မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ သတိပြုကာကွယ်
ပေါက်ပေါက်
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက်အရွယ်မရွေးအန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာအသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ၎င်းရောဂါသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း World Health Organization Myanmar က ဇွန်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက်ကလေးများကို သေဆုံးစေသည့် တတိယမြောက်ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကလေး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ်အသက်ငါးနှစ်အောက်ကလေး လေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြားကလေးငယ် ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက်ငါးနှစ် အောက်ကလေး ၁၀၀ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦး အထိရှိကြောင်း မှတ်တမ်းများအရ သိရသည်။ ယခုနှစ်တွင်လည်းပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမှုကြောင့် ဆေးရုံတက် လူနာ ရှစ်ဦး၊ ဆေးရုံပြင်ပလူနာ နှစ်ဦး ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်းကုသပေးစဉ် တွေ့ရှိခဲ့ရသော လူနာ နှစ်ဦး စုစုပေါင်းဝမ်းပျက်ဝမ်းလျှောရောဂါ လူနာဦးရေ ၁၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြောင့်မဟုတ်ဘဲ ခုခံအားကျဆင်းမှု ရောဂါအခံရှိ၍ သေဆုံးခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ရောဂါထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရောဂါ ထပ်မံဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ
ဝမ်းလျှောခြင်းမှာ (က) ကာလတို ဝမ်းလျှောခြင်းနှင့် (ခ) ကာလရှည် ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းသွားခြင်းတွင် ဝမ်းလျှောသည့်အကြိမ်ရေများပြားသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူ သင့်ပါသည်။ နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်းအပြင် သွေးပေါင်ထိုးကျ သွားပြီး သတိလစ်ခြင်းအတွက်ပါ စိုးရိမ်ရပါသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များသည်။ ထို့ကြောင့် မိုးရာသီ၌ ဖြစ်ပွားမှုအများဆုံးရောဂါဟု ဆိုနိုင်ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံတက်လာပါသည်။ များမကြာမီ ရေပြန်ကျသွားသောအခါ အညစ်အကြေး အနယ်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ် ) ကာလဝမ်းရောဂါကို ဖြစ်စေတတ်သော ကူးစက်ရောဂါပိုးမွှားပေါက်ပွားမှု များပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာရသည်။ ထိုရောဂါပိုးသည် ကူးစက်ခံရသူ၏ အူအတွင်းသို့ enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့် ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေသဖြင့် အသက်သေဆုံးသည်အထိ ပြင်းထန်စွာခံစားရနိုင်ပါသည်။
ဝမ်းအညစ်အကြေးများတွင် ရှိနေသော ရောဂါပိုးများသည် ယင်ကောင်မှတစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသော လက်စသည်တို့မှတစ်ဆင့် လည်းကောင်း အစားအစာ သောက်သုံးရေများအတွင်းသို့ ရောက်ရှိခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်ခြင်း၊ (ဥပမာ- မိလ္လာပိုက် ပေါက်ခြင်း၊ အညစ်အကြေး မြေဩဇာအသုံးပြုခြင်း) စသည်တို့မှတစ်ဆင့် စားသောက်မိသူများအား အလွယ်တကူကူးစက်နိုင်ပြီး ထိုမှတစ်ဆင့် တစ်ဦးမှ တစ်ဦးသို့ ရောဂါဆက်လက်ပျံ့နှံ့ကူးစက်စေပါသည်။ မိုးရွာ၍ ရေကြီးစဉ် ထိုညစ်ညမ်းသောရေထဲ ဖြတ်လျှောက်သွားပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကလည်း ရောဂါပိုးကူးစက်ခံရရန် သေချာသလောက်ရှိနေ ပါသည်။
ရောဂါလက္ခဏာများမှာ နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရေအရောင်ကဲ့သို့ ဖြူကျဲကျဲဝမ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာပင် သုံးကြိမ်နှင့်အထက် ဝမ်းအရည်များစွာသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ဆန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း၊ ခံတွင်း၊ လျှာနှင့် နှုတ်ခမ်းများခြောက်၍ ရေအငမ်းမရသောက်ပြီးနောက် ထိုရေအတိုင်း ဝမ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည့် ရောဂါလက္ခဏာများပြနေပါက ဓာတ်ဆားရည် များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသသင့်သည်။
