စာတစ်ပုဒ် စာတစ်အုပ်၏ တန်ဖိုး
စာဖတ်ပရိသတ်တစ်ဦး
“ကြည့်မြင်တိုင်ပါတီခေါင်းဆောင်မှာ ဆရာထွန်းစိန် ခေါ် သခင်ထွန်းဖြစ်၏။ ဆရာထွန်းစိန်မှာ စကားပြောလျှင် ပျော့ညက်ပျော့ညက်ပြောတတ်သလောက် လူတစ်ယောက်ကိုလည်း အပျော့ဆွဲဆွဲနိုင်စွမ်းရှိသူဖြစ်၏။ သို့သော် ကျွန်တော်တို့ကို ကွန်မြူနစ်ပါတီထဲရောက်အောင် ဆွဲခေါ်ခဲ့သူဖြစ်သော်လည်း တောခိုသည့်အခါတွင်မူ ဆရာထွန်းစိန်တစ်ယောက် မြို့ပေါ်မှာပဲ ကျန်ရစ်ခဲ့လေသည်”။
ညတရေးနိုးလာသည်။ နာရီကိုကြည့်တော့ ညသန်းခေါင်ကျော်စ။ ရာသီဥတုကလည်း ပူပြင်းလှ၍ ပြန်လည်အိပ်စက်ဖို့ မစွမ်းသာတော့။ သို့နှင့် ကော်ဖီတစ်ခွက်ဖျော်ပြီး လတ်တလောဖတ်ရှုရန် စာအုပ်စင်ထက်က စာအုပ်တစ်အုပ်ကို ရွေးထုတ်လိုက်သည်။
မူလရည်ရွယ်သည်က မအိပ်ခင် ခဏတဖြုတ်ဖတ်ရှုရန်ဖြစ်သော်လည်း ဖတ်ရင်း ဖတ်ရင်း ဈာန်ဝင်သွားသည်။ ဝယ်ယူခါစက တစ်ခေါက်ဖတ်ရှုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့၍ စာအုပ်ကို လက်ကမချချင်တော့။ အိပ်ချင်စိတ်များလည်း ပြေပျောက်သွားသည်။
စာအုပ်မှာ ကွန်မြူနစ်ပါတီ တောမခိုမီ စစ်ပြီးခေတ်ကာလမှ စတင်သန္ဓေတည်ပြီး ရေးဖွဲ့ခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးလမ်းကြောင်းတွင်ပါ သတိမူစရာ၊ ရှောင်ကြဉ်စရာ၊ သင်ခန်းစာယူစရာများက တစ်ပုံတစ်ပင်ပါဝင်လေသည်။ အထူးသဖြင့် လူငယ်များအတွက်ဖြစ်သည်။“နိုင်ငံရေးမကင်းခဲ့သော စာရေးသူ၏ဘ၀အစိတ်အပိုင်းကို လှစ်ပြခြင်း ဖြစ်ပါသဖြင့် မလွှဲမရှောင်သာသော နိုင်ငံရေးအကြောင်းများ ပါဝင်ပါလိမ့်မည်။”
စာရေးသူမှာ အတ္ထုပ္ပတ္တိရေးလောက်အောင် ကြီးကျယ်သူတစ်ယောက်၊ ထူးချွန်သူတစ်ယောက်၊ မှတ်တမ်းတင်စံထားလောက်သူတစ်ယောက်၊ တိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ တစ်ယောက် မဟုတ်သည်ကိုမူ ကြိုတင်ဝန်ခံပါရစေ။
သို့သော် . . .စာရေးသူဖြတ်သန်းခဲ့သော ဘဝခရီးလမ်းကြောင်းအတွေ့အကြုံများမှာ စံပြုလောက်စရာမဟုတ်စေကာမူ သတိမူစရာလေးများ ပါရှိနေသည်ဟု ယူဆမိပါ၏။
နိုင်ငံရေးဝါဒတစ်ခု၏ အရောင်ဆိုးမှုကိုခံရလျှင် ပြန်လည်အဖတ်ဆယ်ရန် ခက်ခဲ
အထူးသဖြင့် လူငယ်များအတွက် လူငယ်ဗီဇစိတ်ဓာတ်အရင်းခံဖြင့် တဇွတ်ထိုးတဇောက်ကန်းပြုမူတတ်သည်မှ ဆုံးရှုံးရတတ်သော အကြောင်းရပ်များမှာ စာရေးသူ၏ဘဝဇာတ်လမ်းထဲတွင် အများဆုံးပါဝင်နေကြောင်း တွေ့ရမည်ထင်ပါသည်။
