Skip to main content

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုပါ၏ ….

13

ဒေါက်တာသက်သက်ဇင်

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့အမျိုးသမီးညီလာခံများကိုဦးဆောင်ပြီး အမျိုးသမီးများ တန်းတူညီမျှမှု၊ ကျား၊ မ ခွဲခြားမှုပပျောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ အပြည့်အဝပါဝင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးထုကြီး ပိုမိုပါဝင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းရန် ကျင်းပခဲ့ပါသည်။

လေးကြိမ်တိုင်တိုင် ကျင်းပခဲ့

ကမ္ဘာ့အမျိုးသမီး ညီလာခံများကို လေးကြိမ်တိုင်တိုင်ကျင်းပခဲ့ပါသည်။ ပထမအကြိမ်ကို မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တွင် ၁၉၇၅ ခုနှစ်၌လည်းကောင်း၊ ဒုတိယအကြိမ် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ၁၉၈၀ ပြည့်နှစ်၌ လည်းကောင်း၊ တတိယအကြိမ် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ၁၉၈၅ ခုနှစ်၌လည်းကောင်း၊ စတုတ္ထအကြိမ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘေဂျင်းမြို့ ၁၉၉၅ ခုနှစ်၌လည်းကောင်း ကျင်းပခဲ့ပါသည်။

၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများပါဝင် တက်ရောက်ခဲ့ပါသည်။ ဖော်ပြပါညီလာခံအစည်းအဝေးမှ ဘေဂျင်းကြေညာစာတမ်း (Beijing Declaration) ဘေဂျင်းစီမံချက် (Beijing Platform for Action– BPFA) ထွက်ပေါ်လာပြီး နိုင်ငံတိုင်းတွင် အမျိုးသမီးများဆိုင်ရာ အဓိကလုပ်ငန်းစဉ် (၂) ရပ် ဆောင်ရွက်ရန် ချမှတ်ခဲ့ပါသည်။

ဘေဂျင်းစီမံချက် (Beijing Plat-form for Action – BPFA) က အဓိက လုပ်ငန်းစဉ် (၂) ရပ်မှာ-

(က) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်လုပ်ငန်းယန္တရား (National Mechanism) ဖွဲ့စည်းရန်။

(ခ) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲရန်တို့ပင် ဖြစ်ပါသည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်လုပ်ငန်းယန္တရား (National Mechanism) ဖွဲ့စည်းရန် လုပ်ငန်းတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအဆင့်ယန္တရား (National Mechanism) တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee for Women’s Affairs – MMCWA) ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါ သည်။

အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်း လေးဖွဲ့ ပါဝင်ဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (MMCWA) တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အခြားနှီးနွှယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါသည်။ ဗဟိုမှ အောက်ခြေကျေးလက် ဒေသအထိ ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်းလေးဖွဲ့ ပါဝင်ဖွဲ့စည်းထားပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (MMCWA) ကို ဖွဲ့စည်းတည်ထောင်သည့် ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (MMCW) ဟု အမည်ပြောင်းလဲခဲ့ပါသည်။

ဘေဂျင်းစီမံချက် လုပ်ငန်းတစ်ခုဖြစ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women – NSPAW) ကို ကော်မတီဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့လေးဖွဲ့နှင့်အတူ ပါဝင်ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသမီးများဆိုင်ရာ အဓိကနယ်ပယ် (၁၂)ရပ်ဖြင့် ရေးဆွဲ

NSPAW မဟာဗျူဟာစီမံကိန်းရေးဆွဲရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) CEDAW ပါ အချက်များနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ သော အမျိုးသမီးများဆိုင်ရာ အဓိက နယ်ပယ် (၁၂) ရပ်ဖြင့် ရေးဆွဲထားပါသည်။

အဓိကနယ်ပယ် (၁၂) ရပ်မှာ (၁) အမျိုး သမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ (၂) အမျိုးသမီးများနှင့် ပညာရေး၊ (၃) အမျိုးသမီးများနှင့် ကျန်းမာရေး၊ (၄) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ (၅) အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ၊ (၆) အမျိုးသမီးများနှင့် စီးပွားရေး၊ (၇) အမျိုးသမီးများနှင့် လူကုန်ကူး၊ (၈) အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရား၊ (၉) အမျိုးသမီးများနှင့် အခွင့်အရေး၊ (၁၀) အမျိုးသမီးများနှင့် မီဒီယာ၊ (၁၁) အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်၊ (၁၂) အမျိုးသမီးငယ်ရွယ်ကဏ္ဍများ ပါဝင်ပါသည်။

NSPAW မဟာဗျူဟာစီမံကိန်း “၁” ကို (၂၀၁၃-၂၀၂၂) အထိ ရေးဆွဲဆောင်ရွက်ခဲ့ပြီး NSPAW ဗဟာဗျူဟာစီမံကိန်း “၂” ကို (၂၀၂၃-၂၀၃၂) အထိ ရေးဆွဲဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးပြီဖြစ်သဖြင့် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့တွင် စတင်ဖြန့်ဖြူးဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးကိစ္စအဝဝကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးကာ အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်းများနှင့်အတူ နိုင်ငံတစ်ဝန်း လွှမ်းခြုံဆောင်ရွက်ပေးလျက်ရှိပါသည်။

အကြိုလှုပ်ရှားမှုများ

နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့အား နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပပေး လျက်ရှိပါသည်။ ယင်းသို့ ကျင်းပစဉ် အကြိုလှုပ်ရှားမှုများအဖြစ် ဝတ်စားဆင်ယင်မှုပြပွဲ၊ စာတမ်းဖတ်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲ စသည်တို့ကျင်းပကြပါ သည်။

ထိုနည်းတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ကို တစ်ပြိုင်တည်း ကျင်းပလေ့ရှိပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများတွင်လည်း အမျိုးသမီးများ၏ ထုတ်ကုန်ပစ္စည်းများ ပြသခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်ကြပါသည်။ ဤကဲ့သို့ ပြပွဲများနှင့် ပြိုင်ပွဲများပြုလုပ်ပြီး မြန်မာအမျိုးသမီးထုကြီးအား တစ်ဖက်တစ်လမ်းမှ အမျိုးသမီးများ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ပတ်သက်သည်များကို ပညာပေးခြင်းနှင့် အမျိုးသမီးထုကြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တက်ကြွစွာပါဝင်လာအောင်စည်းရုံးရင်း သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။