Skip to main content

စိတ်အာဟာရဖွံ့ဖြိုးရာ စာပေကုသိုလ်မျှဝေပါ

မိုးကေနိုင်

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ရန်အတွက် အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်အကျဆုံးဖြစ်သော လူငယ်တွေမှာ အလိုအပ်ဆုံးသော အချက်များမှာ ဘယ်အရာများဖြစ်မလဲဆိုပြီး တွေးကြည့်ဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ရင့်ကျက်မှုနှင့်တကွ ၎င်းကိုပြောင်းလဲစေနိုင်သည့် သဘောထားခံယူချက်များ၊ လက်ရှိမြန်မာ့၊ ကမ္ဘာ့မြင်ကွင်းတွေအပေါ်မှာ သူတို့လက်ခံထားတဲ့ ယုံကြည်မှုအတွေးအမြင်နှင့် တွေးခေါ်ပုံတွေ၊ အမူအကျင့်တွေ၊ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်ရှုမြင်တတ်ဖို့ လိုအပ်သည့် စွမ်းဆောင်ရည်နှင့် ဗဟုသုတအတွေ့အကြုံ၊ ထိုမှတစ်ဆင့် မှန်ကန်သောပြုပြင် ပြောင်းလဲတိုးတက်လိုစိတ်... ဒါတွေပဲ အဓိကဖြစ်လိမ့်မည်ဟု ယူဆမိသည်။

စာဖတ်ခြင်းနှင့် မဖတ်ခြင်းကြား ကွာဟမှု

အမြင်မှားတာနှင့် အတွေးပါမှားသွားတတ်သည်။ အစွန်းမရောက် အလယ်အလတ်သဘောထားမှာ မျှမျှတတခံယူနိုင်ရမည်ဟု ဆိုလေ့ရှိကြသည်။ ယနေ့လူငယ်များကိုယ်တိုင်က မိမိတို့အတွင်းအဇ္ဈတ္တကလာသော စိန်ခေါ်မှုများကို မြင်နိုင်ကြပြီလား။ ကိုယ့်ကိုယ်ကိုယ် အလေးထားပြီး တိုးတက်ဖို့ လူ့အဖွဲ့အစည်းကြီးကိုပြောင်းလဲဖို့ အကြီးကြီးစဉ်းစားနေသူတွေ များစွာတွေ့ဖူးပါသည်။ သူတို့လေးတွေအနက် တိုးတက်ဖို့ မိမိကိုယ်တိုင်ကို ဦးစွာပြောင်းလဲနိုင်အောင် ကြိုးစားနေသူတွေကို သတိထားမိသည်။

ဆန့်ကျင်ဘက်သတိထားမိပြန်တော့ အမြင်မှားအတွေးမှား၊ အစွန်းရောက် ကိုယ်ရည်ကိုယ်သွေးအားနည်းသူများအဖြစ် ခြားနားချက်များစွာကို တွေ့မိပြန်သည်။ သူတို့အချင်းချင်း ဘယ်နေရာတွေမှာ ဘယ်လိုဘယ်အချက်တွေမှာ ကွာဟသွားသလဲ... ဆန်းစစ်ကြည့်သည့်အခါ ပညာနှင့်အသိမှာ ခံယူပုံချင်းမတူခြင်းကွဲပြားသွားခြင်းကြောင့် ဖြစ်သည်။ စာပေကိုစွဲလမ်းခြင်း စာဖတ်ခြင်းအကျင့်နှင့် စာကြည့်တိုက်များမှာ အချိန်ကုန် ဆိုရှယ်မီဒီယာနှင့် ဂိမ်းမှာအချိန်မဖြုန်း စသည် အနေအထားများမှာ အဓိကကွာခြားသွားသည်ကို တွေ့ရသည်။ စာဖတ်ခြင်းကသာ မှန်ကန်သော အသိအမြင်အတွေးအခေါ် ဗဟုတုသကိုများစွာပေး၍ ဖြစ်ပါသည်။

