Skip to main content

မဲနယ်တောင်တန်းပေါ်မှ ဖွံ့ဖြိုးရေးလမ်းကွန်ရက်များ ( ၂ )

ဝ ထ က လ သ(နတလ)

အရေးကြီးသည့် လမ်းပန်းဆက်သွယ်ရေး ကူးလူးဆက်ဆံမှု ကောင်းမွန်ချောမွေ့ခြင်းသည် လူ့အဖွဲ့အစည်းကို များစွာအကျိုးကျေးဇူးပြုပါသည်။ ဒေသတစ်ခုသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို အမှီသဟဲပြုလျက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်လူမှု နယ်ပယ်အစုံအတွက် ပေါင်းစည်းရှင်သန်ကြရပေသည်။ အရပ်ဒေသတစ်ခုအနေဖြင့် တစ်ရွာနှင့် တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နယ်နှင့် တစ်နယ်မှသည် အဆင့်တိုင်း ကူးလူးဆက်သွယ်သွားလာမှု ဖြောင့်ဖြူးချောမွေ့နေပြီဆိုပါက မလွဲမသွေဖွံ့ဖြိုးတိုးတက်ကြသည်ကို တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် နိုင်ငံတော်သည် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို အထူးအလေးပေး လုပ်ဆောင်လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီးခရီးစဉ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအပါအဝင် ဝန်ကြီးဌာန(ရုံးချုပ်)မှ အရာထမ်းများ၊ အင်ဂျင်နီယာများနှင့် နယ်မြေကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများမှ အဖွဲ့များသည် မဲနယ်တောင်တန်းဒေသနယ်မြေကို အသေးစိတ် မြေပြင်ကွင်းဆင်း၍ အကြိမ်ကြိမ်စစ်ဆေးခဲ့ပါသည်။ ရရှိလာသော အခြေခံအချက်အလက်များအပေါ်သုံးသပ်၍ မဲနယ်တောင်ဒေသ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားအကောင်အထည်ဖော်နိုင်ရေး မဟာဗျူဟာစီမံချက်များအား စနစ်တကျရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းများတွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာပါဝင်ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲနယ်တောင်ဒေသသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက် နေ့တွင် တစ်ကြိမ်သွားရောက်ခဲ့ပြီးနောက် ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဤမဲနယ် တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသများ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လမ်းကွန်ရက်ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးဖြစ်ပါသည်။

ကောင်းကလွန်း- လွယ်မိုင်းတောင် မြေလမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းခွင်ကို စစ်ဆေးပြီးနောက် ပန်ကလ - ဒုံလီတန် တစ်မိုင်ငါးဖာလုံ မြေလမ်းသစ်ဖောက်လုပ်ခြင်းနှင့် သုံးမိုင်နှစ်ဖာလုံ အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပါခက်- ပန်ကလ တစ်မိုင်လေးဖာလုံ မြေလမ်းဖောက်လုပ်ခြင်းနှင့် ပေ ၂၀ တံတား ဆောက်လုပ်ပြီးစီးမှု၊ ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ ၁၀ မိုင် သုံးဖာလုံ မြေလမ်းဖောက်လုပ်နေမှု အခြေအနေများအား ဆက်လက်စစ်ဆေးခဲ့ပါသည်။

လမ်းဘေးရေမြောင်းများ၊ မြောင်းကူးတံတားများ ဆောင်ရွက်ခြင်းနှင့် လမ်းအတက်အဆင်းများ ချောမောပြေပြစ်အောင် ဆောင်ရွက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးတို့သည်လည်း လမ်းဖောက်လုပ်ရေးများတွင် အရေးကြီးလှပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းများကိုလည်း အလေးထားစစ်ဆေးခဲ့သည်။

