Skip to main content

အားကစားမှ နိုင်ငံတော်အတွက် အကျိုးပြုနေသည့်အချက်များအကြောင်း တစေ့တစောင်း

ကိုဌေး(ကနောင်)

အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ် လှုပ်ရှားမှုအဖြစ် လူတစ်စု၊ လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ်ဖြင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟူ၍လည်း ဖွင့်ဆိုကြပါသည်။

အားကစားသည် နိုင်ငံတစ်ခု၏ဂုဏ်

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းကြံဆကြိုးပမ်းဆောင်ရွက်လျက်ရှိကြ ပါသည်။ အကြောင်းမူကား အားကစားသည် နိုင်ငံတိုင်းအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် များစွာအထောက်အကူပြုနေသကဲ့သို့ အားကစားအောင်မြင်မှုသည် နိုင်ငံအတွက် ပုံရိပ်ကောင်းတစ်ခုနှင့် နိုင်ငံ့ဂုဏ်မြှင့်တင်ရေးကို တိုက်ရိုက်အထောက်အကူပြုလျက်ရှိနေပြန်ပါသည်။ ထို့ပြင် နိုင်ငံ၏အားကစား ထူးချွန်ထက်မြက်မှုနှင့် ထိုထက်မြက်မှုများကြောင့် ပေါ်ထွက်လာသည့် ပုံရိပ်ကောင်းများကို ကမ္ဘာတစ်လွှားသို့ ဖြန့်ကြက်ပျံ့နှံ့သိရှိစေခြင်းကြောင့် ဖြစ်ပါသည်။

အားကစားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမှုများ

အားကစားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူပြုနေပါသည်။ အားကစားလှုပ်ရှားဆောင်ရွက်မှုများ ကိုယ်တိုင်ကစီးပွားရေးလုပ်ငန်းတစ်ရပ်လည်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိနေပြန်ပါသည်။ ဆိုလိုသည်မှာ အားကစားပစ္စည်းများတပ်ဆင်ခြင်း၊ အားကစားပစ္စည်းကိရိယာနှင့် အားကစားဝတ်စုံများ ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နည်းပြလုပ်ငန်း၊ သရုပ်ပြဆရာများ၊ အားကစား ကင်းထောက်နှင့် ကိုယ်စားလှယ်အေးဂျင့်များ၊ အားကစားပြိုင်ပွဲများကို တာဝန်ယူကျင်းပပေးသော အဖွဲ့အစည်းလုပ်ငန်းများ၊ အားကစားအသိုက်အဝန်းတစ်ခုလုံးကို လွှမ်းခြုံချိတ်ဆက်နိုင်သည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် (Sports Marketing) အားကစားစျေးကွက် ရှာဖွေရေးလုပ်ငန်းများသည် အားကစားကိုအခြေခံပြီး ပေါ်ထွန်းလာသည့်လုပ်ငန်းများ ဖြစ်ပါသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပခြင်း၏ အကျိုးများ

နိုင်ငံတကာအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကလည်း အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိစေပါသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် အားကစားနည်းအလိုက် အခြေခံအဆောက်အအုံများနှင့် အပေါ်ထပ်အဆောက်အအုံများဟု ခေါ်ဆိုနိုင်သည့် အုပ်ချုပ်ရေးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် စားသောက်ဆိုင်နှင့် နေရာထိုင်ခင်းများ၊ အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ တည်းခိုနေထိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အမှတ်တရနှင့် အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်များနှင့် ယာယီလုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် စျေးကွက်ရှာဖွေရေးလုပ်ငန်းများ၊ ပုံနှိပ်ထုတ်ဝေရေးနှင့်မီဒီယာလုပ်ငန်းများ၊ လက်မှတ်ရောင်းချခြင်းနှင့် ခရီးသွားလုပ်ငန်းများစသော ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးကို များစွာအထောက်အကူပြုလျက်ရှိပါသည်။ သို့ဖြစ်၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအပါအဝင် မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုလျက်ရှိပါသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခြင်း၏အကျိုးများ