သူများက စာဖတ်ပြီးမှ သူ့အပြောကို နားထောင်ရတာထက် ကိုယ်ကိုယ်တိုင် ဖတ်မှတ်လေ့လာပြီး နားလည်သည့်အသိက ပိုခရီး ရောက်သည်ကို တွေ့ရသည်။ စူးစမ်းလေ့လာလိုစိတ်ကို တိုးစေပြီးအရာရာကို နှံ့နှံ့စပ်စပ်သိရှိလာစေခြင်းကြောင့်လည်းဖြစ်သည်။ မိမိတို့တွင် ရှိပြီးသညာသိမှတစ်ဆင့် စာများများဖတ်ခြင်းဖြင့် ပညာသိကိုတိုးစေသည်။ ငယ်စဉ်ကလေးဘဝတုန်းက စာပေမျိုးစုံကို ဖတ်တတ်သည့်အလေ့မှ အရွယ်ရောက်လာသည့်အခါ စာကောင်းပေမွန် အကျိုးရှိအကျိုးပြုသည့်စာပေမျိုးကို မှန်မှန်ကန်ကန်ရွေးချယ် ဖတ်တတ်လာသည်။

စာဖတ်ခြင်းမှရရှိသော ပညာသိဆိုသည်မှာ တစ်ခုခုကို အစွဲမရှိ အစွန်းမရောက် ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်စွမ်း ရှိလာခြင်းကိုဆိုသည်။ စာပေမှာပါသည့် အကြောင်းအရာတစ်ခုက တစ်ခါတစ်ရံမိမိကို ဦးနှောက်မုန်တိုင်းဆင်သလို စဉ်းစားစရာ အလုပ်ရသွားစေသည့်အခါ အတွေးအခေါ်ပိုင်းမှာပါ မြင့်မားလာပြီး တွေးဆချိန်ဆတတ် နှိုင်းယှဉ်သုံးသပ် အကဲဖြတ်တတ်လာခြင်းဖြင့် လုပ်နည်းလုပ်ဟန်မှာပါ မှန်မှန်ကန်ကန်ရှိလာသည်ကို တွေ့ရသည်။ စာဖတ်ခြင်းနှင့် စာမဖတ်ခြင်း၏သက်ရောက်မှုများပင် ဖြစ်သည်။

စာပေကုသိုလ်ဖြင့် အနှစ်သာရရှိမှုကိုဖော်ဆောင်

စာပေမြတ်နိုးသူ စာဖတ်ခြင်းကို အားပေးသူသည် စာကြည့်တိုက်၏တန်ဖိုးကိုလည်း အထူးသိသူဖြစ်သည်။ တကယ်တော့ Latin ဘာသာစကားကလာသည့် Library ဆိုသည့် ဝေါဟာရသည် တစ်စုတစ်စည်းထဲ စုစည်းသိမ်းဆည်းထားသည့်စာအုပ်များ Books ကိုပဲ ရည်ညွှန်းသည်ဟု လေ့လာမိသည်။ သတင်းအချက်အလက်နှင့် အသိပညာများ တစ်စုတစ်စည်းတည်းရှိသဖြင့် ရယူရာမျှဝေရာ တက္ကသိုလ်အဖြစ်လည်း တင်စားနိုင်သည်၊၊ အရင်းအမြစ်ပေါင်းစုံကြွယ်ဝရာ ပညာဘဏ်တိုက်တစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။ ထို့ကြောင့် တိုးတက်လိုသူများက စာကြည့်တိုက်ကို အသွင်သဏ္ဌာန်ရော အနှစ်သာရမှာပါ တိုးတက်လာအောင် အားပေးကြခြင်း အထောက်အကူပြုကြခြင်းဖြစ်သည်။

