Skip to main content

ဒွါရာဝတီ ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်းကို လေ့လာခြင်း

ကိုငါးကြီး(ငါးလုပ်ငန်းဦးစီးဌာန)

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်၏ နေဝင်ရာအနောက်အရပ်ကို မျက်နှာမူလျက်တည်ရှိကာ ပြန့်ပြူးသောရေပြင် ညီကမ်းခြေ၊ ဖြူလွသောသဲသောင်ပြင်၊ ကြည်လင်သောရေပြင်နှင့် ပြာလဲ့သောပင်လယ်ပြင်ကြီးတို့ဖြင့် ကမ်းခြေအလျား ၈ ဒသမ ၅ မိုင်ခန့်ရှိကာ အေးချမ်းသာယာလှပသောကမ်းခြေအဖြစ်ကောင်း သောအမည်နာမများဖြင့် ကမ္ဘာကျော်သော ဒေသတစ်ခုလည်းဖြစ်ပါသည်။ အလွန်ကျယ်ပြောပြီး အေးချမ်းသော ကမ်းခြေပင်လယ်ပြင်ကြီးကို ပိုင်ဆိုင်ထားသဖြင့် ပြည်တွင်းပြည်ပမှ အနားယူအပန်းဖြေဧည့်သည်များဖြင့် အလွန်စည်ကားသလို တစ်ခါတစ်ခေါက်လာရောက်သော ဧည့်သည်များအား လတ်ဆတ်သော ရေငန်ငါး/ပုစွန်မျိုးစုံတို့ ကလည်း သဘာဝမှမျက်နှာသာပေးထားသည့်အလား ပင်လယ်စာများစွာဖြင့် ဆွဲဆောင်မှု ကောင်းသော ဒေသတစ်ခုလည်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်းတွင် တည်ရှိ သော ငပလီဒေသသည် ကမ်းနီး၊ ကမ်းဝေး ပင်လယ် ငါး၊ ပုစွန်ဖမ်းဆီးရေး၊ ကဏန်းပျော့မွေးမြူရေး၊ ရေချို၊ ရေငန်ပုစွန်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးရေး၊ ငါး၊ ပုစွန် (အစို/ အခြောက်) ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် တန်ဖိုးမြင့်အေးခဲ ငါး/ပုစွန်/ ကင်းမွန်၊ ကဏန်းပျော့များကို နိုင်ငံခြားသို့တင်ပို့ရောင်းချသည့် ရေထွက် ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံများဖြင့် ရေလုပ်ငန်းအခြေပြုဒေသတစ်ခုလည်းဖြစ်ပါသည်။

ရည်ရွယ်ချက်

သံတွဲမြို့နယ် ငပလီဒေသကို အခြေပြုကာ ရေငန်ငါး/ပုစွန်မျိုးစုံကို ဖမ်းဆီးထုတ်လုပ်ပြီး ဒေသခံနှင့် ခရီးသွားအပန်းဖြေဧည့်သည်များ စားသုံးသည်မှ ပိုလျှံသော ငါး/ပုစွန်ရေထွက်ပစ္စည်း မျိုးစုံကို ပြည်တွင်းပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချခြင်းမှသည် တစ်ဆင့်မြှင့်ကာ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များအဖြစ် ထုတ်လုပ်တင်ပို့ရာတွင် မိမိတို့ရပ်ရွာအတွင်း ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းတိုးပွားစေ၊ ဒေသတွင်းဝင်ငွေများလည်း တိုးတက်ရရှိစေရန်ရည်ရွယ်၍ MSME ဟုခေါ်သော  အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ဒေသစွန့်ခွာ ရွှေ့ပြောင်းလုပ်သား ရေစီးကြောင်းကို ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံများ ဝင်ငွေတိုးမြင့်လာခြင်းဖြင့် လူမှုစီးပွားဘဝ (Socio-economic) ခိုင်မာလာခြင်းနှင့်အတူ ဒေသတည်ငြိမ်အေးချမ်းရေးကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်လာ စေရန် ရည်ရွယ်တင်ပြရခြင်းဖြစ်ပါသည်။

