သဘာဝဘေးအန္တရာယ် စုစည်းညီညွတ်မှုဖြင့်ကာကွယ်
ကိုယဉ်ချစ် (မန္တလေး)
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်တွေကို နှစ်စဉ်ရင်ဆိုင်ခံစားနေကြရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ဖယ်ရှားပစ်လို့မရ၊ ရပ်တန့်ထားလို့မရ၊ တားဆီးလို့လည်းမရပါ။ ရာသီဥတုဖောက်ပြန်မှုနဲ့ လူသားတွေရဲ့ ပယောဂအချို့ကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်ပေါ်လာပြီဆိုရင်လည်း အနည်းနဲ့အများ ဆုံးရှုံးနစ်နာမှုတွေ ခံစားကြရပါတယ်။
အရင်တုန်းကတော့ သဘာဝဘေးအန္တရာယ်တွေကို ခံစားရဖူးခဲ့တဲ့ အတွေ့အကြုံတွေ၊ တိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်း နေထိုင်လှုပ်ရှားမှုတွေကိုကြည့် ပြီး ကြိုတင်သိရှိနိုင်ခဲ့ကြပါတယ်။ ဥပမာ- မိုးဦးရာသီမတိုင်မီမှာ ငှက်တွေအသိုက်ကို ခပ်မြင့်မြင့်မှာဆောက်ရင် မိုးခေါင်မယ်။ အနိမ့်ပိုင်းမှာဆောက်ရင်မိုးများမယ်လို့ မှတ်သားထားကြပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ကြပါတယ်။ သဘာဝတရားတွေကို အတွေ့အကြုံတွေနဲ့ပေါင်းစပ် ဆောင်ရွက်ချက်တွေဟာ အနီးစပ်ဆုံးမှန်ကန်ခဲ့ပါတယ်။
မျက်မှောက်ကာလ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ သဘာဝဘေးအန္တရာယ်တွေ မဖြစ်ပေါ်ခင်မှာ အနီးစပ်ဆုံးအခြေအနေတွေကို ကြိုတင်သိလာရပါတယ်။ နည်းပညာတွေကြောင့် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်တွေအရ အနီးစပ်ဆုံးကြိုတင်ခန့်မှန်း သိရှိလာပါတယ်။ ဒါပေမဲ့ တိကျခိုင်မာတဲ့ အသေးစိတ်တွေကို သိနိုင်ဖို့ကတော့ လိုအပ်နေပါသေးတယ်။
သဘာဝဘေးအန္တရာယ်ဆိုတာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနဲ့ လူသားတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ ယေဘုယျအနေနဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးခေါင်ရေရှားဘေးစတာတွေ ဖြစ်ပါတယ်။ ဒီသဘာဝဘေးအန္တရာယ်တွေဟာ လူသားအားလုံးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အချိန်ပိုင်းအတွင်းမှာ ပျက်စီးဆုံးရှုံးနိုင်ပါတယ်။
မီးဘေး
လူဦးရေတိုးပွားလာမှု၊ စက်မှုနည်းပညာတွေ တိုးတက်လာမှုတွေနဲ့အတူ မီးဘေးအန္တရာယ် ဖြစ်ပေါ်မှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်မီးလောင်မှုတွေနဲ့ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလ အတွင်းမှာ မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလီယံကျော်ခန့်ရှိခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းလုံးပျမ်းမျှအနေနဲ့ တစ်နှစ်ကို အကြိမ်ရေ ၁၈၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာလည်း တစ်နှစ် ကို ၁၈ ဘီလီယံကျော် ရှိနေတယ်လို့ လေ့လာသိရှိရပါတယ်။ မီးဘေးဖြစ်ပွားမှု ဖြစ်စဉ်တွေဟာ ၁၉၈၀ ပြည့်နှစ်မတိုင်မီက တစ်နှစ်ကို ပျမ်းမျှအကြိမ် ၆၀ ခန့်၊ ၂၀၀၅ ခုနှစ်မှာ အကြိမ် ၂၄၀ ခန့်နဲ့ ၂၀၁၅ ခုနှစ် မှာ ၅၄၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ လေ့လာ သိရှိရပါတယ်။ မီးဘေးအန္တရာယ်ဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ပွား နေမှုတွေနဲ့အတူ ပြည်သူတွေရဲ့အသက် အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေပါ ဖြစ်ပေါ်နေတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။
မီးဘေးအန္တရာယ်ဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ အကြောင်းမရွေး ဖြစ်ပွားတတ်ပါတယ်။ မီးလောင်မှုဖြစ်စဉ် တွေကိုကြည့်ရင် ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မီးဖိုမီး၊ မသမာသူရှို့မီး၊ တောမီး၊ အလို အလျောက်မီးဆိုပြီး ဖြစ်ပွားတတ်ပါတယ်။ မီးဘေးအန္တရာယ်မဖြစ်ပေါ်ရေး၊ ကြိုတင်ကာကွယ်ရေးနဲ့ မီးလောင်မှုဖြစ်ပွားလာရင် ငြှိမ်းသတ်နိုင်ဖို့ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးလုပ်ငန်းတွေကို ရာသီမရွေးစီမံဆောင်ရွက်ထားကြရမှာဖြစ်ပါတယ်။