မြန်မာလူမျိုးများအနေဖြင့် အနည်းဆုံးတော့ ကိုယ်တတ်နိုင်သည့် ဘက်က အကျိုးရှိမည့်စာအုပ်စာတမ်းများ စာအုပ်ဝယ်ရန်ငွေကြေး စာကြည့်တိုက်ပရိဘောဂများ လှူဒါန်းပေးကမ်းကြခြင်းဖြင့် စာကြည့် တိုက်များကို ရှင်သန်ဖွံ့ဖြိုးစေလိုကြသည်ကို တွေ့ရသည်။ ထိုအချက်ကို နိုင်ငံတော်အကြီးအကဲ၏ ‘‘စာကြည့်တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိရန်နှင့် အများပြည်သူများ၏ အသိပညာတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်ရေးအတွက် စာပေကုသိုလ်ဖြင့် ဆောင်ရွက်ကြစေရန်၊ ကောက်ရိုးမီးကဲ့သို့မဟုတ် ရေရှည်အတွက် ကြည့်၍ စီမံဆောင်ရွက်ရန်’’ ဟူသော လိုက်နာရမည့် စေတနာထား တိုက်တွန်းမှာကြားချက်က လက်ရှိအခြေအနေကို အပြုသဘော ထင်ဟပ်နေသည်ဟု လေ့လာမှတ်သားမိပါသည်။

အထူးသဖြင့် ‘‘စာပေကုသိုလ်’’ ဆိုသည့် ဒါနမြောက်သည့် ကုသိုလ် အသုံးအနှုန်းကို အလေးအနက်ထားမိသည်။ လူတွေကို စာဖတ်လာ အောင် အသိအတတ်ပညာတိုးပွားလာအောင် ပေးလှူသော ကုသိုလ် ကို မွန်မြတ်သောပညာဒါနတစ်ခုအဖြစ် မြင်မိခြင်းဖြစ်သည်။ အထူး သဖြင့် လူငယ်များကိုပစ်မှတ်ထား၍ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားသော စာအုပ်စာတမ်းများဖြင့် ရပ်ရွာအခြေပြုစာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များကို တန်ဆာဆင်ခြင်းကပို၍ ထိရောက်မှုရှိသည်မဟုတ်ပါလား။ အကျိုးပြုသည့်စာကြည့်တိုက်များ၏ အသွင်အပြင်ဆိုသည်မှာ စာဖတ်သူနှင့် စာအုပ်ချည်းရှိရုံနှင့်မပြီး မြေနေရာနှင့် အဆောက်အအုံလည်းရှိရမည်၊ ရန်ပုံငွေချို့တဲ့လို့မဖြစ် ငွေလည်းရှိရဦးမည်၊ အရည်အသွေးမီပြီးစေတနာပါသည့် အုပ်ချုပ်ရေးအဖွဲ့နှင့် စီမံခန့်ခွဲမှုပုံစံ၊ အကျိုးရှိသော စိတ်ဝင်စားဖွယ်စာအုပ်စာတမ်းများပြည့်စုံမှု ရှိ မရှိ၊ တူတူတန်တန် ပရိဘောဂအခင်း အကျင်း ဒါတွေအားလုံးလိုပါသည်။

နေရာအနှံ့စာကြည့်တိုက်အများအပြားမှာ စာအုပ်စာပေမျိုးစုံနှင့် တင့်တယ်ခမ်းနားနေခြင်းက လူတွေကိုစာများများဖတ်ဖို့ ပတ်ဝန်း ကျင်ကောင်းတစ်ခုအဖြစ် ဆွဲဆောင်ရာရောက်သည့်အပြင် လူတွေ ကို ဆုံဆည်းစေရာ Community engagement နှင့် စာပေမြတ်နိုး သူများမွေးထုတ်ပေးရာ Cultivating a love of reading အဖြစ်လည်း ရောက်ပါသည်။ ထို့ပြင် စာကြည့်တိုက် အသုံးပြုသူအတွက်ရော နိုင်ငံအတွက်ပါ ပေးရတန်ဖိုးနှင့် ထိရောက်အကျိုးပြုတန်ဖိုး Cost effectiveness လည်းရရှိနိုင်သည်ကို မမေ့သင့်။ ထို့ကြောင့်စာကြည့် တိုက်ယဉ်ကျေးမှုထွန်းကားခြင်းနှင့် ထိုနိုင်ငံထိုလူ့အဖွဲ့အစည်း၏ အဆင့်အတန်း အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုဆက်စပ်မှုရှိ မရှိကို မေးခွန်းထုတ်ရန်ပင် လိုအပ်မည်မထင်ပါ။