ငပလီ ကမ်းခြေဒေသမှ ငါးနီတူ-ကျော့ပိုက်လုပ်ငန်း၏ သမိုင်းကြောင်း

ငါးနီတူကိုအဓိကထား ဖမ်းဆီးသောကျော့ပိုက်ဆိုသည်မှာ နိုင်လွန်အမျိုးအစား၊ ဖော့ပိုက်အမျိုး အစား၊ ပလတ်စတစ်အမျိုးအစား ပိုက်သားများကိုပေါင်းစပ်၍ ကြိုးအမျိုးမျိုး၊ ဘော့သီးအမျိုးမျိုး၊ ခဲကွင်းအမျိုးမျိုးတို့ဖြင့် ပိုက်ဖောင်ဖွဲ့စည်းပြီးလျှင် ရေပေါ်ငါးမျိုးနွယ်စုများဖြစ်ကြသော ငါးနီတူ၊ ငါး ကုန်းညို၊ ငါးဝိုင်း စသည့်ငါးမျိုးနွယ်စုတို့ကို လှေနှစ်စင်းဖြင့် ဝိုင်းကျော့ဖမ်းဆီးရသော ပိုက်အမျိုး အစား လုပ်ငန်းဖြစ်ပါသည်။ ငပလီကမ်းခြေဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၆ နှစ်၊ ၁၉၇၈ ခုနှစ် ခန့်ကပင် လုံးသာကျေးရွာမှစတင်ခဲ့ပြီး ယင်းအချိန်ကာလများ၌ လက်လှော်၊ လက်ခတ်လှေများဖြင့် ပင်ပန်းဆင်းရဲစွာဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြ ရပါသည်။ ပိုက်အမျိုးအစားမှာ ချည်ထည်ပိုက်များ ဖြစ်သောကြောင့် နှစ်နှစ်ခန့်သာ အသုံးပြုကြရပြီး ဆွေးမြည့်ပျက်စီးသွားပါသည်။

၁၉၈၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ရေလုပ်ငန်းလုပ်ကိုင်သူများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ခိုင်ခံ့သောပိုက်များ (နိုင်လွန်၊ ဖော့အမျိုးအစားပိုက်) နှင့် စက်အမျိုးမျိုးတို့ကို ပြည်ပမှ မှာယူတင်သွင်းပေးပြီးလျှင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပံ့ပိုးပေးခဲ့သောကြောင့် လက်လှော်လက်ခတ်လှေများဖြင့် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရသော အခြေအနေမှသည် စက်ကိုတပ်ဆင်၍ ပိုမိုခိုင်ခံ့သောပိုက်များ ကို အသုံးပြုကာ လုပ်ကိုင်စားသောက်ရသော ခေတ်ဆီသို့ အသွင်ကူးပြောင်းလာခဲ့ပါသည်။

ထိုအချိန်က ငါးနီတူ - ကျော့ပိုက်လုပ်ငန်းဖြင့် ငါးဖမ်းလုပ်ကိုင်စားသောက်သူဦးရေမှာ ဒေသခံလူနည်းစုလောက်သာရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ဒေသတစ်လျှောက် ကျော့ပိုက်လုပ်ငန်းဖြင့် ငါးနီတူဖမ်းဆီးသူ ပိုမိုများပြားလာခဲ့ပြီး ခေတ်မီတိုးတက်သော နည်းပညာများကိုပါပေါင်းစပ်ပြီး ငါးဖမ်းဆီးလာကြသောကြောင့် ယခင်ကထက် ကုန်ထုတ်စွမ်းရည်များ ပိုမိုတိုးတက်ထုတ်လုပ်လာကြပါသည်။ ကျော့ပိုက်ဖြင့် ငါးနီတူဖမ်းဆီးခြင်းလုပ်ငန်းကို နှစ်စဉ်စက်တင်ဘာလတွင် ပိုက်များ၊ လှေများကို ပြင်ဆင်ပြီး အောက်တိုဘာလတွင် စတင်ငါးဖမ်းလုပ်ကိုင်ကြပြီး မေလလယ်ခန့်တွင် လုပ်ငန်းရပ်နားကြပါသည်။ ရပ်နားရသော အဓိကအကြောင်းရပ်မှာ မေလတွင် မုတ်သုံလေ စတင်ဝင်ရောက်လာပြီဖြစ်သဖြင့် လှိုင်းလေထန်ခြင်း၊ ရေများနောက်ကျိလာခြင်း၊ ကျော့ပိုက်ဖြင့် အဓိကဖမ်းဆီးရရှိသော ငါးနီတူ၊ ငါးဝိုင်း စသည့်ရေပေါ်ငါးများ (Pelagic fish) ကွယ်ပျောက်သွားခြင်းတို့ကြောင့် ဖြစ်ပါသည်။