ဤလမ်းများ၊ တံတားများသည် မဲနယ်တောင်ကြောပေါ်ရှိ တောင်နှင့်မြောက် သွယ်တန်းနေသော လမ်းနှစ်သွယ်အား အရှေ့မှအနောက်သို့ ဆက်သွယ်ရန် ကွန်ရက်သဖွယ် ဖောက်လုပ်နေခြင်းပင်ဖြစ်ပါသည်။ ထိုသို့ဖောက်လုပ်မှသာ မဲနယ်တောင်ဒေသခံများ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် အရပ်လေးမျက်နှာသို့ အလွယ်တကူ သွားလာနိုင်ပေလိမ့်မည်။

လမ်းကွန်ရက်များ

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသတို့တွင် ကျောက္ကချား-နတ်စင်-ပန်ကလလမ်း ခြောက်မိုင်လေးဖာလုံ၊ နတ်စင်-ပါခက်-ပန်ကလလမ်း သုံးမိုင်တစ်ဖာလုံ၊ ပါခက်-နောင်လိုင်လမ်း လမ်းတာချဲ့ လေးမိုင်လေးဖာလုံတို့ကို အကောင်အထည်ဖော် ပေးခဲ့သည်။ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပန်ကလ-ဒုံလီတန် မြေသားလမ်း သုံးမိုင်နှစ်ဖာလုံ၊ ပန်စောက်- လဲဉ်းကလ-ဟိုင်းနွဲ့ မြေသားလမ်း ၁၀ မိုင် သုံးဖာလုံနှင့် လပ်တိုင်-နားခိုက်-ဝမ်တီး-ပန်ဟိုင်း-သီဟိုး လမ်း ၁၅ မိုင် တစ်ဖာလုံတို့ကို အဆင့်မြှင့်တင်ပေး ခဲ့သည်။ ထို့ပြင်ယခင်ဆောင်ရွက်ပေးခဲ့ပြီး လပ်တိုင်-ထမ့်ယမ်း-နောင်တဗန်-ဆော့ဆားလမ်း လေးမိုင်နှစ်ဖာလုံလမ်းပေါ်ရှိ လမ်းကျဉ်းမြောင်း သည့်နေရာများကို လိုအပ်ချက်အရ လမ်းတာချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျောက္ကချား- နတ်စင်- ပန်ကလလမ်းနှင့် နတ်စင်- ပါခက်- ပန်ကလလမ်းပေါ်ရှိ အတက်အဆင်း မတ်စောက်သည့်နေရာများ၌ သွားလာရေး ပြေပြစ်စေရန် တစ်မိုင်ကွန်ကရစ်ခင်းခြင်း၊ ယခင်နှစ်က လမ်းတာချဲ့ပြီးစီးခဲ့သည့် ပါခက် - နောင်လိုင် လေးမိုင်လေးဖာလုံ လမ်းပေါ်တွင် လမ်းပျက်စီးမှု ထိန်းသိမ်းပေးရန်လိုအပ်သည့် မြောင်းကူးတံတားနှင့် ရေကျော်များတည်ဆောက်ပေးခြင်း၊ နားမွန်း-ထီအုံစောက်-တနိုင်မွန်လမ်း ၁၀ မိုင် တစ်ဖာလုံလမ်းတာချဲ့ခြင်းနှင့် မြောင်းကူးတံတား ရှစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားပေးပြီးဖြစ်ပါသည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးဆောင်ရွက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ဒုံလီတန်- နားလုံး-ဟိုင်းနွဲ့ လမ်းပိုင်း ကိုးမိုင်နှစ်ဖာလုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြန်သည်။

