Skip to main content

အာဇာနည်နေ့မှာ ပြန်ပြောင်းအမှတ်ရဆင်ခြင်စရာ . . .

ငြိမ်းချမ်းအောင်

သည်နှစ်ရန်ကုန်မှာ မိုးကောင်းသည်။ မြန်မာပြည်၏ မုတ်သုံရာသီထုံးစံအတိုင်း ဝဠာတစ်ခွင်လုံးအုံ့မှိုင်းလို့ နေသည်။ မိုးကတစိမ့်စိမ့်၊ တစွေစွေ၊ ရံဖန်ရံခါ သဲသဲမဲမဲ။ လွမ်းစရာ ရာသီဖြစ်ပါသည်။

ဤလ ဤရာသီခါသမယအတွင်းမှာပင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မိုးသက်မုန်တိုင်းကြီးတစ်ခု ကျရောက်ခဲ့ပါသည်။ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားခဲ့သော အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရသည်။ ယခု ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီ။ သို့တစေ မြန်မာတစ်ပြည်လုံး ဝမ်းနည်းလို့မဆုံး။ မျိုးဆက်အလီလီ လွမ်းလို့မဆုံးနိုင် ဖြစ်ခဲ့ကြရသည်။

ဆရာကြီးမောင်ထင်က “ဗမာ့နိုင်ငံရေးသုခမိန်” ဆောင်းပါးတွင် “ဗိုလ်ချုပ်ဆုံးသောနေ့၌ ကျွန်တော်သည် မိုးရွာထဲတွင် မော်တင်လမ်းမှသည် အသံလွှင့်ရုံသို့ တကိုယ်တည်း ခြေလျှင်လျှောက်ပြန်ရင်း၊ တောင်မြောက်လေးပါးတို့ကို တွေးမိသည်။ ကျွန်တော်၏ ညီငယ်သည် သစ္စာဖောက်သော ဗမာတစ်ယောက်၏ လက်ချက်ကြောင့် ဂျပန်အသတ်ခံရသည်။ သတ်သူမှာ ဂျပန်ဖြစ်သောကြောင့် တော်ပါသေး၏။ ဗိုလ်ချုပ်သည် သစ္စာဖောက်သော ဗမာတစ်ယောက်၏ လက်ချက်ကြောင့် ဗမာအသတ်ခံရသည်။ ဪချစ်လိုက်ရတဲ့ အမျိုး။ သည်အမျိုးကိုမှ ချစ်မိရပလေ။ ယခုနေအခါ ဗိုလ်ချုပ်ကိုနှိုး၍ ရလျှင်နှိုးပြီး မေးလိုက်ချင်စမ်းသည်။ အမျိုးကိုချစ်သေးသလား။

မမေးနှင့်တော့၊ မမေးနှင့်တော့။ ဗိုလ်ချုပ်နိုးလာလျှင် ‘ချစ်သေးတယ်’ ဟူ၍ပင်လျှင် ဖြေဦးမည်” ဟူ၍ မချိတင်ကဲ ရေးသားခဲ့ပါသည်။

မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့်ပင် ကျဆုံးခဲ့ရခြင်းဖြစ်

မှန်ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရ၏ နောက်ကွယ်မှ ကြိုးကိုင်စီမံမှုမှတစ်ဆင့် အာဏာကို မက်မောသော၊ မနာလိုမရှုဆိတ်သော၊ ရန်ငြိုးအာဃာတကြီးမားသော ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသား မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့်ပင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို မတတ်သာ၍ လွတ်လပ်ရေးပေးရတော့မည် ဖြစ်သော်လည်း တောင်တန်းဒေသများကို ချန်လှပ်ထားလို၍ ပင်လုံကွန်ဖရင့်အထိ နိုင်ငံရေးအရ ခြေရှုပ်မှုများ၊ ခြေထိုးမှုများကို အစွမ်းကုန်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၄ ခုနှစ် မဟာမိတ်တပ်များ မြန်မာပြည်သို့ ပြန်လည်သိမ်းပိုက်နိုင်တော့မည်ဟု ယုံကြည်ကတည်းက ဘိလပ်အစိုးရ၏ မြန်မာပြည်ဆိုင်ရာအတွင်းဝန် အေမာရီက “မြန်မာပြည်ကိုပြန်လည် သိမ်းပိုက်ပြီးနောက် လွတ်လပ်ရေးပေးရသော အခြေအနေသို့ရောက်သော်လည်း ဗြိတိသျှအင်ပါယာ၏ စီးပွားရေးအရ ကြည့်သည်ဖြစ်စေ၊ ကာကွယ်ရေးဘက်မှ ကြည့်သည်ဖြစ်စေ တောင်တန်းနယ်ဒေသကို ဗြိတိသျှလက်အောက်၌ အနှစ်သုံးဆယ်မျှလောက် ထားပြီးမှဖြစ်မည်။ ထိုတောင်တန်းသားများသည် မြန်မာများကဲ့သို့မဟုတ်။ ဗြိတိသျှကထိန်းသိမ်းထားရန် အမှန်လိုအပ်ပေသေးသည်” ဟု အစရှိသော သဘောထားပါသည့် အတွင်းစာတစ်စောင်ကို အိန္ဒိယပြည်တွင်ရှိသော မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံရေးသားပေးပို့ခဲ့လေသည်။

စစ်ပြီးခေတ် နယ်ချဲ့စနစ်(ဝါ)ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ်သည် ရှေးကကဲ့သို့ နယ်ချဲ့သမားများ ကိုယ်တိုင် ကိုလိုနီနိုင်ငံများတွင် တိုက်ရိုက်ဝင်ရောက် အုပ်ချုပ်သောစနစ် မဟုတ်တော့ဘဲ မိမိတို့ကြိုးဆွဲရာ ကမည့် အစိုးရများရရှိအောင် ဆောင်ရွက်ပေးသောစနစ်သာ ဖြစ်ပေသည်။ နယ်ချဲ့ဗြိတိသျှတို့သည်လည်း မြန်မာပြည်ကို လွတ်လပ်ရေးမပေးလျှင် မဖြစ်တော့ကြောင်းသိသည့်အတိုင်း တစ်ဖက်တွင်လည်း လွတ်လပ်ရေးပေးရန် သဘောတူ၍ အခြားတစ်ဖက်တွင် လွတ်လပ်စမြန်မာနိုင်ငံတွင် မိမိတို့ဩဇာခံမည့်အစိုးရမျိုး (ဝါ) မိမိတို့ကိုအကျိုးပြုမည့် ရုပ်သေးအစိုးရမျိုးကို လိုချင်ခဲ့ကြသည်။

သို့အတွက် နယ်ချဲ့သမားသည် ကိုယ်ကျိုးမဖက်သော၊ တိုးတက်သော နိုင်ငံရေးအယူအဆရှိသော ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားခဲ့ချေ။ ဗိုလ်ချုပ်သာ ဆက်လက်တည်ရှိနေပါက အရင်းရှင်နယ်ချဲ့ သမားများအဖို့ လွတ်လပ်စမြန်မာနိုင်ငံတွင် ဆက်လက်ကုပ်သွေးစုပ်နိုင်တော့မည်မဟုတ်၍ ဗိုလ်ချုပ်ကိုဖယ်ရှားပစ်ရန် နောက်ကွယ်မှ ကြိုးပမ်းကြံစည်ခဲ့ကြလေသည်။

သို့ရာတွင် နယ်ချဲ့သမားသည် ပရိယာယ်အရာတွင် အလွန်ပါးနပ်လိမ္မာ ကျွမ်းကျင်သူများပီပီ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင်သုတ်သင် ရှင်းလင်းခြင်းမပြုဘဲ သုတ်သင်ရှင်းလင်းပေးမည့် အမျိုးသားသစ္စာဖောက် လက်ပါးစေများကို ရှာခဲ့လေသည်။

တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပ၍ အလုပ်များနေချိန်တွင် ဆိုရှယ်လစ်ပါတီနှင့် ပြည်သူ့ရဲဘော်များက ဂဠုန်ဦးစောနှင့်ပတ်သက်၍ လှုပ်ရှားမှုများကို အဆက်မပြတ် တင်ပြလာကြသည်။ “ဂဠုန်ဦးစောသည် အင်္ဂလိပ်အရာရှိကြီးတစ်ဦးနှင့် အဆက်အသွယ် ပြုလုပ်လျက်ရှိသည်။ နယ်မှ ၎င်း၏လက်ပါးစေလူငယ်များကို ရန်ကုန်သို့ခေါ်ယူ၍ လျှို့ဝှက်လက်နက်သင်တန်း၊ နိုင်ငံရေးသင်တန်းများ ပေးလျက်ရှိသည်။ ဖဆပလထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံ၍ ဆူပူမှုများဖန်တီးမည့်လက္ခဏာရှိသည်” ဟု ဖော်ပြကြသည်။

ဖဆပလနှင့် ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဗဆွေက ထိုသတင်းများမှာ အရေးကြီးသည်ဟု ယူဆသည့်အတိုင်း ဗိုလ်ချုပ်ကိုလည်းကောင်း၊ ဦးနုကိုလည်းကောင်း တစ်ဦးချင်းတင်ပြသည်။ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း အစီရင်ခံသည်။ သို့သော် ပုဂ္ဂိုလ်ခပ်များများက အလေးအနက် သဘောမထားခဲ့ကြချေ။ ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း “ဒီသတင်းတွေ မဖြစ်နိုင်ဘူး။ ခင်ဗျားလူတွေ သတင်းမရှိ သတင်းလုပ်ကြံပေးကြတာဖြစ်မှာပဲ”ဟု ခါးခါးသီးသီးဆိုခဲ့သည်။

သို့သော် ကျားငစဉ်းလဲနယ်ချဲ့သမားသည် ၎င်းတို့၏ မူလအစီအစဉ်အတိုင်း နောက်ကွယ်မှ ပိပိရိရိဖြင့် ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၆ ခုနှစ် ဩဂုတ်လတွင် အင်္ဂလိပ်စစ်တပ်မှ လက်နက်ကိုင် ဗမာပုလိပ်အဖွဲ့၊ လက်နက်ဌာနသို့ တာဝန်လွှဲပြောင်းပေးပို့ခြင်းခံရသူ ကပ္ပတိန် Vivian သည် စောစောပိုင်းတွင် ဖိုက်ချ်လမ်းအရာရှိရိပ်သာ တိုက်ခန်းတစ်ခန်းတွင် နေထိုင်နေရာမှ အင်္ဂလန်မှလိုက်လာသော သူ့မိန်းမနှင့်နေထိုင်ရန်ဟု အကြောင်းပြ၍ အေဒီလမ်းရှိ ဦးစော၏ အိမ်အနီးသို့ ပြောင်းရွှေ့လာခဲ့သည်။ မကြာမီ အိမ်ရှာဖွေစဉ်က တွေ့ဆုံသိကျွမ်းခဲ့သူ မေဂျာ Young ကလည်း သူ့မိန်းမရောက်လာ၍ အိမ်မရသေးခင်စပ်ကြား ကပ္ပတိန် Vivian အိမ်၌ ခေတ္တနေထိုင်ရန် ရောက်ရှိ လာပြန်သည်။

လက်နက်ထုတ်ရန် လက်မှတ်အတုများဖြင့် ပုံစံများကို ဖြည့်ခိုင်းစေခဲ့

ထို့နောက်မှာတော့ မေဂျာ Young က ဦးစောက သူ့အသက်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန် လက်နက်လိုသည်ဟူသော တောင်းဆိုမှုအရ ကပ္ပတိန် Vivian အား လက်နက်ရှာခိုင်းလေတော့သည်။ ကပ္ပတိန် Vivian ကလည်း သဘောတူ၍ လက်နက်ထုတ်ရန် တံဆိပ်နှိပ်ပြီး ပုံစံများကို ဦးစောအိမ်သို့ယူဆောင်၍ လက်မှတ်အတုများဖြင့် ပုံစံများကို ဖြည့်ခိုင်းစေခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းခန့်တွင် ဦးစော၏ လက်ပါးစေဘညွန့်နှင့် မောင်စိန်တို့သည် ပုလိပ်အယောင်ဆောင်ကာ အပေါင်းပါများနှင့်အတူ နံပါတ်အတု တပ်ဆင်ထားသော ၃ တန်ထရပ်ကားဖြင့် လက်နက်တိုက်မှ ဘရင်းဂန်းသေနတ်အလက် ၂၀၀ နှင့် ပြောင်းပိုများ၊ ကျည်ဆန်များကို ထုတ်ယူ ခဲ့ကြသည်။

