Skip to main content

ဥတုရာသီညီမျှဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

မောင်သောင်းဝင်း (တမန်ဟောင်း)

မေလအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုသည် မျှော်မှန်းထားသည့် အချိန်ထက်စောခဲ့သည်။ မုတ်သုံလေနှင့်အတူ အားလုံးမျှော်လင့်နေသော “မိုး’’ လည်း တစ်ပါတည်းပါလာသည်။ မိုးရွာသွန်းမှုကြောင့် အပူချိန်သိသိသာသာကျဆင်းသွားခဲ့သည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းအစိမ်းရောင်လွှမ်းလာသည်။ မိုးရာသီရောက်ပြီဆိုလျှင် နိုင်ငံသားတိုင်း မဖြစ်မနေဆောင်ရွက်သင့်သော တာဝန်တစ်ရပ်ရှိနေသည်။ ထိုတာဝန်ကားအခြားမဟုတ်ချေ။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်သော သစ်ပင်များစိုက်ပျိုးရေးပင်ဖြစ်သည်။

ရှေးယခင်က မြန်မာနိုင်ငံတွင် သစ်တောသစ်ပင်ဖုံးလွှမ်းမှုဧရိယာ များပြားခဲ့ပါသည်။ ထို့ကြောင့် နှစ်စဉ်မိုးလေဝသမှန်ကန်ပြီး မိုးရေချိန်ပြည့်မီသောကြောင့် ကောက်ပဲသီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့သည်။ ထိုသို့ ရာသီဥတုကောင်းမွန်သောကြောင့် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် နေထိုင် လျက်ရှိသည့် ကျေးလက်ပြည်သူများ၏ စား၊ ဝတ်၊ နေရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ခဲ့ကြသည်။ သို့သော် မျက်မှောက်ကာလတွင်မူ သစ်ထုတ်လုပ် ရောင်းချမှု၊ ထင်းလောင်စာတောင့်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းတောင်ယာစနစ်တို့ကြောင့် သစ်တော ဖုံးလွှမ်းမှုဧရိယာများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ထိုသို့ တဖြည်းဖြည်းလျော့နည်းကျဆင်းလာသည်ကို ပြည်သူအားလုံး ဂရုပြုသိရှိကာ ကုစားရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ကြရန် လိုအပ် သည်။ အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ နှစ်စဉ်လူတစ်ဦးလျှင် အနည်းဆုံးသစ်ပင်တစ်ပင်ခန့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားမည်ဆိုလျှင် သစ်တောများ ပြုန်းတီးနေမှုကို အတိုင်းအတာတစ်ခုအထိ ကုစားနိုင်မည်ဖြစ်သည်။ ထိုသို့ ပြုန်းတီးသွားသော သစ်တော၊ သစ်ပင်များနေရာတွင် အသစ်အသစ်သောသစ်ပင်များဖြင့် အချိန်မီအစားထိုးစိုက်ပျိုးမှုများ အချိန်မီမပြုလုပ်လျှင် မဝေးတော့သည့် အနာဂတ်ကာလတွင် လူသားတို့သည် သဲကန္တာရဖြစ်လာသော ကမ္ဘာကြီးပေါ်၌သာ နေထိုင်ကြရတော့မည်ဖြစ်သည်။

ကျေးရွာအလိုက် သစ်ပင်စိုက်ပျိုးရန်လို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်စပ်လျဉ်း၍ “မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်တွင်ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုသည် သိသိသာသာ ပိုမိုပူပြင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံး မြို့များစာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူချိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာ ချင်းစီအလိုက် သစ်တော၊ သစ်ပင်အနည်းဆုံးနှစ်ဧက စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တော၊ သစ်ပင်စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမှသာလျှင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် လမ်းညွှန်ခဲ့သည်။

အထူးသဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဧက ၂၂၀၀၀ ကျော်တွင် အပင်ပေါင်း ၂၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်သည်။ အပူပိုင်းဇုန် ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခုတွင် အထူးစီမံချက်ဖြင့် တစ်ရွာလျှင် နှစ်ဧကရှိသော ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ပေးသွား မည်ဖြစ်သည်။ စိုက်ပျိုးမည့် သစ်မျိုးများကိုလည်း ပျိုးပင်သက်တမ်း နှစ်နှစ်အထက်၊ ပျိုးပင်အမြင့် နှစ်ပေအထက်ရှိသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အရိပ်ရလေကာသစ်မျိုးများကို တစ်ပင်စိုက် တစ်ပင် ရှင်အောင် တစ်ရွာလျှင် ဝန်ထမ်းတစ်ဦး သတ်မှတ်တာဝန်ပေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံကျေးရွာလူထုအနေဖြင့်လည်း မိမိတို့ရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။