ဤငါးနီတူငါးမျိုးစိတ်သည် မုတ်သုံရာသီတွင် အိန္ဒိယသမုဒ္ဒရာ၌ ပေါက်ပွားရှင်သန်ကြပြီး မုတ်သုံဆုတ်ခွာချိန်ကာလတွင် အရွယ်ရောက်ပြီး ငါးများအဖြစ် မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ဆီသို့ တဖြည်းဖြည်း ရွေ့လျားဝင်ရောက်လာကြပြီး ၎င်းငါးမျိုးစိတ်တို့၏ သက်တမ်းမှာလည်း တစ်နှစ်ခန့်သာ အသက်ရှင်နိုင်ကြကြောင်း လေ့လာသိရှိရပါသည်။ ငါးနီတူ - ကျော့ပိုက်လုပ်ငန်းသည် နေရောင်ခြည်ကိုအမှီပြုကာ အခြောက်လှန်းရသောလုပ်ငန်းဖြစ်ပြီး (အောက်တိုဘာလမှ မေလအထိ သာ) ငါးဖမ်းလုပ်ကိုင်ခြင်းကြောင့် ငါးမျိုးစိတ် အများစုကို ပြုန်းတီးစေသည့် ဥချ၊ သားပေါက်ချိန် ဟု နှစ်စဉ်သတ်မှတ်ထားသော (ဇွန်၊ ဇူလိုင်၊ ဩဂုတ်) လများတွင် ဖမ်းဆီးခြင်းမပြုသည်မှာလည်း ကောင်းမွန်သော အချက်တစ်ခုပင်ဖြစ်ပါသည်။ ကျော့ပိုက်ဖြင့် ငါးနီတူဖမ်းဆီးထုတ်လုပ်ခြင်း လုပ်ငန်းသည် ဒေသတွင်းတွင် အင်အားအကြီးမားဆုံး ကမ်းနီးငါးဖမ်းလုပ်ငန်းဖြစ်ပြီး ကျော့ပိုက် တစ်ဖောင်လျှင် ငါးဖမ်းစက်လှေနှစ်စင်းဖြင့် လုပ်သားအင်အား ပျမ်းမျှ ၁၅ ဦးရှိပြီး ဒေသခံလုပ်သား အင်အားအပြင် ရခိုင်ပြည်နယ်ဒေသအနှံ့မှ ရွှေ့ပြောင်းရေလုပ်သားများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်သည့် လုပ်ငန်းရပ်ကြီး တစ်ခုလည်း ဖြစ်ပါသည်။

