ပိုးလမ်းမရပ်ဝန်းနိုင်ငံများအတွက် သစ်သီးဝလံများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းဆိုင်ရာ နည်းပညာ
ဧကရီအောင်အောင် (SSID)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ MOFCOM ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် “Seminar on Food Processing and Utilization for Belt and Road Countries” သို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်ငါးဦးသည် ရန်ကုန်မြို့မှပေကျင်းမြို့သို့ ၆-၅-၂၀၂၄ မှ ၂၁-၅-၂၀၂၄ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
ပေကျင်းမြို့သို့ ၇-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်ရောက်ရှိပြီး ထိုနေ့တွင် Seminar ကို စတင်ကျင်းပခဲ့ပါသည်။ Chinese Academy of Agricultural Mechanization Science Group Co.,Ltd.(CAAMS) ရုံးရှိ Meeting Room ၌ Seminar တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Seminar ကို ပိုးလမ်းမရပ်ဝန်းအစီအစဉ်တွင် ပါဝင်သောနိုင်ငံများ၏ သစ်သီးဝလံများအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်နည်းပညာများကို အပြန်အလှန်ဆွေးနွေးသိရှိစေရန်၊ တန်ဖိုးမြှင့် စားသောက်ကုန်များကို ထုပ်ပိုးမှုပုံစံအမျိုးမျိုးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းအောင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ စီမံဆောင်ရွက်သည့်နည်းလမ်းများကို လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးသွားရောက်သူများ
Belt and Road Countries နိုင်ငံများဖြစ်သော နီပေါ၊ ဗီယက်နမ်၊ တူကီယဲ၊ နိုင်ဂျီးရီးယား၊ ဥဇဘက်ကစ္စတန်၊ ထရီနီဒက်တိုရွန်တို၊ အီသီယိုးပီးယား၊ မြန်မာစသည်တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာရေးသူနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်အောင်ဝင်း၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အေးမာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ထိုက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မိုးတို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြချက်များ
CAAMS Meeting Room သို့ China Agricultural University, Ministry of Agricultural and Rural Affairs, Food Research Institute (Jinan) များမှ Professor နှင့် Researcher လေးဦး လာရောက်၍ စိုက်ပျိုးရေးသုံး စက်ကိရိယာများအကြောင်း၊ သီးနှံအရွယ်အစား၊ အရည်အသွေး ရွေးချယ်သည့် စက်ကိရိယာများအကြောင်း၊ သဘာဝသစ် သီးဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းများ၊ ယိုအမျိုးမျိုး ပြုလုပ်နည်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။