၁၅-၇-၁၉၄၇ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် ထိုသတင်းကိုအကျယ်တဝင့် ဖော်ပြခဲ့ရာ မူလက ဂဠုန်ဦးစောတို့လူသိုက် အကြံပက်ပက် စက်စက်ကြံစည်နေသည်ဟု သတင်းပေးစဉ်က မယုံမကြည် ခါးခါးသီးသီးဖြစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက “ကိုဗဆွေ၊ ခင်ဗျား သတင်းမှန်နေပြီ ထင်တယ်” ဟု ပြောကြားခဲ့သည်ကို ကြားယောင်မိသေးသည်ဟု ဦးဗဆွေက “မိုးသက်မုန်တိုင်းကျသည့်နေ့” ဆောင်းပါးတွင် ပြန်ပြောင်းရေးသားခဲ့ပေသည်။

ဗိုလ်ချုပ်၏အစ်ကိုဝန်ကြီး ဦးဘဝင်းကလည်း ဦးစောတို့လူစု ဘရင်းဂန်းအလက် ၂၀၀ ခိုးထုတ် သွားသည်ဟု သတင်းစာများတွင် ပါလာသောအခါ “များလွန်းလှတယ်ကွာ၊ ဟုတ်နိုင်မယ် မထင်ပါ ဘူး”ဟု သူ့၏ညီတစ်ဦးဖြစ်သူ ဦးအောင်သန်းကို ပြောလေသည်။

ဤသို့ဖြင့် “သိလျက်ကယ်၊ ဝိပါက်ရယ် ကြမ္မာငင်တော့” ဟူသည့်အတိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရှက်ရဖွယ်ရာ အကျည်းတန် အရုပ်ဆိုးစေခဲ့သော ယူကျုံးမရဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာပါတော့သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အစိုးရအဖွဲ့ဝန်ကြီးများ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေခိုက် နယ်ချဲ့သမားနှင့် ပြည်တွင်းသစ္စာဖောက်တို့၏ လက်ချက်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများဖြစ်ကြသော သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘဝင်းနှင့်အတွင်းဝန် ဦးအုန်းမောင်၊ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့မှာ ပွဲချင်းပြီးကျဆုံးခဲ့ကြရပြီးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာ ဆေးရုံရောက်မှ အသက်ပျောက်ခဲ့ရရှာသည်။

တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံခဲ့ကြရ

နယ်ချဲ့သမားတို့၏အလိုကျ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသော ဦးစောနှင့် လက်ပါးစေအပေါင်းပါများသည်လည်း တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံခဲ့ကြရပါသည်။ မေလ ၁ ရက် နေ့ထုတ် အိုးဝေသတင်းစာ၏ “ဤမိုးဤမြေ” အခန်းတွင် သတင်းစာဆရာကြီး အိုးဝေညိုမြက မောင်သုမနကလောင်အမည်ဖြင့် “ဗမာ့ဝဋ်ကြွေး” ဟု ခေါင်းစဉ်တပ်၍ “မေလ ၈ ရက်နေ့မှာ ဦးစောကို ကြိုးပေးတော့မယ်။ ဒီသတင်းမျိုးကြားရတာ စိတ်ညစ်တယ်ဗျာ။ ခုအချိန်မှာ တိုင်းသူပြည်သား အားလုံးလဲ ဒီသတင်းမျိုးကို ကြားချင်သူရှိမယ်မဟုတ်ဘူး။ အစက ဒီလိုအဖြစ်မျိုးရောက်အောင် မဖန်တီးခဲ့ကြရင်ကောင်းမှာပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့လဲ မသေမပျောက်ပဲ ပျော်ပျော်ရွှင်ရွှင်ရှိနေစေချင်တယ်။ ဦးစောလဲအခုလို သားမယားနဲ့ ကွေကွင်းရ မယ့်အဖြစ်ကိုမမြင်ရက်ဖူး။ အမိမြန်မာပြည်ရဲ့ သားကြီးများပီပီ အချင်းချင်းသင့်မြတ်ခင်မင်စွာ တိုင်းကျိုးပြည်ကျိုးဆောင်နေကြတာပဲတွေ့မြင် ချင်တာပဲ။