လူတိုင်းနိုင်ငံရေးနှင့် မကင်းအပ်ဆိုသည်ကိုမူ စာရေးသူကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက်လက်ခံပါ၏။ သို့ရာတွင် မှားယွင်းသော နိုင်ငံရေးဝါဒတစ်ခု၏ အရောင်ဆိုးမှုကိုခံရလျှင်မူကား ပြန်လည်အဖတ်ဆယ်ရန် ခက်ခဲလှပါဘိ၏။ ထိုမှ တိုင်းတစ်ပါးသစ္စာခံအဖျက်သမားဘဝသို့ ရောက်လျှင်မူ ဆိုဖွယ်ရာ မရှိတော့ပါပေ။
ဤသည်ကို တင်ပြချင်သည်မှာ စာရေးသူ၏ စေတနာပင်”စသည်ဖြင့် စာရေးဆရာကလည်း စာရေးသူ၏အမှာအဖြစ် ရေးသားခဲ့ပါသည်။
စာရေးဆရာသည် သူ့ဘဝဇာတ်ကြောင်းကို စစ်ပြီးကာလ ပြည်သူ့ရဲဘော်ဘဝ၊ ထိုမှ ကွန်မြူနစ်ပါတီ တပ်နီတပ်သား၊ လွတ်လပ်စဖဆပလအစိုးရခေတ်တွင် ကွန်မြူနစ်ပါတီက ဦးဆောင်သည့် အလုပ်သမားသပိတ်တိုက်ပွဲများ၊ သပိတ်စုံသူပုန်ထ၍ ကွန်မြူနစ်ပါတီကို ဖဆပလက အရေးယူတော့ ခေါင်းဆောင်များက ညတွင်းချင်း မြေအောက်လျှိုး တောခိုသွား၍ အခြားအောက်လက်ငယ်သားများနှင့်အတူ ဖမ်းဆီးအရေးယူခံရသော အကျဉ်းသားဘဝ၊ သာယာဝတီထောင်တွင်း အကျဉ်းကျခံရစဉ်အတွင်း ကွန်မြူနစ်များက မြို့ကို သိမ်းပိုက်နိုင်ခဲ့၍ ပြန်လည်လွတ်မြောက်ပြီး တောတွင်းရောက်သွားခဲ့သည့်ဘဝများကို ခပ်သွက်သွက်ရေးဖွဲ့ခြယ်မှုန်းပြခဲ့ပါသည်။
ကျင်လည်ခဲ့သမျှ ဘဝဇာတ်ကြောင်း
ထိုမှတစ်ဖန် တောတွင်းငွေအလွဲသုံးစားမှုများ၊ လိင်ဖောက်ပြန်မှုများ၊ တစ်ဦးအပေါ်တစ်ဦး ချောက်တွန်း၍ နေရာယူမှုများ၊ အကြောင်းအမျိုးမျိုးပြ၍ အထူးအခွင့်အရေးခံစားမှုများ၊ ရွှေစု၊ ငွေစု၊ စိန်စုမှုများ၊ မြို့ပေါ်က ဇနီးသားသမီး၊ ဆွေမျိုး သားချင်းများကို ပါတီရန်ပုံငွေမှ ထောက်ပံ့မှုများ အပါအဝင် တောခိုစ ပျဉ်းမနားမှ မြန်မာတစ်ပြည်လုံး လွတ်မြောက်ရေး၊ တောကိုအခြေခံ မြို့ကိုသိမ်း၊ ရန်သူကို မစေ့စပ်စတမ်း အပြုတ်တိုက်ရေး၊ ထိုမှ. . . ဒီမိုကရေစီငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရလမ်းစဉ်၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလမ်းစဉ်၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်၊ နှစ်နှစ်အတွင်း စစ်အနိုင်တိုက်ရေးလမ်းစဉ်၊ လေးနှစ်အတွင်း အပြုတ်တိုက်ရေး၊ အာဏာနီထူထောင်ရေးလမ်းစဉ်စသည်ဖြင့် ဦးတည်ချက်မရှိ၊ ခုစာကလေး ခုဆီထမင်း၊ အမျိုးမျိုးသော ဝါဒလမ်းစဉ်များအပေါ် စိတ်ပျက်ကာ လက်နက်ချအလင်းဝင်ရောက်လာမှု၊ ထိုမှ ဝန်ထမ်းနှင့် စာပေနယ်တွင် ကျင်လည်ခဲ့သမျှ ဘဝဇာတ်ကြောင်းများကိုပါ မခြွင်းမချန် ရေးသားဖော်ပြခဲ့ပါသည်။