ထို့အပြင် အသီးအနှံ၊ သစ်သီးဝလံများကို သီးနှံအမျိုးအစားအလိုက် ပိုးသတ်နည်းအမျိုးမျိုး၊ အခြောက်ခံနည်းအမျိုးမျိုးကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆက်လက်ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။ သဘာဝဖျော်ရည်နှင့်ယိုများ အဓိကပျက်စီးရခြင်းမှာ လေထဲတွင်ရှိသော Microorganism များနှင့် ရေငွေ့ပါဝင်နှုန်းများခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့ကိုကာကွယ်ရန် နည်းမျိုးစုံသုံးကြသည်ကို တွေ့ရှိခဲ့ရပါသည်။
ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော (Pathogenic Microorganism) ကိုလျှော့ချရန် အခြောက်ခံနည်းမျိုးစုံ၊ အခြောက်ခံစက်မျိုးစုံကိုအသုံးပြုကြောင်း ဆရာများက ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ စနစ်တကျအခြောက်ခံထုပ်ပိုးပါက ရေငွေ့ပါဝင်နှုန်းကိုလျှော့ချပြီး Microorganism ပေါက်ပွားမှုကိုထိန်းချုပ်စေကာ ထုတ်ကုန်များကြာရှည်ခံစေမည်ဖြစ်ပါသည်။ သကြားပါဝင်နှုန်း ၆၀ ရာခိုင်နှုန်းအထက်နှင့် ရေဓာတ်ပါဝင်နှုန်း ၂၀ ရာခိုင်နှုန်းအောက်ဆိုလျှင် Microorganism ပေါက်ပွားမှုကို ကာကွယ်နိုင်ကြောင်း၊ သကြားပါဝင်နှုန်းနည်းပါက တာရှည်ခံစေရန်အတွက် ရေဓာတ်ပါဝင်နှုန်း ပိုမိုလျော့နည်းရမည်ဖြစ်ပြီး Vacuum Packaging စနစ်ဖြင့် ထုပ်ပိုးသင့်ကြောင်း ဆရာများက အကြံပြုဆွေးနွေးပေးခဲ့ပါသည်။
အစားအသောက်များကို Physical Way ဖြင့် တာရှည်ခံစေရန် ပိုးသတ်သည့်အပူချိန် (Sterilization Temperature) ကိုလည်း အက်စစ်ဓာတ်နည်းပါး သည့် အစားအသောက်များကို ၁၀၀°C အထက် အပူပေးသင့်ပြီး အက်စစ်ဓာတ်များသည့် အစားအသောက်များကို ၁၀၀°C အောက် အပူပေးသင့်ကြောင်း၊ ယနေ့ခေတ်တွင် Radio Frequency Technology အသုံးပြု၍ ပိုးသတ်ခြင်းသည် Low Temperature၊ Short Duration ဖြင့် အစားအသောက်များ၏ အာဟာရမပျက်စီးစေဘဲ အတွင်းသားများအထိ မြန်မြန်ဆန်ဆန် ပျံ့နှံ့အပူဝင်စီးပြီး အခြောက်ခံနိုင်သဖြင့် ပိုမိုသုံးစွဲလာကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ချဉ်ဖတ်စိမ်ခြင်းအကြောင်းကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်မှာ ရိုးရိုးချဉ်ဖတ်ထက် (Fermented)အချဉ်ဖောက်ထားသည့် ချဉ်ဖတ်ကကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ကြောင်း၊ ချဉ်ဖတ်စိမ်သည့်အခါ ဆားပါဝင်မှုနည်းပါးပြီး အပူချိန်မြင့်ပါက Nitrate ဓာတ်များ ထွက်ပေါ်လာပြီး အန္တရာယ်ဖြစ်စေနိုင်သဖြင့် Nitrate reduce ဖြစ်စေရန် ကြက်သွန်ဖြူထည့်၍စိမ်လျှင် ပိုမိုကောင်းမွန်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။
သဘာဝသစ်သီးဖျော်ရည်များ ထုတ်လုပ်ရာတွင်လည်း ပန်းသီး၊ လိမ္မော်သီးများကို အရည်ညှစ်ယူပြီး ကြည်လင်သောအရည်ကြည်ရအောင်စစ်ယူကာ တာရှည်ခံစေရန် ပြုလုပ်ထုပ်ပိုးမှုများကို ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ အသီးများကိုကြိတ်ခြေ၍ အရည်ညှစ်ယူရာတွင် ထုတ်ကုန်အရည်အသွေးကောင်းစေရန် Enzyme များထည့်သွင်း၍ အသုံးပြုကြပါသည်။ Enzyme ကိုထည့်သွင်းအသုံးပြုခြင်းအားဖြင့်( Sound of Fruit) ဖျော်ရည်၏အရသာမှာ ပိုမိုကောင်းမွန်ပြီး ဖျော်ရည်၏ အရောင်အသွေးမှာ ပိုမိုကြည်လင်တောက်ပလာကြောင်း သိရှိခဲ့ရပါသည်။ တာရှည်ခံစေရန်အတွက် Sterilization ပြုလုပ်ခြင်းကို (High Temperature Short Time) ကို Heat Exchanger Sterilizar စက်များဖြင့် ပြုလုပ်ကြကြောင်း ဆွေးနွေးရှင်းပြပေးခဲ့ပါသည်။ (စားသောက်ကုန်စက်ရုံများတွင် HACCP လက်မှတ်များ FSSC-22000 လက်မှတ်များလည်း ရယူထားရန်လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။) ဖျော်ရည်ထည့်မည့် အိတ်ခေါင်းသည် သေးငယ်စေပြီး Aseptic Tank ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ ပြည့်ခါနီးတွင် Sterilize လုပ်ပြီးဖြည့်ခြင်းဖြင့် တာရှည်ခံစေပြီး Microorganism များကို Control လုပ်နိုင်မည်ဖြစ်ကြောင်း ဆရာများက ဆွေးနွေးပြောကြားပေးခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း လေ့လာရေးခရီးစဉ်
စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံအများစုသည် Yantai၊ Jinan မြို့တို့တွင် တည်ရှိသောကြောင့် ထိုမြို့များသို့ လေ့လာရေးသွားရောက်ရန် ၁၂-၅-၂၀၂၄ ရက်နေ့တွင် ပေကျင်းမြို့မှ Yantai မြို့သို့ လေယာဉ်ဖြင့်ခရီးထွက်ခဲ့ကြပါသည်။ Yantai မြို့သည် ပေကျင်းမြို့မှ ၇၉၃ ကီလို မီတာကွာဝေးသော ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သဖြင့် ထုတ်ကုန်များကို ကွန်တိန်နာများဖြင့်ထည့်သွင်း၍ သင်္ဘောများဖြင့်တင်ပို့ပြီး ကုန်သွယ်မှုပိုမိုလွယ်ကူအဆင်ပြေကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
ပထမဦးဆုံးစက်ရုံအဖြစ် Yantai မြို့ရှိ DSM Andera Pectin Co.,ltd. သို့ လေ့လာရေးသွားရောက်ခဲ့ကြပြီး စက်ရုံမှထုတ်လုပ်လျက်ရှိသည့် ထုတ်ကုန်များကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ (စက်ရုံအတွင်း ဓာတ်ပုံရိုက်ခွင့်မပြုပါ။) အဆိုပါစက်ရုံသည် ပန်းသီးနှင့် Citrus Fruit များအသုံးပြု၍ ဖျော်ရည်၊ ယို၊ ဂျယ်လီ၊ အာဟာရဖြည့်ဓာတ်စာတို့ကို Customer Order များအတိုင်း ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိခဲ့ရပါသည်။
Yantai Great Fruit Beverages Co.,Ltd. ကို သွားရောက်လေ့လာခဲ့ရာမှာ တရုတ်နိုင်ငံတွင် ပေါများစွာထွက်ရှိသော ပန်းသီးများကို Concentrate Juice သီးသန့်ပြုလုပ်၍ ဥရောပ၊ အမေရိကသို့ တင်ပို့ရောင်းချနေကြောင်း သိရှိခဲ့ရပါသည်။ စက်ရုံအတွင်းသို့ ဝင်ရောက်လေ့လာကြရာတွင် ပန်းသီးတန်ချိန်ပေါင်းများစွာ ဝန်ချီစက်ဖြင့်သယ်လာပြီး စက်များဖြင့် အဆင့်ဆင့်ဆေးကြောသန့်စင်ခြင်း များဆောင်ရွက်ကာ ပန်းသီးများကြိတ်ခြေအရည်ညှစ်ခြင်း၊ စစ်ယူခြင်း၊ ပိုးသတ်ခြင်း၊ ထုပ်ပိုးခြင်းများကို Mash Tank ၊ Retentate tank ၊ Nanomembrane Filter များအသုံးပြု၍ Ultrafiltration ပြုလုပ်ခြင်းဖြင့် အဆင့်ဆင့်ကျော်ဖြတ်ပါသည်။ ထို့နောက် Aseptic Aluminum Bag (20 L) များအတွင်းသို့ ထည့်သွင်းပြီး တိုင်ကီများထဲသို့ထည့်၍ အအေးခန်းကွန်တိန်နာများဖြင့် ဥရောပ၊ အမေရိကသို့ပို့ဆောင်ပြီး အဆိုပါနိုင်ငံများသို့ ရောက်ရှိသောအခါ Repackaging ပြုလုပ်၍ ပြန်လည်သုံးစွဲကြကြောင်း သိရှိခဲ့ရပါသည်။ သစ်သီးဖျော်ရည်၏ အရည်အသွေး၊ အရသာပိုမိုကောင်းမွန်စေရန် Enzyme(Pectic Enzyme) ကို သုံးစွဲကြောင်း၊ သစ်သီး ဖျော်ရည်များ တာရှည်ခံစေရန် ဓာတုဗေဒပစ္စည်း များသုံးစွဲမှုမရှိဘဲ Heat Exchanger ကိုအသုံးပြု၍ High Temperature ၊ Short Time Method ဖြင့် Sterilization ပြုလုပ်ကြကြောင်း သိရှိခဲ့ရပါသည်။ (0 to 4°C ) တွင် နှစ်နှစ်နှင့် (-18°C ) တွင် လေးနှစ်အထားခံကြောင်း လေ့လာသိရှိခဲ့ရပါသည်။
၁၄-၅-၂၀၂၄ ရက်နေ့တွင် Yantai မြို့ရှိ Pula Valley ရှိ Yantai Shui Yun Winery Management Co.,Ltd. သို့ လေ့လာရေးဆက်လက်သွားရောက်ခဲ့ကြပြီး အဆိုပါဝိုင်စက်ရုံတွင် ကုန်ကြမ်းစပျစ်သီး စိုက်ပျိုးသည်မှ ကုန်ချောဝိုင်ထုတ်လုပ်သည်အထိ လေ့လာခဲ့ကြပါသည်။ ၎င်းဝိုင်စက်ရုံမှ ထုတ်လုပ်သော ဝိုင်များသည် ဘာလင်မြို့တွင် နှစ်စဉ်ကျင်းပသည့် ကမ္ဘာ့ဝိုင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ကောင်းမွန်ပြည့်စုံသည့်ကုန်ချောရရှိရန် ကုန်ကြမ်းစပျစ်သီးမျိုးစေ့မှစ၍ ဂရုပြု ဆောင်ရွက်ကြပြီး ရရှိလာသည့်ဝိုင်များကို အနံ့အရသာပိုမိုကောင်းမွန်စေရန် ဝက်သစ်ချစည်များဖြင့် မြေအောက်တွင်ထည့်၍ သိမ်းဆည်းပြီးTemperature Control ရရှိစေရန် နွေရာသီတွင် 25°C၊ ဆောင်းရာသီတွင် 5°C အတိုင်း သိမ်းဆည်း သိုလှောင်ထားပါသည်။
လေ့လာရေးအဖွဲ့များသည် ရန်တိုင်းမြို့မှ ၄၇၆ ကီလိုမီတာကွာဝေးသော ဂျီနန်မြို့သို့ High Speed Train ဖြင့် ၁၅-၅-၂၀၂၄ ရက်နေ့တွင် ထွက်ခွာ ခဲ့ကြပါသည်။ ရန်တိုင်းမြို့နှင့် ဂျီနန်မြို့များသည် တရုတ်နိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်ငန်း စက်ရုံများ အများအပြားတည်ရှိရာမြို့ကြီးများ ဖြစ်ကြောင်း သိရပါသည်။
ဂျီနန်မြို့သို့ရောက်ရှိခဲ့ကြပြီး ၁၆-၅-၂၀၂၄ ရက်နေ့တွင် The Jinan Fruit Research Institute သို့ လေ့လာရေးသွားရောက်ခဲ့ကြပါသည်။ အဆိုပါ သုတေသနစင်တာကြီးသည် သစ်သီးဝလံမျိုးစုံကို စားသောက်ကုန်မျိုးစုံထုတ်လုပ်ရန် သုတေသနပြုလုပ်သည့်နေရာ ဌာနကြီးဖြစ်ပြီး အရည်အသွေးစစ်ဆေးရန် ဓာတ်ခွဲခန်းများလည်းထားရှိကာ ထုတ်ကုန်၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နေကြကြောင်းတွေ့မြင်ခဲ့ရပါသည်။ ထုတ်ကုန်များကို သုတေသနပြုဆောင်ရွက်ကြရာတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ အရည်အသွေးကောင်းမွန်စေရန် ခေတ်မီနည်းစနစ်များကို သုံးစွဲလျက်ရှိပြီး လုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းပေးခြင်း၊ အကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
Laboratory Scale မှသည် Pilot Scale ထိုမှတစ်ဆင့် Industrialization အဆင့်အထိရောက်အောင် ဆောင်ရွက်နိုင်သည်အထိ စီစဉ်ထားရှိမှုများကို တွေ့ရှိခဲ့ရပါသည်။ ကုန်ထုတ်လုပ်မှု နည်းပညာများအလိုက် Fermentation Technology Laboratory၊ Fruit and Vegetable Beverage Laboratory၊ Functional Food Laboratory များထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိခဲ့ရပါသည်။ သုတေသနပြုရရှိလာသော နည်းပညာများအား တရုတ်နိုင်ငံအတွင်းရှိကုမ္ပဏီပေါင်း ၅၀ ကျော်သို့ နည်းပညာများလွှဲပြောင်း၍ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။
