Skip to main content

ဘေးကင်း ကြည်လင် သန့်စင် ကျန်းမာ ရန်ကုန်တစ်ခွင်မှာ

မြတ်စိုး(လှိုင်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်နေပြည်သူလူထု ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေများ ဖူလုံစွာနှင့် စနစ်တကျရယူသုံးစွဲနိုင်ရေးအတွက် နေ့စဉ်တာဝန်ယူကြီးကြပ် ဖြန့်ဝေပေးလျက်ရှိသည်။

ပုံမှန်ဖြန့်ဝေပေးလျက်ရှိ

ထိုသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေလှောင်ကန်ကြီး သုံးကန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် ရေလှောင်ကန်ကြီးနှစ်ကန်တို့မှ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်သို့ နေ့စဉ်သောက်သုံးရေဂါလန် ၂၃၇ သန်း ပုံမှန်ဖြန့်ဝေပေးလျက်ရှိသည်။

ယင်းသို့ ဖြန့်ဝေပေးရာတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ လှော်ကားကန်ရေတွန်းစက်ရုံမှ ဂါလန်သန်း ၉၀၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှ ဂါလန်သန်း ၉ဝ နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လဂွန်း ပြင်ရေသန့်စင်စက်ရုံမှ ဂါလန် ၂၇ သန်း ပါဝင်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဒလမြို့နယ်သို့ ဒလမြေအောက် ရေပေးဝေရေးစခန်းမှ နေ့စဉ်ဂါလန်တစ်သန်းခွဲနှင့် လှိုင်သာယာမြို့နယ်သို့ သဲဖြူမြေအောက် ရေပေးဝေရေးစခန်းက နေ့စဉ်ဂါလန် တစ်သန်းခွဲကိုလည်း ဖြန့်ဖြူးပေးလျက်ရှိသည်။

ခေတ်မီနည်းစနစ်များဖြင့် ကျင့်သုံးဆောင်ရွက်ပေးနေ

ယင်းသို့ သောက်သုံးရေဖြန့်ဝေခြင်း လုပ်ငန်းကြီးတစ်ခုလုံး ကျန်းမာရေးနှင့် ညီညွတ်သောသောက်သုံးရေများ သုံးစွဲနိုင်ရေးအတွက် ရေပေးဝေမှုစနစ်နှင့် ရေသန့်စင်မှုစနစ်နှစ်ခုလုံးတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ကျင့်သုံးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်ကြီးတွင် နေ့စဉ်ဖြန့်ဖြူးပေးနေသည့် ရေဂါလန် ၂၃၇ သန်းကို ယခင်နှစ်ကာလကြာမြင့်စွာကတည်းက “ရေသန့်စင်မှုစနစ်” နှင့် “ပိုးမွှား သန့်စင်မှုစနစ်” တို့ကို စနစ်တကျ ဆောင်ရွက်ပြီးမှသာ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

ရေသန့်စင်ရန်နှင့် ပိုးမွှားသန့်စင်ရန် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ်ခေါ် ကလိုရင်းဆေးရည်ခတ်ပေးခြင်းမှာ အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ကလိုရင်းဆေးရည်ခတ်ခြင်းလုပ်ငန်း ကို ရေလှောင်ကန်များမှာကတည်းက ပိုးမွှားသန့်စင်ရေးအတွက် ခတ်ထားပေးပြီးဖြစ်သည်။

သောက်သုံးရေ သန့်စင်ရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၊ လှော်ကားရေတွန်းစက်ရုံ (လှော်ကားကန်) ရေကူးရေတွန်းစက်ရုံ (မရမ်းကုန်း မြို့နယ်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံ (ဒဂုံမြို့သစ်တောင်ပိုင်း) စသည့် အဓိကနေရာကြီး လေးနေရာတွင် ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် ကလိုရင်းဆေးခတ်သည့် လုပ်ငန်းတစ်ခုလုံးအတွက် နေ့စဉ်ကလိုရင်း ၁၁ ကုဗမီတာ ထည့်သွင်းပြီး သန့်စင်ပေးလျက်ရှိသည်။

စဉ်ဆက်မပြတ် ဖော်ဆောင်ပေးလျက်ရှိ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်နေပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဝေပေးရေးလုပ်ငန်းတွင် ရေသန့်စင်စက်ရုံများက ပို့လွှတ်ပေးသောရေများကို အရေးပေါ်ကာလတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအလျင်အဟုန် (Pressure) အား ကောင်းစွာဖြင့် စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုအခါ သက်ဆိုင် ရာနယ်မြေများအလိုက် အနည်းဆုံးဂါလန်နှစ်သိန်းဆံ့ရေစုကန်မှ ဂါလန်သန်း ၂ဝ ဆံ့ ကုက္ကိုင်းရေလှောင်ကန်ကဲ့သို့သော ရေလှောင်ကန်ကြီးအပါအဝင် ရေစုကန်များကို စဉ်ဆက်မပြတ်ဖော်ဆောင်ပေးလျက်ရှိသည်။