လမ်းများညီညာ ပြည်သာယာ

ရွာသစ်- ကျောက္ကချား- ဖက်နမ်လမ်းမကြီးနှင့် ပွန်ချောင်းအကြား မဲနယ်တောင်တန်းဒေသအတွင်း ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာပေါင်း ၅၈ ရွာ တွင် အိမ်ခြေ ၄၉၂၂ အိမ်တည်ရှိပြီး နေထိုင်သူ လူဦးရေစုစုပေါင်း ၂၅၅၇၁ ဦး ရှိပါသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်း ဒေသအတွင်း တောင်- မြောက်- အရှေ့- အနောက် လမ်းကွန်ရက်များ ဖြစ်ပေါ်လာမည်။ ဒေသတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်တော့မည်။ ဒေသတွင်း လူမှုစီးပွားဘဝများစွာတိုးတက်ခြင်းနှင့်အတူ သာယာလှပအေးချမ်းသော ဤဒေသအတွင်း၌ ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ချောမွေ့ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ စားနပ်ရိက္ခာ ဖူလုံပြည့်ဝမှု၊ ဒေသများအကြားအလပ်မကျန် ဖွံ့ဖြိုးတိုးတက်မှုများ ခံစားကြရပေတော့မည်။ လမ်းများ ညီညာ၍ ပြည်သာယာပါစေဟု မုဒိတာပွားလိုက်မိပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲနယ်တောင်ကြောပေါ် ကျောက္ကချားကျေးရွာမှ ဆိုက်ခေါင်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ဆိုက်ခေါင်တွင် နယ်စပ်ဒေသများရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများရှိပါသည်။ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ ဖြစ်ပါသည်။ ယင်းကျောင်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

လွယ်မိုင်းကအပြန်

မဲနယ်တောင်ကြောမှ ဆိုက်ခေါင်သို့ အဆင်းတွင် လွယ်မိုင်းတောင်ဘက်ကို လည်ပြန်ကြည့်မိရင်း အတိတ်ကာလကို ဆက်စပ်တွေးတောမိပြန်သည်။

စာရေးသူ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်မြေပြင် ဆေးတပ်ရင်း၌ တာဝန်ထမ်းဆောင်စဉ်ကာလ ဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ဒေါက်တာထင်အောင်ဖြစ်သည်။ သူသည် ရန်ကုန် ဆေးတက္ကသိုလ်မှ MBBS ဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပါသည်။ သူကထိုလွယ်မိုင်းတောင် လေယာဉ်ပျက် ရှာဖွေရေးစစ်ဆင်ရေး၌ ဆေးမှူးအဆင့်နှင့် Medical Cover အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ တပ်ရင်းမှူးနှင့် စကားလက်ဆုံကျရင်း လေယာဉ် ပျက်ကျပုံ၊ လေယာဉ်ပျက်ကျသည့် လျှိုထဲသို့ခက်ခက်ခဲခဲဆင်းရပုံ၊ ပြန့်ကျဲနေသော Body များ စုစည်းရပုံ၊ Body များ စံဖူးကျေးရွာတွင် စုစည်းထားပုံများကို အသေးစိတ်ပြောပြခဲ့ဖူးသည်။ လေယာဉ်မှူးက “ဦးမက်စ်တူး”၊ လေယာဉ်မယ်က “ဒေါ်ပေါက်ပေါက်”ဟုလည်း ပြောပြခဲ့ပါ သည်။

ထိုစဉ်ကာလများက ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း (ဆရာဝန်များ)နည်းဥပဒေများအရ နိုင်ငံတော်သည် ဆရာဝန်များအား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပါသည်။ ဆေးတက္ကသိုလ်များမှ ကျောင်းပြီးပါက ပြည်သူ့စစ်မှုထမ်းဆရာဝန်အဖြစ် အမှုထမ်းရွက်ရန် “ဆရာဝန်တစ်ဦး စစ်မှုထမ်းရမည့်၊ သို့တည်းမဟုတ် မြို့ပြဆိုင်ရာ အုပ်ချုပ်ရေးဘက်တွင် အမှုထမ်းရွက်ရမည့် ကာလအပိုင်းအခြားသည်၊ နှစ်နှစ်ဖြစ်သည်။ သို့သော်လည်း အစိုးရက လိုအပ်သည်ဟု ယူဆလျှင် ထိုသို့စစ်မှုထမ်းရမည့်၊ သို့တည်းမဟုတ် အမှုထမ်းရွက်ရမည့် ကာလအပိုင်းအခြားကို နောက်ထပ်တစ်နှစ်တိုးနိုင်သည်” ဟု ဖော်ပြထားပါသည်။ စစ်မှုထမ်းကာလပြည့်ပါက တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်သည်။ စစ်မှုမထမ်းလိုပါကလည်း နယ်ဘက်ဆရာဝန်များအဖြစ် ခန့်အပ်တာဝန် ပေးအပ်ပါသည်။ ဒုတိယဗိုလ်မှူးကြီး ဒေါက်တာ ထင်အောင်ကတော့ စစ်မှုတာဝန် ဆက်လက်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

