Skip to main content

ထုတ်ကုန်တိုးမြှင့်ခြင်းဖြင့် နိုင်ငံခြားငွေယိုစီးမှု ဟန့်တားနိုင်မည့် ပြည်တွင်းဖိနပ်လုပ်ငန်းများ

နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီ ကျား၊ မ၊ လူကြီးလူငယ်မရွေး ဝတ်ဆင်ကြသည့် လူ့အသုံးအဆောင် အဆင်တန်ဆာတစ်ခု ကိုပြပါဆိုလျှင် ဖိနပ်ကို ပြရမည်ဖြစ်သည်။ ဖိနပ်သည် လူတစ်ဦးချင်း၏ နေ့စဉ်တစ်ကိုယ်ရေ အသုံးအဆောင်အတွက် မရှိမဖြစ်လည်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူသားများသည် လွန်လေပြီးသော ရှေးနှစ်ပေါင်းများစွာကတည်းက နေဒဏ်၊ မိုးဒဏ်၊ ဆူးငြှောင့်ခလုတ်တံသင်းဒဏ်မှ ကင်းဝေးစေရန် ၎င်းတို့ဝတ်ဆင်မည့် ခြေနင်းဖိနပ်များကို နေထိုင်ရာ နေရာဒေသအပေါ်မူတည်၍ တိရစ္ဆာန်သားရေများ၊ ကောက်ရိုးများ၊ သစ်သားများဖြင့် ကိုယ်တိုင်တီထွင် ဝတ်ဆင်ခဲ့ကြသည်။

ထိုမှတစ်ဆင့် နှစ်ပေါင်းများစွာကြာလာပြီးနောက် ခေတ်ကာလရေစီးကြောင်း တစ်စထက်တစ်စ ပြောင်းလဲလာမှုနှင့်အတူရော်ဘာ၊ သားရေ၊ ပစ္စည်းများဖြင့် ပေါင်းစပ်ကာ ခေတ်မီစက်များဖြင့် တစ်နည်း၊ လက်မှုနည်းဖြင့် တစ်သွယ်နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ထားသော ခေတ်မီဆန်းသစ်လှပသော ဖိနပ်များကို ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်း စီးလာ ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီးနင်းနေကြသည့် ဖိနပ်များသည် ပြည်တွင်းထွက်ရော်ဘာကုန်ကြမ်း ၈၅ ရာခိုင်နှုန်း၊ ပြည်ပမှ တင်သွင်းသည့် ကုန်ကြမ်း ၁၅ ရာခိုင်နှုန်း အသုံးပြုကာ နွေ၊ မိုး၊ ဆောင်း ရာသီ အလိုက် လိုက်ဖက်မှုရှိသော ဆက်စပ်ပစ္စည်းများဖြင့် ပေါင်းစပ်ဖန်တီး ချုပ်လုပ် ထားခြင်းဖြစ်သည်။

ပြည်ပဖိနပ်များနှင့်အပြိုင်ရောင်းချ

 ရန်ကုန်၊ မန္တလေးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဖိနပ်လုပ်ငန်းများမှ ချုပ်လုပ်သောရိုးရာ ဖိနပ်များ၊ ရိုးရိုးခြေညှပ်ဖိနပ်များ၊ ပွဲနေ ပွဲထိုင်ဖိနပ်များ၊ ကတ္တီပါဖိနပ်များ၊ ခေတ်မီဒီဇိုင်းဖြင့် ဖန်တီးချုပ်လုပ်ထားသော ကွင်းထိုးဖိနပ်၊ ရှူးဖိနပ်၊ ဒေါက်မြင့်ဖိနပ် စသည့်ပြည်တွင်းဖြစ် ဖိနပ်များကို ပြည်ပ မှတင်သွင်းလာသော ဖိနပ်များနှင့် အပြိုင်ဈေးကွက်တင် ရောင်းချနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ခြေညှပ်ရိုးရိုးပဲ စီးတဲ့လူတွေရှိသလို ပုံဆန်းကြိုက်တဲ့သူတွေရှိတယ်။ အကြိုက်ချင်းတော့မတူကြဘူးပေါ့။ အခုနောက်ပိုင်း ပြည်တွင်းဖြစ် ဖိနပ်လေးတွေ လှလာ တယ်။ မိန်းကလေးအများစုက ကြိုက်ကြတယ်။ တချို့ဖိနပ်တွေဆို နိုင်ငံခြားဖိနပ်တွေအတိုင်းပဲ ချုပ်ထားတာ။ ဘာဖြစ်ဖြစ် ခိုင်ခံ့တယ်ဆို အဲဒီတံဆိပ်က အရောင်း သွက်တာပါပဲ ဟု ဖိနပ်ဆိုင်တစ်ခုမှ မအေးနွယ်ကပြောသည်။