နိုင်ငံတကာ အားကစားပြိုင်ပွဲများအား သွားရောက်ယှဉ်ပြိုင်ကြသည့် အားကစား မောင်/မယ်များအနေဖြင့်လည်း ပြိုင်ပွဲကျင်းပသည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ လေ့လာသိရှိနိုင်သည့်အပြင် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများနှင့် အပြန်အလှန်ပြောဆိုဆက်ဆံခြင်းမှတစ်ဆင့် မိတ်ဆွေကောင်းများရရှိစေပြီး သက်ဆိုင်ရာ နိုင်ငံများ၏အားကစားဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းစူးစမ်းနိုင်ပြီး အထွေထွေဗဟုသုတများ တိုးပွားလာနိုင်ပါသည်။ ထို့ပြင် ပြိုင်ပွဲဝင်နိုင်ငံများမှ ပြိုင်ဘက်အားကစားသမားများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များအား ကြည့်ရှုသုံးသပ်ပြီး မိမိတို့၏ အားနည်းချက်များအား ပြုပြင်နိုင်သည့်အပြင် အားသာချက်များအား နောင်လာမည့် ပြိုင်ပွဲများတွင် ပိုမိုအားသာမှုများရရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိလာနိုင်ကြမည်ဖြစ်ပါသည်။

အားကစားမှနိုင်ငံတော်အတွက် အကျိုးပြုနေသည့်အချက်များ

အားကစားကဏ္ဍသည် နိုင်ငံတော်၏အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာစေရေး၊ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်လူရွယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးများအပြင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပိုမိုရင်းနှီးချစ်ခင်လာစေရေး၊ ဇာတိသွေးဇာတိမာန်များ ပိုမိုထက်သန်လာစေရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အားကစားကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်ပါသည်။ အားကစားကဏ္ဍမှ နိုင်ငံတော်အတွက် အကျိုးပြုနေသည့် အဓိကအချက် (၅) ချက်အဖြစ် လူငယ်၊ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ အပြန်အလှန်ဆက်ဆံရေးနှင့်စိတ်ဓာတ် စသည့်အချက်များတွင် အကျိုးပြုလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။

Youth - လူငယ်များ။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ အနာဂတ်တာဝန်များအား ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်း ပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှုအခြေအနေများပေါ်တွင် အပြည့်အဝမူတည်လျက်ရှိပါသည်။ သို့ဖြစ်၍ လူငယ်လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန်မှာ နိုင်ငံတော်မှ အလေးထားဆောင်ရွက်ရမည့် အရေးအကြီးဆုံး လုပ်ငန်းကဏ္ဍတစ်ရပ်လည်းဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ဆက်လက်၍လည်း တိုးတက်မည့် အလားအလာကောင်းများ ရှိနေသည်ကို မြင်တွေ့နေရပါသည်။ လူငယ်ဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့်ကာလသည် လှုပ်ရှားပြောင်းလဲမှုများ၊ ဖြစ်လွယ်ပျက်လွယ်သော ကာလဖြစ်ခြင်းကြောင့် လူငယ်များကိုမှန်ကန်သည့် လမ်းကြောင်းပေါ်ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ်သို့ ရောက်ရှိစေရေးစနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

အနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပခုံးပြောင်းတာဝန်ယူဆောင် ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်း ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်းလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ယနေ့ခေတ် လူငယ်များအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုမှာ မူးယစ်ဆေးဝါးပြဿနာနှင့် Game အလွန်အကျွံ စွဲလမ်းမှုပြဿနာပင်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှပါသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်ပါသည်။ ယနေ့ခေတ်သည် တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့် ကစားခုန်စားလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ အားကစားသင်တန်းများ တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခြင်း စသော အားလပ်ချိန်အား အကျိုးရှိစွာအသုံးချမှုများသည် လူငယ်များ၏ စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှပါသည်။