ဒီအမှုကြီးကို အစအဆုံး တရားအတိုင်းစီရင်ပြီးရင် အမိမြန်မာပြည်ကြီးဟာ နောင်အခါမှာ ဒီလိုပူဆွေးဒုက္ခမျိုးဘယ်တော့မှ မရောက်ပါစေနဲ့လို့ လှိုက်လှဲစွာဆုတောင်းပါတယ်။ ဒီလိုအဖြစ်မျိုးကို နောင်မှာ မဖြစ်ကြရအောင် နိုင်ငံရေးခေါင်းဆောင်လုပ်သူများ အထူးသတိပြုကြပါခင်ဗျား။

တမလွန်ဘဝတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးစော ပြန်လည်မိတ်ဆက်ကာ လွတ်လပ်တဲ့ ဗမာပြည်၌ ညီရင်းအကိုများအဖြစ် ပြန်လည်မွေးဖွားပြီး တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေ ဆုတောင်းပါတယ်။ လွတ်လပ်သော မြန်မာပြည်ကြီး တည်တန့်ပါစေသော်” ဟူ၍ စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။

သွေးထိုးလှုံ့ဆော် ဖန်တီးလုပ်ဆောင်နေကြ

၇၇ နှစ်တိုင်ခဲ့လေပြီ။ မျက်မှောက်ကာလတွင်လည်း ကိုလိုနီနယ်ချဲ့လက်ဟောင်း၊ လက်သစ်တို့သည် မြန်မာ့နိုင်ငံရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်စွက်ဖက် နှောင့်ယှက်နေဆဲပင်။ နယ်ချဲ့လက်ဟောင်းက မစားရသည့်အမဲ သဲနှင့်ပက်နေသလို ကိုလိုနီနယ်ချဲ့လက်သစ်များကလည်း ပထဝီနိုင်ငံရေးအရ အရေးပါသော မြန်မာနိုင်ငံတော်ကြီးတွင် ၎င်းတို့ဩဇာခံကြိုးဆွဲရာကမည့် အစိုးရမျိုးမရမချင်း အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းစေပြီး မြန်မာပြည်ကြီး ပျက်စီးရာပျက်စီးကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားရာပျက်ပြားကြောင်း နောက်ကွယ်မှ အစွမ်းကုန် သွေးထိုးလှုံ့ဆော် ဖန်တီးလုပ်ဆောင်နေကြဆဲပင်။

သို့ဖြင့် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် သမိုင်းသင်ခန်းစာအရ ကိုလိုနီနယ်ချဲ့ လက်ဟောင်း လက်သစ်တို့၏ သွေးထိုးလှုံ့ဆော်မှုများကို အလေးအနက် သတိပြုဆင်ခြင်ကြရန်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော “အချင်းချင်းသဘောကွဲလွဲမှုမျိုးကတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တယ်။

စုပေါင်းလုပ်ကြမှသာ အကျိုးရှိမည်ဟု မိန့်မှာတစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်းတို့က တစ်ခြား၊ ကချင်၊ ချင်း အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိမည်” ဟု မိန့်မှာချက်ကိုလည်းကောင်း။

“ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့၊ တလွဲဆံပင်ကောင်းနေကြတယ်။ ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့် တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ ဗမာချင်းချဖို့မှာ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင် လို့ ဘယ်တော့မှ အကျိုးမရှိဘူး”

“ဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်း ကိုရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက်ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ကိုယ့်အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ယနေ့ပြောခဲ့ချင်တယ်” ဟူသည့် ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်မှာချက် များကိုလည်းကောင်း အမှတ်ရ၍ သမိုင်းသင်ခန်းစာ အဖြစ်ရယူပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးအမြတ်ထား၍ နိုင်ငံတော်ကြီးအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုစည်းစည်း ညီညီညွတ်ညွတ်၊ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။