ပြည်တွင်းဖိနပ်ဈေးကွက်အခြေအနေကို လေ့လာကြည့်ရာတွင် ဖိနပ်ဈေးကွက် ၏ ၇၅ ရာခိုင်နှုန်းကို အိမ်နီးချင်းပြည်ပ နိုင်ငံများက ထိုးဖောက်နေရာယူထားပြီး ၂၅ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းဖိနပ်များက နေရာယူထားနိုင်သည်ကို တွေ့ရသည်။

ပြည်တွင်း ဈေးကွက်တင်ပို့ရောင်းချမှုကို အကြမ်းအားဖြင့် တွက်ချက်ကြည့်လျှင် တစ်လလျှင်ဖိနပ်အရန်ရေ လေးသန်းနီးပါးရှိသည်ဟု ဆိုသော်လည်း ထို လေးသန်းဟူသည့် ပမာဏသည် လူဦးရေသန်း ၅၀ ကျော်နေထိုင်သော မြန်မာနိုင်ငံရှိ ဖိနပ်စီးနိုင်သည့် လူဦးရေနှင့်အချိုးချကြည့်လျှင် ဖိနပ်ရောင်းချမှုနှင့် လူဦးရေအချိုးက များစွာကွာဟနေသေး သည်ဖြစ်ရာ ပြည်တွင်းထုတ်ဖိနပ်များ သည် ပြည်ပမှဝင်ရောက်လာသည့် ဖိနပ်များကို ဈေးကွက်အားဖြင့် မယှဉ်နိုင်သေး သည့်အနေအထားတစ်ခုဟု ဆိုရမည် ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံက ကာလာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံဖိနပ်တွေ ကြောက်စရာကောင်းလောက်အောင် ကွန်တိန်နာတွေနဲ့အပြည့် ဝင်လာတာ။ သူတို့ကို ကျွန်တော်တို့က မယှဉ်နိုင်ဘူး။ ထုတ်လုပ်မှုအားအများကြီးနဲ့ဝင်လာတာ။ သူတို့ရဲ့ဈေးနှုန်းကို ကျွန်တော်တို့ကမယှဉ်နိုင်ဘူး။ သူတို့ကအရန်ရေများများရောင်းပြီး အမြတ်ငွေ သဲ့ယူတာ။ မြန်မာပြည်က သုံးလကို တစ်ခါပဲအရန်သန်း ၄၀ ဝယ်ဦး။ တစ်နှစ်ပတ်လုံးဆိုတွက်ကြည့် သန်းပေါင်းများစွာ ပြည်တွင်းလုပ်ငန်းရှင်တွေဆုံးရှုံးတယ် ဟု ကေသုံးလုံးဖိနပ်လုပ်ငန်းရှင် ဦးကံညွန့် က ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည် ဖိနပ်လုပ်ငန်းသည် စက်အင်အားထက် လူ၏လက်မှုအင်အားကို အဓိကအသုံးပြုကာ ပြုလုပ်ခြင်းကြောင့် ဈေးကွက်တွင်း လိုသလောက်မဖြန့်ဖြူးနိုင်ခြင်း၊ လုပ်ငန်းရှင်များက မိမိတို့ဖိနပ်၏ အရည်အသွေးကို ထိန်းမထားနိုင်ခြင်း၊ ပြည်ပမှဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်းတချို့ မှာယူရာတွင်ခက်ခဲခြင်း၊ ဈေးနှုန်းမြင့်မားခြင်းတို့ ကြောင့်ဟု မြန်မာနိုင်ငံဖိနပ်လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ဈေးကွက်ပြန်လည်ရယူနိုင်ရန်ကြိုးပမ်း

သို့ရာတွင် လတ်တလောအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှကုန်စည်ဝင်ရောက်လာနိုင်မှု လမ်းကြောင်းများနှောင့်နှေးနေသည့် ယခုလို အချိန်ကာလသည် ပြည်တွင်းဖိနပ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဈေးကွက်ကို ပြန်လည်ရယူနိုင်ရန် အစွမ်းကုန်ကြိုးပမ်းသင့်သည့်အချိန်ကာလပင် ဖြစ်သည်။

မြန်မာနိုင်ငံ ဖိနပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကံညွန့်က “အခုလို အချိန်မှာ ကိုယ်က အခွင့်ကောင်းယူနိုင်ရ မယ်။ ဒါအခွင့်အရေး၊ အခုချိန်က တစ်ဖက် နိုင်ငံက ပစ္စည်းတွေမဝင်လာနိုင်သေးဘူး။ ကျွန်တော်တို့က ထုတ်လုပ်မှုအားကို မြှင့်တင်ပြီးတော့ တိုးထုတ်ကြမယ်။ ကျွန်တော်တို့ ဈေးကွက်ကို ကျွန်တော်တို့ ပြန်သိမ်းထားနိုင်မယ်ဆိုရင် သူတို့ ဝင်တိုး လို့ မရနိုင်တော့ဘူး ဟု ဆိုသည်။