သို့ဖြစ်၍ မျိုးဆက်သစ်လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ (အခြေခံနှင့်အဆင့်မြင့်) အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့် လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့်အတွက် အားကစားဖြင့် နိုင်ငံတော်အားအကျိုးပြုနေသည့် အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

Health - ကျန်းမာရေး။ အားကစားနှင့်ကျန်းမာရေးသည် တိုက်ရိုက်အချိုးကျလျက်ရှိပါသည်။ ဆေးရုံ၊ ဆေးခန်းများတွင် လူနာများများပြားနေမည်ဆိုပါက လူငယ်လူရွယ်များ အပါအဝင် ပြည်သူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်မှု နည်းပါးနေခြင်းကြောင့် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ပင်ကိုကျန်းမာရေးအသိဖြင့်သာ အားကစားလှုပ်ရှား ဆောင်ရွက်မှုများ ပုံမှန်ပြုလုပ်ဆောင်ရွက်ကြမည်ဆိုပါလျှင် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပြီး ဆေးရုံ၊ ဆေးခန်းများသို့ လူသူအရောက်အပေါက် နည်းပါးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတစ်ဦးတည်း၏ အမြင်အနေဖြင့် ပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်စေရေး အားကစားလှုပ်ရှားမှုများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ခြင်းထက် အားကစားကွင်း/ အားကစားရုံများ ပိုမိုတိုးမြှင့်တည်ဆောက်ပေးရန် လိုအပ်ပါသည်။ ကျန်းမာရေးဌာန၏ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည်” ဆိုသည့် ဆောင်ပုဒ်အရ ဆေးရုံ၊ ဆေးခန်းများတွင် ရောဂါဖြစ်မှကုသခြင်းထက် အားကစားကွင်း/ အားကစားရုံများတွင် အားကစားလှုပ်ရှား ဆောင်ရွက်မှုများပြားလာအောင် စည်းရုံးဆောင်ရွက်ခြင်း၊ နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံအား စဉ်ဆက်မပြတ် ပုံမှန်ကျင်းပပေးခြင်း၊ လူထုအားကစားလှုပ်ရှားမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ခြင်းများအား ပြုလုပ်ပေးပါက ပြည်သူအများကျန်းမာရေးကောင်းမွန်လာပြီး ရောဂါဖြစ်ပွားခြင်းများမှ အလိုလိုကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားနိုင်မည်ဖြစ်ပါသည်။ အက်ဒွပ်စွာထရန်ဆိုသည့် ပညာရှင်တစ်ဦးမှ “ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရန် အချိန်မပေးနိုင်ဟုဆိုသူများသည် အနှေးနှင့်အမြန်ဆိုသလို ရောဂါဝေဒနာများအတွက် အချိန်ပေးလာရလိမ့်မည်” ဟု ပြောကြားခဲ့ဖူးပါသည်။ သို့ဖြစ်၍ လူတစ်ဦးတစ်ယောက်ခြင်းမှသည် မိသားစုတစ်စု အဖွဲ့အစည်းတစ်ခုမှသည် ပြည်သူအားလုံးပင်ကို ကျန်းမာရေးအသိဖြင့် အားကစားလုပ်ဖို့ နေ့စဉ် အချိန်အနည်းငယ်ပေး၍ ဆောင်ရွက်ရုံမျှဖြင့် ကျန်းမာခြင်းသုခကို မုချရရှိကြမည်ဖြစ်ပါသည်။ နိုင်ငံတော်မှ မိမိတို့ဝန်ကြီးဌာနကို ပေးအပ်ထားသည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးဆိုသည့် အဓိကရည်မှန်းချက်အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လုပ်ဆောင်ပေးနေသည့်အပြင် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် များဖြစ်သော လူငယ်များကို ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် အားကစားဖြင့် ဆောင်ရွက်ပေးနေခြင်းကြောင့် နိုင်ငံတော်အားအကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။

