လူသားတိုင်းဘဝ အေးမြလှပဖို့ ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြပါစို့
အေးမြင့်ဆွေ(ဆည်/ရေ)
ကျွန်ုပ်တို့နေထိုင်ရာ ဤမြေကမ္ဘာ၏ စိမ်းမြလတ်ဆတ်မှုအတွက်လည်းကောင်း၊ လူသတ္တဝါအားလုံးတို့၏ အသက်သွေးကြော ရှင်သန်စီးဆင်းရာအတွက်လည်းကောင်း၊ ရေသည် တုပြိုင်ကင်းသော ရင်းမြစ်ဖြစ်ပါသည်။ “ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်” ၊ “ရွှေကိုမလို ရေကိုသာလိုသည်” ဟူသော စကားပုံများကဲ့သို့ပင် ရေရရှိမှုမရှိပါက အသက်ခန္ဓာများလည်း တည်မြဲမည်မဟုတ်၊ စည်းစိမ်ဥစ္စာတို့လည်း အရေးကြီးမည်မဟုတ်၊ ငြိမ်းချမ်းအေးမြလှပသော လူ့အဖွဲ့အစည်းကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ပါ။
ရေသည် လူသားများ၏ အခြေခံ ကျသော ရပိုင်ခွင့်ဖြစ်ပါသည်။ ထို့အတူ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လူသားအားလုံး၏တာဝန်ဖြစ်ရာ နိုင်ငံတော် အစိုးရနှင့်အတူ ကျွန်ုပ်တို့ပြည်သူများက လည်း ရေကိုအကျိုးရှိစွာ စီမံခန့်ခွဲချွေတာ အသုံးချရေးတွင် ကိုယ်စွမ်းနိုင်သမျှ တတ်အားသရွေ့ ပါဝင်ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ကျွန်ုပ်တို့မြန်မာလူမျိုး အများစုသည် ရေ၏တန်ဖိုးကိုသိသော်လည်း မိခင်သဘာဝတရားကပေးသော သယံဇာတလက်ဆောင်များအရ မြန်မာ့ဒေသအများစုသည် ရေပေါများသောကြောင့် ရေကို စနစ်တကျစုဆောင်း ချွေတာသုံးစွဲရန် အမှုမဲ့အမှတ်မဲ့ဖြစ်တတ်ကြသည်မှာ အပြစ်မဆိုသာသော သဘာဝဖြစ်ပါသည်။
သို့ရာတွင် ယခုနှစ်ဖြစ်ပွားသည့် အယ်နီညိုကဲ့သို့သော ရာသီဥတုဖောက်ပြန်မှုများနှင့် ကမ္ဘာကြီးတဖြည်းဖြည်းပူနွေးလာမှုစသည်တို့ကို စနစ်တကျရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှုအသိအမြင်နှင့် ရေကိုစနစ်တကျ အသုံးချတတ်မှုတို့သည် လွန်စွာအခြေခံကျ အရေးကြီးလာသော အရည်အသွေးတစ်ခုဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏ရေဆိုင်ရာ မဟာဗျူဟာများသည် အဆောက်အအုံကြီးတစ်ခုဖြစ်ပါက ကျွန်ုပ်တို့ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှုအရည်အသွေးသည် ထိုအဆောက်အအုံကို တည်ဆောက်ထားသော အခြေခံအုတ်ချပ် အုတ်မြစ်များ ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ရေကိုအကျိုးရှိရှိစီမံခန့်ခွဲ ချွေတာသုံးစွဲခြင်းသည် မိမိတို့၏စိတ်နှလုံးအေးချမ်းမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ မိမိဒေသ၏ စိမ်းလန်းစိုပြည်အေးချမ်းမှု၊ မိမိနိုင်ငံ၏ စည်ပင်ငြိမ်းချမ်းမှုတို့အတွက် လွန်စွာအကျိုးရှိ မွန်မြတ်သောအလေ့အထကောင်းတစ်ခု ဖြစ်ပါသည်။
ရေကိုအကျိုးရှိရှိစနစ်ကျစွာ အသုံးပြုရန်အတွက် သိပ္ပံနည်းလမ်းများ၊ အသုံးချ သုတေသနစာတမ်းများ၊ တိုက်တွန်းအကြံပေးချက်များ များစွာရှိသည့်အနက်မှ ကျွန်ုပ်တို့နေ့စဉ်လူနေမှုဘဝ အလေ့အကျင့်များနှင့် အဆင်ပြေလိုက်လျောညီထွေဖြစ်နိုင်မည့် နည်းလမ်းအချို့ကိုအောက်ပါအတိုင်း မျှဝေဖော်ပြပေးလိုပါသည် -