ကြိုတင်ကာကွယ် နည်းလမ်းကောင်းများ
ဝမ်းပျက် ဝမ်းလျှောရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် မိမိတို့၏ လက်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ စနစ်တကျ လက်ဆေးခြင်းဖြင့် လူအချင်းချင်း ကူးစက်မှုများ၊ ဆေးရုံ၊ ဆေးခန်းများ မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို သိသာစွာလျှော့ချနိုင်ပါမည်။
ကြိုတင် ကာကွယ်သည့်အနေဖြင့် အစာမစားမီနှင့် အစားအစာမပြင်ဆင်မီ အချိန်တိုင်း၊ အညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်တိုင်း၊ နှာချေချောင်းဆိုးပြီးချိန်တိုင်းနှင့် အိမ်သာ မှ ဆင်းချိန်တိုင်းတို့တွင် လက်ကိုဆပ်ပြာ ဖြင့် စက္ကန့် ၂၀ ကြာ စင်ကြယ်စွာဆေးကြောပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုပြုဆောင်ရွက်ပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲပါ။ ရေကိုကျိုချက်၍သော်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်အတိုင်း ကလိုရင်း ဆေးခတ်၍သော်လည်းကောင်း အသုံးပြုပါ။ အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ ပူပူနွေးနွေးစားသုံးပါ။ အစားအစာများကို ယင်မနားအောင် စနစ်တကျ ဖုံးအုပ်ထားပါ။
ရေကောင်းရေသန့် သုံးစွဲပါ။ သန့်ရှင်းသော သောက်သုံးရေ (ရေသန့်)သည် အနည်အမှုန်၊ အရောင်အနံ့၊ ရောဂါပိုးမွှားကင်း၍ ကျန်းမာရေးနှင့် ညီညွတ်စေရမည်။ မသန့်သောရေသည် ဝမ်းပျက် ဝမ်းလျှော၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ပိုလီယို စသည့် ဝမ်းနှင့်ပတ်သက်သောရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။
အခြားသူများသို့ ဝမ်းရောဂါမကူး စက်စေရန်အတွက် ဝမ်းသွားပြီးနောက် သန့်စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင်လောင်းချရပါမည်။ ရောဂါဆက်လက် မပြန့်စေရန်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါခံစားရသည့်လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ရ။ ခြင်၊ ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။
လက်သန့်ရှင်းမှု အထူးဂရုပြု
လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း (လက်သန့်ခြင်း) သည် ရောဂါအများအပြားကို ကာကွယ်နိုင်ပါသည်။ အိမ်တွင် အစားအစာချက်ပြုတ် သူများနှင့် အစားအစာရောင်းချသူများ လက်မသန့်ရှင်းပါက မိသားစုတစ်စုမှသည် လူပေါင်းရာနှင့်ချီ၍ ရောဂါရရှိ နိုင်ပြီး ကပ်ရောဂါအသွင် ကူးစက်ကာသေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ လက်တွင်ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေး အနည်းငယ် (တစ်ဂရမ်)တွင်ပင် လူကိုရောဂါဖြစ်၍ သေစေနိုင် သည့် ဗိုင်းရပ်စ် ၁၀ သန်းခန့်၊ ဗက်တီး ရီးယား တစ်သန်းခန့်၊ သန်ကောင်နှင့် ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်းဥကဲ့သို့သော ကပ်ပါးရောဂါပိုးဥပေါင်း ၁၀၀ ခန့် ပါဝင်နေသည်။ လက်တွင်ကပ်ပါလာနိုင်သည့် အညစ်အကြေးနှင့် ရောဂါပိုးများသည် လက်နှင့် ကိုင်တွယ်ထိတွေ့နိုင်သည့် အရာအားလုံးတို့တွင်လည်း ကပ်ငြိနေနိုင်သည့်အတွက် လက်ကိုစင်ကြယ်စွာဆေးကြောခြင်းက ရောဂါများစွာကို ကာကွယ်ပြီးဖြစ်စေပါသည်။
ရှောင်ရန် အစားအစာများ
ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန် သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ် ချဉ်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြု ရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက် အန္တရာယ်စိုးရိမ်ရသည်။
ကာလတို ဝမ်းလျှောသည်ဖြစ်စေ၊ ကာလရှည်ဝမ်းလျှောသည်ဖြစ်စေ ဝမ်းရပ်တန့်သွားသော်လည်း နောက်ဆယ်ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်းများဖြစ်ကြသော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစားသောက်သင့်ပေ။
အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့် အူကိုအလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှောပြီး နောက်သုံးရက်၊ လေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များသော အစားအစာထဲမှာပါနေ၍ ရှောင်ပါ။)