ငါးနီတူ-ကျော့ပိုက်လုပ်ငန်း၏ လက်ရှိအခြေအနေနှင့် ရှေ့အလားအလာ

သံတွဲမြို့နယ် ငပလီမြို့တွင် ဂေါ့၊ ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်နှင့် ဂျိတ္တောရပ်ကွက်ဟူ၍ရှိရာ အခြားရပ်ကွက်များ၏ ကမ်းခြေများတွင် ပင်လယ်ကမ်းနီးငါးဖမ်းလုပ်ငန်းအဖြစ် ကျော့ပိုက်လုပ်ငန်းသည် အနည်းငယ်စီရှိကြသော်လည်း ရှေးနှစ်များစွာကာလကပင် ဂျိတ္တောရပ်ကွက် (ယခင်က-ဂျိတ္တော ကျေးရွာ) ၏ ကမ်းခြေများတွင် ကျော့ပိုက်ကို အသုံးပြုပြီး ငါးဖမ်းလာကြသည်မှာ ၁၉၇၈ ခုနှစ်မှစတင်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၄၆ နှစ်ပင်ရှိလာခဲ့ပါပြီ။ ပြီးနောက် ဂျိတ္တောရပ်ကွက်သည် ရေလုပ်ငန်းတစ်ခုတည်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက် မွေးဝမ်းကျောင်းပြုနေကြသူများပင် ဖြစ်ပါသည်။ ယခုဆိုလျှင် ဂျိတ္တောရပ်ကွက်၌ အိမ်ခြေ ၃၀၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀၀ ခန့်ရှိပြီး လူဦးရေ၏ ၈၇ ရာခိုင်နှုန်းမှာ ရေလုပ်ငန်းကို လုပ်ကိုင်၍ရပ်တည်ကာ ကျန်ရှိ ၁၃ ရာခိုင်နှုန်းမှာ အခြားသောစီးပွားရေးကို လုပ်ကိုင်လျက်ရှိကြပါသည်။ ၎င်းရပ်ကွက်ရှိ ကျော့ပိုက်လုပ်ငန်းသည် သင့်တင့်သော အောင်မြင်မှုများကြောင့် လူမှုစီးပွားဘဝ (Socio-economic) အဆင့်အတန်းကို များစွာအထောက်အကူပြုလျက် ရှိနေပါသည်။ ထိုကဲ့သို့ အရေးပါသော ငါးနီတူကျော့ပိုက်လုပ်ငန်း ရေရှည်ရပ်တည်နိုင်ရေးအတွက် အဓိကအချက်(၄)ချက် သည် အရေးကြီးကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့ မှာ (၁) ပင်လယ်ကမ်းခြေ၊ (၂) နည်းပညာ၊ (၃) စက်သုံးဆီ၊ (၄) ရင်းနှီးမြှုပ်နှံငွေပံ့ပိုးကူညီနိုင်မှု တို့ပင်ဖြစ်ပါသည်။

