နမ့်ခင်မှသည် ရှမ်းအရှေ့တစ်လွှားဆီသို့ ….
တင့်ဝေ(နမ့်ခင်)
ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်းနေသော နမ့်ခင်ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ခင်းတို့တွင် ကျိုင်းဖောင်းနှင့် ဆက်စပ်ရွာသားတချို့ ပျော်ရွှင်စွာ တက်ညီလက်ညီလှုပ်ရှားနေကြသည်။ သူတို့သည် တစ်ခါဖူးမျှမကြုံခဲ့ဖူးသော ခံစားမှုများဖြင့် ကြည်နူးဝမ်းသာနေကြပြီး သူတို့သည်နမ့်ခင်ချောင်း ဘေးတစ်ဖက်စီတွင် မစိုက်ခဲ့ဖူးသော ဆောင်းသီးနှံများ၊ ထူးဆန်းအံ့သြဖွယ် လှပစွာယိမ်းနွဲ့မြူးတူးလှုပ်ခါနေသော စိမ်းစိမ်းစိုစို စပါးပင်များကို ပီတိလွှမ်းသောအပြုံးများဖြင့် ပြုစုနေကြသည်ကို ကြည်နူးဖွယ်မြင်နေရပါသည်။
သူတို့ဆိုသည်ကား ကျိုင်းဖောင်း၊ ဝမ်ပုံ၊ ဝမ်လောက်၊ ဝမ်နားခမ်း၊ ဆွန်နော်ခမ်း၊ ဝေါ်ခုတ်နှင့် ကျန်စက်ကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသား တောင်သူဦးကြီးများနှင့် သူတို့၏ မိသားစုဝင်များ ဖြစ်ကြသည်။ သူတို့ဒီမြေပေါ်မှာ မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ အခြားသီးနှံများ သီးထပ်၊ သီးညှပ်မစိုက်ခဲ့ကြ။ စိုက်ရန်လည်း စိတ်ကူးမရှိခဲ့ကြ။ မိုးစပါးစိုက်ပျိုးမှုဖြင့်သာ ရောင့်ရဲတင်းတိမ်ပြီး ကျေနပ်နေခဲ့ကြသည်။ ယခုတော့ မိုးစပါးတစ်ခုတည်းသာ မဟုတ်တော့ဘဲ နွေစပါး၊ ဆောင်းရာသီသီးနှံမျိုးစုံတို့ကို စိုက်ပျိုးလုပ်ကိုင်လာနိုင်ကြပြီဖြစ်သည်။ ဤသည်ကားနမ့်ခင်ချောင်း ဆိုလာရေတင်စနစ်၏ အကျိုးရလဒ်များပေတည်း။
ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်းဆိုလာရေတင်စနစ် ဖြစ်ပေါ်လာပုံ
နမ့်ခင်ချောင်းဆိုလာရေတင်စနစ် စတင်ဆောင် ရွက်ခဲ့သည့်အကြောင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်တွင် “ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း ဝဲ/ယာ တစ်လျှောက်တွင် ရေစု၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါသည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ပြည်သူများအတွက် လူမှုစီးပွားဘဝမြင့်မားလာစေမည့် စေတနာမွန်ပင်ဖြစ်ပေသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆိုလာရေတင်စနစ်ကို နှစ်နေရာဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်နမ့်ခင်ချောင်း ဆိုလာရေတင်စနစ်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မတ်လဒုတိယပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ မတ်လကုန်တွင် စတင်လည်ပတ်နိုင်ခဲ့သည်။ ဤလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ခွင့်ပြုရန်ပုံ ငွေကျပ်သန်း ၁၀၉ ဒသမ ၂၀ ဖြင့် နမ့်ခင်ချောင်း၏ တစ်ဖက်စီတွင် ဆိုလာရေတင်စနစ်နှစ်ခုကို ဆောင်ရွက်ပေးခဲ့ပါသည်။
