သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် ပြည်သူအားလုံးပါဝင်
လင်းလက်နေခြည်
စနစ်တကျရှိရသည်
နေ့စဉ် “စား၊ ဝတ်၊ နေရေး” ကို ရင်ဆိုင်ဖြေရှင်းနေကြရသည့် မိသားစုတစ်စုတွင် မိသားစုဝင်အရေအတွက်၊ အသက်အရွယ်၊ အလုပ် လုပ်ကိုင်နိုင်မှု၊ ဝင်ငွေ၊ ပညာအရည်အချင်း စသည့် အခြေအနေများကို စနစ်တကျစီမံခန့်ခွဲရသည်။ မိသားစုဝင်အရေအတွက်ပေါ် မူတည်၍ ဖြစ်ပေါ်နေသည့် ဝင်ငွေနှင့်အသုံးစရိတ်၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောကုန်ကျစရိတ်များ၊ မိသားစုဝင်တိုးပွားလာနိုင်မှုနှင့် ဝင်ငွေတိုးပွားလာနိုင်မှုစသည့်အချက်များကို ကြိုတင်မြော်တွေးကာ ပြင်ဆင်ဆောင်ရွက်ကြရသည်။ မိသားစုဝင်သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုကုန်ကျစရိတ်များ၊ ငယ်ရွယ်သူများအတွက် ပညာရေးဆိုင်ရာလိုအပ်သည့် ကုန်ကျစရိတ်များနှင့် တစ်ဖက်တွင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရှိသူများထံမှရရှိနိုင်သည့် ဝင်ငွေတို့ကိုအခြေခံ၍လိုအပ်သည့် မိသားစုအစီအမံများကို ချမှတ်ကြရသည်။ မှန်ကန်သော မိသားစုအစီအမံချမှတ်ထားနိုင်မှသာ စီးပွားရေး၊ လူမှုရေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် မိသားစုတစ်စုဖြစ်နိုင်မည်ဖြစ်သည်။
အမှန်ကိုသိမှ အမှန်ဖြစ်မည်
သာမန်အားဖြင့် လူဦးရေ အနည်းဆုံးနှစ်ဦးမှ အများဆုံး ၁၀ ဦး ခန့်သာရှိနိုင်သည့် မိသားစုတစ်စုကို စီမံခန့်ခွဲရသည်မှာ မလွယ်ကူသည်ဟုဆိုပါလျှင် လူဦးရေသန်းပေါင်းများစွာရှိနေသော နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် စီမံခန့်ခွဲရသည်မှာ ပို၍ပင်ခက်နေသည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေ၊ ပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးအခြေအနေနှင့် လိုအပ်ချက်များ စသည့်အခြေအနေများကို အခြေခံ၍ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့်မူဝါဒများကို ချမှတ်ကြရသည်။ မူဝါဒဆိုသည်မှာ မှန်ကန်တိကျသည့် အချက်အလက်များကို အခြေခံ၍ချမှတ်နိုင်မှသာ ထိရောက်သည့်မူဝါဒဖြစ်နိုင်ပြီးပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် ပုံဖော်နိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ အရင်းအမြစ်အပါအဝင် အခြားသောအရင်းအမြစ်များ မည်မျှပင်ပေါကြွယ်ဝစေကာမူ နိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို မှန်ကန်စွာအသုံးချနိုင်ခြင်းမရှိပါက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည်မဟုတ်ပေ။ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် လူဦးရေဆိုင်ရာအချက်အလက်များနှင့် နိုင်ငံသားများ၏ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ မွေးဖွားနှုန်း၊ သေဆုံးမှုနှုန်း၊ သက်ကြီးရွယ်အို၊ မသန်စွမ်း စသည့်လူမှုစီးပွားအချက်အလက်များကို ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိလူဦးရေနှင့် လူမှုစီးပွားဘဝအခြေအနေအစရှိသည့် လူသားအရင်းအမြစ်နှင့်စပ်လျဉ်းသည့် အခြေအနေအရပ်ရပ်ကိုအခြေခံ၍ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အချိုးညီညီဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် မူဝါဒများချမှတ်ခြင်းနှင့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတိုင်းက ဆောင်ရွက်နေကြခြင်းဖြစ်သည်။
သန်းခေါင်စာရင်း
“သန်းခေါင်စာရင်း (Census)” ဆိုသည်မှာ လက်တင်ဝေါဟာရဖြစ် သည့် “Censere”မှ ဆင်းသက်လာပြီး ခန့်မှန်းခြင်းဟု အဓိပ္ပာယ်ရသည်။ ဘီစီ ၂၅၀၀ ခန့်၌ အီဂျစ်ပြည်တွင် ပိရမစ်များ တည်ဆောက်ရန်အတွက် လိုအပ်သည့် လုပ်သားအင်အားစုဆောင်းနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်၊ ဘီစီ ၃၈၀၀ ခန့်ကာလတွင် ဘေဘီလုံမြို့၌ လူဦးရေ၊ မွေးမြူရေးကဏ္ဍ၊ ထောပတ်၊ ပျားရည်၊ နို့၊ သိုးမွေးနှင့် ဟင်းသီးဟင်းရွက်တို့၏ အရေအတွက် ပမာဏများနှင့်အခြေအနေများ ကိုသိရှိနိုင်ရေး ခြောက်နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်ဟု သိရသည်။
