Skip to main content

တို့အားများ အပေးအယူ မျှတလို့ နို့စားနွား မွေးမြူသူ သမဝါယမ ဖွဲ့ကြစို့

မင်းခလုင်(သမ/ဦးစီး)

ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတော်တော်များများမှာ နို့စားနွားမွေးမြူသူတွေရှိကြပါတယ်။ များသောအားဖြင့် မိတ္ထီလာခရိုင်၊ ကျောက်ဆည် ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်တို့မှာ မွေးမြူကြတာကို တွေ့ရပါတယ်။ အများစုက သမားရိုးကျနည်းဖြစ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ပဲ မွေးမြူကြတာပေါ့။

ဒီတော့ အကျိုးအမြတ်ကလည်း ပုံမှန်လေးပဲရကြတယ်လေ။ ဒေသခံတွေပြောတဲ့ နို့စားနွားဆိုတာ အမှန်တော့ ရိုးရိုးဒေသနွားမျိုးထဲကမှ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ရတဲ့ နွားမတွေပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ နိုင်ငံခြားနွားမျိုးဖြစ်တဲ့ ဖရီရှန်မျိုးကို အနည်းစုတွေ့ရပါတယ်။ နို့စားနွားမွေးမြူရာမှာ လွှတ်ကျောင်းမွေးမြူတဲ့စနစ်၊ ခြံလှောင်မွေးမြူတဲ့စနစ်၊ လွှတ်ကျောင်းနဲ့ ခြံလှောင်ပူးတွဲပြီး မွေးမြူတဲ့စနစ်ဆိုပြီး စနစ်သုံးမျိုးရှိတဲ့အနက် ဒေသခံနို့စားနွား မွေးမြူသူအများစုက လွှတ်ကျောင်းမွေးမြူတဲ့စနစ်နဲ့သာ မွေးမြူကြတော့ နွားမတွေဆီက နွားနို့ကိုစွမ်းအားကုန် မထုတ်လုပ်နိုင်ဘူးပေါ့။

ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ လွှတ်ကျောင်းစနစ်ဆိုတာ အစာရေစာပေါများတဲ့ စားကျက်ကောင်းကောင်းရှိပြီး အစာကိုဝအောင်စားရမှ အဆင်ပြေမှာလေ။ သူတို့ဒေသတွေမှာက အများအားဖြင့် စိုက်ပျိုးမြေဧရိယာတွေများတော့ စားကျက်ကောင်းကောင်းက သိပ်မရှိဘူးဖြစ်နေတာပေါ့။ ရှိတဲ့စားကျက်မှာပဲစုပြုံပြီး လွှတ်ကျောင်းကြတော့ နွားတွေခမျာ မဝရေစာနဲ့ပဲ အချိန်တန်တော့ သခင့်အိမ်ပြန်ခဲ့ရ၊ အိမ်ရောက်တော့လည်းသခင်က အစာဖိုးမတတ်နိုင်တော့ ဖြည့်စွက်စာမကျွေးနိုင်၊ အစာကို ဝအောင်မစားရမှတော့ သတ္တဝါတွေရဲ့ ဇီဝကမ္မသဘောအရ နို့ဖြစ်တည်မှုနည်းတော့တာပေါ့။ နွားမတွေ နို့ထွက်နည်းတော့ နို့စားနွားမွေးမြူသူတွေလည်း ဝင်ငွေနည်းပြီး အဆင်မပြေဖြစ်ကြတော့တာပေါ့။ ဒီကြားထဲ နို့ပွဲစားတွေရဲ့ လူလည်ကျတာကို ခံရသေးတယ်။

နို့စားနွားမွေးမြူသူနှင့် နို့ပွဲစား

နို့ပွဲစားဆိုတာ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေဆီကနေ ငွေအရင်းအနှီးယူ၊ နို့စားနွားမွေးမြူသူ တွေထံကို နို့ဖိုးကြိုတင်ငွေ တစ်ဆင့်ပြန်ပေး၊ ငွေကြိုပေးစဉ်က နှစ်ဖက်သဘောတူသတ်မှတ်ထားတဲ့ နွားနို့ပေါက်ဈေး၊ နို့ညှစ်ယူရမယ့် ကာလအတိုင်းနွားနို့ကို ကိုယ်တိုင်ညှစ်ယူပြီး နို့ကောက်စခန်းတွေကို ပေးပို့ရောင်းချတာရှိသလို နို့ချက်စက်ရုံတွေကို တိုက်ရိုက်ပေးပို့ ရောင်းချတဲ့သူတွေကို ပြောတာပါ။