ကြိုတင်ပြင်ဆင်မှုလို

မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာတွင်လည်း သစ်ပင်ကိုချက်ချင်းစိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းရှိမည် မဟုတ်ချေ။ ပျိုးထောင်၊ ပေါင်းရှင်း၊ မြေညှိ၊ ကျင်းတူး၊ မြေသြဇာထည့် စသည့်ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမှသာလျှင် စိုက်ပျိုးသောသစ်ပင်သည် ရှင်သန်နိုင်စွမ်းရှိမည်ဖြစ်သည်။ သစ်ပင်တစ်ပင်ကို ပေါင်းမြက်များ ဖုံးလွှမ်းပြီး ရေဝပ်နေသောနေရာများတွင် ချက်ချင်းကျင်းတူး၍ စိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်း အလားအလာနည်းနေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇွန်လမှစ၍ အောက်တိုဘာလ လောက်အထိ မိုးဖြိုင်ဖြိုင်ရွာသွန်းသည်။ ထို့ကြောင့် မေလလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့နောက် မိုးတွင်းကာလတစ်ခုလုံး အလျဉ်းသင့်သလို စိုက်ပျိုးသွားနိုင်မည်ဖြစ်သည်။ တတ်နိုင်ပါက မိုးတွင်းကာလတွင် တစ်လတစ်ကြိမ်လောက် စိုက်ပျိုးသွားမည်ဆိုလျှင် သက်ရှိအားလုံး အတွက် များစွာအကျိုးဖြစ်ထွန်းနေမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦး၊ တစ်ယောက်ချင်းစီသည် သစ်တောသစ်ပင်ကို ချစ်တတ်ဖို့လိုနေပြီ ဖြစ်သည်။ အထူးသဖြင့် ယခုလိုမိုးရာသီတွင် သစ်ပင်စိုက်ပျိုးမှုကို နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်တစ်ရပ်ကဲ့သို့ သဘောထားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွက်ပြည့်ဆောင်ရွက်သင့်သည်။

ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးမှုကို လှုပ်ရှားမှုပေါင်းစုံဖြင့် ဆောင်ရွက်မည်ဆိုလျှင် သစ်တော၊ သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ အပန်းဖြေခရီးသို့မဟုတ် တစ်နေရာရာသို့ ရောက်ရှိချိန်တွင် အမှတ်တရ သစ်ပင်အနည်းဆုံးတစ်ပင်စိုက်ပျိုးခြင်း၊ သူငယ်ချင်း များ၊ မိတ်ဆွေများ၊ ချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် သစ်ပင်များအားပေးခြင်း၊ နှစ်ပတ်လည် အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များတွင် သစ်ပင်စိုက်ပျိုးခြင်း၊ ပြည်သူအားလုံး ပါဝင်စိုက်ပျိုးခြင်း၊ ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သည့် အလေ့အထများ ပြုလုပ်သွားရန် ဖြစ်သည်။

လူသားတို့သည် မိမိတို့ ဖြုန်းတီးခုတ်လှဲခဲ့သော သစ်တော၊ သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်၊ သစ်တောများရှင်သန်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ စနစ်တကျစိုက်ပျိုးသွားရန်လိုအပ် နေပြီဖြစ်သည်။ ထို့ပြင် နှစ်စဉ်ပြုန်းတီးသွားသော သစ်တောဧကနှင့် ထပ်မံစိုက်ပျိုးထားသော သစ်ပင် အရေအတွက်တို့ကို စနစ်တကျစာရင်းပြုစုမှတ်တမ်း တင်ခြင်းများ ဆောင်ရွက်သင့်ပါသည်။ အလားတူ စိုက်ပျိုးထားသောသစ်ပင်များ ဖြစ်ထွန်း ရေးအတွက် သစ်ပင်စိုက်ပျိုးသူများကို ရေလောင်း၊ ပေါင်းသင်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် စည်းရုံးဆောင်ရွက်ခြင်း၊ မြေသြဇာနှင့် ပေါင်းသတ်ဆေးများကဲ့သို့သော အထောက်အကူပြု ပစ္စည်းထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေး မည်ဆိုလျှင် ပြုန်းတီးသွားသော သစ်တောများနေရာတွင် သစ်တောများ ပြန်လည်ရှင်သန်ကာ ရာသီဥတုလည်း ကောင်းမွန်လာမည်ဖြစ်သည်။