ကုလသမဂ္ဂက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုသည်မှာ “လူတစ်ဦးချင်းစီကိုကောက်ယူရမည်၊ နယ်နိမိတ်တစ်ခုအတွင်းရှိ လူအားလုံးကိုကောက်ယူရမည်၊ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း တစ်ပြိုင်တည်းကောက်ယူရမည်” စသည့် အင်္ဂါရပ်များနှင့် ကိုက်ညီရန်လိုအပ်ပြီး အနည်းဆုံးဆယ်နှစ်လျှင် တစ်ကြိမ် ကောက်ယူရန်လည်း အကြံပြုထားသည်ကိုတွေ့ရသည်။ မြန်မာအဘိဓာန်တွင် “သန်းခေါင်စာရင်း” ဆိုသည်မှာ “တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။
သာလွန်မင်းလက်ထက်မှစ၍
မြန်မာ့သမိုင်းကို ပြန်လည်လေ့လာကြည့်သည့်အခါ ဘီစီ ၅၀၀ ခန့်တွင် တကောင်းဘုရင်မင်းဆက် သတိုးသီဟမဟာဓမ္မရာဇာဘုရင်လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။ လူဦးရေအကြောင်းအရာ၊ အိမ်ခြေလယ်ယာမြေ သီးနှံထွက်၊ အခွန်တော်ငွေ စသည့်စာရင်းတို့ကို သိရှိနိုင်ရေးအတွက် သာလွန်မင်းလက်ထက် မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်နှင့် ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၀၄၅ ခုနှစ်တွင် သန်းခေါင်စာရင်းသဘောသက်ရောက်သည့် စစ်တမ်းများကောက်ယူခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ ဗြိတိသျှ အစိုးရလက်ထက်တွင် အိန္ဒိယသန်းခေါင်စာရင်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ၁၈၇၂ ခုနှစ်၌ ပထမဦးဆုံအကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၁၈၈၁ ခုနှစ်မှ ၁၉၄၁ ခုနှစ် ကာလအတွင်း ဆယ်နှစ်လျှင်တစ်ကြိမ် ပုံမှန်သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူခြင်း
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရာတွင်အရေးကြီးသည့် မူဝါဒ၊ စီမံကိန်းများကို ချမှတ်နိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို စတင်ဖွဲ့စည်း၍ ၁၉၅၃ ခုနှစ်တွင် မြို့ပြဒေသများကိုလည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကျေးလက်ဒေသများ၏ ၁၅ ရာခိုင်နှုန်းကိုလည်းကောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့်မူဝါဒ၊ စီမံကိန်းများချမှတ်နိုင်ရေးအတွက် လိုအပ်သည့် လူဦးရေစာရင်းများကို စနစ်တကျကောက်ယူရန် ၁၉၇၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
၁၉၇၃ ခုနှစ် ဧပြီလတွင် ပထမဦးဆုံးသော ပြည်လုံးကျွတ် သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး နိုင်ငံဧရိယာ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်း စုစုပေါင်း လူဦးရေ၏ ၉၇ ဒသမ ၁ ရာခိုင်နှုန်းကို လွှမ်းခြုံ ကောက်ယူနိုင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံကောက်ယူခဲ့ပြီး သန်းခေါင်စာရင်းကိစ္စရပ်များကို ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရေးအတွက် ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်တွင် ပြည်သူ့အင်အားဦးစီးဌာနကို စတင်တည်ထောင်၍ ဥပဒေနှင့်အညီ သန်းခေါင်စာရင်းကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။ နှစ်ပေါင်းများစွာ မကောက်ယူနိုင်ခဲ့သည့် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံတွင်ရှိသော မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နေသူများအားလုံးကို စာရင်းစနစ်တကျပြုစုနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ထပ်မံကောက်ယူခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုမှရရှိလာသော လူဦးရေဆိုင်ရာ အချက်အလက်များကို အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း