ပထမအချက်ဖြစ်သည့် “ပင်လယ်ကမ်းခြေ” မြေနေရာပင်ဖြစ်ပါသည်။ ပင်လယ်ပြင်မှ ဖမ်းဆီး ရရှိလာသော ငါး/ပုစွန်အမျိုးမျိုးကို နံနက်စောစောအချိန်တွင် ကမ်းခြေတွင် စုပုံ၍ ဈေးကွက်ဖွင့်ကြရ ပါသည်။ ပင်လယ်ကမ်းခြေတွင် ကျော့ပိုက်လှေ များနှင့် အခြားလှေများမှ ဖမ်းဆီးရရှိလာသော ငါး၊ ပုစွန်မျိုးစုံကိုစုပုံ၍ ငါးလေလံဈေးကွက်ကြီးအဖြစ် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ငါးဈေးပွဲတော် ကြီးတစ်ခုသဖွယ် ရောင်းချကြပါသည်။ ဤနေရာတွင် စဉ်းစားရမည့်အချက်တစ်ခုမှာ ငပလီကမ်းခြေ သည် ဂေါ့၊ ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်ဟူ၍ ၈ ဒသမ ၅ မိုင်ခန့် ရှည်လျားလှသော ကမ်းခြေများတွင် ဟိုတယ်နှင့်တည်းခိုခန်းပေါင်း ၅၀ ကျော်ခန့် နေရာယူထားလျက်ရှိကြပြီး ကမ်းခြေများတွင် ဟိုတယ်နှင့် လေဆိပ်လမ်း၏ အခြားတစ်ဖက်တွင် တည်းခိုခန်းများအဖြစ် စည်ကားလျက်ရှိကြပါ သည်။ ဂျိတ္တောရပ်ကွက်တည်ရှိသည့် ဂျိတ္တောကမ်းခြေမြေနေရာတွင် ရှေးယခင်ကပင် အခြားကမ်း ခြေများကဲ့သို့ ဟိုတယ်ဟူ၍ မရှိခဲ့ကြဘဲ အခြားကမ်းခြေဟိုတယ်များတွင် အပန်းဖြေအနားယူပြီး တည်းခိုကြသည့် ပြည်တွင်း ပြည်ပ ဧည့်သည်များသည် ဂျိတ္တောကမ်းခြေသို့ တကူးတက လာရောက်ပြီး ဒေသခံတို့၏ ရိုးရာငါးဖမ်းလုပ်ငန်းဖြစ်သော ကျော့ပိုက်လုပ်ငန်းများကို လေ့လာခြင်း၊ အပျော် ငါးမျှားထွက်ကြခြင်း၊ ကမ်းခြေမှရေခဲမထိသေးဘဲ လတ်ဆတ်သောငါးများကို ကိုယ်တိုင်ဝယ်ယူချက် ပြုတ်စားသောက်ကြခြင်းနှင့် ဟိုတယ်နှင့်တည်းခိုခန်းပေါင်း ၅၀ ကျော်နှင့် ပင်လယ်စာအခြေပြု ရောင်းချသော စားသောက်ဆိုင်များမှ ဝယ်ယူခြင်းများဖြင့် ဟိုတယ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းမှာ ငပလီကမ်းခြေ၌ အတူယှဉ်တွဲ ဖွံ့ဖြိုးလာမှုကိုကား မျက်ကွယ်ပြု၍ မရနိုင်ပေ။ အများစုသည် ဒေသခံများစားသုံး၍ ကုန်နိုင်သည်ကား မဟုတ်မူဘဲ ဒေသခံစားသုံးမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိနိုင်ပြီး ကျန်ရှိ ၇၀ ရာခိုင်နှုန်းခန့်သည် အခြောက်လှန်းပြီး ငါးခြောက်ပြုလုပ်ကာ ရခိုင်မောင်တောနယ်စပ်ဒေသမှ Border Trade နည်းလမ်းဖြင့် တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေရရှိနိုင်ကာ အခြားလမ်းကြောင်းတစ်ခုမှာ ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချခြင်း၊ ငပလီကမ်းခြေနှင့် သံတွဲမြို့ထဲ၌လည်း ၅၀ ကျပ်သား ခေါင်းမဲ့အထုပ်ကလေးများဖြင့် ငပလီလက်ဆောင်မွန်အဖြစ် သန့်ပြန့်စွာ ဆိုင်တင်ရောင်းချခြင်းနှင့် ငါးနီတူပြုတ်ခြောက်လုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းများအဖြစ် နည်းအမျိုးမျိုးဖြင့် တင်ပို့ရောင်းချကြပါသည်။

လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း သံတွဲ ဒေသမှ အခြားဒေသ မြို့နယ်ပြင်ပသို့ တင်ပို့နိုင်ခဲ့သော ငါးနီတူခြောက်ကုန်ချိန်(တန်ချိန်)များမှာ-