ရေဘေး
ရေဘေးကလည်း သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ အများအားဖြင့် မိုးရာသီမှာ တောင်ပေါ်ဒေသ ချောင်းဖျား၊ မြစ်ဖျားတွေမှာ မိုးကြီးရင် လျှပ်တစ်ပြက်ရေကြီးမှု၊ ရေလျှံမှုတွေ၊ ရေတိုက်စားမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ မြစ်ဖျားချောင်းဖျားတွေနဲ့ မြစ်ချောင်း အင်းအိုင်ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မိုးရာသီမတိုင်မီကတည်းက ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ထားကြဖို့လိုပါတယ်။
မုန်တိုင်းဘေး
သဘာဝဘေးအန္တရာယ်တွေထဲက မုန်တိုင်းဘေးဟာ ထိခိုက်ဆုံးရှုံးမှုအတိုင်းအတာ များပြားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းတွေဟာ ၁၉၆၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၄၅ မိုင်ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နေ့က အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ရပ်ကွက်/ ကျေးရွာ ၁၀၆၈ ရွာက လူနေအိမ်ခြေ ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အအုံ ၃၇၆ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးခု၊ ဈေးတစ်ဈေး၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာအဆောက်အအုံ ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိတဲ့သတင်းတွေအရ သိရှိရပါတယ်။ မုန်တိုင်းအန္တရာယ်ဟာ အများဆုံးထိခိုက်ပျက်စီး ဆုံးရှုံးရတတ်တာမို့ မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မုန်တိုင်းဖြစ်ပေါ်နိုင်ခြေတွေ တွေ့ရှိရရင် အချိန်နဲ့တစ်ပြေးညီ မိုးလေဝသသတင်းတွေကို ထုတ်ပြန်ပေးလျက်ရှိပါတယ်။ မုန်တိုင်းအန္တရာယ်ကို ပြည်သူတွေ အလွယ်တကူ နားလည်စေဖို့အတွက် အရောင်တွေနဲ့ သတိပေးစနစ်တွေကို ထုတ်ပြန်ပေးလျက်ရှိပါတယ် -
(၁) အဝါရောင် = ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တွင် မုန်တိုင်းများ ဖြစ်ပေါ်နေပြီဖြစ်သည်။ မုန်တိုင်း၏ အခြေအနေကို သတိထားနားစွင့်ပါ။
(၂) လိမ္မော်ရောင် = မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်နေသည်။ မုန်တိုင်းသည် မိမိတို့နေထိုင်ရာ ဒေသဆီသို့ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ပြောင်းလဲမှုဖြစ်စဉ်ကို အထူးသတိထားစောင့်ကြည့်ပါ။
(၃) အနီရောင် = မုန်တိုင်းသည် ကမ်းရိုးတန်းသို့ ၁၂ နာရီအကြာတွင် ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သည်။ လုံခြုံစိတ်ချရသောနေရာသို့ ပြောင်းရွှေ့နေရာယူပါ။
(၄) အညိုရောင် = မုန်တိုင်းအန္တရာယ် ကျရောက်နေသည်။ လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံနေပါ။
(၅) အစိမ်းရောင် = မုန်တိုင်းအားပျော့ပျက်ပြယ်သွားပြီ။ မိမိနေအိမ်သို့ ပြန်နိုင်ပြီ လို့မှတ်သားရပါတယ်။
အခြား သဘာဝဘေးအန္တရာယ်တွေကတော့ မြေပြိုဘေး၊ မိုးကြိုးဘေး၊ ငလျင် ဘေး၊ ဆူနာမီဘေး၊ မိုးခေါင်ရေရှားဘေးတွေ ဖြစ်ပါတယ်။
ငလျင်ဘေး
ငလျင်ဘေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ စစ်ကိုင်းပြတ်ရွေ့ကြောလို ငလျင်ဇုန်မှာတည်ရှိနေတဲ့ ဒေသတွေက ပြည်သူတွေဟာ ငလျင်လှုပ်နေချိန်မှာ ပြုမူနေထိုင်ရမယ့် နည်းလမ်းတွေကို မိသားစုအပါအဝင် ပတ်ဝန်းကျင်ကိုပါ အသိပေးထားရပါမယ်။ ငလျင်လှုပ်နေစဉ် မှာ ဝပ်၊ ကာ၊ ကိုင်ဆိုတဲ့ သတိပေးချက် အတိုင်း ဘေးအန္တရာယ်ကင်းသောနေရာ မှာဝပ်နေပါ။ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင် အောက်မှာ မိမိကိုယ်ကို အကာအကွယ် ယူပါ။ ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာကိုင်ထားပါဆိုတဲ့ အသိပညာပေးလုပ်ငန်းစဉ်တွေအတိုင်း လိုက်နာကြဖို့ လိုပါတယ်။
မိုးခေါင်ရေရှားဘေး