နို့ပွဲစားတချို့ လူလည်ကျပုံကို ပြောပြရရင်နို့ဖိုးငွေ ကြိုတင်ထုတ်ပေးထားရတာဆိုပြီး နွားနို့ဈေးနှုန်းကို ကာလပေါက်ဈေးအတိုင်းမပေးဘူး။ နောက်တစ်ခုက ခြင်တွယ်တဲ့ခွက်ကို နှစ်မျိုးထားတယ်။ သူတို့ထံမှနို့ဖိုးငွေ ကြိုတင်ယူထားတဲ့ သူတွေဆီကနေ နွားနို့ညှစ်ယူတဲ့အခါ သူတို့တစ်ပိဿာခွက်လို့ပြောတဲ့ခြင်ခွက်က တစ်ပိဿာနဲ့ သုံးဆယ်ကျပ်သားလောက်ရှိတဲ့ ခွက်နဲ့ခြင်တွယ်ပြီး ယူကြတယ်။ နို့ကောက်စခန်းတို့၊ နို့ချက်စက်ရုံတို့ကျတော့ တစ်ပိဿာအတိအကျဖြစ်တဲ့ခြင်ခွက်နဲ့ ပြန်ရောင်းကြတယ်။ အဲဒီမှာတစ်ပိဿာအပေါ် သုံးဆယ်သားလောက်၊ ၁၀ ပိဿာအပေါ်ဆို သုံးပိဿာလောက် နို့စားနွားမွေးမြူသူတွေ နစ်နာကြတယ်။ နို့ပွဲစားတွေကတော့ အမြတ်ထွက်ကြတာပေါ့။ ဒါတောင်ရေရောတာမပါသေးဘူး။

စီးပွားရေးလုပ်တဲ့နေရာမှာ ပုထုဇဉ်လူသားတွေဆိုတော့ လောဘနဲ့ဘယ်ကင်းပါ့မလဲ။ ပြောချင်တာက နို့ပွဲစားတချို့ရဲ့လုပ်ပုံကိုင်ပုံကို အပြစ်သဘော ပြောချင်တာ မဟုတ်ပါဘူး။ နို့စားနွားမွေးမြူသူတွေရဲ့ နစ်နာနေမှုအပေါ် ဘယ်လိုပေါင်းစပ်ကူညီပေးရမလဲဆိုတဲ့အချက်ကို အဓိကတင်ပြဆွေးနွေး ပြောပြချင်တာပါ။

စုပေါင်းလုပ်ကိုင်ဆောင်ရွက်မှ အကျိုးအမြတ်ခံစားရ

နို့စားနွားမွေးမြူသူတွေအနေနဲ့ကလည်း ကိုယ့်အတွက် နစ်နာတယ်ဆိုတာသိပါလျက်နဲ့ အဆင်မပြေကြတော့ နို့ပွဲစားတွေဆီက နို့ဖိုးကြိုတင်ငွေကို ယူကြရတော့တာပေါ့။ နို့ပွဲစားတွေဆီက နို့ဖိုးကြိုတင်ငွေမယူလို့ တခြားသူတွေဆီက ငွေချေးမယ်ဆိုရင်လည်း ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလို အတိုးကြီးကြီးပေးရတာနဲ့တင် နာလန်ထူနိုင်မှာ မဟုတ် ဘူးလေ။ ဒါ့ကြောင့် နို့ပွဲစားတွေဆီက မျက်စိစုံမှိတ်ပြီး ယူကြရတာပေါ့။

အခုလိုအခြေအနေမျိုး ကြုံတွေ့နေကြရတဲ့ နို့စားနွားမွေးမြူသူတွေ အဆင်ပြေဖို့ဆိုရင် ကျင့်သုံးရမယ့်စနစ်တစ်ခုတော့ရှိတယ်။ အဲဒီစနစ်က သမဝါယမစနစ်ပဲဖြစ်ပါတယ်။ သမဝါယမစနစ်ဆိုတာ လူတွေရဲ့အတ္တဟိတ (ကိုယ့်အကျိုးစီးပွား)၊ ပရဟိတ (အများအကျိုးစီးပွား) ဒွန်တွဲမှုအပေါ်မှာအခြေခံပြီး ကြံဆတီထွင်ထားတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီလို အတ္တနဲ့ပရဒွန်တွဲမှုအပေါ် အခြေခံထားတာနဲ့အညီ လူတွေရဲ့စီးပွားရေးအခြေအနေကို တိုးတက်အောင်မြင်စေဖို့အတွက် လူတန်းစားမခွဲခြားဘဲ သာတူညီမျှစွာ အချင်းချင်းဆက်ဆံပေါင်းသင်းကာ ဆန္ဒအလျောက် အတူတကွပူးပေါင်း ဆောင်ရွက်ကြတဲ့ လုပ်ငန်းစနစ်ဖြစ်ပါတယ်။

