Skip to main content

ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ

မောင်မုဒိတာ

ကမ္ဘာ့လူဦးရေနေ့သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ကိုယ်စားပြုသည့်နေ့၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူသားအားလုံး၏ အကျိုးအတွက် လက်ရှိအခြေအနေတွင် ကြုံတွေ့ခံစားနေရသည့် အခက်အခဲများအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက စုပေါင်းဖြေရှင်းကျော်လွှားနိုင်ရေးအတွက် မီးမောင်းထိုးတပ်လှန့်မှုအဖြစ် အသိပေးသည့်နေ့ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာအခက်အခဲများဖြစ်သည့် မိသားစုစီမံကိန်းဆိုင်ရာများ၊ ကျား/မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မိခင်နှင့်ကလေးကျန်းမာရေး၊ လူ့အခွင့်အရေး စသည်တို့နှင့်ပတ်သက်၍ ပြည်သူလူထု သိရှိ နားလည်နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂ က သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်ယင်းနေ့ကိုရောက်တိုင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများ အစဉ်အဆက်ကျင်းပခဲ့ကြသည်။

(၃၅) ကြိမ်မြောက် ရောက်ရှိခဲ့ပြီ

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း ၁၉၉၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားများကို ဇူလိုင် ၁၁ ရက်ရောက်တိုင်း နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် (၃၅) ကြိမ်မြောက်ကျင်းပသည့် အခမ်းအနားအဖြစ် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်အလိုက် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြဿနာများ အပေါ်အခြေခံကာ အရေးတကြီးဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရေးပေါ်ထိရောက်စွာ ဖြေရှင်းနိုင်ရန်ဆောင်ပုဒ်များ သတ်မှတ်မီးမောင်းထိုးပြသဆောင်ရွက်ခဲ့ကြရာ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” “Helping vulnerable populations in emergencies” ဟု သတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။

ယနေ့ ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် လူမျိုးရေး ဆိုင်ရာ ပဋိပက္ခများ၊ စစ်မက်ဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်မျိုးစုံဖြစ်ပွားမှု၊ စားနပ်ရိက္ခာရှားပါးမှု စသည့်ဘေးအန္တရာယ်ပေါင်းစုံဖြင့် ကြုံတွေ့ခံစားနေရသည့် အချိန်ကာလဖြစ်သည်။ ယင်းဘေးအန္တရာယ်များကို အဓိကကြုံတွေ့ခံစားကြရသူ၊ အခြားသူများထက် ပိုမိုထိခိုက်ခံစားရသူများကတော့ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၊ ဆင်းရဲနွမ်းပါးသူများပင် ဖြစ်ကြသည်။

ယင်းတို့သည် ကြုံတွေ့လာသည့် ဘေးအန္တရာယ်အခက်အခဲများကို ခုခံနိုင်စွမ်းနည်းပါးကြသကဲ့သို့ ၎င်းတို့၏ လိုအပ်ချက်များ၊ မဖြစ်မနေ သီးသီးသန့်သန့် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကိုလည်း မသိကျိုးကျွန်ပြု၊ လျစ်လျူရှုခံနေကြရသည်။ အမှန်တကယ်တော့ ၎င်းတို့၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးမှု၊ ၎င်းတို့၏ဘဝလုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးမှု၊ ၎င်းတို့အားကျန်းမာရေးစောင့်ရှောက်ပေးမှု၊ ဘဝရပ်တည်ရှင်သန်နေထိုင်နိုင်ရေး ဖြည့်ဆည်းပေးမှုအစရှိသည်တို့ကို အလေးထားဆောင်ရွက်ပေးခြင်းသည် မိသားစုအသိုက်အဝန်းနှင့် လူမှုပတ်ဝန်းကျင်အသိုက်အဝန်း ပျော်ရွှင်သာယာရေးအတွက် ဖြည့်ဆည်းပေးခြင်းဖြစ်သည့်အတွက် အကျိုးကျေးဇူးများစွာ၊ ကောင်းကျိုးရလဒ် များစွာရရှိနိုင်မည်ဖြစ်ပါသည်။

တန်းတူညီမျှမှုက လက်တွေ့ကျကျဖြစ်ဖို့တော့လို

သို့သော် လက်ရှိမှာ အဘက်ဘက်ကပြည့်စုံပြီး အင်အားကြီးမားသည့် နိုင်ငံကြီးတချို့သည် အင်အားသေးငယ်သည့် အဘက်ဘက်က မပြည့်စုံသည့် နိုင်ငံငယ်လေးများကို ဖေးမကူညီဆွဲတင်ရမည့်အစား သူ့လက်အောက်သွတ်သွင်းကာ လက်ဝါးကြီးအုပ် ကြီးစိုးခြယ်လှယ်နေကြသည်များရှိနေသည်။ တန်းတူညီမျှမှုက စာအရသာရှိမနေဘဲ လက်တွေ့ကျကျဖြစ်ဖို့တော့လိုသည်။