စံဖူးရွာသားတွေက ရှာဖွေရေးတွေလုပ်၊ တောင်ပေါ်တက်၊ လျှိုထဲဆင်း၊ ငွေကြေးအကျိုး အမြတ်မပါ၊ စေတနာသက်သက်ဖြင့် တစ်လနီးပါးခန့် လုပ်အားပေးခဲ့ကြသည်။ လမ်းခရီးခက်ခဲ ကြမ်းတမ်းချိန်မို့ ကျန်ရစ်သူမိသားစုများ မလာရောက်နိုင်ကြ။ ဟိုပုံးတွင်စု၍ သင်္ဂြိုဟ်ကြရသည်။ ဒေသခံများက ကွယ်လွန်သူများအားရည်စူး၍ လေယာဉ်ပျက်ကျသည့်နေရာတွင် ကောင်းမှု ကုသိုလ်များပြုလုပ်ကြပြီး အမျှအတန်းပေးဝေခဲ့ကြသည်ဟု ဆိုပါသည်။

ထူးဆန်းချက်များရှိပါသည်။ ယနေ့အချိန်အထိ လေယာဉ်ဝမ်းဗိုက်နှင့် ရှပ်တိုက်သွားသည့် ကမ်းပါး တစ်လျှောက် ကိုက် ၅၀၀ လောက်မှာ မည်သည့် သစ်ပင်မှမပေါက်တော့။ စွပ်ကြောင်းအတိုင်းသာ ရှိနေခဲ့သည်။ ထိုနေရာကလေး၌ လေယာဉ်ပျက်ကျမှု အထိမ်းအမှတ် မှတ်တိုင်လေးတစ်ခု စိုက်ထူထားရှိသည်။ လူတစ်ရပ်ခန့်ရှိသည့် မှတ်တိုင်၏တိုင်ခြေမှာ ကျောက်တုံးလေးများ စုပုံထားရှိသည်။ မှတ်တိုင်၏ ဘေးပတ်ဝန်းကျင်မှာတော့ ဝါးပင်များ ပေါက်နေသည်။

ထိုမှတ်တိုင်၏ အလွန်မှာ လေယာဉ်ပျက်ကျသည့် ချောက်ကမ်းပါးတစ်ခုရှိနေ၏။ မြူတွေတရိပ်ရိပ်တက်ပြီး ဖြူဖွေးနေသည်မို့မြင်ကွင်းက ဝေဝါးနေသည်။ ဝေဝေဝါးဝါး မြင်ကွင်းကြားမှ ကွယ်လွန်သူတို့၏ ဝိညာဉ်များ ရိုးတိုးရိပ်တိတ် လှုပ်ရှားနေမည်လား အတွေးများဖြင့် ရှာကြည့်မိသေးသည်။

တည်ဆောက်သူများသည်

မဲနယ်တောင်တန်းဒေသအတွက် ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို တွေးတောမုဒိတာပွားရင်း “ကဗျာ” လေးတစ်ပုဒ်ကို အမှတ်ရမိသည်။ နာမည်ကျော် ကဗျာဆရာမကြီး Will Allen Dromgoole ရေးသားသည့် "The Bridge Builder" ဆိုသည့် ကဗျာလေးဖြစ်၏။ မူရင်းကဗျာအနက်မှအချို့ကို ကောက်နုတ်ချက် ဖော်ပြရလျှင်-

An old man going a lone highway,

……………………………………

The old man crossed in the twilight dim,

The sullen stream had no fear for him;

But he turned when safe on the other side

And built a bridge to span the tide.

