စိုက်ပျိုးရေးအတတ်ပညာများလေ့လာသင်ယူဖို့ အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ကြစို့
မြတ်လေးငုံ(စိုက်ပျိုးရေး)
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏စီးပွားရေးထုတ်ကုန် အများစုသည် စိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြသည်။ တိုးပွားလာသော လူဦးရေနှင့်အညီ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရန်အတွက် လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာသည်။
နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး-မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပေသည်။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး အတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ကုန်ထုတ်စွမ်းအားများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက အသက်မွေးဝမ်းကျောင်းသင်တန်း များကို ဖွင့်လှစ်ပေးကာ လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသည်။
စိုက်ပျိုး-မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး-မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားစေပြီး နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်အတွက်လည်းကောင်း၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြား ပေးရန်အတွက်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး-မွေးမြူရေး ကျွမ်းကျင်လုပ်သားများ (Skilled Worker) ပြုစုပျိုးထောင်ပေးရန်အတွက်လည်းကောင်းရည်ရွယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရပ်များကို အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ကာ စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးလျက်ရှိသည်။
ဝန်ကြီးဌာနများ ပေါင်းစပ်ဆောင်ရွက်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို သင်ယူနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ ၌ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခု၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၃၄ ကျောင်းကို ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်ဖြစ်ရာ တစ်နိုင်ငံလုံးအနေဖြင့် စုစုပေါင်း ၈၅ ကျောင်းအထိ ဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် စိုက်ပျိုးရေးနည်းပြရာထူး ၁၀၂ ဦးနှင့် မွေးမြူရေးနည်းပြရာထူး ၁၀၂ ဦးတို့အားလည်းကောင်း၊ စိုက်ပျိုးရေး ဒုတိယနည်းပြရာထူး ၁၀၂ ဦးနှင့် မွေးမြူရေး ဒုတိယနည်းပြရာထူး ၁၀၂ ဦး တို့အားလည်းကောင်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ရာထူး ၁၀၂ ဦးတို့အားလည်းကောင်း (စုစုပေါင်း ၅၁၀ အား) သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခေါ်ယူခဲ့သည်။
အဆိုပါရာထူးများ၌ အရည်အချင်းပြည့်မီ အောင်မြင်သူ ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ဧပြီ ၂၉ ရက်မှ စတင်ကာ မေ ၂၁ ရက်အထိ သင်တန်းပို့ချလျက်ရှိပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၂၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ကျောင်းသားလက်ခံမည့်အစီအစဉ်
အခြေခံပညာ အထက်တန်းကျောင်းများတွင် တွဲဖက်ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းပညာအတွက် စာသင်နှစ်တစ်နှစ်လျှင် ကျောင်းတစ်ကျောင်း၌ စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူ ၃၀ နှင့် မွေးမြူရေး ကျောင်းသား ကျောင်းသူ ၃၀ စုစုပေါင်း ၆၀ အား သတ်မှတ်ချက်များနှင့်အညီ ခေါ်ယူသင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းဝင်ခွင့် လျှောက်လွှာများကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် မေ ၁၀ ရက်မှ စတင်ထုတ်ယူနိုင်ပြီး မေ ၁၉ ရက် နောက်ဆုံးထား၍ တက်ရောက်လိုသည့်ကျောင်းများသို့ လျှောက်လွှာတင်သွင်းရကာ ကျောင်းများကို ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရပ်များကို စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူများသည် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်သူဖြစ်ရန် လိုအပ်ပေမည်။ ယခင်နှစ်က ကျောင်းသားလက်ခံသည့် အစီအစဉ်တွင် အခြေခံပညာအထက်တန်း KG+9 အောင်မြင်သူ ဖြစ်ရမည်ဟု သတ်မှတ်ခေါ်ယူခဲ့သော်လည်း ယခုနှစ် အစီအစဉ်တွင် ထူးခြားချက်အနေ ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တို့တွင် KG+9 အခြေခံပညာ အလယ် တန်းအဆင့် (Grade 9) အောင်မြင်သူများသာမက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (Grade 10) အောင်မြင်သူများ (သို့မဟုတ်) ကျရှုံးသူများ (သို့မဟုတ်) ရပ်နားထားသူများပါ ခေါ်ယူသွားမည်ဟု သိရှိရသည်။
သင်တန်းသားရွေးချယ်ရာတွင် အဆိုပါ အစီအစဉ်အလိုက် သတ်မှတ်ဦးရေအပေါ်မူတည်၍ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျောင်းသင်ရိုးများတွင် စိုက်ပျိုးရေး အထူးပြုဘာသာရပ်များအဖြစ် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံ ဘာသာရပ်၊ သီးနှံကာကွယ်ရေး ဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာ ရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၃) တွင် စိုက်ပျိုးရေး ရုက္ခဗေဒဘာသာနှင့် လယ်ယာသုံးစက်ကိရိယာ ဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်တွင် စိုက်ပျိုးစီးပွားဘာသာရပ်နှင့် စိုက်ပျိုးရေးပညာပေး ဘာသာရပ်၊ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်၊ ကွင်းလက်တွေ့လေ့ကျင့်ခြင်း ဘာသာရပ်တို့ကို စာတွေ့ ၅၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၅၀ ရာခိုင်နှုန်းဖြင့် ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရ သည်။
စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်
ပညာသင်ကာလ (၃ နှစ်) တွင် အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများအသုံးပြု၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ကာလပြီးဆုံးချိန်တွင် အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် (နေပြည်တော်) မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agri-cultural Science) (၅ နှစ်) သင်တန်းကို တက်ရောက် နိုင်ကြမည်ဖြစ်သည်။ အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားရှိသော စိုက်ပျိုးရေးသိပ္ပံ ကျောင်းများ၏ စိုက်ပျိုးရေးဒီပလိုမာလက်မှတ် (Diploma in Agriculture) (၃ နှစ်) သင်တန်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများရှိ စက်မှုလယ်ယာနည်းပညာ ဒီပလိုမာ (AGTI Diploma-Farm Machinery) (၃ နှစ်) သင်တန်းသို့ တက်ရောက်နိုင်ကြမည်ဖြစ်သည်။
စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၅ နှစ်) သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက် နိုင်မည်ဖြစ်သည်။ စက်မှုလယ်ယာနည်းပညာဒီပလိုမာ သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏ တတိယနှစ် (ပထမ နှစ်ဝက်) သို့လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ် (ပထမနှစ်ဝက်) သို့လည်းကောင်း စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
ရိုးရိုးအောင်မြင်ပါက စိုက်ပျိုးရေးအတတ် ပညာအောင်လက်မှတ် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော လုပ်ငန်းခွင်အသီးသီးတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများစွာ ရရှိမည်ဖြစ်ပေသည်။ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်ကြားမှုအတွက်လိုအပ်သည့် ပုံနှိပ်စာအုပ်များပေးအပ်မည့် အစီအစဉ်ရှိကြောင်း သိရှိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-10 သင်ရိုး စိုက်ပျိုးရေးအထူးပြု ဘာသာရပ်ဖြင့် ၁၀၂၂ ဦးနှင့် မွေးမြူရေးအထူးပြု ဘာသာရပ်ဖြင့် ၆၉၁ ဦး ဖြေဆိုအောင်မြင်ခဲ့သည်။
ကျောင်းသားများရရှိမည့် အကျိုးကျေးဇူးများ
ယခုကဲ့သို့ အခြေခံပညာအထက်တန်းအဆင့်တွင် မိမိဝါသနာပါသည့်ပညာရပ်ကို အလွယ်တကူ သင်ကြားခွင့်ရပြီး အသက်မွေးပညာရပ်တစ်ခုအနေဖြင့် လက်တွေ့အသုံးချခွင့်ရသည့်အပြင် မိမိဝါသနာမှတစ်ဆင့် အိပ်မက်များကို အကောင်အထည်ဖော်ခွင့်ရသည့်အတွက် အခွင့်အလမ်းကောင်းတစ်ခု အဖြစ်သတ်မှတ်ကာ ကြိုးစားလေ့လာစေလိုသည်။ လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ လေ့ကျင့်သင်ကြားခြင်းဖြစ်သဖြင့် ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း များစွာအထောက်အကူရရှိစေမည်ဖြစ်သည်။ ထို့အပြင် ဌာနဆိုင်ရာများတွင်လည်း တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ထူးချွန်သည့်အပေါ် မူတည်၍ အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာနိုင်မည်ဖြစ်ပေသည်။
နိုင်ငံတော်အတွက်ရရှိမည့် အကျိုးကျေးဇူးများ
နိုင်ငံ၏ အခြေခံစီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုး-မွေးမြူထုတ်လုပ်ရေးအတွက် လိုအပ်လျက်ရှိသည့် စိုက်ပျိုး-မွေးမြူရေး အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူ လူသားအရင်းအမြစ်များ လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခြင်းဖြင့် နိုင်ငံတော်အတွက်လည်း လူ့စွမ်းအားအရင်းအမြစ်များစွာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ ကျေးလက်ဒေသရှိ လူဦးရေ ၇၂ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည့်အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးခြင်းအားဖြင့် ၎င်းဒေသတွင်ရှိသော စိုက်ပျိုး-မွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုလည်း အထောက်အကူပြု နိုင်လာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ လူမှုရေးဦးတည်ချက် ပထမအချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် မူဝါဒနှင့်အညီ ကုန်ထုတ်လုပ်မှုကို အထောက်ကူပြုသည့် ပညာရှင်များ ပေါ်ထွန်းလာစေရေး၊ မူလတန်းပညာ၊ အလယ်တန်းပညာများ ပြီးမြောက်ပြီးသူများအား အထက်တန်းပညာ တက်ရောက်ချိန်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်စေရေးတို့ကို ရှေးရှုပြီး အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ကြားပေးလျက်ရှိသည်။
လူငယ်များ၏အနာဂတ်ကို မျှော်မှန်းပြီး ၎င်းတို့သင်ကြားလိုသော ပညာရပ်များကို အထက်တန်း အဆင့်တွင် သင်ကြားခွင့်ရရှိ၍ ယင်းတို့၏ အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်ခွင့် ရရှိသည့်အတွက် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၏ကိုယ်စား နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင် ကျေးဇူးတင်မိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်သည် အဓိကကျသကဲ့သို့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးပေသည်။
ပညာတတ်များဖြင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိဝါသနာပါသည့် ပညာရပ်ကို အလွယ်တကူ လေ့လာသင်ယူ နိုင်ရန် နိုင်ငံတော်က ပံ့ပိုးပေးနေသည့်အချိန်တွင် စွမ်းစွမ်းတမံ ကြိုးစားသင်ယူကြပါဟု တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။
ကိုးကား
(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှတ်တမ်း(၃/၂၀၂၃)
(၂) ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန
(၃) https://www.myawady.net.mm/node/52052
(၄) https://www.moali.gov.mm/my/news/2023-12-26t0957300630
(၅) https://www.moali.gov.mm/my/news/2024-05-02t0941580630
(၆) https://news-eleven.com/article/245362