ထို့ပြင် နိုင်ငံတကာ သတင်းအချက်အလက်များအရ ဘေးအန္တရာယ်ကျရောက်နေကြသူများအနက် သုံးပုံနှစ်ပုံခန့်သည် အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်များဖြစ်နေသည်ကို သိရှိရပါသည်။ ၎င်းတို့သည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြပြီး ကမ္ဘာတစ်ဝန်းရှိ ကျောင်းတက်ရောက် ပညာသင်ကြားခွင့်မရရှိသည့် လူငယ်ထက်ဝက်ခန့်သည် ပဋိပက္ခအမျိုးမျိုးဖြစ်ပွားနေသည့် နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့နေရသည့်နိုင်ငံများမှဖြစ်ကြောင်းလည်း သိရှိရသည်။ ယနေ့လူငယ်၊ နောက်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည်နိုင်ငံတိုင်း၌ နိုင်ငံ၏ အနာဂတ်များဖြစ်သည်နှင့်အညီ ၎င်းတို့ကို ပြုစုပျိုးထောင်မှု၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုမရှိခဲ့၊ မရခဲ့ကြပါက နိုင်ငံ၏ အနာဂတ်သည်မရေရာ၊ မသေချာဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပေ။

မြန်မာနိုင်ငံ၌လည်း လက်ရှိအခြေအနေတွင် နယ်စပ်ဒေသများအပါအဝင် နေရာဒေသတချို့၌ အကြမ်းဖက်ဖြစ်စဉ်များဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ယင်းသို့ ထွက်ပြေးတိမ်းရှောင်ကြသူအများစုမှာ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပညာသင်ကြားနေသည့်အရွယ် လူငယ်များဖြစ်နေကြသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ တိုက်ပွဲများမဖြစ်ပွားရာ နေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် စား၊ ဝတ်၊ နေရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များရှိနေကြသည်။ လူငယ်များအတွက် ပညာဆက်လက်သင်ကြားခွင့်များ အနည်းနှင့်အများ ဆုံးရှုံးနေကြရသည်။

တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး

၎င်းတို့သည် ကိုယ်ရောစိတ်ပါ ညှိုးငယ်နွမ်းလျနေကြသူများဖြစ်ပြီး ထိခိုက်မှု အလွယ်တကူခံစားနေကြရသူများဖြစ်သည့်အတွက် ဖေးမကူညီမှု၊ မဖြစ်မနေစောင့်ရှောက်မှုများ လိုအပ်နေသူကြများ ပင်ဖြစ်ကြသည်။ ၎င်းတို့အတွက် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များက တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်ကြားသိနေရသည့်အတွက် မုဒိတာစိတ်လေးဖြစ်မိသည်။ သို့သော် လိုအပ်ချက်တွေကတော့ ရှိနေကြဦးမည်သာ။

နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ဖော်ပြနေသည့် နိုင်ငံတကာ သတင်းများတွင်ရေကြီးမှု၊ မြေပြိုမှု၊ တောမီးလောင်မှု၊ အပူချိန်မြင့်တက်မှု၊ သောက်သုံးရေပြတ်လပ်မှု၊ ငလျင်လှုပ်ခတ်မှု၊ မီးတောင်ပေါက်ကွဲမှုစသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်နေသည့် ပဋိပက္ခစစ်ပွဲဖြစ်ပွားမှုများကို မကြာခဏဖတ်ရှုမြင်တွေ့နေရသည်။ ယင်းဖြစ်စဉ်များ ဖြစ်ပွားသည့်ဒေသများ၌ ကိုယ်ရောစိတ်ပါ အထိခိုက်ဆုံးသူများမှာ အထက်တွင်ဖော်ပြခဲ့သည့် အမျိုးသမီးများ၊ ကလေးငယ်များ၊ လူငယ်လူရွယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများပင်ဖြစ်နေသည်။ ဖေးမကူညီမှု၊ ကယ်တင် စောင့်ရှောက်မှုများကို ငံ့လင့်လျက်ဘဝရှင်သန်ရပ်တည်ရေးကို ရင်လေးနေကြမည်မှာအမှန်ပင်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင်ကျော်ပြီဖြစ်ကြောင်း သိရသည်။ ယခင်က ကမ္ဘာ့လူဦးရေသန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့သော်လည်း ယခုအခါတွင် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်မြင့်ဆေးဝါးများ၊ အဆင့်မြင့် နည်းပညာများကြောင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ လူဦးရေဆိုင်ရာ မွေးဖွားနှုန်း၊ သေဆုံး နှုန်းများ ပြောင်းလဲလာသည်နှင့်အမျှ လူဦးရေ သန်းတစ်ထောင် တိုးလာရန်မှာ အချိန်ကာလ တဖြည်းဖြည်းတိုတောင်းလာသည်ကို တွေ့ရသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုသည် မွေးဖွားနှုန်းသိသိသာသာကျဆင်းသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများအနေဖြင့် မွေးဖွားနှုန်း မြင့်မားနေသည်ကို တွေ့ရသည်။

ဘေးဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကြရ

မွေးဖွားနှုန်းကျဆင်းသည့် နိုင်ငံများတွင် ကလေးဦးရေနည်းပါးလာပြီး လုပ်သားအင်အားရှားပါးလာသကဲ့သို့ သက်ကြီးရွယ်အို များပြားလာသည်။ မွေးဖွားနှုန်းမြင့်မားသည့် နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှုနှေးကွေးနောက်ကျသည့်အတွက် ပညာရည်နိမ့်ပါးခြင်း၊ အလုပ်လက်မဲ့များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်းတို့နှင့် ရင်ဆိုင်နေကြရသည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာမလုံလောက်မှုများ၊ သောက်သုံးရေ ရှားပါးမှုများ၊ ကူးစက်ရောဂါပြန့်ပွားမှုများ ဖြစ်ပွားခဲ့သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများပြားလာပြီး ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှု၊ မုန်တိုင်းအန္တရာယ်ကျရောက်မှု၊ ငလျင်လှုပ်ခတ်မှု စသည့်ဘေးဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မထောင်းသာလှသော်လည်း ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအနေဖြင့် ပြန်လည်နာလန်ထူရေးအတွက် ကြိုးစားကြရင်း ဆင်းရဲတွင်းနစ်ခဲ့ကြသည်။ လူသားအချင်းချင်း တန်းတူညီမျှမှုမရှိဘဲ ဆင်းရဲနွမ်းပါးမှု ပိုမိုများပြားလာကာ မိသားစုများစွာသည် လူမှုဘဝလိုအပ်ချက်မျိုးစုံဖြင့် ချို့ချို့တဲ့တဲ့ဖြင့် လူသားအဖြစ် ရပ်တည်ရှင်သန်နေကြရသည်။

ယင်းကဲ့သို့ နိုင်ငံအများစုရှိ လူသားများအတွက် ဆင်းရဲနွမ်းပါးမှု၊ တန်းတူမညီမျှမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတခြင်း မရှိမှုစသည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လူသားအားလုံး၏ ဘဝ မျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် ကုလသမဂ္ဂအဖွဲ့ကြီးက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals) ရေးဆွဲချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးဆောင်ရွက်သွားကြရန် သဘောတူညီကာ ကြိုးပမ်းဖော်ဆောင်နေကြသည်ကိုလည်း တွေ့နေရသည်။

နိုင်ငံအလိုက် ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို အချိန်မီကုစားဖြေရှင်းနိုင်ရေး ကြိုးပမ်းကြရာတွင် ယင်းနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေ သည့်အခြေအနေကို သုံးသပ်ကာဖော်ဆောင်ရမည့် ကိစ္စရပ်များကို ကဏ္ဍအလိုက်ဦးစားပေးအဆင့်များ သတ်မှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန် ၎င်းနိုင်ငံ၏ နယ်မြေဒေသအလိုက်အခြေခံကျသည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်များရရှိရေးနှင့် ယင်းအချက်အလက်များ တိကျမှန်ကန်ရေးသည် အရေးကြီးလှသည်။ ယင်းအချက်အလက်များသည်လည်း အသုံးပြုသူများအတွက် အားကိုးအားထားပြုနိုင်လောက်အောင် ခိုင်မာမှုရှိပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီအောင် လတ်ဆတ်နေရမည်ဖြစ်သည်။ ယင်းအချက်အလက်များသည် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းမှသာ ရရှိနိုင်သည့် အတွက် နိုင်ငံအများစုတွင် လူဦးရေသန်းခေါင် စာရင်းကို ပုံမှန်ကောက်ယူကြသည်။ သို့သော် လုပ်ငန်းပမာဏကြီးမားပြီး ငွေကုန်ကြေးကျများပြားသည့်အတွက် ၁၀ နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူနိုင်ကြသည်။

