Skip to main content

လူ့အခွင့်အရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဟူသည့် အခြားမဲ့နောက်ကွယ်၌

မင်းခေါင်

ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ “မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုများ တိုးလာနေသဖြင့် အလွန်စိုးရိမ်မိကြောင်း၊ ရခိုင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် မြန်မာစစ်တပ်၏ လတ်တလောတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသော နောက်ဆုံးဖြစ်ရပ်နှင့် ရိုဟင်ဂျာများ အပေါ်ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို လူမှုအသိုင်းအဝိုင်းအားလုံးက အကာအကွယ်ပေးဖို့လိုကြောင်းပြောကြားချက်ကို အတွင်းရေးမှူး ချုပ်ရုံးကထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုပါထုတ်ပြန်ချက်မတိုင်မီ မရှေးမနှောင်းမှာပင် AA အကြမ်းဖက်သောင်းကျန်း သူများကစစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများကို ထုတ်လွှင့်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “AA အနေနဲ့ ဒါတွေဘာလို့လုပ်သလဲဆိုတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့ တယ်။ ဘင်္ဂါလီတွေရဲ့အိမ်တွေကို မီးရှို့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့အစည်းအချို့က၊ နိုင်ငံတကာအဖွဲ့ အစည်းအချို့က သူတို့ကို ဖိအားပေးတဲ့အချိန်မှာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်းသာဖြစ်ပါတယ်ဟု ဇွန်လ ၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေခြင်းသည် ၎င်းတို့၏ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်း ဘင်္ဂါလီများအား သတ်ဖြတ်မှု၊ ဘင်္ဂါလီအိမ်များအား မီးရှို့မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေးမှုအပေါ် အာရုံလွှဲနိုင်ရန် မဟုတ်မမှန်လုပ်ကြံစွပ်စွဲခဲ့ခြင်း ဖြစ်သည်ဟုဆိုလျှင် ယခုကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ရုံး၏ အဆီအငေါ်မတည့်၊ ပကတိမြေပြင် အခြေအနေနှင့် ကွဲလွဲစွာ ထုတ်ပြန်ခဲ့မှုကလည်း ကုလသမဂ္ဂအနေဖြင့် လတ်တလောအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ ရုရှား-ယူကရိန်းအရေး အခင်းတို့တွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ အလိုကျဆောင်ရွက်နေမှုများ၊ ဘက်လိုက်မှုများ၊ ကုလသမဂ္ဂ၏အဓိက ရည်ရွယ်ချက်ဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် မအောင်မြင်မှုများ၊ နှောင့်နှေးကြန့်ကြာမှုများကြောင့် ကုလသမဂ္ဂ၏ လက်ရှိအခန်းကဏ္ဍနှင့် ဂုဏ်သိက္ခာကျဆင်းလာမှုအပေါ် ကမ္ဘာ့ပြည်သူများအား အာရုံလွှဲနိုင်ရန် ၎င်းတို့ဆယ်စုနှစ်များစွာ ထုတ်လွှင့်နေကျ ဘင်္ဂါလီအရေး ဓာတ်ပြားဟောင်း ကြီးကို အချိန်ကိုက်ထုတ်ပြန်ခဲ့လေသလားဟု မေးခွန်းထုတ်စရာဖြစ်ရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့

အမှန်တကယ်အားဖြင့်မူ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် အစိုးရအဆက်ဆက်က ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်နှစ်ခုနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် (Arrangement on Return of Displaced Persons from Rakhine State) သဘောတူညီချက်ကို ၂၃-၁၁-၂၀၁၇ ရက် နေ့တွင် နေပြည်တော်၌ နှစ်နိုင်ငံဝန်ကြီးအဆင့် ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်၍ ဒုတိယသဘောတူညီမှုအဖြစ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် ဖွဲ့စည်းထားသော မြန်မာ-ဘင်္ဂလားဒေ့ရှ်ပူးတွဲလုပ်ငန်းအဖွဲ့အတွက် လုပ်ငန်း လမ်းညွှန်(Terms of Reference (ToR) for the Joint Working Group on the Repatriation of Displaced Myanmar Residents From Bangladesh) ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အဆင့်က ၁၉-၁-၂၀၁၇ ရက်နေ့တွင် ဒါကာမြို့၌လည်းကောင်း၊ တတိယသဘောတူညီချက်အဖြစ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ လက်တွေ့ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Physical Arrangement for Repatriation of Displaced Myanmar Residents From Bangladesh Under the Arrangement on Return of Displaced Persons from Rakhine State) ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်က ၁၆-၁-၂၀၁၈ ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပြန်လည်လက်ခံရေးလုပ်ငန်း နှစ်ကြိမ်ကြိုးပမ်းဆောင်ရွက်ခဲ့

ထိုသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်းပြီးနောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစတင်ရန် ၁၅-၁၁-၂၀၁၈ ရက်နေ့နှင့် ၂၂-၈-၂၀၁၉ ရက်နေ့တို့တွင် နှစ်ကြိမ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ်အတွက် လက်ခံရန်လျာထားစိစစ်ပြီး နေရပ်စွန့်ခွာသူအရေအတွက် ၂၂၆၀ နှင့် ဒုတိယအကြိမ်အတွက် ၃၄၅၀ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီစိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် နယ်စပ်တွင် အဆင်သင့်ပြင်ဆင်ထားခဲ့ပါသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့် အာဆီယံအရေးပေါ်တုံ့ပြန် ရေးနှင့်ဆန်းစစ်လေ့လာမှုအဖွဲ့ (ASEAN - ERAT)တို့မှ ကိုယ်စားလှယ်များပါ နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် သွားရောက်ပြီး အတူတကွ စောင့်ဆိုင်းခဲ့ကြပါသည်။

သို့ရာတွင် နေရပ်စွန့်ခွာသူများနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်ကစခန်းများရှိ အဖျက်အမှောင့် လုပ်ဆောင်နေသူများနှင့် အကြမ်းဖက်အဖွဲ့ဝင်များက နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်မှုများနှင့် အခြားသောဖိအားများကြောင့် ကြိုးပမ်းမှုများမှာမအောင်မြင်ခဲ့ချေ။

မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံသဘောတူညီချက်များ၊ ပြည်တွင်းဥပဒေများနှင့်အညီ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မြန်မာဘက်က ကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာသတင်းဌာနအချို့က ထုံးစံအတိုင်း မဟုတ်မမှန်စွပ်စွဲခဲ့ကြပြန် သည်။

နှစ်နိုင်ငံသဘောတူညီချက်များကို ဆက်လက်ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်ရယူပြီးနောက်ပိုင်းတွင်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း နိုင်ငံတော်၏အကျိုးစီးပွားကို မထိခိုက်ပါက နှစ်နိုင်ငံသဘောတူညီချက်များကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဟု ၈-၂-၂၀၂၁ ရက်နေ့က ပြောကြားထားပြီးဖြစ်သည်။

သို့ဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စိစစ်နေသည့်လုပ်ငန်းစဉ်များ ရပ်တန့်ခြင်းမရှိသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း အစည်းအဝေးအပြင် နည်းပညာဆိုင်ရာဆွေးနွေးမှု ယန္တရားအသစ်များကိုပါတိုးချဲ့၍ ညှိနှိုင်းအစည်းအဝေးများကို အိမ်နီးချင်းကောင်းပီသစွာ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူအဆင့်ဆင့်အကြား ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များမှာ နှောင့်နှေးကြန့်ကြာမှုများရှိနေဆဲပင်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အဘယ်ကြောင့် နှောင့်နှေးကြန့်ကြာ မှုများဖြစ်ပေါ်နေရပါသနည်း၊ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းများက နိုင်ငံရေးအရ၊ ကိုယ်ကျိုးစီးပွားအရ နှောင့်နှေးကြန့်ကြာအောင် နှောင့်ယှက်ဖန်တီးနေပါသနည်း။

ဘင်္ဂလားဒေ့ရှ်လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနဆိုင်ရာကော်မတီဥက္ကဋ္ဌ ယခင်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာအေကေအဗ္ဗဒူ မိုမန် (Mr. A. K. Abdul Momen) က ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာ Daily Jugantor သတင်းဌာနနှင့်ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သည့်တွေ့ဆုံမေးမြန်းမှုအစီအစဉ် တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီများကို ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ်များရှိသော်လည်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် အခြားနိုင်ငံများက ၎င်းတို့ကို မြန်မာနိုင်ငံသို့မပြန်ရန်၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌သာ နေထိုင်ရန်နှင့် စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့ပေးမည်ဟု ပြောကြားမှုများရှိနေပါကြောင်း။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များနှင့် ဆက်စပ်၍ စီးပွားရေးသဖွယ်လုပ်ကိုင်နေခြင်းကြောင့် ဒုက္ခသည်များမရှိပါက ၎င်းတို့အနေဖြင့် အလုပ်မရှိသကဲ့သို့ဖြစ်မည်စိုးသဖြင့် ဘင်္ဂါလီဒုက္ခသည်များကိုသာမက ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များကို ၎င်းတို့၏မိခင်နိုင်ငံသို့ပြန်သွားရန် မတိုက်တွန်းဘဲ လက်ခံထားသည့်နိုင်ငံများ၌သာ နေထိုင်ရန်နှင့် လိုအပ်သည်များ ထောက်ပံ့ပေးမည်ဟူ၍ ပြောဆိုလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ

တစ်ဆက်တည်းမှာပင် မစ္စတာမိုမန်ကကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများစွာ လုပ်ကိုင်လျက်ရှိရာ အလှူငွေများကို မည်မျှရရှိ၍ မည်သို့ရရှိသည်၊ မည်မျှ ထိရောက်သောလုပ်ငန်းများတွင် မည်သည့်ပမာဏ ဖြင့် သုံးစွဲနေသည် စသည်တို့ကိုမသိရသဖြင့် ယင်းအဖွဲ့အစည်းများအား တတ်နိုင်သ၍ အမြန်ဆုံးပိတ်သိမ်းသင့်ကြောင်း၊ မည်သည့်အဖွဲ့အစည်းက မည်သည့်ကဏ္ဍအတွက် ဆောင်ရွက်နေသည်ကိုပင်မသိရှိရ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အဆိုပါနိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ကြတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်။

ထို့ပြင် “အိန္ဒိယ၊ တရုတ်နှင့်ဂျပန်နိုင်ငံတို့မှ နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံ၌ နေအိမ်များ တည်ဆောက်ပေးထားသော်လည်း မြန်မာနိုင်ငံ၌ အခြေအနေကောင်းများ ဖန်တီးထားခြင်းမရှိသောကြောင့် မပြန်ရန်နှင့် ၎င်းတို့နိုင်ငံသို့ခေါ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက မက်လုံးပေးစည်းရုံးပြောကြားနေမှုများလည်းရှိနေ ပါကြောင်း ၎င်းကဆိုသည်။

ထို့အတူ ဘင်္ဂါလီများနေရပ်ပြန်လည် ပို့ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံညှိနှိုင်း၍ ဖြေရှင်းနိုင်မည်ဟုယုံကြည်ပြီး အ‌ခြားသော တတိယနိုင်ငံ/အဖွဲ့အစည်း (Third Party) များမှ ဝင်ရောက်ဆောင်ရွက်ပေးရန် မလိုအပ်ဟုထင်မြင်ပါကြောင်း။ အဆိုပါ တတိယနိုင်ငံ/အဖွဲ့အစည်းများသည် နေရပ်ပြန်လည်ပို့ဆောင်ရန် မြန်မာနိုင်ငံ၌ အခြေအနေကောင်းများမရှိသေးကြောင်း၊ နိုင်ငံသားရရှိမည်မဟုတ်ကြောင်းနှင့် ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ကောင်းများမရှိကြောင်းစသည်ဖြင့် ပြောကြားနေမှုများကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များမှာ မစတင်နိုင်ဘဲဖြစ်နေ ပါကြောင်း ပြောကြားခဲ့ပါသည်။

မီဒီယာများနှင့်ပတ်သက်၍လည်း မစ္စတာမိုမန်က “ယခင် ၁၉၉၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံသည် ဘင်္ဂါလီများကို အောင်မြင်စွာပြန်လည် ခေါ်ဆောင်နိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် နိုင်ငံတကာမီဒီယာများက နေရပ်မပြန်ရေးကို အလေးပေးဖော်ပြနေကြောင်း ပြောကြားသွားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်ဆောင်ရွက် နိုင်မှုမရှိသေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ မြန်မာဘက်ကိုသာ ဖိအားပေးမှုများပြုလုပ်လျက်ရှိ ကာ လက်တွေ့တွင် မြန်မာဘက်မှ ပြန်လည်ခေါ်ယူသော်လည်း ဘင်္ဂါလီများ နေရပ်မပြန်ရသည့် အကြောင်းရင်းများကို မျက်ကွယ်ပြုခဲ့ကြပါသည်။ ယခုဘင်္ဂလားဒေ့ရှ်လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနဆိုင်ရာကော်မတီဥက္ကဋ္ဌ မစ္စတာအေကေ အဗ္ဗဒူမိုမန်က ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာ Daily Jugantor နှင့် တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် တတိယနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများက ဘင်္ဂါလီများ နေရပ်မပြန်ရေးကို ရည်ရွယ်ချက်ရှိရှိ အလေးပေးလုပ်ဆောင်နေမှုများကြောင့် ပြန်လည် လက်ခံရေးလုပ်ငန်း စတင်နိုင်မှုမရှိခြင်းဖြစ်သည်ဟု အလေးထားပြောကြားသွားခဲ့ရာ ကမ္ဘာ့ပြည်သူများ အနေဖြင့် ပကတိအခြေအနေအဖြစ်မှန်ကို အဖြူနှင့် အမည်း သဲကွဲသလို သဲသဲကွဲကွဲ တွေ့မြင်သွားခဲ့ကြ ပြီဖြစ်သည်။

တစ်နည်းအားဖြင့် ယနေ့ကမ္ဘာတွင်ရေပန်းစားနေသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဟူသည့် စကားလုံးများ၏ အခြားမဲ့နောက်ကွယ်၌ အမျိုးသားအကျိုးစီးပွား အပေါ်အခြေခံမှုများ၊ ဗိုလ်ကျစိုးမိုးမှုများ၊ ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်၍ ဘယ်သူသေသေငတေမာ ပြီးရောဟူသည့် အကျင့်ပျက်ခြစားမှုများ တောထဗွက်ပေါက်လျက်ရှိနေသည်ကို တွေ့မြင်သွားခြင်း ဖြစ်ပေသည်။ ။