အချိန်နှင့်အမျှ ပြောင်းလဲနေသည့် စာရင်းများတွင် လူဦးရေဆိုင်ရာစာရင်းများသည် တစ်ခုအပါအဝင်ဖြစ်သဖြင့် လူဦးရေဆိုင်ရာ စာရင်းများအပါအဝင် အခြားသောလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အချက်အလက်များကို ရရှိရန် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ထပ်မံကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန် ကိုသတ်မှတ်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရာ၌ တွေ့ရှိရာအရပ် တွင်ကောက်ယူသည့်မူ (De-facto method) ကို အသုံးပြု၍ စာရင်း ကောက်များက Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းကောက်ယူနည်း (Canvasser method) ဖြင့် ကောက်ယူသွားမည်ဖြစ်သည်။
အိမ်ထောင်စုအလိုက် လူဦးရေနှင့်အဖွဲ့အစည်းအလိုက်လူဦးရေ ဥပမာ-ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာ၊ ဂေဟာ၊ ဆေးရုံ၊ အကျဉ်းထောင်၊ စစ်တန်းလျား (လူပျိုလိုင်း)၊ အိမ်ခြေရာမဲ့များ (အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများ၊ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်သူများ) အားလုံးကို ကောက်ယူသွားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်သည် နိုင်ငံရေး၊ စစ် ရေး၊ အခွန်ကောက်ယူခြင်း စသည်တို့နှင့်လည်း ကောင်း၊ နိုင်ငံသားကတ်ရှိခြင်း၊ မရှိခြင်း၊ အိမ်ထောင်စုစာရင်းရှိခြင်း၊ မရှိခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း စသည်တို့နှင့်လည်းကောင်း၊ မြေ၊ အဆောက်အအုံ စသည့်ပိုင်ဆိုင်မှုများနှင့်လည်းကောင်း လုံးဝသက်ဆိုင်ခြင်းမရှိပေ။
ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့
၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၄ တွင် “သန်းခေါင် စာရင်းကောက်ယူထားသော အချက်အလက်များနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းနှင့် စာအုပ်များကို သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ရှိသူမှအပ မည်သူမျှစစ်ဆေးခြင်း သို့မဟုတ် ကူးယူသိမ်းဆည်းခြင်းမပြုရ” ဟုလည်းကောင်း၊ ပုဒ်မ ၁၅ တွင် “ဤဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါးအခြားမည်သည့် ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားသည်။
၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံတော်၏အနာဂတ်အတွက် လိုအပ်သည့်မူဝါဒများချမှတ်ခြင်း ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်ခြင်းတို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ ပျော်ရွှင်ချမ်းသာသော မိသားစုတစ်စုဖြစ်စေရန်အတွက် မိသားစုဝင်အားလုံးက တက်ညီလက်ညီကြိုးစားဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်ရန်မှာ နိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်သည်။ မှန်ကန် သောအချက်အလက်များမှသည် မှန်ကန်သော မူဝါဒများကို ချမှတ်နိုင်မညA်ဖြစ်သဖြင့် ပြည်သူအားလုံးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ် ငန်းစဉ်တွင်မှန်ကန်တိကျသော အချက်အလက်များကိုပံ့ပိုးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့”ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
ကိုးကား
- ဩစတြေးလျစာရင်းအင်းဗျူရို၊ Website၊
- ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ Website၊
- လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ဥပဒေ၊ ၂၀၁၃၊ မြန်မာနိုင်ငံ၊
- နေ့စဉ်ထုတ်သတင်းစာများ။