ကိုဗစ် ၁၉ ရောဂါမဖြစ်ပွားခင်က ပြည်တွင်းထုတ်ဖိနပ်များကို ပြည်ပအိမ်နီးချင်းနိုင်ငံအချို့သို့တင်ပို့ခဲ့ရပြီး ဈေးကွက်ဝယ်လိုအား အမြင့်ဆုံးနိုင်ငံမှာ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်သည်။

ထို့ပြင် ဖိနပ်လုပ်ငန်းသည် ပြည်တွင်း ထုတ်ရော်ဘာကို အခြေခံထားသည့်လုပ်ငန်းဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ဘေးထွက်စွန့်ပစ် ပစ္စည်းများသည်ပင် ပြန်လည်ရောင်းချ နိုင်သည့်လုပ်ငန်းမျိုးဖြစ်သည်။

ဖိနပ်ဘေးကထွက်လာတဲ့ အစတွေ၊ လှီးလို့ထွက်လာတဲ့ အစတွေကို ပြန်ပြီး တော့ ဝယ်တဲ့သူတွေရှိတယ်။ ဖိနပ်သမား တစ်ယောက်က စုလိုက်မယ်ဆိုရင် အနည်းဆုံး သိန်း ၅၀ နဲ့ သိန်း ၁၀၀ ကြားပြန်ရတယ်။ စွန့်ပစ်ပစ္စည်းတွေက ဆုံးရှုံးတာမရှိဘူး။ လုပ်ငန်းထဲမှာ zero waste က ဖိနပ်လုပ်ငန်းတစ်ခုပဲရှိတယ် ဟု ဖိနပ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ဖိနပ်လုပ်ငန်းသည် များသောအား ဖြင့် လူနေရပ်ကွက်အတွင်းတည်ရှိပြီး လုပ်ငန်းတွင်အသုံးပြုသောကုန်ကြမ်း ပစ္စည်းအများစုသည် မီးလောင်လွယ်သည့် ပစ္စည်းများဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် ဖိနပ်လုပ်ငန်းမှထွက်ရှိသည့် အနံ့ဆိုးများနှင့် ဆူညံသံများကြောင့် ပတ်ဝန်းကျင်နေပြည်သူများ ကျန်းမာရေး ထိခိုက်လာနိုင်သည့် အခြေအနေများလည်းရှိရာ လုပ်ငန်းရှင်နှင့် ရပ်ကွက်နေ ပြည်သူများကြား မကြာခဏဆိုသလို ပွတ်တိုက်သံများ ကြားရလေ့ရှိသည်။

မီးလောင်ပြီဆို ကြည့်လိုက်အကြိမ်တစ်ရာဆို ၄၅ ကြိမ်လောက်က ဖိနပ်ရုံကပဲ။ သူတို့လုပ်ငန်းက လောင်စာတွေချည်းပဲ။ ဖိနပ်လုပ်လို့ရှိရင် ခြေရင်း ခေါင်းရင်းက မခံနိုင်ဘူး၊ ဖိနပ်သုတ်တဲ့ ကော်က တော်တော်နံတယ်။ ပန်းနာ ရင်ကျပ်ရောဂါသည်တွေ မခံနိုင်ဘူး။ ကျန်းမာရေးရုံးတို့၊ စည်ပင်တို့ အကြိမ် ပေါင်းများစွာ ပတ်ဝန်းကျင်က တိုင်တာ၊ တိုင်တဲ့သူအပြစ်မဟုတ်ဘူး။ အမှန်က ဒီလုပ်ငန်းတွေက သီးသန့်အနေနဲ့ ရှိသင့်တာ၊ အခုတော့ လူနေအိမ်တွေနဲ့ ကပ်နေ တော့စိတ်ရှုပ်စရာပေါ့ ဟု ဖိနပ်လုပ်ငန်း တစ်ခုအနီးတွင်နေထိုင်သည့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဖိနပ်သီးသန့်ဇုန်မရှိသေး

မြန်မာနိုင်ငံရှိ စက်မှုဇုန်များကို လေ့လာကြည့်ရာတွင် သက်ဆိုင်ရာကဏ္ဍ အလိုက်စုစည်းကာ ဇုန်အသီးသီးဖော် ဆောင်ထားသော်လည်း ဖိနပ်လုပ်ငန်းများ စုစည်းကာ သတ်မှတ်ဖော်ဆောင်ထား သည့် သီးသန့်ဇုန်ဟူ၍ မရှိသေးကြောင်း သိရသည်။