တပ်နီတပ်သား မော်ကြွားကြွားအခန်းတွင် “လူငယ်များ၏ ရှိရင်းစွဲဗီဇစိတ်ဓာတ်မှာ ဟီးရိုးလုပ်ချင်သည်၊ စွန့်စားချင်သည်၊ အများအထင်ကြီးမှုကို ခံချင်သည်၊ သမားရိုးကျထက် အသစ်အဆန်းကို ခုံမင်သည်။ အများမလုပ်သောအလုပ်ကို လုပ်ပြချင်သည်။ အုပ်ချုပ်သူကို ဆန့်ကျင်ချင်သည်။ လူစွာ လူတတ်လုပ်ချင်သည်၊ သိယောင်ကား၊ တတ်ယောင်ကား လုပ်ချင်သည်။
ယင်းသို့မူလအခံရှိနေသော စိတ်ဓာတ်သည် အရောင်ဆိုးသူများနှင့်တွေ့သောအခါ အလွယ်တကူပင် အရောင်ဆိုးခံတတ်ကြ၏။
ဖြူဆိုဖြူ၊ နီဆိုနီ၊ ပြာဆိုပြာ။
မိမိကိုယ်တိုင်နားလည်သည်၊ နားမလည်သည်၊ သဘောပေါက်သည်၊ မပေါက်သည်၊ လုပ်အပ်သော အလုပ်ဖြစ်သည်၊ မဖြစ်သည်ထက် ဟီးရိုးလုပ်ချင်သော စိတ်ဓာတ်ကလေးဖြင့် တစ်ပါးသူအချက်ပြရာ နောက်သို့ လိုက်မှားမိတတ်ကြပေသည်။
သင်ခန်းစာအဖြစ် အသိပေး
ယနေ့ လူငယ်အတော်များများသည်လည်း ယင်းလွဲမှားသောအယူအဆကို လက်ခံနေကြဆဲပင် ရှိကြသေး၏။ အမှားဒဏ်ကို ခံနေရဆဲဖြစ်၏” စသည်ဖြင့် စာရေးသူက စာဖတ်သူများ၊ အထူးသဖြင့် တက်ခေတ်လူငယ်များကို သူ့ဘဝအတွေ့အကြုံများနှင့်ယှဉ်၍ သင်ခန်းစာအဖြစ် အသိပေးတင်ပြခဲ့ပါ သည်။
ထို့အတူ လူငယ်များ သတိပြုဆင်ချင်စရာ၊ ထည့်သွင်းစဉ်းစားစရာအဖြစ် “ဖခင်ကြီး၏အလုပ်မှာ အစိုးရပုံနှိပ်တိုက်မှ လျှို့ဝှက်အခန်းအုပ်ဖြစ်၏။ အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများ ရိုက်နှိပ်သောနေရာတွင် အကြီးအကဲဖြစ်၍ လုံးဝတာဝန်ခံလုပ်ရသူဖြစ်၏။
ဖခင်ကြီးက အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများ အပြင်သို့ မပေါက်ကြားရန် လုံးဝတာဝန်ယူရသူ။
သားဖြစ်သူက အစိုးရနှင့် အတိုက်အခံကွန်မြူနစ်ကေဒါ။
ဖခင်ကြီးလုပ်နေသောအလုပ်နှင့် သားဖြစ်သူ လုပ်နေသော လုပ်ငန်းများမှာ ဖီလာဆန့်ကျင်ဘက်။
ဒါအတွက် တကယ်တမ်း အလုပ်တွေ ဘာတွေ ထိခိုက်စရာရှိလျှင် ကျွန်တော့်ကို ထိခိုက်မည်မဟုတ်ပါ။ ပခုံးလက်နှစ်သစ်မှ လူဖြစ်လာအောင် ရှာဖွေကျွေးမွေးခဲ့သော ဖခင်ကြီးကို ထိခိုက်မည်သာဖြစ်၏။ သို့သော်ထိုအချိန်က ယင်းပြဿနာများကို ခေါင်းထဲမှာ ထည့်သွင်းမစဉ်းစားဘဲ လူငယ်ပီပီ ထင်ရာစိုင်းလုပ်ခဲ့၏။
အန္တရာယ်နှင့်ဂယက်ကို ထည့်သွင်းစဉ်းစားသင့်
ယနေ့ခေတ်လူငယ်များ တစ်ခုခုလုပ်တော့မည်ဟု ဆုံးဖြတ်မည်ကြံတိုင်း ပင်ပန်းတကြီး ကျွေးမွေးသုတ်သင်ခဲ့သူ မိဘများအပေါ် ရိုက်ခတ်လာမည့် အန္တရာယ်နှင့်ဂယက်ကို ထည့်သွင်းစဉ်းစားသင့် လှပေ၏။
ကိုယ်တစ်ယောက်ကြောင့် မိသားစုတစ်ခုလုံးဒုက္ခရောက်စေမည့် ပြဿနာမှန်သမျှကို ရှောင်ကြဉ်ရန်မှာ ယနေ့ခေတ်လူငယ်များအတွက် စောင့်ထိန်းရန် လိုအပ်လှသော ကျင့်ဝတ်တစ်ခုအဖြစ် လက်ခံ ကြရပေမည်သာ” ဟူ၍ စာရေးသူက ရေးသားတင်ပြခဲ့ပါသည်။
