Skip to main content

တို့များအလေးထား အမျိုးသမီးစွမ်းပကား

လင်းလက်မေမေ

ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ကြပေရာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုအင်အားသည် အလွန်အရေးကြီးလှသည်။ အလားတူ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ ဒသမ ၂ သန်းတွင် အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ရှိရာ ၅၂ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြသည့်အတွက် အမျိုးသမီးများ၏စွမ်းပကားကိုအခြေပြုပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

အမျိုးသမီးများသည် ပင်ကိုအားဖြင့် မိခင်စိတ်ရှိခြင်း၊ စိတ်နှလုံးနူးညံ့ခြင်း၊ ခန္ဓာကိုယ်ပျော့ပျောင်းခြင်း အစရှိသော သဘာဝတရားများကြောင့် အားနွဲ့ပျော့ပျောင်းသူများအဖြစ် သတ်မှတ်ရှုမြင်ခံကြရသည်။ တစ်ဖက်ကကြည့်လျှင်လည်း အမျိုးသမီးများသည် အရေးကြုံလာလျှင် ရဲရင့်ပြတ်သားခြင်း၊ သန်မာသောစိတ်ဓာတ်ဖြင့် အခက်အခဲများအား ရင်ဆိုင်ကျော်လွှားနိုင်ခြင်း၊ ဉာဏ်အမြော် အမြင်ကြီးမားစွာဖြင့် ဆုံးဖြတ်ချက်ချမှတ်တတ်ခြင်းများလည်း လုပ်ဆောင်နိုင်ကြသူများဖြစ်သည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ မိသားစုတစ်စုအတွင်း၌ အိမ်ထောင်ဦးစီး အမျိုးသားများ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ အိမ်ရှင်မများဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း များစွာအရေးပါလှသည်။ အိမ်ထောင်ဦးစီး အမျိုးသားရှာဖွေပေးသော ငွေကြေးကို မိသားစုတစ်စုလုံးအတွက်လောက်ငစေရန် စီမံခန့်ခွဲခြင်း၊ ခြိုးခြံချွေတာခြင်းတို့ကို အိမ်ရှင်မဖြစ်သူ အမျိုးသမီးများက စီးတဲ့ရေဆည်တဲ့ကန်သင်းဆိုသည့်အတိုင်း စနစ်တကျ စီမံဆောင်ရွက်ကြရသည်။

ယနေ့ခေတ်တွင် အမျိုးသားများနှင့်တန်းတူ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုသကဲ့သို့ အိမ်ပြင်ပတွင် အလုပ်လုပ်ကိုင်သူ အမျိုးသမီးများလည်း များပြားစွာရှိကြသည်။ ထိုသို့ အိမ်ပြင်ပတွင် အလုပ်လုပ်ကိုင်သူချင်းအတူတူ အမျိုးသားများသည် အိမ်သို့ပြန်ရောက်လျှင် အေးဆေးစွာ အနားယူနိုင်သော်လည်း အမျိုးသမီးများသည် အိမ်ပြန်ရောက်ချိန်တွင် သားသမီးများ၏ ဝေယျာဝစ္စများ၊ အိမ်မှုကိစ္စများနှင့် မိသားစုဝင်များအတွက် စားသောက် ရေးကိစ္စများကို လုပ်ကိုင်ကြရသည်။

အိမ်ပြင်ပတွင် အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရှိသကဲ့သို့ သားသမီးများ၊ မိသားစုဝင်များအပေါ် ပိုမိုပြုစုစောင့်ရှောက်နိုင်ရေးအတွက် မိမိတို့၏ ဝါသနာ၊ ပညာရပ်များကို စွန့်လွှတ်ကာ ပြင်ပအလုပ်မလုပ်ဘဲ အိမ်ထောင်မှုထိန်းသိမ်း၍ မိသားစုများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးသူ အမျိုးသမီးများလည်း များစွာရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ မိသားစုအတွင်း မတူကွဲပြားသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများ၊ စွမ်းပကားများကို အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်သည်။