ဖွံ့ဖြိုးမှုနှင့်ဆက်စပ်နေသည့်စာကြည့်တိုက်

တိုးတက်သည့်လူတွေဆိုတာ သူတို့ပညာရေးအတွက် သုတေသန အတွက် သင်ကြားရေးအတွက် အဖြစ်မှန်သတင်းအချက်အလက်များကို မရမက လိုက်လံရှာဖွေနေတတ်သူတွေပါ။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံမှ ပြည်သူတွေဆိုလျှင် စာကြည့်တိုက်ကို သူတို့အတွက် သတင်းအမြစ် ရယူရာပင်မအဖြစ် ထိထိရောက်ရောက်ကို အသုံးပြုလေ့ရှိကြ သည့်အပြင် အသိဉာဏ်ပွင့်လင်းရာ အပန်းဖြေအနားယူရေး intellectual recreation and entertainment အဖြစ်ပါ အသုံးပြုလာကြသည်ဟု ဆိုပါသည်။

ဖွံ့ဖြိုးပြီး စာကြည့်တိုက်တစ်ခု၏အသွင်အပြင်ကိုက ပုံနှိပ်ခြင်းပုံစံ (printed form) အပြင် အီလက်ထရွန်နစ်ပုံစံ (electronic form)နှင့်ပါ ရယူနိုင်ခြင်းက တစ်ပန်းပိုသာသည်ကို တွေ့ရသည်။ ကျောင်းပညာရေးလက်လမ်းမမီသူများအတွက် မိမိကိုယ်တိုင်သင်ကြား လေ့လာခြင်း self learning အတွက် စာကြည်တိုက်များသည် အားကိုးရာ ဖြစ်လာသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သည်ဆိုသည့်အတွက် စီးပွားရေးလူမှုရေး နိုင်ငံရေးကဏ္ဍများအပါ နယ်ပယ်စုံအတွက် စာကြည့်တိုက်များကို သုတစုံပညာစုံ သိုမှီးရာနေရာတစ်ခုအဖြစ် ဖန်တီးနိုင်လျှင် ပို၍ထိရောက်မှုရှိလာမည်ဖြစ်သည်ဆိုသောအချက်သည် ကျွန်တော်တို့လို နိုင်ငံမျိုးအတွက် ပို၍အရေးကြီးသည်။

အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးတိုးတက်ရေးသည် အဓိကကျနေရာ လွန်ခဲ့သော ရက်အနည်းငယ်က မြန်မာနိုင်ငံတစ်ဝန်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတစ်ခုမှာ နိုင်ငံအကြီးအကဲ လမ်းညွှန်ခဲ့သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ၊ ရေအသုံးပြုမှုနှင့်ပတ်သက်သည့် လက်တွေ့ အသုံးချစာအုပ်စာတမ်းများကိုလည်း ဖတ်ရှုလေ့လာနိုင်အောင် စုစည်းသိုမှီးထားသင့်သည်ဆိုသော အချက်မှာ မှန်ပါသည်။ ဤ Concept ကို စီးပွားရေးဖွံ့ဖြိုးမှုနှင့် စာကြည့်တိုက်များဆက်စပ်မှုကို ဖော်ထုတ်ထားသည့် ဖွံ့ဖြိုးဆဲအာဖရိက နိုင်ဂျီးရီးယားနိုင်ငံ၏ Case study တစ်ခုမှာ လေ့လာဖူးပါသည်။