ဆိုလာပြားတစ်ချပ်လျှင် ၄၅၀ ဝပ်ဖြင့် ဆိုလာပြား ၃၂ ချပ်မှ ၁၄၄၀၀ ဝပ် (၁၄ ဒသမ ၄ KW) ဖြင့် ဆိုလာပန့် (10HP-၂ စုံ)ဖြင့် ချောင်းစပ်ရေခေါ်မြောင်းမှ တစ်နာရီလျှင်ရေဂါလန် ၂၉၀၀၀ နှုန်းဖြင့် စုပ်ယူပြီး လေးလက်မပိုက်လိုင်း အရှည်ပေ ၄၀၀၀ မှတစ်ဆင့်၊ နှစ်လက်မပိုက်များ တိုင် ၂၀ ထုတ်ယူပြီး စိုက်ပျိုးခင်းများသို့ အလှည့်ကျရေဖြန့်ဝေပေးသည့်စနစ်ဖြစ်၍ နေရောင်ခြည် အလုံအလောက်ရရှိသည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခြောက်နာရီတွင် (ချောင်း တစ်ဖက်စီ၌) ရေဂါလန် ၁ သိန်း ၇ သောင်းခန့် စိုက်ပျိုးရေပေးဝေနိုင်သဖြင့် နမ့်ခင်ချောင်းတစ်ဖက်စီတွင် စိုက်ပျိုး ဧက ၃၀ စီ၊ နှစ်ဖက်ပေါင်း ဧက ၆၀ ကို လုံလောက်စွာ ရေဖြန့်ဝေပေးနိုင်သည်ကို တွေ့ရပါသည်။
အကျိုးပြုပေးနိုင်မှုအခြေအနေ
ကျေးရွာအုပ်စု နှစ်ခုဖြစ်သည့် ကျိုင်းဖောင်းအုပ်စုနှင့် လွယ်လုံအုပ်စုတို့မှ ကျေးရွာခုနစ်ရွာ၊ ကျေးရွာများမှ တောင်သူ ၃၃ ဦးတို့၏ နမ့်ခင်ချောင်းတစ်ဖက်စီတွင်ရှိသော စိုက်ပျိုးမြေ ဧက ၆၀ မှာ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီးပါက အေးဆေးစွာ အနားယူတတ်သော တောင်သူဦးကြီးများမှာ ယခုတော့ မြေကိုအနားမပေးလို၊ စက်သုံးဆီမကုန်ဘဲ ရနေသောရေကို အကျိုးရှိရှိအသုံးချရန် ဆန္ဒများ ပြင်းပြနေကြပြီဖြစ်သည်။ မိုးစပါး (မှော်ဘီ-၃၊ ရွှေရင်အေးမျိုး)တို့ဖြင့် တစ်ဧက စပါးတင်း ၇၅ တင်း ကျော်နှုန်းထွက်ရှိခဲ့ပြီး နွေစပါး(ရွှေရင်အေးမျိုး)ကို ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ရာ တစ်ဧကစပါးတင်း ၈၀ ကျော် ထွက်ရှိခဲ့ကြပြီးသည့်တိုင် မကျေနပ်နိုင်သေး။ ဆောင်းရာသီတွင် ဆောင်းသီးနှံ များဖြစ်သည့် ရွှေဖရုံ၊ ဂေါ်ရခါး၊ ခရမ်းချဉ်၊ ပြောင်း၊ ချဉ်ပေါင်၊ အာလူး၊ ရွှေပဲရွက်၊ နံနံပင်၊ ငရုတ်၊ မေမြို့ပန်းစသည့်သီးနှံများကို တပျော်တပါးစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက် ဝင်ငွေတိုးတက်ရရှိနေ ကြပြီဖြစ်သည်။
ယခင်က နမ့်ခင်ချောင်းမှ ရေကို နွေရာသီ၊ ဆောင်းရာသီတို့တွင် အကျိုးရှိစွာ မသုံးတတ်ကြဘဲ ရေတင်ရာတွင်လည်း ကုန်ကျမည့် ဒီဇယ်တန်ဖိုးနှင့် မကိုက်၊ လုပ်အားဆုံးရှုံးမှု၊ အချိန်ဆုံးရှုံးမှုတို့သာရှိမည်ဟု ဆိုခဲ့ကြဖူးသည်။ ယခုတော့ ရေတင်ရန်လိုအပ်သည့် နွေရာသီကာလ နွေစပါး တစ်ဧကလျှင် ငွေကျပ် ၃၅၀၀၀၀ ခန့်နှင့် ဆောင်းရာသီကာလ ဆောင်းသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၆၀၀၀၀ ခန့် စက်သုံးဆီကုန်ကျစရိတ်များ သက်သာသွားသည့်အတွက် ကျေးရွာတောင်သူများက ဆိုလာရေတင်စနစ်ကို အကျိုးရှိရှိ အသုံးချတတ်နေပြီဖြစ်သည်။
နမ့်ခင်ချောင်း ဆိုလာရေတင်စနစ်ဖြင့် တစ်ဖက်လျှင် စိုက်ပျိုးမြေ ဧက ၃၀ စီဖြင့် နှစ်ဖက်ပေါင်း ဧက ၆၀ တွင် ယခုလက်ရှိစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော စိုက်ပျိုးသီးနှံများအနေဖြင့် နွေသီးနှံအဖြစ် နွေစပါး(ရွှေရင်အေးမျိုး)၊ မိုးသီးနှံအဖြစ် မိုးစပါး(မှော်ဘီ-၃)၊ ဆောင်းရာသီတွင် ဆောင်းသီးနှံအဖြစ် ရွှေဖရုံ၊ ဂေါ်ရခါး၊ ခရမ်းချဉ်၊ ပြောင်း၊ ချဉ်ပေါင်၊ အာလူး၊ ရွှေပဲရွက်၊ နံနံပင်၊ ငရုတ်နှင့် သီးနှံစုံ၊ မေမြို့ပန်းတို့ကို သီးထပ်သုံးသီး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မှု