cap

ဒုတိယအချက်မှာ “ နည်းပညာ” ပင်ဖြစ်ပါသည်။ ယခုအချိန်ထိ နှစ်ပေါင်း ၅၀ နီးပါးခန့် လုပ်ကိုင် လာခဲ့ကြသော ဤကျော့ပိုက်လုပ်ငန်းတွင် သမားရိုးကျနည်းလမ်းဖြစ်သည့် ကမ်းခြေတစ်လျှောက် ကောက်ရိုးခင်း၊ ဇာပြာပိုက်စခင်းကာ နေလှန်းခြင်းဖြင့် ရရှိလာသော ငါးခြောက်များသည် အလုံးစုံ သဲကင်းစင်မှု၊ သန့်ရှင်းမှုကား ရှိနိုင်မည်မဟုတ်သလို ဧည့်သည်များမှ မျက်မြင်လက်တွေ့ မြင်သွားခြင်း ဖြင့်လည်း အမြင်မတင့်တယ်ခြင်း ဖြစ်ကြမှာပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ရိုးရာမြေခင်းငါးလှန်းခြင်း စနစ်အစား တစ်ဆင့်မြှင့်ကာ သုံးပေခန့်အမြင့်ရှိသော စင်ပေါ်တင်၍ နေလှန်းအခြောက်ခံခြင်းဖြင့် သော်လည်းကောင်း၊ ထို့ထက်တစ်ဆင့်မြှင့်ကာ SDD (Solar Dryer Drome) အဆင့်မြင့် ငါး/ပုစွန် နေခြောက်လှန်းရုံဖြင့်သော်လည်းကောင်း၊ ထို့အပြင် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည့် ငါးနီတူကို ရိုးရိုးအခြောက်လှန်းကာ တင်ပို့ခြင်းမဟုတ်ဘဲ တန်ဖိုးမြှင့်ထုတ်ကုန် (Value added) အဖြစ် “ငါးနီတူပြုတ်ခြောက်” ပြုလုပ်ပြီး ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းပင်ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းသုံးခုတွင် ပထမနည်းလမ်းဖြစ်သည့် သုံးပေခန့်အမြင့်ရှိသော စင်ပေါ်တင်၍ နေလှန်းအခြောက်ခံခြင်းကိုကား ရေလုပ်သားအများစု လက်ခံနိုင်လောက်သည့် နည်းလမ်းဖြစ်ပြီး ကုန်ကျစရိတ်လည်းနည်းပါးကာ အထိုက်အလျောက် သဲကင်းစင်မှုရှိနိုင်ကာ ရောင်းချရမှုတွင်လည်း တန်ဖိုးတက်လာနိုင်မည် ဖြစ်ပါသည်။ ဤပထမ နည်းလမ်းကိုကား ရေလုပ်သားအများစုမှ မဖြစ်မနေ ပြောင်းလဲလုပ်ကိုင်ကြရန်လည်း လိုအပ်သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထို့အပြင် ဒုတိယနည်းလမ်းဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ငါးခြောက်လှန်းရုံ (Solar Dryer Dome- SDD) ဖြင့် ငါးနီတူများကို နေခြောက်လှန်းကြမည်ဆိုပါက သန့်ရှင်းသော ငါးနီတူများကို အမှန်တကယ်ပင် ရရှိမည်ဖြစ်သော်လည်း ၎င်းနေခြောက်လှန်းရုံတစ်ခု တည်ဆောက်ရန်အတွက် ရင်းနှီးရမည့်ငွေကြေးနှင့် ကိုင်တွယ်သုံးစွဲရမည့် နည်းပညာများကိုကား ယခုလက်ရှိ ၎င်းနည်းလမ်းဖြင့် ငါး၊ ပုစွန်များကို နေခြောက်လှန်းကာ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချနေသည့် နေရာဆီသို့လက်တွေ့လေ့လာရန်လိုအပ်ပြီး ၎င်းအတွက်လည်း မြေနေရာ၊ ရင်းနှီးငွေကြေးများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ နည်းပညာကိုကား အနီးစပ်ဆုံး ကျောက်ဖြူဒေသတွင် လေ့လာနိုင်ပြီး ရင်းနှီးမတည်ငွေအတွက် နည်းလမ်းတစ်ခုဖြင့် စဉ်းစားကြရမည်ဖြစ်ပါသည်။ သို့ပါသော်လည်း ဤနည်းစနစ်ကား ရင်းနှီးမြှုပ်နှံမှု များပြားကာ ငါးနီတူကဲ့သို့ နေခြောက်လှန်းရန် နေရာအများအပြားလိုအပ်သည့် လုပ်ငန်းနှင့် သဟဇာတဖြစ်မှုနည်းပါးပြီး တန်ဖိုးမြင့် ငါးကြီး ငါးကောင်းများအတွက်သာ ပိုမိုသင့်တော်သော နည်းလမ်းတစ်ခုဟု ထင်မြင်မိပါသည်။