အစဉ်အလာကြီးမား မြန်မာအမျိုးသမီးများ

ရှေးအစဉ်အလာကတည်းက မြန်မာအမျိုးသမီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ ဣန္ဒြေသိက္ခာရှိစွာ နေထိုင်လေ့ရှိကြသည်။ “မိန်းမတို့ဣန္ဒြေ ရွှေပေး၍မရ”၊ “ဗိုင်းကောင်းကျောက်ဖိ” ဟူ၍ မြန်မာအမျိုးသမီးတို့၏ ဣန္ဒြေသိက္ခာကြီးမားပုံကို ဆိုရိုးစကားဖြင့် တင်စားခဲ့ကြသည်။ မြန်မာအမျိုးသမီးများသည် ဘာသာတရားအဆုံးအမနှင့်အညီ ကိုယ်ကျင့်တရား စောင့်ထိန်းကာ ခင်ပွန်းသည်များအပေါ်တွင် တစ်ယောက်ဆိုတစ်ယောက် သစ္စာတရားထားရှိ၍ သေတစ်ပန်သက်ဆုံး ပေါင်းသင်းလေ့ရှိကြသည်။ အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို့ကဲ့သို့ တော်လေးဝဝင် အမျိုးသမီးများသည် ခင်ပွန်းသည်များအပေါ် သစ္စာရှိသော သမိုင်းတွင်သည့် စံပြအမျိုးသမီးများ ဖြစ်ကြသည်။

ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်မှုများ၊ စွမ်းပကားများသည် ဂုဏ်ယူဖွယ်၊ စံပြအားထားဖွယ် သမိုင်းမှတ်တမ်းသာဓကများရှိခဲ့သည်။ လူမှုဝန်ထမ်းလုပ်ငန်းကို ပထမဦးဆုံးစတင်ခဲ့သူ ဒေါ်ဦးဇွန်း (၁၈၆၈-၁၉၄၄)၊ ပထမဆုံးမြန်မာအမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ (၁၈၈၇-၁၉၇၄)၊ မြန်မာအမျိုးသမီးများတွင် ဆေးပညာ (F.R.C.S) ဘွဲ့ကို ပထမဆုံးဆွတ်ခူး ရရှိခဲ့သူ ဒေါက်တာစောဆ (၁၈၈၄-၁၉၆၂)၊ မြန်မာနိုင်ငံသား အမျိုးသမီးများထဲမှ ပထမဦးဆုံးအမ်အေ (သုတေသနအထူးပြု) ဘွဲ့၊ အောက်စဖို့ဒ်တက္ကသိုလ်မှ ဘီလစ်ဘွဲ့များရရှိခဲ့သော သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉၀၄-၁၉၈၈)၊ မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော်တွင် တစ်ဦးတည်းသော အမျိုးသမီးသူရဘွဲ့ရရှိသူ သူရမချစ်ပို (၁၉၀၇-၁၉၄၉)၊ ပထမဆုံး မြန်မာ့ကာတွန်းဆရာမ ဒေါ်သိန်းရှင် (၁၉၀၆-၁၉၆၆)၊ ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီး ဒေါ်ကြည်ကြည်ဌေး (၁၉၂၄-၂၀၀၀) အစရှိသည့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများပေါ်ပေါက်ခဲ့သည်။

