Skip to main content

စားသုံးဆီဖူလုံရေးနှင့် တိရစ္ဆာန်အစားအစာ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်သည့် ပဲပုပ်သီးနှံ

ဒေါက်တာ တင်မာမာဦး

ပဲမျိုးစုံသီးနှံများအနက် ပဲပုပ်နှင့် မြေပဲသီးနှံများမှာ စားသုံးဆီထုတ်လုပ်နိုင်သည့် သီးနှံမျိုးများဖြစ်ကြသည်။ အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာများထဲတွင် ပဲပုပ်သီးနှံသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အပြင် စီးပွားရေးအရလည်း တွက်ခြေကိုက်မျက်နှာပန်းလှသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲပုပ်ကို သုတေသနပညာရှင်များက အာဟာရ၊ အလှအပနှင့် ကျန်းမာရေးအတွက် အံ့အားသင့်ဖွယ်ရာ အစားအစာ (Super Food) ဟု တင်စားခေါ်ကြသည်။ လေ့လာမှုများအရ ပဲပုပ်တွင် ပရိုတင်း၊ ဗီတာမင်၊ အာဟာရဓာတ်၊ သတ္တုဓာတ်၊ ကယ်စီယမ်နှင့် Antioxidants များ အများအပြားပါဝင်ကြောင်း သိရသည်။

ပဲပုပ်ကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဧရိယာအများဆုံး စိုက်ပျိုးလျက်ရှိသည်။ ပဲပုပ်၏ မူရင်းပေါက်ရောက်ရာ ဒေသမှာ အရှေ့အာရှဖြစ်ပြီး အများဆုံးစိုက်ပျိုးထုတ် လုပ်သည့် ဒေသများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။ ပဲပုပ် ကို အများဆုံးတင်သွင်းသည့် နိုင်ငံများမှာ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်နှင့် အင်ဒိုနီးရှားနိုင်ငံများဖြစ်သည်။

အာဟာရပြည့်ဝသည့် သီးနှံတစ်မျိုးဖြစ်

ပဲပုပ်သည် အာဟာရပြည့်ဝသည့် သီးနှံတစ်မျိုးဖြစ်ပြီး အသားဓာတ်ခေါ်ပရိုတင်း ၄၀-၄၅ ရာခိုင်နှုန်း နှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉-၂၀ ရာခိုင်နှုန်းပါဝင်ပြီး လူ၊ တိရစ္ဆာန်တို့အတွက်လိုအပ်သည့် အမိုင်နိုအက်စစ်ကို ပဲပုပ်အသားဓာတ်တွင် တွေ့ရှိရသည်။ ပဲပုပ်တွင် သက်စောင့်ဓာတ် ဗိုက်တာမင်အေ၊ ဒီနှင့် ဘီတို့ ပါဝင်သည့်အပြင် ကယ်စီယမ်၊ ဖောလစ်အက်စစ်နှင့် သံဓာတ်လည်းပါဝင်သည်။ ပဲပုပ်သည် သွေးတိုးကျစေ၍ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ကြောင်းလည်း သိရသည်။

ပဲပုပ်မှ စားသောက်ကုန်မျိုးစုံ ထုတ်လုပ်နိုင်ပြီး ပဲပုပ်အမှုန့်ကို ပေါင်မုန့်၊ ဘီစကွတ်၊ ချိုချဉ် အစရှိသည်များတွင် ထုတ်လုပ်ရန်လည်းကောင်း၊ နို့ထွက်ပစ္စည်းများဖြစ်သည့် ပဲပုပ်နို့၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်ပြုလုပ်ရာတွင်လည်းကောင်း၊ ပဲပုပ်ကို အချဉ်ဖောက်၍ ငံပြာရည်၊ မီဆော၊ တို့ဟူး၊ ပဲပြားခြောက်၊ အစိုပြုလုပ်ရန်လည်းကောင်း အသုံးပြုကြသည်။ ပဲပုပ်မှထုတ်လုပ်သည့် စားသောက်ကုန်များသည် ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်း၍ ဆီးချိုရောဂါရှိသူများ စားသုံးရန်သင့်တော်သည်။