သန်းခေါင်စာရင်း (၃)ကြိမ် ကောက်ယူနိုင်

မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၇၃၊ ၁၉၈၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၃)ကြိမ် ကောက်ယူနိုင်ခဲ့သည်။ လူဦးရေသန်းခေါင်စာရင်းသည် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေဒေသအလိုက် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကိုနိုင်ငံ၏ အသေးငယ်ဆုံးအုပ်ချုပ်မှု နယ်မြေအဆင့်အထိ အသေးစိတ်ရရှိနိုင်သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ရရှိခဲ့သည့် အချက်အလက်များကို အခြေခံကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် စီမံကိန်းများချမှတ်ကာ အဘက်ဘက်က တိုးတက်အောင် လက်ရှိအခြေအနေအထိ အသုံးပြုဆောင်ရွက်လျက်ရှိသည်။ သို့သော်နှစ်ကြာလာသည်နှင့်အမျှ ကိန်းဂဏန်းအချက်အလက် ခိုင်မာမှုကလျော့နည်းလာမည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် ယခုနှစ်တွင် ပြည်လုံးကျွတ်ကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဓိကမှာ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရေး၊ လုပ်ငန်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် သုတေသနလုပ်ငန်းများအတွက် မှန်ကန်သည့် လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ပြီးခဲ့သည့် သန်းခေါင်စာရင်းကောက်ယူချိန်မှ ယခုကောက်ယူမည့်ကြားကာလ ၁၀ နှစ်တာအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းသွားလာမှုစသည့် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် ယခုသန်းခေါင်စာရင်း ကောက်ယူရာတွင် ရရှိသည့်အချက်အလက်များသည် ယခင်အချက်အလက်များနှင့် ထူးထူးခြားခြားကွဲပြားခြားနားမှုများ ရှိလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက်လည်း အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေသည့်အချိန်ပင်ဖြစ်သည်။ ယင်းအချက်အလက်များအပေါ် အခြေခံကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် လူဦးရေဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်နိုင်မည် ဖြစ်သည်။

ထို့ပြင် သန်းခေါင်စာရင်းအချက်အလက်များအရ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ကျား/မ အချိုး၊ မွေးဖွားမှု၊ သေဆုံးမှု၊ အသက်အပိုင်းအခြားအလိုက် လူဦးရေ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လွှမ်းခြုံနိုင်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှု၊ ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းသွားလာမှု၊ နေထိုင်မှုပုံစံများ စသည့်အခြေအနေအရပ်ရပ်ကို သိရှိရပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သည့် နေရာဒေသများကို သတ်သတ်မှတ်မှတ် ထိထိမိမိဖော်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

ယင်းတို့အနက် ထိခိုက်လွယ်သူများ၏ ဘဝရပ်တည်ရှင်သန်နေထိုင်မှုနှင့်ပတ်သက်သည့် လူဦးရေဆိုင်ရာ အချက်အလက်များကို ကဏ္ဍအလိုက် ခွဲထုတ်ကာ လိုအပ်ချက်အရ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ ချမှတ်ဆောင်ရွက်ပေးနိုင်လျှင် များစွာအကျိုးရှိပေမည်။ ကဏ္ဍအလိုက်ဖြစ်သည့်အတွက် ထိထိရောက်ရောက်လည်း ပံ့ပိုးဆောင်ရွက်နိုင်မည်။ အမျိုးသမီးများအခွင့်အရေး၊ ကလေးလူငယ်များ ကျန်းမာဖွံ့ဖြိုးရေး၊လူငယ်များ အနာဂတ်ဘဝလှပသာယာရေး၊ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးစသည့် ထိခိုက်လွယ်သူများအတွက် ဖေးမကူညီမှုကို အလေးဂရုပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြဖို့လို

ငယ်ငယ်က မြန်မာဖတ်စာတွင် သင်ဖူးသည်။ “ အားငယ်သူကူပေးပါ” တဲ့။ အားနည်းသူကို ဖေးမကူညီရမည်။ အခက်အခဲများနှင့် ကြုံတွေ့က ကယ်တင်စောင့်ရှောက်ကြရမည်။ ဤသို့ ဆောင်ရွက်ပေးခြင်းသည် မိသားစုဘဝများ စိတ်ချမ်းမြေ့ ပျော်ရွှင်ရေး၊ လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးကာ အေးချမ်းသာယာသည့် လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေးပင်ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေကိန်းဂဏန်းအချက်အလက်များရရှိမှဖြစ်မည်။ ထို့ကြောင့် ယင်းအချက်အလက်ရရှိစေရေး ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အဆင်ပြေပြေအောင်မြင်ရေးအတွက် ပြည်သူ အားလုံးက ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြဖို့ လိုပါသည်။

မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူတော့မည်။ တွေ့ကြုံ လာမည့် စိန်ခေါ်မှုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံသားအားလုံးအတွက် ကောင်းမွန်သည့် အနာဂတ်ဘဝများ ဖန်တီးပုံဖော်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေး မုဒိတာစိတ်ထားဖြင့် တိုက်တွန်းရင်း ဇူလိုင် ၁၁ ရက်တွင်  ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။