ဂျီနန်မြို့ရှိ ယိုမျိုးစုံထုတ်လုပ်သော Jinye Co.,ltd. ကို လေ့လာရေးခရီးထပ်မံ သွားရောက်ခဲ့ကြပါသည်။ ထိုစက်ရုံ၌ တရုတ်နိုင်ငံမှထွက်ရှိသည့် ဟောသွန်းခေါ် အသီးတစ်မျိုးကို အသုံးပြုပြီး စားသောက်ကုန်မျိုးစုံ ထုတ်လုပ်သောစက်ရုံဖြစ်ပါသည်။ ဟောသွန်းအသီးသည် ပန်းသီးနှင့်ချယ်ရီသီးစပ်ထားသည့် ပုံစံလေးဖြစ်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါသည်။ သွေးပေါင်ချိန် ထိန်းညှိပေးပြီး အစာခြေဖျက်မှုကောင်းမွန်စေသော အာနိသင်များရှိပါသည်။ အဆိုပါအသီးကိုအသုံးပြု၍ ဖျော်ရည်၊ ယိုများထုတ်လုပ်ပြီး အသီး၏အစေ့များကိုစုကာ ခေါင်းအုံးလေးများပါ ပြုလုပ်ရောင်းချသည်ကို တွေ့မြင်ခဲ့ရပါသည်။ အသီးယိုများ၊ ဖျော်ရည်များပြုလုပ်ရာတွင် Free Chemical Preservative ဖြစ်စေရန်နှင့် Food Safety ဖြစ်စေ ရန်ထုတ်လုပ်မှုအဆင့်တိုင်းကို စက်ကိရိယာများသုံးစွဲပြီး စနစ်တကျလုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
စက်ရုံလေ့လာရေး နောက်ဆုံးခရီးစဉ်အဖြစ် ၁၇-၅-၂၀၂၄ ရက်နေ့တွင် LAIWU Minhang Food Cooperation သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါစက်ရုံတွင် ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံတို့ကို အဆင်သင့်စားသောက်ကုန် မျိုးစုံအဖြစ် ထုပ်ပိုးမှုပုံစံမျိုးစုံဖြင့် ထုတ်လုပ်နေမှုကို လေ့လာတွေ့မြင်ခဲ့ရပါသည်။ ထုတ်လုပ်မှုအဆင့် တိုင်းတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် အပင်စိုက်သည့်အခါမှစတင်၍ အပင်ဖျက်ပိုးများကို နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးအကြွင်းအကျန် များပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ထားရှိပါသည်။
ချင်း၏ အရည်အသွေးကို စက်များဖြင့်ရွေးချယ်ပြီး PLC System ကိုအသုံးပြုကြောင်း၊ ရေပါဝင်မှု ခြောက်ရာခိုင်နှုန်းအောက်လျော့အောင် Dryer များအသုံးပြု၍ အခြောက်ခံကြောင်း၊ Color Sorter၊ X-ray Machine များအသုံးပြု၍ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိကြောင်း လေ့လာသိရှိခဲ့ရပြန်ပါသည်။ လေ့လာရေးအဖွဲ့သည် ၁၉-၅-၂၀၂၄ ရက်နေ့တွင် ဂျီနန်မြို့မှ ပေကျင်းမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။ ၂၀-၅-၂၀၂၄ ရက်နေ့တွင် Evluation ပြုလုပ်ခြင်းနှင့် သင်တန်းပိတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြပါသည်။ ၂၁-၅-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
လေ့လာတွေ့ရှိချက်များ