ဆောင်ရန် အစားအစာများ
ဝမ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခန်းသွား၍ သက်သက်သာသာ အနားယူသင့်ပါသည်။ အောက်ဖော်ပြပါ အစားအသောက်များက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် သဘာဝကုထုံးအဖြစ် အားကိုးထိုက်သည်။
• ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းပေးသည့်အနေဖြင့် ရေကျက်အေးများများသောက်ပါ။
• သန့်စင်သည့်ရေနှင့် ဖျော်စပ်ထားသည့် ဓာတ်ဆားရည် (ORS)ကို သောက်သုံးပါ သို့မဟုတ် သီးစုံဓာတ်ဆားရည်သောက်ပါ။
• ဓာတ်ဆားရည်ထုပ် အလွယ်တကူ မရရှိနိုင်ပါက ဆားနှင့် သကြားကို ဆတူရောသောက်ပါ။
• လက်ဖက်ရည်ကြမ်းထဲကို သကြားအနည်းငယ်ထည့်သောက်ပါ။ ချင်းပြုတ်ရည်သောက်ပါ။
• အမည်းရောင် ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ။
• အုန်းစိမ်းရည်သောက်ပါ။
• ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ်အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက် ရည်မရောဘဲ ဖြစ်နိုင်ပါက သူ့ချည်းစားပါ) အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ် ကြွယ်ဝသော အစားအစာများ ဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်ပါသည်။
• လိမ္မော်သီးအခွံက ဝမ်းပျက် ဝမ်းလျှောခြင်းအတွက်ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကို ပြုတ်၍ သော်လည်းကောင်း၊ ရေနွေးဆူဆူတွင်ခတ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါသည်။
• ပဲနံ့သာပင်အစေ့ကို ရေစိမ်သောက်ပါ။ (ပဲနံ့သာပင်အစေ့များကို အိန္ဒိယရိုးရာ ပယဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်) ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက်ဆက်တိုက်သောက်ပါ။ လုံးဝပျောက်ကင်းနိုင်ပါသည်။
• အသက် ၂၀ နှင့်အထက် လူနာဖြစ် ပါက ငရုတ်ကောင်းအစေ့ ၂၀ ကို လှော်ပါ။ နှစ်မိနစ်ခန့်လှော်ပြီးနောက် အမှုန့်ကြိတ်ပါ။ ရလာသောအမှုန့် ကို အရက်ဖြူတစ်ဇွန်းနှင့်အတူ ရေ အေးတစ်ဇွန်းရောစပ်ပြီး သောက်ပါ။
• သီးသီးအမှည့်စားပါ။ သစ်ကြားသီးစားပါ။ ရေသဖန်းပင်အခေါက်ကို ပြုတ်သောက်ပါ။ မန်ကျည်းသီးစိမ်း စားပါ။ ပိန္နဲပွင့်သုပ်စားပါ။ ပိန္နဲသီးအနု ဟင်းချက်စားပါ။ စမုန်နက်စားပါ။ ကြောင်လျှာမြစ် ပြုတ်သောက်ပါ။ သရက်စေ့အဆန်ကို ဝါးစားပါ။ ကြာဖြူ၊ ကြာညို ဝတ်ဆံများ စားပေးပါ။ ငါးပြက်စားပါ။ ဂျီ (တောဂျီကောင်သား)သားစားပါ။
• ပရန္နဝါမြစ်ကို သွေး၍သောက်ပါ။ ဇာတိပ္ဖိုလ်သီး သွေးသောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက် သွေး၍သောက်ပါ။ မြေအိုးတစ်လုံးထဲ ကန်စွန်းရိုးနီ ဆယ်ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ ကျပ်သား ထည့်ကာ ကန်စွန်းပင်ရေမြုပ်သည် အထိရေဖြည့်၍ ကန်စွန်းညွန့်များ နူးအိလာအောင်ပြုတ်ပေးပါ။ ထိုပြုတ်ရည်အား ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးခန့် သောက်ပေးရပါမည်။ ဤနည်းအတိုင်း ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ် သွားပါလိမ့်မည်။
အချုပ်ဆိုသော် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည့်အတိုင်း “လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်” ဟူသော “သန့်လေးသန့်”ကို လိုက်နာခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် သရက်သီးမှည့် များ၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီးနှင့် အမှည့်လွန်သောသစ်သီးများ လှိုင်လှိုင်ပေါများလေ့ရှိရာ အဆိုပါသစ်သီးမှည့်များကြောင့် ယင်ကောင်များလည်း ပေါများပေါက်ပွားနိုင်သဖြင့် ယင်ကောင်ပေါက်ပွားမှု နည်းပါးစေရေးအတွက် စားကြွင်းစားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရပါမည်။ ထိုယင်နား စာများ သို့မဟုတ် မှိုတက်နေသော အစားအစာများကို စားမိခြင်းက ဝမ်းရောဂါကို ဖြစ်စေနိုင်ပါသည်။ အခန့်မသင့်ပါက အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါဖြစ်လာနိုင်သည်ကို သတိရှိကြရန် လိုကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုမှုခံယူသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။