(က) မိုးရေများအား သိုလှောင်ထိန်းသိမ်းခြင်း
မြန်မာလူမျိုးတို့သည် ရှေးယခင်ကပင် ရွာသွန်းသောမိုးရေသယံဇာတတို့ကို စနစ်တကျထိန်းသိမ်းသိုလှောင် အသုံးချတတ်သောအလေ့အထကောင်းများ ပိုင်ဆိုင်ကြပြီးဖြစ်ပါသည်။ မိုးရွာတုန်းရေခံဟူသော စကားပုံကဲ့သို့ပင် ရွာသွန်းသောမိုးရေကို ဆည်မြောင်းတာတမံများဆောက်၍ သိုလှောင်ခြင်း၊ ကျေးရွာသုံးရေကန်များ တူးဖော်သိုလှောင်ခြင်း၊ တစ်နိုင်တစ်ပိုင် ရေကန်ရေစည်များဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်လေ့ရှိကြသည်။
မိုးရေကို အကျိုးရှိစွာ သိုလှောင်ခြင်း သည် မြေအောက်ရေကို ချွေတာနိုင်ခြင်း၊ ရေများပင်လယ်သို့ အလဟဿစီးဆင်းသွားခြင်းကို ကာကွယ်နိုင်ခြင်း၊ သန့်ရှင်း သော သောက်သုံးရေအဖြစ် အလွယ်တကူသုံးစွဲနိုင်ခြင်း၊ သိုလှောင်ရာဒေသ၏ ပတ်ဝန်းကျင်မြေထုလေထုကိုအပူချိန်လျော့ကျ စိမ်းလန်းစိုပြည်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။ တစ်နိုင်တစ်ပိုင်သုံး ရေကန်ငယ်များအဖြစ် မြေတူး၍ မိုးကာစများ ခင်းကာထားခြင်းဖြင့် ယာယီရေကန်ငယ်များအဖြစ် သိုလှောင်ခြင်းများကိုလည်း တွေ့မြင် ရလေ့ရှိသည်။ ထိုအလေ့အကျင့်များ ကို ထိန်းသိမ်း၍ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြံတွေးဆောင်ရွက်ကာ နောင်မျိုးဆက်သစ်များအား မျှဝေလက်ဆင့်ကမ်းပေးသင့်သည်။
(ခ) မြေအောက်ရေကို တတ်နိုင်သမျှ ချွေတာသုံးစွဲခြင်း
လူသားတို့သည် မြေပေါ်ရေသိုလှောင် ခြင်းနှင့်စာလျှင် ပိုမိုလွယ်ကူသော အချိန်အခါမရွေးရရှိသော မြေအောက်ရေကို (အထူးသဖြင့်) မြို့ပြများတွင် ပိုမိုသုံးစွဲလာကြသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မြေအောက်ရေပမာဏသည် ကမ္ဘာပေါ်တွင် သိသိသာသာကျဆင်း၍ ရေတွင်းအများစု လျော့နည်းခန်းခြောက်ကာ စားရေရိက္ခာ သီးနှံစိုက်ပျိုးဖြစ်ထွန်း လာမှုများ ပျက်ယွင်းလာသည်။ ထို့ကြောင့် မြေအောက်ရေကို တတ်နိုင်သမျှချွေတာသင့်ပါသည်။ သို့ရာတွင် မဖြစ်မနေသုံးစွဲရန်လိုအပ်သည့်ဒေသနှင့် အခြေအနေတို့တွင်မူ စနစ်တကျနည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲရန် လိုအပ်ပါသည်။
(ဂ) အင်းအိုင် ကန်ချောင်းများအား ထိန်းသိမ်းခြင်း
မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်တို့မှစ၍ ကျေးရွာသုံး ရေကန်များအထိ အင်းအိုင်ကန်ချောင်း များစွာရှိသည်။ သို့သော် မြို့ပြဖွံ့ဖြိုးလာ ခြင်းနှင့် နှစ်ကာလကြာမြင့်စွာ နုန်းမြေ ပို့ချလာခြင်းကြောင့် အချို့ကန်များမှာ တဖြည်းဖြည်း တိမ်ကောလာကြ၍ ရေသိုလှောင်နိုင်မှုပမာဏ တဖြည်းဖြည်း လျော့နည်းလာကြသည်။ ထို့ကြောင့် နုန်းမြေပို့ချမှုလျော့နည်းရန် နည်းလမ်းများ ဆောင်ရွက်ခြင်းနှင့် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါမည်။ မြစ်လက်တက်၊ ချောင်း လက်တက်ငယ်များသည်လည်း ရေစီးဆင်းမှုအတွက် အစပျိုးရာဖြစ်သောကြောင့် တိမ်ကောပျက်စီးသွားခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ယခုအခါတွင် ပုဂံရှိ ရှေးဟောင်းရေကန်များအား ဌာနအဖွဲ့အစည်းများနှင့် ပြည်သူပူးပေါင်း၍ စနစ်တကျ ပြန်လည်တူးဖော်နေကြောင်း ကြားသိရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ပါသည်။
( ဃ) ကန်ရေများ အလျင်အမြန် မခန်း ခြောက်စေရန်ထိန်းသိမ်းခြင်း
မြန်မာနိုင်ငံအပူပိုင်းရပ်ဝန်းရှိ ရေကန်အများစုမှာ မိုးရာသီတွင် ရေသိုလှောင်ထားသော်လည်း မြင့်မားသော အပူချိန်ကြောင့် ရေငွေ့ပြန်မှုများ၍ လျင်မြန်စွာ ခန်းခြောက်သွားလေ့ရှိပါသည်။ ထိုအခက် အခဲသက်သာစေရန်အတွက် ရေကန် ပတ်လည်တွင် အရိပ်ရပင်များစိုက်ခြင်း၊ ရေမျက်နှာပြင်ပေါ်တွင်ဝါးတန်းနှင့် ရေပေါ်ပေါ်သည့် ရေပုံး၊ ဗောခွေများ အသုံးပြု၍ အပူခံအစိမ်းစများအုပ်မိုးခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ရေသိုလှောင်သည့် နေအိမ်သုံးကျောက်စည် ရေကန်များကိုလည်း အရိပ်ရအေးမြသော နေရာများတွင် ထားရှိအသုံးပြုသင့်ပါသည်။
(င) ဆည်ရေ စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲခြင်း
တောင်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့်စနစ်ဖြင့် ဆည်ရေပေးမြောင်းများ ထိန်းသိမ်းခြင်း၊ ဆည်ရေကို အကျိုးရှိစွာ ခွဲဝေအသုံးချခြင်းများကိုပူးပေါင်းဆောင်ရွက်သင့်ပါသည်။ မြောင်း ရင်းမှ မြောင်းဖျားအထိ စိုက်ပျိုးမြေအားလုံး လိုအပ်သောရေရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေတာဝန် ယူတတ်မှုတို့သည် အလွန်အဓိကကျပါ သည်။ သစ်သီးဝလံစိုက်ခင်းများတွင် ရေအသုံးပြုရမှု သက်သာစေသည့် ရေဖျန်းစနစ်ဖြင့် ရေပေးဝေခြင်း (Sprinkler Irrigation System) ကဲ့သို့ သော ခေတ်မီနည်းစနစ်သစ်များကိုလည်း စမ်းသပ်အသုံးပြုသင့်ပါသည်။
(စ) သုံးစွဲပြီးရေကို ပြန်လည်အသုံးပြုခြင်း
ရေအကျိုးရှိစွာ အသုံးပြုခြင်းများတွင် သုံးစွဲပြီးရေကို ပြန်လည်အသုံးပြုခြင်း (Reuse) သည် အလွန်အသုံးဝင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် - ရေအားလျှပ်စစ်စက်ရုံများမှ ထုတ်လွှတ်ရေများအား စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရေချိုးပြီးရေများကို ရေမြောင်းဖောက်၍ အပင်များကြီးထွားရန် ရေသွင်းခြင်းစသည်တို့ ဖြစ်ပါသည်။ အခြားနည်းလမ်းတစ်ခုမှာ သုံးစွဲပြီးရေများကို ပြန်လည်သန့်စင် အသုံးပြုခြင်းနည်းလမ်း (Recycle)ဖြစ်ပါသည်။ အချို့ရေရှားသော နိုင်ငံများတွင် နေအိမ်များမှ ထုတ်လွှတ်ရေများ၊ စက်မှုလုပ်ငန်းသုံးရေများကို စက်ရုံများတွင် ပြန်လည်သန့်စင်၍ အသုံးချခြင်းလုပ်ငန်းများရှိရာ အတုယူသင့်သည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။