စာအုပ်အမည်က ကျော်မြသန်း၏ “ကျွန်တော် လက်နက်ချ”။ ထိုစာအုပ်ကို ၁၉၈၈ မတိုင်ခင် မိမိ လူငယ်ဘဝ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းကပင် ရပ်ကွက်စာအုပ်အငှားဆိုင်တွင် ငှားရမ်းဖတ်ရှုခဲ့ဖူး သည်။ ကမ္ဘာကြီးကို စူးစမ်းစ၊ သင်ယူစလူငယ်တစ်ဦးအတွက် စဉ်းစားတွေးခေါ်စရာ၊ ချင့်ချိန်စရာတစ်ခု ဖြစ်လာသည်။
ကျောင်းသားလူငယ်များက စေ့စပ်ညှိနှိုင်းပေးနေရ
၁၉၈၈ ခုနှစ် မတ်လနောက်ပိုင်းကာလတွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ စာမျက်နှာ ၄၀ အိတ်ဖွင့်စာတမ်း ထွက်လာသည်။ မတ်လအရေးအခင်းအပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းများ၊ ဖွံ့ဖြိုးမှုအနည်းဆုံး LDC နိုင်ငံအဖြစ် ရွေ့လျောလာမှုများ ပါဝင်သည်။ လူငယ်ပီပီ မခံချင်ဖြစ်ရသည်။ မရှေးမနှောင်း ၁၉၈၈ ရှစ်လေးလုံး အရေးအခင်း ပေါ်ပေါက်လာသည်။ ကျောင်းသားလူငယ်များ ရှေ့ထွက်လာကြသည်။ လက်ဝဲလက်ယာ နိုင်ငံရေးသမားဟောင်းကြီးများကမူ ကြားဖြတ်အစိုးရအတွက် ညှိကြ၊ ငြင်းကြ၊ ခုံကြရင်း ကွဲကြ ပြဲကြပြန်သည်။ ကျောင်းသားလူငယ်များ က စေ့စပ်ညှိနှိုင်းပေးနေရသည်။
ထိုသောအခါ ၈၈ အရေးအခင်းမတိုင်ခင်က ဖတ်ခဲ့ဖူးသည့်ဆရာကျော်မြသန်း၏ “ကျွန်တော် လက်နက်ချ” နိုင်ငံရေးအတ္ထုပ္ပတ္တိစာအုပ်ကို ကျွန်တော်အမှတ်ရသွားသည်။ ပြီးတော့ ဆရာကြီးသာဓု၏ “အတာ”။ ငယ်စဉ်က စာတော်ခဲ့သော အတာ၊ စာညံ့သော အတန်းဖော်သူငယ်ချင်းကို စာပြပေးခဲ့သောအတာ၊ “ကျွန်ပညာရေး-အလိုမရှိ” ဟူသော ကြွေးကြော်မှုနှင့်အတူ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ပြီး နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သောအတာ၊ ပါတီကခိုင်းသမျှ အောက်ခြေသိမ်းအလုပ်များကိုပင် ဂုဏ်ယူဝင့်ကြွားစွာ တက်တက်ကြွကြွလုပ်ဆောင်ခဲ့သူ အတာ။
သို့သော်၊ သို့သော် . . . အသစ်ရောက်ရှိလာသော ပါတီအထွေထွေအတွင်းရေးမှူး မိတ်ဆက်ပွဲတွင် တွေ့လိုက်ရသူက ငယ်စဉ်က စာမရ၍ သူစာပြပေးခဲ့သူ ဘီအေဘွဲ့ရ သူ့သူငယ်ချင်းဖြစ်နေ၍ အတာ၏ နောင်တနှင့် ငိုကြွေးမှုများကို ပြန်လည်အမှတ်ရလာသည်။