ထို့ပြင် သစ်ပင်များကို အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးထားရုံသာမက သစ်တောများကို တောမီးလောင်မှုအန္တရာယ်မှလည်း ကာကွယ်ပေး ရန်လည်း လိုအပ်ပေသည်။ တောမီးလောင်ခြင်းကို မီးတားလမ်းများဖောက်ခြင်း၊ တောလိုက်မုဆိုးများ အား ကန့်သတ်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ် သည့် နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါသည်။ လူတစ်ဦးတစ်ယောက်၏ အမှုမဲ့ အမှတ်မဲ့ စွန့်ပစ်လိုက်သော ဆေးလိပ်မီးတစ်စ သည် တစ်တောလုံးကို ပြာကျသွားနိုင်သဖြင့် နိုင်ငံ သားတိုင်း ကိုယ်စီအသိရှိကြရန် လိုအပ်ပေသည်။

ဥတုရာသီညီမျှဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

စင်စစ်အားဖြင့် သစ်ပင်၊ သစ်တောများသည် လူနှင့်တိရစ္ဆာန်များအသက်ရှင်ရန် အဓိကလိုအပ် သည့် အောက်ဆီဂျင်ကို ထုတ်ပေးပြီး ကျန်းမာရေးကို ထိခိုက်နိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို စုပ်ယူပေးနိုင်ပါသည်။ ထို့ပြင် အပူဒဏ်ကိုကာကွယ် ပေးနိုင်သည့်အပြင် မြေဆီလွှာကိုပါ ထိန်းသိမ်း ပေးနိုင်ပါသည်။ မိုးရာသီတွင် မိုးရေများကို ထိန်းသိမ်းထားနိုင်သဖြင့် ရေကြီးရေလျှံမှုများကိုလည်း ကာကွယ်နိုင်သည်။ အထူးသဖြင့် ရာသီဥတုမှန်ကန် လာသောကြောင့် ကောက်ပဲသီးနှံများ အထွက်နှုန်း ကောင်း၍ တိုင်းပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုဘဝ မြင့်မားလာမည် ဖြစ်သည်။

ဆိုရလျှင် ယခင်ကသစ်တောများနှင့် ဖုံးလွှမ်းလျက်ရှိသော တောတောင်များသည် သစ်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းတို့ကြောင့် တောင်ကတုံးများဖြစ်လာကြသည်။ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း ထိုတောင်ကတုံးများတွင် သျှောင်ထုံးနိုင်မှသာလျှင် ရာသီဥတု ပြန်လည်မှန်လာမည်ဖြစ်သည်။ သစ်ပင်၊ သစ်တောများသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရာတွင် အခြေခံအကျဆုံးသော အရင်းအမြစ်များဖြစ်သည်။ သစ်တောများနှင့် လွှမ်းခြုံထားသော ဒေသများတွင် ရေအရင်းအမြစ်များကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ထို့နောက် ရာသီဥတုမှန်လာခြင်း၊ မိုးရေချိန် ပြည့်မီစွာရရှိသဖြင့် သောက်သုံးရေအပြင် စိုက်ပျိုးရေ ကိုပါ ဖူလုံစွာရရှိလာမည်ဖြစ်သည်။ ထိုသို့မိုးလေဝသမှန်ကန်မှုကြောင့် မြန်မာနိုင်ငံ၏ လူဦးရေအများစု ဖြစ်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။

ထို့ကြောင့် ပြုန်းတီးသွားသောသစ်တော၊ သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စနစ်တကျစိုက်ပျိုးသွားရန်လိုအပ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများ များစွာလိုအပ်ပါသည်။ သို့မှသာလျှင် ဥတုရာသီ ညီမျှလာပြီး နေ့စဉ်စားဝတ်နေရေး၏ အခြေခံလိုအပ်ချက်ဖြစ်သော စားရေရိက္ခာနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည့်အပြင် နိုင်ငံသားအားလုံးအနေဖြင့်လည်း ကျန်းမာချမ်းသာစွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်မည်ဖြစ်ပေသည်။ ။

ကိုးကား။ နေ့စဉ်ထုတ်သတင်းစာများ။