Prestige - ဂုဏ်သိက္ခာ။        လူသားတစ်ဦးချင်းအနေဖြင့် ဘဝတွင်ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးပါသည်။ မိမိနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးမှသည် နိုင်ငံအဆင့်အထိ နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန် အရေးကြီးပါသည်။ ဥပမာအားဖြင့် မြို့နယ်တစ်မြို့နယ်တွင် ကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အနိုင်ရသည့်ကျေးရွာအနေဖြင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုအတွက် ကုန်ကျစရိတ်များမှာ ပြိုင်ပွဲတွင် ပထမရသည့်ဆုကြေးထက် အဆပေါင်းများစွာ ကုန်ကျခံပြီး ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းမှာ မိမိကျေးရွာ၏ ဂုဏ်သိက္ခာအတွက်ဖြစ်ပါသည်။ ကျေးရွာချင်း ယှဉ်လျှင် မိမိကျေးရွာသာစေချင်သည်မှာလည်း ဂုဏ်သိက္ခာအတွက်ပင် ဖြစ်ပါသည်။ နိုင်ငံတော်၏ အားကစားဆိုင်ရာ ခံယူချက်တွင်လည်း “အားကစားအောင်မြင်မှုသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြသည်” ဟု သတ်မှတ်ထားပါသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ အားကစားနည်းတစ်ခုခုတွင် ရွှေတံဆိပ်ရရှိပါက ရရှိသည့်နိုင်ငံ၏ အလံအားလွှင့်တင်ပြီး နိုင်ငံတော်သီချင်းဖွင့်ပါက ကျန်ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ တာဝန်ရှိသူများနှင့် ပရိသတ်များကပါ မတ်တတ်ရပ်၍ အလေးပြုကြရသည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ခု ဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်မှာတင် မြန်မာနိုင်ငံတော်သီချင်းဖွင့်ပြီး အလေးပြုခဲ့ရသည့် ၈၆ ကြိမ်၌ မျက်ရည်ကျသည်အထိ ဝမ်းသာပီတိများနှင့် ဂုဏ်ယူခဲ့ကြရပါသည်။ ဤကဲ့သို့ ဂုဏ်သိက္ခာကိုလိုချင်သည့်အတွက် တစ်နှစ်တာပတ်လုံး ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ စခန်းသွင်းလေ့ကျင့်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြခြင်းဖြစ် ပါသည်။ ယခင်အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ သူရဦးအေးမြင့်က အခမ်းအနားတစ်ခုတွင် “အားကစားဟာ သာမန်အားဖြင့်ကြည့်လျှင် ဘာမှအရေးမပါတဲ့ အသေးအဖွဲကိစ္စလို့ ထင်ရပေမယ့် နိုင်ငံတစ်ခုနဲ့တစ်ခု ယှဉ်လာလို့ရှိရင် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ပေါက်ဖွားလာစေပြီး ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားစေတဲ့အရာဟာ အားကစားပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြည်သူအများရဲ့ ရှေ့မှောက် TV ဖန်သားပြင်ပေါ်မှာယှဉ်ပြိုင်နေရတဲ့ ဝန်ကြီးဌာနဟာလည်း အားကစားဝန်ကြီးဌာနပါပဲ” လို့ ပြောဆိုခဲ့တာကိုလည်း ယနေ့အချိန်ထိ ရင်ထဲစွဲနေအောင် မှတ်မိနေဆဲဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ယှဉ်ပြိုင်သည့်အခါ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာတိုးတက်မြင့်မားရေးကို အားကစားဖြင့် လုပ်ဆောင်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံတော်ကိုအကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။