ယနေ့ခေတ်၌လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ဘက်စုံထူးချွန်သူ အမျိုးသမီးများ များစွာပေါ်ထွန်းနေပြီဖြစ်သည်။ အမျိုးသမီးများကိုယ်တိုင်ကလည်း မိမိတို့၏စွမ်းရည်များ၊ စွမ်းပကားများအား တန်ဖိုးထားအလေးထားကာ မိမိတို့ဘဝရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်က ထင်ရှားကျော်ကြားခဲ့သည့် အမျိုးသမီးများ၏ လေးစားဖွယ်ဂုဏ်ရည်များ၊ စွမ်းပကားများကို အတုယူကာ ကြိုးစားကြရမည်ဖြစ်သည်။ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ မိမိတို့အတွက်အကျိုးရှိမည့် စာပေများအား ဖတ်ရှုလေ့လာခြင်း၊ မိမိဝါသနာပါရာ ဘာသာရပ်များအားလေ့လာခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအား သင်ကြားခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာအမျိုးသမီးများ၏ စွမ်းပကားများအား အသိအမှတ်ပြုတန်ဖိုး ထားသည့်အနေဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၈ ခုနှစ်မှ စတင်ကာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရန်၊ ခွဲခြားဆက်ဆံမှု ကင်းဝေးစေရန်၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံအသီးသီးကြား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့အမျိုးသမီးညီလာခံများကို ကျင်းပပြုလုပ်ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပထမဆုံး ကမ္ဘာ့အမျိုးသမီးညီလာခံကို မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့၌လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂိုမြို့၌လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် တတိယအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၉၇၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံတွင် UN Decade for Women ကိုချမှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်ကျင်းပခဲ့သော စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံ၌ Beijing Platform for Action (BPFA) အား ချမှတ်ခဲ့ပါသည်။ BPFA တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အကြမ်းဖက်မှုပပျောက်ရေးကဏ္ဍ အစရှိသည့်ဦးစားပေးနယ်ပယ် ၁၂ ရပ်ဖြင့် ရေးဆွဲထားသည့်အတွက် ကမ္ဘာတစ်ဝန်း အမျိုးသမီးအခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Beijing Platform for Action (BPFA) အရ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးတို့အတွက် နိုင်ငံတော်အဆင့် ယန္တရားတစ်ခုဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအစည်းအဝေးတွင် နှစ်စဉ်ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများကျင်းပရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ နိုင်ငံတော်သမ္မတရုံး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

အမျိုးသမီးများစွမ်းပကားတိုးတက်ရန် အဓိကသော့ချက်

အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ စွမ်းပကား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဓိသော့ချက်မှာ စာတတ်မြောက်မှုဖြစ်သည်။ စစ်တမ်းများ၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်း အမျိုးသမီး စာတတ်မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၃ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၈၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရှိရသည်။ အာဆီယံဒေသတွင်း၌ အမျိုးသမီးစာတတ် မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၉၅ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်း တိုးမြင့်နေပြီဖြစ်သည်။

အမျိုးသမီးစာတတ်မြောက်မှုနှုန်း တိုးမြင့်ခြင်းသည် ကျား၊ မ တန်းတူညီမျှရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိရေးအတွက် အရေးပါသောအချက်ဖြစ်သည်။ အနာဂတ်၏ မျိုးဆက်သစ်ရတနာများအား မွေးထုတ်ပေးနိုင်သည့် အမျိုးသမီးများအနေဖြင့် စာတတ်မြောက်ရန် အထူးလိုအပ်သည်။ စာတတ် မြောက်သော မိခင်တစ်ဦးသည် ၎င်း၏သားသမီးများကို ပြုစုပျိုးထောင်ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြား၍ မှန်ကန်သောနည်းလမ်းဖြင့် ပျိုးထောင်နိုင်မည်ဖြစ်ရာ တိုင်းပြည်၏ အနာဂတ်အတွက် တန်ဖိုးရှိလှသော လူတော်လူကောင်းမျိုးဆက်သစ်များ တိုးပွားလာမည်ဖြစ်သည်။ ပညာတတ် အမျိုးသမီးတစ်ဦးသည် မိမိကိုယ်တိုင်သာမက မိသားစုကိုပါ ကျန်းမာစွာ နေထိုင်တတ်စေရန် လမ်းညွှန်မှုပေးနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရန် စွမ်းဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများအတွက် ပညာရေးကိုပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး ဆင်းရဲ နွမ်းပါးမှုသံသရာကို ချိုးဖျက်နိုင်မည်ဖြစ်သည်။