မိုးခေါင်ရေရှား ဘေးအန္တရာယ်ကတော့ ပူပြင်းခြောက်သွေ့တဲ့ကာလရှည်ကြာပြီး အပူချိန်တွေထူးကဲစွာ မြင့်မားလာပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံမှ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့နဲ့ ညောင်ဦးမြို့တွေ ပါဝင်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မေလအလယ် အထိ မိုးလေဝသတိုင်းထွာရေးစခန်း ပေါင်း ၃၀ ရဲ့ တိုင်းထွာချက်တွေအရ စုစုပေါင်းအကြိမ်ရေ ၅၀ ခန့် အပူချိန် စံချိန်သစ်တွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ အယ်လ်နီညိုနဲ့ လာနီညာဆိုတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေရဲ့ သက်ရောက်မှုကို ခံစားနေရပါတယ်။ အယ်လ်နီညိုနဲ့ လာနီညာတွေဟာ ပုံမှန် ရာသီဥတုတွေကို ဖောက်လွဲဖောက်ပြန် ဖြစ်စေတဲ့ သဘာဝဖြစ်ရပ်တွေဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေ ဒေသတွေရဲ့ ရာသီဥတုကိုသာမကဘဲ အာရှတိုက်တောင်ပိုင်း ကမ်းခြေတွေအထိပါ ဆက်စပ်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုထားပါတယ်။ အယ်လ်နီညိုရဲ့သက်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ် နွေရာသီမှာ ကမ္ဘာ တစ်ဝန်း ပူပြင်းခြောက်သွေ့မှု၊ မိုးခေါင် ရေရှားမှု၊ တောမီးလောင်မှု၊ မီးတောင် ပေါက်ကွဲမှု၊ စိုက်ဆင်းလေပြင်းတိုက်ခတ်မှု၊ ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ကြိုတင်စီမံဆောင်ရွက်ထားကြရမှာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ပြည်သူတွေအနေနဲ့လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက်ထားကြဖို့ လိုအပ်ပါတယ်။ ရေနဲ့ဓာတ်ဆား၊ ကြာရှည်ခံအစားအစာတွေ၊ ရှေးဦးသူနာပြုပစ္စည်းတွေနဲ့ သုံးစွဲနေတဲ့ဆေးဝါးတွေ၊ အရေးပေါ်ခြုံစောင်၊ အဝတ်အစား၊ ရေစိုခံမိုးကာ၊ အကြမ်းခံ ဖိနပ်၊ ဘက်ထရီအား အပြည့်ရှိတဲ့ ဖုန်း/ ရေဒီယို၊ လက်နှိပ်ဓာတ်မီး / မီးအိမ်နှင့် ဓာတ်ခဲအပို၊ ဘက်စုံသုံး အိတ်ဆောင် ဓား/ ကြိုး၊ ဖရောင်းတိုင်/ မီးခြစ်၊ အခြား သူများ အာရုံစိုက်မှုရစေရန်လိုအပ်တဲ့ ဝီစီ၊ တစ်ကိုယ်ရေသုံး ဆပ်ပြာ / သွားတိုက်ဆေး၊ ရေစိုခံအိတ်နဲ့ထည့်ထားတဲ့ အရေးကြီးစာရွက်စာတမ်း/ ငွေသားနဲ့ကလေးတွေရဲ့ ကျောင်းသုံးပစ္စည်းတွေကို ပေါ့ပါးပြီး ရေစိုခံကာ သယ်ယူရလွယ်ကူတဲ့ အိတ်နဲ့ အသင့်ထည့်ထားပြီး ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက် ပြီး ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း၊ ၂၀၂၃ ခုနှစ် မေလက ဖြစ်ပွား ခဲ့တဲ့ မိုခါမုန်တိုင်းအပါအဝင် သဘာဝ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်လို့ အတွေ့အကြုံတွေလည်း ရခဲ့ပြီးပါပြီ။ ယမန်နှစ်က မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန်မှာ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပေမယ့် နိုင်ငံတော်အစိုးရက ကြိုတင်စီမံဆောင်ရွက်ခဲ့တာတွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဆုံးရှုံးမှုတွေ နည်းပါးစေခဲ့ပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုစွမ်းအားတွေ ပေါင်းစည်းဆောင်ရွက်ကြမယ်ဆိုရင် ဘယ်လို အခက်အခဲ၊ အဟန့်အတားတွေကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာ တွေ့ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးက သဘာဝဘေးအန္တရာယ်တွေ မဖြစ်ပေါ်ခင်မှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ထားကြဖို့နဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာခဲ့ရင် စုစည်းညီညွတ်မှုစွမ်းအားနဲ့ တုံ့ပြန်အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိ ပါတယ်။ ။
ကိုးကား
- ဘေးအန္တရာယ်ပညာပေးစာအုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- နေ့စဉ်ထုတ်သတင်းစာများ