စာရေးသူတို့ငယ်စဉ်က မကြာခဏ သွားရောက်လေ့လာခဲ့ကြရသည့် တိုက်ကြီးမြို့နယ် ဂျိုးဖြူရေလှောင်ကန်ကြီးသည် လွတ်လပ်ရေးမရမီ ၁၉၄ဝ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်သို့ ဧရာမပိုက်လိုင်းကြီးများဖြင့် သွယ်တန်းကာ ရေဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ လေ့လာရေးအဖွဲ့ ကျောင်းသားလူငယ်တွေ ဂျိုးဖြူရေလှောင်ကန်ကြီး ရေသန့်စင်စက်ရုံက မိုးပေါ်သို့ပျံတက်သွားသည့် ရေပန်းများ၊ ရေမှုန်ရေမွှားများကို ကြည့်ကာ ပျော်ရွှင်စွာ တအံ့တဩဖြစ်ခဲ့ကြရသည်။

ယင်းသည် လေထဲ၌ ရေသန့်စင်စနစ် တစ်ခုဖြစ်ကြောင်း နောင်အခါမှ သိရှိနားလည်လာရသည်။ ခေတ်အဆက်ဆက်တွင် ပြည်သူများ၏ ကျန်းမာရေးကို အလေးထားခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း သာဓကဖြစ်ပေသည်။

ယခုအခါတွင် ကလိုရင်းဆေးဖြင့် ပိုးမွှားသန့်စင်သည့် ခေတ်မီစနစ်ကို ကျင့်သုံးလာနိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ကလိုရင်းဆေးခတ်ရာတွင်လည်း ပို၍လို၍မရပေ။ ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်ပေးထားသည့် စံချိန်စံညွှန်း (Guide Line) နှင့်အညီသာ ခတ်ကြရခြင်းဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တွင် နေ့စဉ် ၁၁ ကုဗမီတာနှုန်းဖြင့် စံချိန်နှင့်အညီခတ်နိုင်ရန် ကလိုရင်းဆေး ခြောက်လစာအထိရှိနေပြီ ဖြစ်သည်ဟုသိရသည်။ ယခုအခါ မိုးဖြိုင်ဖြိုင်ကျသည့် မိုးလယ်ကာလသို့ ရောက်လာပြီဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းအတွက်လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနသည် ရန်ကုန်မြို့တော်နေ ပြည်သူများအတွက်လည်းကောင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည်။

သို့ပါလျက် မကြာမီရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်အတွင်းရှိ သဲစုကွင်းအရပ်တွင် ရုတ်တရက်ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားမှု ပေါ်ပေါက်ခဲ့သည်။ သို့ဖြစ်၍ အဆိုပါအခြေအနေကို လေ့လာကြည့်မိသည်။

ထပ်ဆောင်းပေးနေ

ဒေါပုံမြို့နယ်သည် ယခင်နှစ်များစွာကတည်းက ငမိုးရိပ်ရေလှောင်တမံရေကို သုံးစွဲခွင့်ရခဲ့ပြီး ယခုအခါတွင်လည်း လဂွန်းပြင် ရေသန့်စင်စက်ရုံကပါ ထပ်ဆောင်းပေးနေကြောင်း သိရသည်။

သို့ရာတွင် ယခုဖြစ်ပွားသည့်အရပ်သည် မြို့တော်ရေပေးဝေရေးစနစ်တွင် အကျုံးမဝင်သေးသဖြင့် အခြားနည်းဖြင့်သာ သောက်သုံးရေကို သုံးစွဲနေထိုင်ကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ယခုကဲ့သို့ သတ်မှတ်ချက်နှင့်မညီသေး၍ ရေပေးဝေခြင်း မပြုနိုင်သေးသော်လည်း အလားတူမြို့တော်နေ အခြားပြည်သူများနည်းတူ ရေပြတ်လပ်မှု မရှိစေရန် ယင်းကဲ့သို့သောဒေသများကို ရေသယ်ယာဉ်ကြီးများဖြင့် သန့်ရှင်းသော ရေကို ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။

ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေ၏ သဘာဝမှာ ဖြန့်ဝေစဉ်က ရေသန့်စင်မှုစနစ်နှင့် ပိုးသန့်စင်မှုစနစ် မည်မျှပင်ကောင်းမွန်စေရန် ဆောင်ရွက်ထားသည်ဖြစ်စေ၊ ရေကိုလက်ခံရယူသုံးစွဲသော ရေပုံး၊ ရေခွက်၊ ရေအိုး၊ ရေတိုင်ကီ စသည်တို့ မသန့်စင်ပါက ကျန်းမာရေးနှင့် လုံးဝညီညွတ်နိုင်မည်မဟုတ်ပေ။

ယခုလည်း လတ်တလောပေါ်ပေါက်ခဲ့ရသည့်အခြေအနေမှ ဆက်လက်ပြန့်ပွားကူးစက်မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အချိန်မီအချိန်ကိုက် ကျန်းမာရေးပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခေတ်မီဗဟို ဓာတ်ခွဲခန်းက ရေအရည်အသွေးစမ်းသပ် စစ်ဆေးခြင်းသာမက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ခေတ်မီဓာတ်ခွဲခန်းကပါတစ်ပြိုင်တည်းတွင် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ရေသုံးစွဲသူပြည်သူများကလည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသောသောက်သုံးရေများကို စည်းကမ်းစနစ်ကျနစွာ သုံးစွဲကြမည်ဆိုလျှင် ရန်ကုန်မြို့တော်ကြီးသည် “ဘေးကင်းကြည်လင် သန့်စင်ကျန်းမာ” ဟူ၍ ပျော်ရွှင်ဖွယ်ရပ်ဝန်းကြီးအဖြစ် တည်ရှိနေမည်ဖြစ်ပေသည်။