေစည်းကမ်းများနှင့်အညီ စိစစ်ပြီးသည့် ငွေပမာဏကိုသာ ထုတ်ချေးပေးမည် ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ကောက်စိုက်စက်၊ လက်တွန်းထွန်စက်၊ လယ်ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက် အပါအဝင်ဆန်စက်၊ ဆီစက်၊ ကြိတ်ခွဲစက်၊ ကုန်တင်ယာဉ်များအပြင် စက်ရုံ၊ သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ မွမ်းမံပြုပြင်ခြင်းများအတွက် ချေးငွေကာလ ငါးနှစ်ဖြင့်ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင်ငါးရာခိုင်နှုန်းဖြစ်ကြောင်း၊ အာမခံအနေဖြင့် ချေးငွေရယူသူသည် ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဘဏ်၌စုဆောင်းငွေ အဖြစ် စုဆောင်းစေမည်ဖြစ်ကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို အပေါင်အဖြစ် ရယူမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့်ဝယ်ယူထားသည့် ယာဉ်၊ စက်ကိရိယာကို အပေါင်အဖြစ် ရယူမည်ဖြစ်ကြောင်း၊ နောက်ကြောင်းရာဇဝင် ကောင်းမွန်သူလူပုဂ္ဂိုလ်နှစ်ဦးမှ အာမခံရမည်ဖြစ်ကြောင်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ် ရယူမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် JICA (Two Step Loan) ချေးငွေရယူ လိုသော တောင်သူလယ်သမားများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့မှ တစ်ဆင့် ခရိုင်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့တောင်သူတစ်ဦးချင်း၊ တောင်သူအစု၊ အဖွဲ့များ၏တင်ပြချက်အပေါ် တင်ပြလျှောက်ထားသည့် တောင်သူ၏လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား၊ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ နှစ်စဉ် အကျိုးအမြတ်ရရှိမှုအခြေအနေ၊ အာမခံပစ္စည်း၊ ပိုင်ဆိုင်သည့်ပစ္စည်းအခြေအနေ၊ ချေးငွေအပေါ် ပြန်လည်ပေးဆပ်နိုင်စွမ်းရှိမှု အခြေအနေ စသည့်အခြေခံအချက်အလက်များ အပေါ်စိစစ်၍ မြို့နယ်၊ ခရိုင်ချေးငွေကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် ချေးငွေကြီးကြပ်ရေးကော်မတီထံသို့ ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ချေးငွေကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ JICA (Two Step Loan) ဦးဆောင် ကော်မတီသို့ပေးပို့၍ ချေးငွေထုတ်ချေးခြင်းအစီ အစဉ်ကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းက ဆက်လက်၍ ပြောကြားသည်မှာ JICA (Two Step Loan) ချေးငွေဖြင့် လက်ခံဆောင်ရွက် သည့် ကုမ္ပဏီများဘက်မှ တောင်သူလယ်သမားထံသို့ ရောင်းချပေးလိုက်သည့် လယ်ယာသုံးစက်ကိရိယာများအား After Sale Service လုပ်ပေးနိုင်ရန်တာဝန်ခံ၊ တာဝန်ယူမှုဖြင့် ကတိဝန်ခံချက်များ ရယူထားပါကြောင်း၊ JICA (Two Step Loan) ချေးငွေရယူသည့် တောင်သူများအနေဖြင့် လယ်ယာသုံး စက်ကိရိယာဝယ်ယူလိုသည့်ကုမ္ပဏီကို စိတ်ကြိုက် ရွေးချယ်နိုင်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှချေးငွေတစ်ရပ်လုံးကို သက်ဆိုင်ရာကုမ္ပဏီ သို့တိုက်ရိုက်ပေးချေမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများကို တောင်သူလယ်သမားများက လက်ခံရယူရမည်ဖြစ်ကြောင်း၊ ချေးငွေထုတ်ယူထားသည့် တောင်သူများကပေးဆပ်ရန်သတ်မှတ်ထားသည့် ချေးငွေအရစ်အလိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်ပြီးချေးငွေဖြင့် ရောင်းချပေးထားသည့် စက်ကိရိယာများတွင် GPS များတပ်ဆင်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်လျက်ရှိပြီး စက်ကိရိယာများကို ဝယ်ယူထားသည့် တောင်သူများအနေဖြင့်လည်းလိုအပ်၍ မိမိတို့စက်များ အခြားနယ်မြေများသို့ သွားရောက်လုပ်ကိုင် ဆောင်ရွက်ရပါကလည်း မိမိတို့စက်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့၏ Mobile Phone ဖြင့် စောင့်ကြည့်သွားနိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။
သမဝါယမ၏ စွမ်းပကား
“ သမဂ္ဂါနံတပ္ပေါသုခေါ - အဆွေခင်ပွန်းဖွဲ့၍ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခြင်းသည် ချမ်းသာသုခကိုဖြစ်စေသည်” ဆိုသည့်တရားတော်သည် တစ်နည်းအားဖြင့်ဆိုရသော် သမဝါယမစနစ်ကို ဖော်ညွှန်းပြဆိုခြင်းပင်ဖြစ်ပါသည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ အောင်မြင်တိုးတက်ချင်သည့် စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ ကောင်းမွန်မှန်ကန်သောအလုပ်ကို အမှန်တကယ်ကြိုးစားဆောင်ရွက် လုပ်ကိုင်လိုသည့်စိတ်များကိုစုစည်းပြီး အတူတကွ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စနစ်ကျသည့် အဖွဲ့အစည်းများဖြစ်ပေါ်လာမည့်အပြင် စနစ်ကျသည့် စီးပွားရေးဖော်ဆောင်မှုပုံစံကိုလည်း ရရှိလာနိုင်မည်ဖြစ်ပေသည်။ ထိုကဲ့သို့ စုပေါင်းအားနှင့် လုပ်ကိုင်ဆောင်ရွက်သည့် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် သွင်းအားစုပစ္စည်းများ ပံ့ပိုးကူညီမှုရရှိနိုင်ခြင်း၊ ထာဝရအသက်မွေးဝမ်း ကျောင်းနိုင်မည့် နည်းပညာများကို သင်ယူရရှိနိုင်ခြင်း၊ မိမိတို့၏ထုတ်ကုန်များကို မိမိတို့ စိတ်ကြိုက်ရောင်းဝယ်ဖောက်ကားနိုင်မည့် ဈေးကွက်များသို့ ချိတ်ဆက်ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ မိရိုးဖလာနည်းဖြင့် စိုက်ပျိုးလာခဲ့သည့်စနစ်မှ ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး စိုက်ပျိုးလာနိုင်အောင် လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို သီးနှံပေါ်ပေးစာရင်းမှတ်စနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ ရရှိနိုင်ခြင်းသည် သမဝါယမစွမ်းပကားပင်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် စီးပွားရေးဦးတည်ချက်၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းမှလယ်ယာသုံးစက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြားလုပ်ငန်းရှင်များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် အားလုံးက “လယ်ယာစီးပွားအကျိုးများဖို့ သမဝါယမစွမ်းပကားနဲ့ ကူညီကြပါစို့” ဟု စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူဖြင့် စုပေါင်းဆောင်ရွက်သွားကြရန် ဆန္ဒပြုတိုက်တွန်း ရေးသားတင်ပြလိုက်ရပေသည်။ ။