စာဖတ်ခြင်း၏ အကျိုးကျေးဇူး

စာဖတ်ခြင်းက စိတ်အာဟာရကို နှိုးဆော်ပေးစွမ်းသည်ဟု ဆိုလေ့ရှိကြသည်။ စိတ်အာဟာရဆိုသည်မှာ စိတ်ကောင်းနှလုံးကောင်း ကိုယ်ရည်ကိုယ်သွေးကောင်းနှင့် ရင့်ကျက်ကြံ့ခိုင်မှု ဆုလာဘ်တစ်မျိုးပင်ဖြစ်သည် တစ်နည်း စိတ်ခွန်အားရရှိလာခြင်းပင်ဖြစ်သည်။ စာကောင်းပေကောင်းများက အယူအဆနှင့်လုပ်ရပ်အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်စေပြီး မှန်တာကိုလုပ် မှားတာဆိုမလုပ်တတ်သည့် ရိုးသားခြင်းဟူသောဂုဏ်ကိုလည်း ပေးပါသည်။ မသိတာတွေသိရ၊ ပညာဗဟုသုတရသဖြင့် အချင်းချင်းဆွေးနွေးကြ၊ မေးမြန်းကြ၊ ဖြေကြားကြရာမှာလည်း မိမိကိုယ်မိမိ လူရာဝင်သလိုဖြစ်လာကာ အပေါင်းအသင်းဆံ့ပြီး ယုံကြည်မှုကိုတိုးစေသည်။ လူတွေကို လိမ္မာလာစေပြီး အပြုအမူတွေကို ယဉ်ကျေးလာစေသည်။ မိမိတစ်ဦးတည်း ဖတ်နေရုံသိနေရုံနှင့်မပြီး တစ်ခါတစ်ရံ စာပေမြတ်နိုးသူအချင်းချင်း အသိပညာဖလှယ်ရေးစကားဝိုင်းများဖန်တီး၍ ကာယ၊ ဉာဏ၊ ဘောဂ၊ စာရိတ္တ၊ မိတ္တဗလငါးတန်ကို ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးအောင် လုပ်သင့်ကြသည်။ အသိအမြင်များ ဖလှယ်ခွင့်ရသည့်အတွက် လူအချင်းချင်းကြား အပြန်အလှန်နားလည်မှုတိုးကာ ကိုယ်ချင်းစာမှု ရရှိလာစေသည်။

လူငယ်တွေကို စာဖတ်ဖို့အားပေးခြင်းသည် သူတို့ဘဝတစ်သက်စာ အတွက်ပဲဖြစ်သည်ကို မြင်အောင်ပြရမည်။ စာဖတ်ခြင်းက ဘဝအပေါ်မှာ မှန်ကန်သည့်အမြင်နှင့် မှန်ကန်သည့်အမူအကျင့်များအထိ ပြောင်းလဲနိုင်စွမ်းရှိသည့်အတွက် မိမိတို့လူ့ဘဝတန်ဖိုးများ မြင့်တက်လာဖို့အရေးမှာ စာများများဖတ်ခြင်းက အရေးပါသည်ဆိုသည့် ယုံကြည်မှုတစ်ခုရရှိလာရန် အထူးလိုအပ်ပါသည်။ အခြေခံအားဖြင့် စာမတတ်တတ်အောင်၊ စာတတ်ပြီးလည်း စာဖတ်နေအောင်က လူ့အဖွဲ့အစည်း၏တာဝန်သာဖြစ်သည်ဟု ခံယူထားရပေမည်။