အတန်းပညာမသင်ယူနိုင်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ၎င်းတို့၏ဘဝ ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်သည်။ အမျိုးသမီးများအတွက် ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများပံ့ပိုးခြင်း၊ ပညာသင်ဆုနှင့် ငွေကြေးအကူအညီများ ပံ့ပိုးခြင်းနှင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု ပိုမိုတိုးမြင့်လာမည်ဖြစ်ပြီး သာတူညီမျှသည့် လူမှုအဖွဲ့အစည်းဖြစ်လာစေရန် အထောက်အကူပြု နိုင်မည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ကျား၊ မ အခြေပြု အလုပ်အကိုင် ရရှိမှုစစ်တမ်း (၂၀၂၃) အရ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်ရရှိသူ အမျိုးသား ၆၆ ဒသမ ၅၇ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၄၃ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အလုပ်ရရှိသူအမျိုးသား ၆၇ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြစ်ရာ အမျိုးသားနှင့်အမျိုးသမီးအကြား အလုပ်အကိုင်ရရှိမှုအခြေအနေမှာ သိသာစွာ ကွာဟနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အလုပ်အကိုင်အသီးသီးအတွက် လိုအပ်သော ကျွမ်းကျင်မှုများရရှိစေရန် အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ပံ့ပိုးပေးခြင်းများ၊ အိမ်တွင်းအသေးစားစီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် အရင်းအနှီးမတည်ပေးခြင်း၊ အတိုးမဲ့ချေးငွေ ထုတ်ပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်နေသည်နှင့်အမျှ အမျိုးသမီးများသည် ခေတ်နှင့် လျော်ညီစွာနည်းပညာကို လက်လှမ်းမီသုံးစွဲတတ်ရန် လိုအပ်လှသည်။ အလုပ်အကိုင်ရရှိမှုနှင့် လုပ်ငန်းခွင်၌သာမက စီးပွားရေးလုပ်ငန်းများတွင် နည်းပညာသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံတကာနှင့်ရင်ပေါင်တန်း၍ နည်းပညာကို အသုံးပြုဆောင်ရွက်နိုင်စေရန် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ် (Science, Technology Engineering and Mathematics-STEM) တို့အား အမျိုးသမီးများ၊ မိန်းကလေးငယ်များအနေဖြင့် လေ့လာသင်ယူ တတ်မြောက်စေလိုသည်။ ထို့အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် မိမိတို့အပေါ် နည်းပညာအသုံးပြု၍ အကြမ်းဖက်မှုမခံရစေရန် Digital Literacy ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်သည်။

အမျိုးသမီးစွမ်းပကားတိုးတက်စေရန် နိုင်ငံတော်၏ဆောင်ရွက်ချက်များ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲကို ဖွဲ့စည်းကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ NSPAW Phase II (၂၀၂၃-၂၀၃၂) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ NSPAW Phase II တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလုပ်ငန်းနယ်ပယ်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေး၊ အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်း နယ်ပယ် ၁၂ ရပ်အား သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ စွမ်းပကားများ၊ ဖွံ့ဖြိုးတိုးတက်မှုများအား ယုတ်လျော့စေနိုင်သဖြင့် အမျိုးသမီးငယ်ရွယ်သူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို စိစစ်ဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ကြုံတွေ့လာပါက အလွယ်တကူတိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် (၀၆၇-၄၀၄၂၂၂)နှင့် (၀၆၇-၄၀၄၉၉၉) တို့ဖြင့် ၂၄ နာရီဝန်ဆောင်မှုပေးခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်၍ Helpline ဖုန်းခေါ်ဆိုတိုင်ကြားမှုအပြင် Viber နှင့် Facebook Page များတွင် စာတိုပေးပို့တိုင်ကြားနိုင်ပြီး ယခုအခါ ဝန်ဆောင်မှုရယူသူများ ဖုန်းခေါ်ဆိုရာတွင် မှတ်သားခေါ်ဆိုရန် လွယ်ကူသည့် အထူးချိတ်ဆက်ဖုန်းနံပါတ် ၁၅၆၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်သည်။

အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်နိုင်ရန် စရိတ်ထောက်ပံ့ပေးခြင်း၊ နားခိုရန်နေရာစီစဉ်ပေးခြင်းနှင့် အခြားသောဝန်ဆောင်မှုများရရှိနိုင်စေရေး တွန်းပို့ချိတ်ဆက်ပေးခြင်းများကို လူမှုဝန်ထမ်းဦးစီးဌာနမှ လေ့ကျင့်ပေးထားသော လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်ခံရသော အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် One Stop Women Support Center -OSWSC များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အသေးစား အိမ်တွင်း စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်း၊  မုန့်မျိုးစုံသင်တန်းအစရှိသည့် အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် သင်တန်းကျောင်းအခြေပြု အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် အမျိုးသမီးကလေးများ သင်တန်းကျောင်းသုံးခု၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန နှစ်ခု၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း လေးခုနှင့် အမျိုးသမီး များ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တစ်ခုကို ဖွင့်လှစ်ထားပြီး လူမှုရေးအရ အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုလိုအပ်သော အမျိုးသမီးများအတွက် ကာကွယ် စောင့်ရှောက်မှုပေးခြင်း၊ ၎င်းတို့၏ ဘဝရပ်တည်ရေးအတွက် ကျောင်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW) အား မြန်မာနိုင်ငံအနေ ဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women-ACW)၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promotion and Protection of Rights of Women and Children-ACWC) နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍ (ASEAN Women for Peace and Registry-AWPR) တို့တွင် ပါဝင်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအခွင့်အရေးဖော်ဆောင်ခြင်းနှင့် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိသည်။

အမျိုးသမီးစွမ်းပကားဖြင့် နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်ကြပါစို့

တိုင်းပြည်၏ အနာဂတ်သည် မျိုးဆက်သစ် လူငယ်များ၏လက်တွင် တည်ရှိသည်ဟုဆိုလျှင် ကျန်းမာ၍ အသိပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်များဖြစ်လာစေရန် ပျိုးထောင်ပေးရသည့် မိခင်များ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အရေးပါလှသည်ဟုဆိုလျှင် မမှားပါ။ “ပုခက်လွှဲသော လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်” ဆိုသည့် ဆိုရိုးစကားအတိုင်း အမျိုးသမီးများ၏ စွမ်းရည်များ၊ စွမ်းပကားများ ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့နှင့် အနီးဆုံးရှိသူမိသားစုဝင်များက ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် အဖွဲ့ အစည်းများ၏ စီမံကိန်းများနှင့် ကဏ္ဍပေါင်းစုံတွင် ကျား၊ မ ရှုထောင့်အမြင်ဖြင့် ထည့်သွင်းစဉ်းစား၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေး၊ ကျား၊မ တန်းတူညီမျှရေးတို့အတွက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

အမျိုးသမီးများ၏ စွမ်းပကားများကို အလေးထားအသိအမှတ်ပြု၍ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာသော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အားဖြည့်ကူညီဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီး များနေ့အား အောက်ဖော်ပြပါ ကဗျာလေးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်-

“ခေတ်အဆက်ဆက် ထင်ရှားတဲ့စွမ်းပကား

အချက်အပြုတ် အသိမ်းအထုတ်သာမက

နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးမျက်နှာစာ

အာကာသနဲ့ သိပ္ပံနည်းပညာ

ကဏ္ဍစုံမှာ မေတို့ပါလို့

တို့များအလေးထား အမျိုးသမီးစွမ်းပကားဖြင့်

နိုင်ငံ့အကျိုးတို့သယ်ပိုးလို့

ဖြည့်ဆည်းဆောင်ရွက်ကြပါစို့”

 

ရည်ညွှန်းကိုးကားချက်

လူမှုဝန်ထမ်းဦးစီးဌာန၏ မြန်မာအမျိုးသမီးများနေ့နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ၊ ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါးများ

https://www.statista.com/statistics/global-adult-literacy-rate/

https://www.statista.com/statistics/1258668/global-employment-figures-by-gender/

https://unctad.org/news/how-unlock-womens-potential-digital-economy