ထိုကဲ့သို့ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၂၀၂၃ ခုနှစ် မေလဒုတိယပတ်တွင် လာရောက်ကြည့်ရှု အားပေးကာ သမဝါယမဦးစီးဌာနမှ ယူရီးယားနှင့် ပုလဲဓာတ်မြေဩဇာ စသည့်သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (CK 2810)နှင့် ပြည်နယ်ရန်ပုံငွေဖြင့် (DF 3510) ထွန်စက် နှစ်စီးတို့ကို တန်ဖိုး ၅၀ ရာခိုင်နှုန်းလျှော့ချ၍ အရစ်ကျရောင်းချသည့်စနစ်ဖြင့် တောင်သူများသို့ ပံ့ပိုးအားဖြည့်ပေးခြင်းနှင့် သမဝါယမအသင်းစုများ စုပေါင်းဖွဲ့စည်းပေးခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း နမ့်ခင်ချောင်း ဆိုလာရေတင်စနစ်နှစ်ခုအတွက် ချောင်းရေများ စုပ်ယူနိုင်ရန် ချောင်းအလယ်တွင် ရေတားတမံတည်ဆောက်ခြင်း၊ ရေစုပ်ဘီလူခေါင်းချသည့်နေရာတွင် ရေခေါ်မြောင်းပြုလုပ်ပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ပျိုးနည်းစနစ်၊ မြေဩဇာကျွေးခြင်း၊ စနစ်တကျရေသွင်းပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်တတ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
မိုင်းခတ်မြို့နယ် တောင်သုံးလုံးကျေးရွာ ဆိုလာရေတင်စနစ်
နမ့်ခင်ချောင်း ဆိုလာရေတင်ဆောင်ရွက်နေချိန်နှင့် တစ်ပြေးညီကာလတွင် မိုင်းခတ်မြို့နယ် တောင်သုံးလုံးကျေးရွာ ဆိုလာရေတင်စနစ်ကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်(မွမ်းမံ)ရန်ပုံငွေမှ ငွေကျပ် ၄၄ ဒသမ ၂ သန်းဖြင့် ၄၅၀ ဝပ်ဆိုလာ ၂၆ ချပ်၊ 7.5 HP ဆိုလာပန့်တို့ဖြင့် ဆိုလာရေတင်စနစ်ကို နမ့်လွေချောင်းဘေးတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
တောင်သုံးလုံးရွာမှ တောင်သူများလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ယခင်တစ်သီးတည်း စိုက်ပျိုးကြရာမှ ယခုအခါမိုးသီးနှံအဖြစ် ရွှေရင်အေး၊ ပုလဲသွယ်၊ ခေါက်မွန်သောက်မျိုး စပါးမျိုးများ၊ နွေသီးနှံအဖြစ် ရွှေရင်အေးစပါးမျိုး၊ ဆောင်းသီးနှံအဖြစ် နေကြာ၊ မြေပဲ၊ ကြက်သွန်နီ၊ ကုလားပဲ၊ မုန်ညင်း၊ နံနံပင်၊ ဆလတ်တို့ကို သီးထပ်သုံးသီး တိုးချဲ့စိုက်ပျိုးလာနိုင်ခြင်းကြောင့် ဝင်ငွေများ တိုးတက်ရရှိလာခဲ့ကြပြီဖြစ်သည်။
ကျိုင်းတုံမြို့နယ် တုံဆီကျေးရွာတွင် ဆိုလာရေတင်စနစ်
အလားတူရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၃ ဒသမ ၅၉ သန်းဖြင့် ကျိုင်းတုံ မြို့နယ် တုံဆီကျေးရွာတွင် ဆိုလာရေတင်စနစ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါသည်။
ထိုစနစ်၏ ထူးခြားချက်မှာ ချောင်းရေတင်မဟုတ်ဘဲ မြေအောက်ပေ ၂၀၀ အနက်မှ ရေကို ဆိုလာရေတင်စနစ်ဖြင့် မောင်းတင်ခြင်းဖြစ်ပြီး အနက်ပေ ၂၀၀၊ အကျယ် လေးလက်မရေတွင်း တူးဖော်ခြင်း၊ ၅၄၀ ဝပ် ဆိုလာ ၁၀ ချပ်ဖြင့် 3HP ဆိုလာပန့်တပ်ဆင်ခြင်း၊ အမြင့် ၁၂ ပေ ရေဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းတို့ကို တည်ဆောက်အကောင်အထည်ဖော်ကာ စိုက်ပျိုးဧက ၁၁၀ သို့ ရောက်ရှိမည့် ရေမြောင်းအတွင်း စိုက်ပျိုးရေများ ပို့လွှတ်ပေးခြင်းဖြစ်ပါသည်။
အကျိုးပြုပေးနိုင်မှု