ပဲပုပ်သည် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချကြပြီး သီးနှံအတွင်း ဆီပါဝင်မှုကြောင့် ပဲပုပ်ဆီကိုလည်း ထုတ်လုပ်ကြသည်။ ပဲပုပ်ဆီသည် လူ့ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း ကျန်းမာရေးသုတေသီများ၏ လေ့လာမှုအရသိရှိရသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိ၍ ဆီထုတ်ပြီး ကျန်ရှိသည့် ကြိတ်ဖတ်တွင်လည်း အသားဓာတ်ပါရှိခြင်းကြောင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြသည်။

စက်မှုကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်

ပဲပုပ်ဆီကို လူတို့စားသုံးရန်သာမက စက်မှုကုန်ကြမ်းပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ပဲပုပ်ဆီအား အလှဆီ၊ ဆပ်ပြာ၊ ခေါင်းလျှော် ရည်၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပုံနှိပ်မင်၊ အိမ်သုတ် ဆေးထုတ်လုပ်ရာတွင်လည်းကောင်း၊ လျှပ်စစ်ပစ္စည်းအကာအကွယ်ပစ္စည်းနှင့် ဇီဝဒီဇယ်ဆီထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ပဲပုပ်ဆီကြိတ်ရာမှထွက်ရှိသော ပဲပုပ်ဆီကြိတ်ဖတ်များကို တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ပဲနို့ရည်၊ ပဲပြား၊ ဖယောင်းတိုင်နှင့် ဆပ်ပြာများထုတ်လုပ်မှု ရှိကြောင်းသိရှိရသည်။ အထူးသဖြင့် ပဲပုပ်ကြိတ်ဖတ်ဖြင့်ပြုလုပ်သော အသားတုများနှင့် မုန့်အမျိုးမျိုးတို့သည် သက်သတ်လွတ်စားသုံးသူများနှင့် ကလေးသူငယ်များအတွက် အထူးသင့်တော်သည်။

ပဲပုပ်ဖတ် (Soybean meal) သည် မွေးမြူရေး အစာထုတ်လုပ်ရေးတွင် အရေးအကြီးဆုံး အသားဓာတ်အရင်းအမြစ်ဖြစ်သည်။ အသားဓာတ်ပါဝင်မှု မြင့်မားသကဲ့သို့ အဆိုပါအသားဓာတ်တည်ဆောက်ထားသည့် အမိုင်နိုအက်စစ်များ၏ တွဲစပ်ပုံ (Amino Acid Profile) သည်လည်းတိရစ္ဆာန်များ အတွက်လိုအပ်ချက်ဖြင့် ကိုက်ညီမှုရှိခြင်းကြောင့် မွေးမြူရေးအစာရောစပ်ရာတွင် ပဲပုပ်ဖတ်သည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်လာသည်။