ကားရေဆေးခြင်း၊ သစ်ပင်ပန်းပင်ရေလောင်းခြင်းများ ပြုလုပ်ရာတွင်လည်း ရေပိုက်များ အသုံးပြုခြင်းအစား ရေကုန်ကျသုံးစွဲမှုသက်သာစေသည့် ရေပုံး၊ ရေခွက်များ အသုံးပြုသင့်သည်။ မျက်နှာသစ် သွားတိုက်ရာတွင်လည်း ရေပိုက်ခေါင်းကို အဆက်မပြတ် ဖွင့်ထားခြင်းမပြုဘဲ လိုအပ်သလောက်သာ အသုံးပြုသင့်ပါသည်။
(ဆ) ကြည်လင်သန့်ရှင်းရောဂါကင်း
မြို့ပြရေညစ်ညမ်းမှုအတွက် စက်မှုလုပ်ငန်းများ၊ မြို့ပြချဲ့ထွင်မှုများကို စနစ်တကျဥပဒေများဖြင့် ထိန်းသိမ်းကြပ်မတ်ရမည်။ ကျေးလက်ဒေသများတွင်လည်း သောက်သုံးရေကန်များတွင် အဝတ်မလျှော်ရ၊ ရေမချိုးရစသည်ဖြင့် သန့်ရှင်းမှုကို စနစ်တကျထိန်းသိမ်းရမည်။ ကျေးလက်ရေထုညစ်နွမ်းမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သောမိလ္လာစနစ်မရှိ ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများလည်း ပါဝင်ပါသည်။ ရေချွေတာမှုအရေးကြီးသကဲ့သို့ သောက်သုံးရေ၊ စိုက်ပျိုးရေအရည်အသွေး ထိန်းသိမ်းခြင်းသည်လည်း လွန်စွာအရေးကြီးပါသည်။
(ဇ) ရေဆိုင်ရာဗဟုသုတ အသိအမြင်များ မျှဝေခြင်း
နှမ်းစေ့တစ်စေ့နှင့် ဆီမဖြစ်သော်လည်း နှမ်းများစွာစုပေါင်းပါက ဆီရသကဲ့သို့ ပြည်သူတစ်ဦးချင်းစီမှသည် တစ်မျိုးသားလုံးအထိရေဆိုင်ရာ ဗဟုသုတအတွေးအမြင် ဆောင်ရွက်ချက်များ ပြည့်စုံလာပါက ရေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် တည်မြဲမည်ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဌာနများအနေဖြင့် အသိပညာဗဟုသုတမျှဝေခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများကို ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် ရေစီမံခန့်ခွဲမှု၊ သိုလှောင်အသုံးချမှုတို့နှင့်ဆက်စပ်၍ ဒေသအလိုက် ထူးခြားသောအလေ့အထများလည်း ရှိတတ်ကြသေးသည်ဖြစ်ရာ မိမိသိရှိသော ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအသိုက်အဝန်းသို့ တတ်အားသမျှ ဝေမျှပေးခြင်းသည်လည်း ကောင်းမွန်သော အလေ့အထကောင်း တစ်ခု ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ရေသည်လူသားအားလုံး၏ ရပိုင်ခွင့်ဖြစ်သကဲ့သို့ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လူသားတစ်ဦးချင်းစီတိုင်း၏ တာဝန်ဖြစ်ပါသည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ အမှတ်တမဲ့အကျိုးရှိစွာမသုံးလိုက်နိုင်သော ရေစက်အနည်းငယ်သည် တခြားကမ္ဘာ့တစ်နေရာတွင် စပါးတစ်ခင်း၊ သောက်ရေတစ်အိုး၊ လျှပ်စစ်မီးတစ်ပွင့်၊ လူ့အသက်တစ်ချောင်းအတွက် အသုံးဝင်ကောင်း ဝင်နေနိုင်ပါလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားအားလုံး၏ နေ့စဉ်လူနေမှုဘဝများ အေးမြလှပရန်အတွက် ရေကိုသတိရှိရှိဖြင့် အကျိုးရှိစွာ စနစ်တကျချွေတာသုံးစွဲကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။