လေ့လာရေးခရီးစဉ်အတွင်း စက်ရုံငါးရုံနှင့် Institute တစ်ခုသို့သွားရောက်၍ လေ့လာခွင့်ရရှိခဲ့ပါသည်။ အဆိုပါနေရာများအားလုံးတွင် တူညီသောအချက်များမှာ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Physical Treatment များဖြစ်သော ကုန်ထုတ်လုပ်မှုနေရာများသို့ ပြင်ပလူများ ဝင်ရောက်ခွင့်မပြုခြင်း၊ ယိုစက်ရုံများတွင်လည်း တာရှည်ခံဆေးဝါးများ မသုံးစွဲဘဲ Microorganism များ ပေါက်ပွားမှုကာကွယ်ရန်၊ ရေဓာတ်လျှော့ချရန် Electric Dryer များအသုံးပြုခြင်း၊ သစ်သီးဖျော်ရည်စက်ရုံများတွင် သစ်သီးဖျော်ရည်များ အရည်အသွေးကောင်းမွန်စေရန် Enzyme အသုံးပြုခြင်း၊ တာရှည်ခံဓာတု ဆေးဝါးများ အသုံးမပြုဘဲ High Temperature၊ Short Time Method ကိုအသုံးပြုခြင်း၊ Heat Exchanger များအသုံးပြုခြင်း၊ Aseptic Filling System (Radio Frequency Technology) ကို အသုံးပြုခြင်းများကိုသာ တွေ့ရှိခဲ့ရပါသည်။
သုံးသပ်ချက်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသီးအနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလာသည်နှင့်အမျှ အသီးအနှံများ ပေါများပိုလျှံစွာထွက်ရှိလာပြီး သဘာဝအတိုင်း စားသုံးကြသည့်အပြင် ဖျော်ရည်၊ ယိုစသည်ဖြင့် ပြုလုပ်စားသုံးကြခြင်းကို အလေ့အထတစ်ခုအဖြစ် တွေ့မြင်ခဲ့ရပါသည်။ အဆိုပါ အသီးအနှံများကို ဈေးကွက်ဝင်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချသည့်အခါတွင် သန့်ရှင်းလတ်ဆတ်ပြီး ကြာရှည်ခံစေရန် ကျန်းမာရေးနှင့် ညီညွတ်သောထုတ်ကုန်များ ပြုပြင်ထုတ်လုပ်မှုများသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လာကြောင်းတွေ့ရှိရပါသည်။
ဌာနမှ ဆောင်ရွက်ပေးနေမှုများ
မိမိတို့ဌာနအနေဖြင့်လည်း ထိုကဲ့သို့ အစားအသောက်ဆိုင်ရာ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များထံသို့ နည်းပညာလွှဲပြောင်းပေးခြင်း၊ Incubation Center များတည်ထောင်၍ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မွေးထုတ်ပေးခြင်း၊ ထုတ်ကုန်များ အရည်အသွေးတိုးတက်စေရန် Research & Innovation များ ဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန်များဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်
ယခင်က Chemical Treatment များ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ လေ့လာခဲ့သော Physical Treatment နည်းစနစ်များအတိုင်း သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားပါမည်။ Solar စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သော Electric Dryer များ Solar Dryer များ Heat Exchanger များ တီထွင်ဆောင်ရွက်ပေးသွားပါမည်။
နိဂုံး
မိမိတို့နိုင်ငံတွင် သစ်သီးဝလံများကို Value Added ထုတ်ကုန်များ ထုတ်လုပ်သည့်အခါ Dryer များ၊ Heat Exchanger များ သုံးစွဲလာနိုင်ရေး အကြံပြုဆောင်ရွက်ပေးသွားရမည်ဟု ဆုံးဖြတ်မိပါသည်။ တရုတ်နိုင်ငံခရီးစဉ်မှ လေ့လာခွင့်ရရှိခဲ့သော အကြောင်းအရာများကို စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သည့် MSMEs လုပ်ငန်းငယ်လေးများသို့ လည်း ဗဟုသုတများ၊ နည်းပညာများ ပြန်လည်မျှဝေပေးနိုင်ပြီး ပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန်များ စားသုံးလာနိုင်ရန် ကူညီဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။