မြန်မာနိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်အတွင်း ၃၂၆၇၈၇ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၆၃၄ တင်း ထွက်ရှိခဲ့သည်။ မြန်မာနိုင်ငံမှ ပဲပုပ်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အိန္ဒိယနှင့် ထိုင်းတို့သို့ တင်ပို့လျက်ရှိပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပဲပုပ် ၂၂၈ ဒသမ ၇၃ မက်ထရစ်တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၀ ဒသမ ၂၀ တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပဲပုပ်စားသုံးမှုအလွန်များပြားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်တွင်း၌ စားသုံးသော ပဲပုပ်၏ ၈၅ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန်သန်း ၁၀၀ ခန့်အား နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရပြီး အမေရိကန်နှင့် ဘရာဇီးတို့သည် အဓိကတင်သွင်းသည့် နိုင်ငံများ ဖြစ်သည်။ ၂၀၂၃ - ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုမှာ ပြည်တွင်းစားသုံးမှု ပမာဏ၏ ၈ ရာခိုင်နှုန်းခန့်ရှိပြီး ပဲပုပ်တင်သွင်းမှုမှာမူ ၈၇ ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၏ သီးနှံအလားအလာခန့်မှန်းချက်ထုတ်ပြန်ရာတွင် ၂ဝ၂၃ - ၂၀၂၄ ခုနှစ် သီးနှံရာသီ၌ ပြောင်းထုတ်လုပ်မှု မြင့်တက်မည်ဖြစ်သော်လည်း ပဲပုပ်စေ့ထုတ်လုပ်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်းနှင့် ပဲပုပ်စေ့ထုတ်လုပ်မှုကို ယခင်ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂ဝ ဒသမ ၈၉ သန်းမှ တန်ချိန် ၂ဝ ဒသမ ၈၄ သန်းသို့ လျော့နည်းထွက်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် US Department of Agriculture ၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည်လာမည့် ဆယ်စုနှစ်အတွင်း လယ်ယာထွက်ကုန် တင်သွင်းမှုကို ဆက်လက်ဦးဆောင်မည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ပဲပုပ်အများဆုံး တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး ၂၀၃၃ - ၂၀၃၄ ခုနှစ်တွင် ကမ္ဘာ့ပဲပုပ်တင်သွင်းမှု၏ ၆၂ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ လာမည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ ပဲပုပ်ဝယ်လိုအားသည် ကမ္ဘာ့ပဲပုပ်ကုန်သွယ်မှုကို ဆက်လက်မြင့်တက်လာစေမည်ဖြစ်ပြီး ကမ္ဘာ့ပဲပုပ်တင်သွင်းမှုသည် တန်ချိန် ၂၂၁ ဒသမ ၆ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စံချိန်စံညွှန်းပြည့်မီစွာ တင်ပို့နိုင်ရေးဆောင်ရွက်

တရုတ်နိုင်ငံ၏ ပဲပုပ်လိုအပ်ချက်မှာ နှစ်စဉ်မြင့်တက်လျက်ရှိရာ ထိုသို့ကြီးမားသော ပဲပုပ်ဈေးကွက် တည်ရှိနေသည့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်လာပါက တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့ပဲပုပ်ဈေးကွက်၏ ကုန်သွယ်ရေးဇာတ်ခုံပေါ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လာနိုင်ဖွယ်ရှိပေသည်။ ထို့အတွက် ဈေးကွက်အလားအလာရှိသည့် မြန်မာ့ပဲပုပ် တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရရှိရေး၊ ထွက်ရှိလာသည့် ပဲပုပ်များ အရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်သို့ စံချိန်စံညွှန်းပြည့်မီစွာ တင်ပို့နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။ ပဲပုပ်စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပြီး နိုင်ငံတကာ ဈေးကွက်အတွင်း မြန်မာ့ပဲပုပ်မျိုးများ ဝင်ဆံ့နိုင်ရန်အရည်အသွေးနှင့် ဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို သက်ဆိုင်ရာ Stake Holder များ ပူးပေါင်းဆောင်ရွက်ရန်လည်း အထူးလိုအပ်ပါသည်။

ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း၌ ကျန်းမာရေးနှင့်ညီညွတ်သော ပဲပုပ်ဆီကို စားသုံးနိုင်ပြီး ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်သည့်အပြင် တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ မွေးမြူရေးအစာလိုအပ်ချက်အရ တစ်နှစ်လျှင် ပြည်ပမှတန်ချိန် ကိုးသိန်းတင်သွင်းလျက်ရှိရာ ပြည်တွင်း၌ တိုးမြှင့်ဆောင်ရွက်လာသော မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အစာကုန်ကြမ်းများကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ ဝင်ငွေရရှိသည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်း တစ်ရပ်ရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။