ထို့အတူ ဖတ်ခဲ့ဖူးသော ဆရာသိန်းဖေမြင့်၏ ဝတ္ထုတိုတစ်ပုဒ်။ ကွန်မြူနစ်ဆက်သားတစ်ဦး၏ဘဝကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆက်သားသည် ဗဟိုကော်မတီမှ ခေါင်းဆောင်ကြီးများ၏ လျှို့ဝှက်စာတစ်စောင်ကို မြို့ပေါ်သို့ ပေးပို့ဆက်သွယ်ရန် သွားခဲ့သည်။ လမ်းခုလတ်တွင် တပ်မတော်စစ်ကြောင်းနှင့်တိုးရင်း အသက်စွန့်လွှတ်သွားခဲ့ရသည်။ သူ့အသက်စွန့်ထမ်းဆောင်ခဲ့သည့် လျှို့ဝှက်စာထဲတွင် ခေါင်းဆောင်ကြီးများက သူတို့ဇနီးများအတွက် ဇာဘော်လီ၊ မျက်နှာချေစသည့် မိန်းမအသုံးအဆောင်ပစ္စည်းများ အမှာစာဖြစ်နေသည်ကို မသိဘဲ အသက်စွန့်သွားခဲ့ပုံကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ သို့နှင့် ကျွန်တော့်စိတ်သည် စိတ်သွားတိုင်း ကိုယ်မပါတော့။ ခြေလှမ်းမကျွံမီ ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးနယ်ပယ်သည် ကျယ်ဝန်းလှပေသည်။ သို့ကြောင့်ပင် ရှေးလူကြီးများက “ပြည်ထဲအရေး ပေါက်နှင့် ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ဆိုကြသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း သခင်အောင်ဆန်းအမည်ဖြင့် ရေးသားခဲ့သော “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးတွင် “ကျွန်တော့်အယူအဆတွင်ကား နိုင်ငံရေးလောကဓာတ်ကြောင်းအရ မြင်မှထင်မှဟုတ်သည်ဟုထင်၏။ အကျိုးရှိလျှင် အကြောင်းရှိရမည်။ အကြောင်းရှိလျှင် အကျိုးပေါ်ရမည်။ ဤကား လောကဓာတ်၏ အခြေခံတရားများဖြစ်၏။ သို့နိုင်ငံရေးတွင်လည်း အကြောင်းအကျိုးနှစ်ပါးကို အမှီပြု၍ တွေးမှ၊ ကြံမှ၊ လုပ်မှ၊ ကိုင်မှ၊ ပြောမှ၊ ဆိုမှဖြစ်ပေမည်။ အောင်ပေမည်။ ဤကား ကျွန်တော် ယူဆပုံဖြစ်၏။
တိုင်းပြည်ကောင်းစားအောင် အပြောကလွယ်၏။ အလုပ်ကားခက်၏။ မိမိကိုယ်ကို နာမည်ကြီးအောင် ကြွယ်ဝအောင်လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ်၏” စသည်ဖြင့် ရေးသား ခဲ့ပေသည်။
ညဉ့်သည်သန်းခေါင်ယံကျော်၍ ပစ္ဆိမနောက်ဆုံးယံသို့ တရွေ့ရွေ့ကူးပြောင်းလာသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဖျတ်ခနဲဝင်ရောက်လာသော အတွေးတစ်ခုကြောင့် ဆရာ ကျော်မြသန်း၏ “ကျွန်တော်လက်နက်ချ”စာအုပ်မာတိကာကို ပြန်လှန်လိုက်သည်။ ၂၀၁၃ ခုနှစ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေစဉ်က တန်ဖိုးကို ကျပ် ၄၂၀၀ ဟု ဖော်ပြထားသည်။
သို့သော် ကျွန်တော်အမှန်တကယ် တွေ့မြင်မိသည့် စာတစ်ပုဒ်၊ စာတစ်အုပ်၏ တန်ဖိုးမှာမူ စာဖတ် သူများ၏ ဘဝလမ်းကြောင်းကို မယိမ်းမယိုင်စေရန် “ဒါမလုပ်နဲ့၊ ဒါလုပ်”ဟူသည့် ရှောင်ရန်၊ ဆောင်ရန်များ၊ သတိပြုဆင်ခြင်စရာများ၊ မှတ်သားနာယူ သင်ခန်းစာယူစရာများ၊ စံနမူနာ အတုယူစရာများ သာဖြစ်ပါတော့သည်။ ။