ဤသို့ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ မျှဝေပြီးသကာလ မိမိရသည့်အချိန် နည်းနည်းလေးမှာပင် နေ့စဉ်စာဖတ်ချိန်လေးတစ်ခုကို ပုံမှန်ထားရှိစေချင်သည်။ ပုံနှိပ်စာနေရာမှာ နည်းပညာ၏ ဆွဲဆောင်မှုဖြင့် နေရာယူလာသော ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာများဖြင့် မလိုအပ်သည့် နေထိုင်မှုပုံစံအမှားများတွင် အချိန်မပေးသင့်ပါ၊၊ အကျိုးရှိ၊ အသုံးဝင်သည့်စာမျိုးစုံကို e- book ဖိုင်များမှ လက်လမ်းမီဖတ်ရှုခြင်းဖြင့် ဖိအားများကို လျှော့ချ၍ရသည်။ အားလပ်ချိန်ကို စာဖတ်ခြင်းဖြင့် အချိန်ကုန်စေချင်သည်၊ ဘာမှလုပ် စရာမရှိလျှင်တောင် စာကြည့်တိုက်စာအုပ်ဆိုင်များသို့သာသွား၍ စာအုပ်စာပေနှင့် ထိတွေ့ စေချင်သည်။

စာကြည့်တိုက်များနှင့် နီးစပ်စေလိုပြီး စာဖတ်ခြင်းအလေ့ကို ပျိုးထောင်လိုလျှင် အတန်းကျောင်းတက် ကလေးဘဝကတည်းက စတင်ထားသင့်ပါသည်။ တွန်းတွန်းတိုက်တိုက်လုပ်မှရသည့် အလေ့အထတစ်ခုကို တစိုက်မတ်မတ် ပျိုးထောင်ပေးလျှင် ဝါသနာဖြစ်သွား ပါသည်။ စာဖတ်ဝါသနာပါလာလျှင် စာဖတ်သည့်စရိုက်လည်း အလိုလိုဖြစ်ကာ စာပေကို ချစ်တတ်မြတ်နိုးတတ်လာပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အများစုသည် တစ်ချိန်ချိန်မှာတော့ အမှားနှင့်မကင်းခဲ့ကြပါ။ ခံစားမှုကိုဦးစားပေးပြီး ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတွေနောက်ပါ၍ အတွေးအမြင်တွေ မှားခဲ့ကြဖူးသည်။ သို့သော် လူငယ်တွေမှားခဲ့သည်ဆိုလျှင်တော့ လူကြီးတွေညံ့လို့ ဟူ၍သာ မိမိကိုယ်မိမိ ခံယူထားပါသည်။ ထို့ကြောင့် အနာဂတ်မှာ ယနေ့လူငယ် နောင်ဝယ်လူကြီး ခေတ်အဆက်ဆက်မှာ ပညာဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ဖို့သာ အဓိကဖြစ်သင့်သည်ဟု ယူဆပါသည်။ စာဖတ်ဖို့ကို အလေးအနက်ထား တိုက်တွန်းရမည် ဖြစ်သလို စာဖတ်နိုင်မည့် အခွင့်အလမ်းများစွာလည်း ဖန်တီးပေးရမည်ဖြစ်သည်။

ပညာနှင့် အရာရာတိုင်းတာသည့်ခေတ်ကြီးဖြစ်၍ စာတတ်ရုံဖြင့် ရောင့်ရဲမနေစေဘဲ စာကိုဖတ်နိုင်သမျှ ဖတ်ဖြစ်အောင် မပြတ်စည်းရုံးလှုံ့ဆော်နေရပေမည်။ စာအုပ်စာပေ စာစောင်ဂျာနယ်များကို အပြန်အလှန်မျှဝေပေးဖတ်သင့်သည်။ ဖတ်ပြီးသောစာကို ဝေဖန်သုံးသပ်ချင့်ချိန်သည့် အလေ့အကျင့်လုပ်ကြရမည်၊ သို့မှသာ အမှားအမှန်ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး ရင့်ကျက်မှုတစ်ခုဆီသို့ တိုးတက် ရောက်ရှိလာမည်ဟု ခိုင်ခိုင်မာမာယုံကြည်ပါသည်။   ။