ကျွန်တော်တို့အတွက် စက်မှု ရပ်ကွက်ပုံစံလေး ဖော်ဆောင်ပေးစေချင်တာ။ ဖိနပ်သမားတွေချည်းပဲ။ သူလဲလုပ်ကိုယ်လဲလုပ်ဆိုတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်တော့ဘူး။ နေရာ ရှိချင်းအားဖြင့် အကုန်အဆင်ပြေသွားမယ်၊ မျိုးတူစုလိုက်ရင် ဈေးကွက်ရော၊ မီးဘေးရော၊ လေဘာကသိန်းနဲ့ချီရှိတယ်။ တစ်နေရာတည်းဆို အလုပ်အကိုင် လာလျှောက်ရင် ကြိုက်တဲ့အလုပ်ရုံ ဝင်လျှောက်ရုံပေါ့ ဟု ရန်ကုန်တိုင်းဒေသ ကြီး ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကြာသေးမီကာလကလည်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အနှံ့ ကျဲပြန့်နေ သော ဖိနပ်လုပ်ငန်းရှင်များ စုစည်းကာ ဖိနပ်လုပ်ငန်းအဘက်ဘက်မှ တိုးတက် စေရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ် လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၀ ခုမှ ဖိနပ်လုပ်ငန်းရှင် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ထိုအသင်းမှ ပြည်တွင်းလုပ်ငန်းရှင် များအတွက် လိုအပ်သောနည်းပညာ၊ ငွေကြေး၊ အခက်အခဲများ၊ ပြည်တွင်း၊ ပြည်ပဈေးကွက် ချဲ့ထွင်ထိုးဖောက်နိုင် ရေး၊ နိုင်ငံခြားငွေယိုစီးမှု ဟန့်တားနိုင်ရေး၊ လုပ်ငန်းရှင်များ တစ်စုတစ်စည်းတည်း လုပ်ငန်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖိနပ်ကုန်ကြမ်းမှသည် ကုန်ချောအဆင့် လှပသည့် ဖိနပ်တစ်ရန်ဖြစ်လာစေရန်ဖြတ်ကျော်သည့် လုပ်ငန်းအဆင့်ဆင့်တွင် ကုန်ထမ်း အလုပ်ကြမ်းသမားမှသည် ကျွမ်းကျင်လုပ်သားအလယ်၊ ဈေးကွက် ရှာဖွေရေးအဆုံး ကလေး၊ လူကြီး၊ ကျား၊ မ အရွယ်စုံ လုပ်သားအင်အား အများ အပြားအပြင် ဖိနပ်လုပ်ငန်းနှင့်ဆက်စပ်မှု ရှိသော လုပ်ငန်းများလည်း ပါဝင်နေသည်ဖြစ်ရာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်သည့် လုပ်ငန်းတစ်ခုဟုဆိုလျှင် မှားမည်မထင်ပေ။

ဈေးကွက်အသာစီးရရေး

ဖိနပ်လုပ်ငန်းသည် တိမ်မြုပ် ပျောက်ကွယ်သွားမည့် လုပ်ငန်းမျိုးကား မဟုတ်ချေ။ ဖိနပ်လုပ်ငန်းရှင်များအနေဖြင့် ခေတ်ကို မျက်ခြည်မပြတ်စောင့်ကြည့် ကာ ထူးခြားဆန်းသစ်လှပသောဖိနပ်များ တီထွင်ဖန်တီးခြင်းဖြင့် ဈေးကွက်အသာစီးရရေး ကြိုးပမ်းကြရမည်ဖြစ်သည်။

 အသေးစား၊ စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနအောက်ရှိ ပြည်တွင်းဖိနပ် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသွင်းကုန်ဖိနပ်များ ဝင်ရောက်လာမှုအားနည်းသည့် အခြေအနေနှင့် တိုက်ဆိုင်နေသည့် ယခုလိုအချိန်အခါမျိုးတွင် အရည်အသွေး မီ လှပသေသပ်သော ပြည်ပသွင်းကုန် အစားထိုးအဆင့်မြင့်ဖိနပ်များ ပိုမိုထုတ်လုပ်၍ မိမိတို့၏ပြည်တွင်းဈေးကွက်ကို အခိုင်အမာပြန်လည်ရယူပြီး နိုင်ငံခြားငွေယိုစီးမှုကို တစ်ဖက်တစ်လမ်းမှ ဟန့်တားနိုင်ရေး၊ အခါအခွင့်သင့်လာပါက (Made in Myanmar) တံဆိပ်ကပ်နှိပ် ထားသည့် ပြည်တွင်းထုတ်ဖိနပ်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါ သည်။ ။

သတင်းဆောင်းပါး- နဒီမင်း၊

ဓာတ်ပုံ- နေဇော်