တတိယအချက်မှာ “စက်သုံးဆီ”လိုအပ်ချက်ပင်ဖြစ်ပါသည်။ ဂျိတ္တောဒေသရှိ ကျော့ပိုက် လုပ်ငန်းများ၏ စက်သုံးဆီလိုအပ်ချက်မှာလည်း မြင့်မားနေပြန်ပါသည်။ လက်ရှိ ကျော့ပိုက် တစ်ဖောင်လျှင် မြင်းကောင်ရေ ၂၀ အထက် စက်ငါးလုံးခန့် အသုံးပြုဆောင်ရွက်ရသည်ဖြစ်ရာ တစ်ရက်လျှင် စက်သုံးဆီ(၁၇-၂၀)ဂါလန်ခန့် လိုအပ်လျက်ရှိပါသည်။ ဂျိတ္တောရပ်ကွက်ရှိ ကျော့ပိုက် ဖောင်ရေများအားလုံးအတွက် တစ်ရက်လျှင် စက်သုံးဆီ ဂါလန် ၂၄၀၀ ကျော်ခန့် လိုအပ်လျက် ရှိပါသည်။ တစ်လလျှင်ပင်လယ်ထွက်ရက် ၂၂ ရက် ရှိသည့်အတွက် တစ်လလျှင် စက်သုံးဆီဂါလန် ၅၂၈၀၀ (သို့) ပီပါ ၁၀၀၀ ကျော်ခန့် လိုအပ်ချက်ရှိမည်ဖြစ်ရာ တရားဝင်လိုင်စင်ဖြင့် နိုင်ငံတော်သို့ အခွန်ကျေပွန်စွာ ထမ်းဆောင်နေသူများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အဆင်ပြေ လွယ်ကူစွာ ဝယ်ယူအသုံးပြုခွင့်ရနိုင်မည်ဆိုပါက အခွန်ကျေပွန်စွာ ထမ်းဆောင်နေပြီး ဒေသ၏ GDP တိုးတက်မြင့်မားအောင် ကုန်ထုတ်လုပ်မှုမြင့်မားစွာ စွမ်းဆောင်ပေးနေသည့် ရေလုပ်သားတို့အား တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးရာလည်း ရောက်ရှိနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျော့ပိုက်လုပ်ငန်းများမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပါဝင်ကူညီနိုင်ကြမည်သာဖြစ်ပါသည်။

စတုတ္ထအချက်မှာ “ရင်းနှီးမြှုပ်နှံငွေ ပံ့ပိုးကူညီနိုင်မှု” ပင် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် ကျော့ပိုက် လုပ်ငန်းရှင်များအတွက် နိုင်ငံတော်မှ ချေးငွေရရှိခဲ့ဖူးပြီး ၎င်းချေးငွေများကို အရင်းရောအတိုးပါ ကျေပွန်စွာ ပြန်လည်ဆပ်ခဲ့ကြပါသည်။ ကျော့ပိုက် လုပ်ငန်းရှင်တစ်ဦး၏ ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သိန်း ၆၀၀ ခန့်ရှိပြီး နှစ်စဉ်ပြင်ဆင်စရိတ်မှာလည်း တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ခန့်ရှိသည်။ တစ်နှစ် တာကာလအတွက် စက်သုံးဆီအတွက် ကုန်ကျငွေမှာလည်း ကျပ်သိန်း ၂၅၀ ခန့်စီရှိကြသည်။ ဖော်ပြပါရင်းနှီးမှု၊ ပြင်ဆင်မှုနှင့် စက်သုံးဆီ အသုံးစရိတ်တို့အတွက် ကျော့ပိုက်လုပ်ငန်းရှင်များမှ အတိုးနှုန်းနည်းပါးသည့် ချေးငွေရရှိရေးအတွက်လည်း မျှော်လင့်စောင့်စားလျက်ရှိနေကြပြန်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

3

4

6