Exchange - အပြန်အလှန်ဆက်ဆံရေး။       အား ကစားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများနှင့် ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံများမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ လေ့လာသူများ၊ မီဒီယာသမားများသည် အိမ်ရှင်နိုင်ငံနှင့် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာဆိုင်ရာများအပါအဝင် သက်ဆိုင်ရာကဏ္ဍ နယ်ပယ်အလိုက် ကူးလူးဆက်ဆံမှုများပြုလုပ်ကြရပါသည်။ ၎င်းအပြင် သွားရောက်သည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍပေါင်းစုံအား အတုယူလေ့လာနိုင်သကဲ့သို့ မိမိတို့နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဆိုပါကလည်း အထက်တွင်တင်ပြခဲ့သည့်အတိုင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ခွင့်ရရှိပြီး နိုင်ငံခြားဝင်ငွေများရရှိကာမိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ အားကစားပြိုင်ပွဲများအား သွားရောက်ယှဉ်ပြိုင်ရာတွင်ဖြစ်စေ၊ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင်ဖြစ်စေ၊ နိုင်ငံပေါင်းစုံနှင့် အပြန်အလှန် ဆက်သွယ်ဆက်ဆံနေရသည့် အားကစားကဏ္ဍသည်လည်း နိုင်ငံတော်အား အကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။

Morale - စိတ်ဓာတ်။ စိတ်ဓာတ် အထူးသဖြင့် အားကစားစိတ်ဓာတ်သည် လွန်စွာအရေးကြီးပါသည်။ လူတိုင်းလူတိုင်းဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ဖူးကြပါလိမ့်မည်။ အားကစား စိတ်ဓာတ်အပြည့်အဝရှိသူ တစ်ယောက်ဆိုလျှင် မည်သည့်အခက်အခဲပင် တွေ့ကြုံရပါစေ၊ အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်၊ မိမိကိုယ်ကိုယုံကြည်ရဲရင့်သည့် စိတ်ဓာတ်များဖြင့် ရင်ဆိုင်ကျော်ဖြတ်သွားနိုင်သည့် စိတ်ဓာတ်မျိုးကို အားကစားမှ ပေးစွမ်းနိုင်ပါသည်။ အားကစားဆိုင်ရာခံယူချက်တွင် “အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နေခြင်းဖြစ်ပါသည်” ဟု ဖော်ပြထားပါသည်။ အားကစားလုပ်ခြင်းဖြင့် ဘာကြောင့် နိုင်ငံတော်ကိုတည်ဆောက်နိုင်ရတာလဲလို့ မေးစရာရှိလာပါလိမ့်မည်။ အထက်တွင် တင်ပြထားခဲ့သည့် ဂုဏ်သိက္ခာဆိုသည့် စာပိုဒ်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျေးရွာတစ်ရွာနှင့် တစ်ရွာ အားကစားပြိုင်လျှင် မိမိရွာအနိုင်ရလိုကြသည်။ အလားတူ မြို့နယ်ချင်းပြိုင်လျှင် ကိုယ့်မြို့နယ်၊ ခရိုင်ချင်းပြိုင်လျှင် ကိုယ့်ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပြိုင်လျှင် ကိုယ့်ပြည်နယ်၊ တိုင်း နိုင်လိုကြသည်။ နောက်ဆုံးအဆင့် နိုင်ငံချင်းပြိုင်လျှင် မိမိနိုင်ငံ အနိုင်ရလိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကျေးရွာကို ချစ်တဲ့စိတ်၊ ကိုယ့်မြို့၊ ကိုယ့်ခရိုင်၊ ကိုယ့်ပြည်နယ်၊ တိုင်းကို ချစ်သည့်စိတ်ဖြစ်လာအောင် တစ်နည်းအားဖြင့် အမျိုးကိုချစ်သည့်စိတ်၊ နိုင်ငံကိုချစ်သည့်စိတ်၊ အမျိုးကိုထိရင် မချိအောင်နာတတ်သည့် မျိုးချစ်စိတ်များဖြစ်ပေါ်လာအောင် အားကစားဖြင့် လုပ်ဆောင်ပေးနိုင်သည့်အတွက် နိုင်ငံတော်အားအကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။

အားကစားကဏ္ဍတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်

အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ အကျိုးပြုနေသည့် အားကစားကဏ္ဍအား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အားပေးဆောင်ရွက်လျက်ရှိနေသည့် အချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ရွေးစင်ဟောင်းများအသင်း၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။