“Old man,” said a fellow pilgrim near,

“You are wasting your strength with

building here;

………………………………………

You’ve crossed the chasm, deep and wide,

Why build this bridge at evening tide?”

………………………………

“Good friend, in the path I have come,” he said,

“There followed after me to-day

A youth whose feet must pass this way.

This chasm that has been as naught to me

To that fair-haired youth may a pitfall be;

He, too, must cross in the twilight dim;

Good friend, I am building this bridge for him!”

ခေါင်းစဉ်အား မြန်မာမှုပြုပါက “တံတားတည်ဆောက်သူ” ဟု အဓိပ္ပာယ်ရနိုင်ပါသည်။ ကဗျာ၏ သဘောမှာ-

“အဘိုးကြီးတစ်ယောက် ခရီးသွားတယ်၊ ချောက်တစ်ခုကိုတွေ့တယ်၊ ခက်ခက်ခဲခဲဖြတ်ကျော် ရတယ်၊ တစ်ဖက်ကမ်းရောက်တော့ သူဖြတ်ခဲ့ရတဲ့ ချောက်မှာ တံတားတစ်စင်း ထိုးလိုက်တယ်၊ ဘေးနားရှိ လူတစ်ဦးကပြောတယ်၊ ဒီချောက်ကို ဖြတ်ပြီးပြီပဲ ဘာပြုလို့ တံတားထိုးရတာလဲတဲ့၊ ဒီတော့ သူကပြန်ပြောတယ်၊ နောက်မှာ လူငယ် တစ်ယောက်လာနေတယ်၊ သူမပင်ပန်းအောင် တံတားထိုးပေးတာပါတဲ့။”

စာရေးသူတို့ မူလတန်းအရွယ်က သင်ကြားခဲ့ရဖူးသည့် နောင်လာနောက်သားတို့ အသီးအပွင့်များ အသင့်ခူးယူစားသုံးနိုင်ရန်အတွက် သရက်ပင်စိုက်ပျိုးပေးခဲ့သည့် အဘိုးအိုပုံပြင်နှင့် ဆင်တူပါသည်။

ဤဒေသတွင် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မိမိတို့ အသုံးပြုရန်၊ မိမိတို့အကျိုးခံစားရန်၊ မိမိတို့ဖြတ်ကျော် နင်းလျှောက်ရန်အတွက်မဟုတ်။ ဒေသတွင်းရှိ ဆက်ခံသူတို့ အနာဂတ်ဘဝများ သာယာလှပစေရေးအတွက် ရည်ရွယ်၍ စေတနာအပြည့်ဖြင့် ပုံဖော်တည်ဆောက်ပေးနေခြင်းသာ ဖြစ်ပေသည်။

အကျိုးရှိရှိအသုံးပြုရန်လိုအပ်

နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည့် ဒေသများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံပါသည်။ ထို့ကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ကောင်းမွန်မှုသည် အဓိကအရေးကြီးသော ကဏ္ဍတစ်ခုပင်ဖြစ်၏။ ဒေသအသီးသီးတွင် တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းကွန်ရက်များ များစွာလိုအပ်နေဆဲပင် ဖြစ်ပါသည်။

ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးသည် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဒေသအသီးသီးတွင် လမ်းတံတားဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများကို ကွန်ရက်သဖွယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒေသခံများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လိုသည့်စိတ်များ ဆတက်ထမ်းပိုး မွေးမြူကြရပေလိမ့်မည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိန်းသိမ်းကြရန် လိုအပ်ပါလိမ့်မည်။ ဒေသ၏ငြိမ်းချမ်းမှု အစဉ် တည်တံ့နေစေရေး ဝိုင်းဝန်းစောင့်ရှောက်ရန်လည်း လိုအပ်ပါလိမ့်မည်။ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြတ်နိုးတန်ဖိုးထားကြရန်နှင့် အကျိုးရှိရှိ အသုံးပြုကြရန်လည်း အထူးလိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။