တုံဆီကျေးရွာ ဆိုလာရေတင်စနစ်သည် တစ်နာရီလျှင် ရေဂါလန် ၃၀၀၀ အထိ ထွက်ရှိပြီး တစ်နေ့လျှင် နေရောင်ခြည်အလုံအလောက်ရရှိသည့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စုစုပေါင်း ခုနစ်နာရီတွင် ရေဂါလန်ပေါင်း ဂါလန် ၂၁၀၀၀ ကို စုပ်တင်ဖြန့်ဝေနိုင်ပါသည်။ တောင်သူ ၈၀ ၏ စိုက်ပျိုးဧက ၁၁၀ ကို အကျိုးပြုပေးလျက်ရှိပါသည်။ တောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများမှာ အာလူး၊ ခရမ်းသီး၊ ပဲတောင့် တို/ရှည်၊ ရွှေပဲသီး၊ မုန်ညင်း၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ဖြစ်ပြီး လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ၊ စိုက်ပျိုးမြေ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များရရှိကာ အသုံးပြုသဖြင့် လှပဖွံ့ထွားသော သီးနှံထွက်ကုန်များကို ရွာအရောက်၊ စိုက်ကွင်းအရောက်ကားကြီး၊ ကားငယ်အသွယ်သွယ်ဖြင့် လက်ကားလာရောက် ဝယ်ယူနေကြသည်မှာ အားရကျေနပ်စရာပင်ဖြစ် ပါသည်။
ထပ်မံတိုးချဲ့ဆောင်ရွက်မည့် ကျိုင်းတုံမြို့နယ် စန်ဆတ်ကျေးရွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် မေလဒုတိယပတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တွင် အောင်မြင်နေသော နမ့်ခင်ဆိုလာ ရေတင်စနစ်ကို ကျိုင်းဖောင်း(နမ့်ခင်ချောင်း) ရေအသုံးပြု၍ ဆိုလာရေတင်စနစ် ဖြစ်ထွန်းအောင်မြင်မှုကို အသိအမှတ်ပြု ချီးကျူးခဲ့ပြီးနောက် စန်ဆတ်ကျေးရွာ တောင်သူများအတွက် ထပ်မံဆောင်ရွက်ပေးရန် ထပ်မံလမ်းညွှန်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူကျေးရွာသား၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ကွင်းဆင်းတိုင်းတာနေကြပြီ ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အားထုတ်မှု၊ စေတနာထား ဆောင်ရွက်နေမှုတို့မှာ အားရစရာပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု စေတနာမွန်ဖြင့် စတင်ခဲ့သော ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း၊ မိုင်းခတ်မြို့နယ် နမ့်လွေချောင်းတို့မှ အစပြု၍ ဆိုလာရေတင်စနစ်များ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာများ၏ သီးနှံမျိုးစုံထွက်ကုန်များ တိုးတက် ကာ ကျေးလက်နေပြည်သူများအတွက် ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိရာ ယခုအခါ စန်ဆတ်ကျေးရွာ ထပ်မံတိုးချဲ့ဆောင်ရွက်လာတော့မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် အတိုင်းထက်လွန် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုမျှော်လင့်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်းဆိုလာရေတင်စနစ်မှ အစပြု၍ မိုင်းခတ်မြို့နယ် တောင်သုံးလုံးကျေးရွာ၊ ကျိုင်းတုံ မြို့နယ် တုံဆီကျေးရွာနှင့် ယခုအစပျိုးနေသည့် စန်ဆတ်ကျေးရွာများသာမက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တစ်ခွင်သို့ ဆိုလာရေတင်စနစ်လုပ်ငန်းများ ဆက်လက်ခြေဆန့်ပေဦးမည်ဖြစ်ရာ အဆိုပါဆိုလာ ရေတင်စနစ်များကြောင့် စိုက်ပျိုးထုတ်ကုန်များ တောင်လိုပုံကာ ဝင်ငွေများတိုးပွားလာပြီး ကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း “နမ့်ခင်မှသည် ရှမ်းအရှေ့တစ်လွှားဆီသို့” ဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါသည်။ ။