တစ်နည်းပြောရရင် သမဝါယမစနစ်ဆိုတာအတ္တကို ဗဟိုပြုခြင်းမျိုးမဟုတ်ဘဲ လိုအပ်နေသူတွေနဲ့ ရှိနေတဲ့သူတွေကို ဆက်စပ်ပေးတဲ့စနစ်လို့လည်း ဆိုနိုင်ပါတယ်။ သမဝါယမစနစ်နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်တာ မဟုတ်ဘဲ အတ္တ၊ ပရညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်ရဲ့လုပ်အားဟာအများအတွက် အကျိုးကျေးဇူးဖြစ်စေသလို အများရဲ့လုပ်အားဟာလည်း တစ်ဦးတစ်ယောက်ချင်းစီအတွက် အကျိုးကျေးဇူးကို မျှဝေခံစားကြတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် နို့စားနွားမွေးမြူသူတွေ၊ နို့ပွဲစားတွေအားလုံးက မိမိတို့ရဲ့စီးပွားရေးလုပ်ငန်း ခိုင်မာစွာရပ်တည်နိုင်ဖို့အတွက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ စုပေါင်းလက်တွဲပြီး နို့စားနွားမွေးမြူရေး သမဝါယမအသင်းဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ကြမယ်ဆိုရင် အားလုံးရဲ့အကျိုးစီးပွားတွေဟာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါတယ်။ သမဝါယမ အခြေခံသဘောတရားအရ အသင်းအမှုဆောင်အဖွဲ့ရဲ့ဦးဆောင်စီမံခန့်ခွဲမှုနဲ့ အသင်းသားတွေရဲ့ လိုက်ပါဆောင်ရွက်မှုတို့ကြောင့် ရရှိလာတဲ့အကျိုးအမြတ်ကို အသင်းနဲ့အသင်းသား အကျိုးမျှတစွာခွဲဝေခံစား၊ စံစားကြရမှာပဲဖြစ်ပါတယ်။

သမဝါယမစနစ်ကျင့်သုံးပြီး စီမံဆောင်ရွက်

နို့စားနွားမွေးမြူရေး သမဝါယမ အသင်းဖွဲ့စည်းပြီးပြီဆိုတာနဲ့ နို့စားနွားမွေးမြူသူအသင်းသားတွေ လိုအပ်နေတဲ့နွားစာဖိုးငွေကို သမဝါယမအသင်း အချင်းချင်းကဖြစ်စေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကဖြစ်စေ တစ်နည်းနည်းနဲ့ ရရှိအောင်ဆောင်ရွက်ပြီး နို့ထွက်/ နို့ညှစ်လို့ရတဲ့ နွားမတစ်ကောင်ကို ငွေကျပ်ငါးသောင်းကနေ ငွေကျပ်တစ်သိန်းနှုန်းအထိ အစာဖိုးအဖြစ် ပံ့ပိုး ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ အသင်းမှာ လုပ်ငန်းသဘာဝအရ လုပ်ငန်း ကျွမ်းကျင်တဲ့ နို့ပွဲစားတွေက အမှုဆောင်အဖွဲ့ထဲပါဝင်ကာ အသင်းကိုဦးဆောင်ပြီး မိမိတို့အသင်းမှ နို့စားနွားမွေးမြူသူ အသင်းသားတွေဆီက နွားနို့တွေကို စုစည်းဝယ်ယူမယ်၊ ပြီးရင်နီးစပ်ရာ နို့ချက်စက်ရုံမှာ စုပေါင်းရောင်းချမယ်၊ နို့ပွဲစားတွေအနေနဲ့အသင်းကို ဦးဆောင်ရတဲ့ အမှုဆောင်အဖွဲ့ဝင် တာဝန်ယူထားရပြီဆိုတော့ အရင်ကလိုလူလည်မကျနဲ့ တော့ပေါ့။

အခြင်အတွယ်မှန်မှန်၊ ဈေးနှုန်းမှန်မှန်နဲ့ ကိုယ့်အသင်းသားတွေအပေါ် စေတနာမှန်မှန်နဲ့ ဆောင်ရွက်ပေးကြပေါ့။ စေတနာမှန်ရင် အကျိုးပေးပါလိမ့်မယ်။ အဲဒါမှစုပေါင်းမွေးမြူ၊ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချရာမှ ရရှိလာတဲ့ အကျိုးအမြတ်ကို စုပေါင်းမျှဝေခံစား၊ စံစားကြ ရမှာပေါ့။ ဥပမာအနေနဲ့ ဆွေးနွေးတင်ပြရရင် နို့ကောက်စခန်း/နို့ချက်စက်ရုံက နွားနို့တစ်ပိဿာကို ငွေကျပ် ၂၅၀၀ နဲ့ ဝယ်တယ်ဆိုရင် အသင်းအနေနဲ့နို့စားနွား မွေးမြူသူအသင်းသားတွေဆီကနေ နွားနို့တစ်ပိဿာကို ငွေကျပ် ၂၃၀၀ နဲ့ စုစည်းဝယ်ယူပြီး နို့ချက်စက်ရုံတွေမှာအသင်းက ကိုယ်တိုင်စုပေါင်းရောင်းချ၊ တစ်ပိဿာအပေါ်ကရရှိလာတဲ့ အမြတ်ငွေကျပ် ၂၀၀ ကို ငွေအရင်းအနှီးစိုက် ထုတ်သူကို ၃၀ ရာခိုင်နှုန်းပေး၊ လုပ်ငန်း စရိတ်အတွက် ၃၀ ရာခိုင်နှုန်းသုံး၊ အသင်းအတွက်ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းထည့်ဝင်ပေး၊ အသင်းအတွက် ရရှိတဲ့ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းထဲကမှ အသင်းသားတွေအတွက် ၂၀ ရာခိုင်နှုန်းဖြစ်ဖြစ် ဒါမှမဟုတ် သင့်တင့်မျှတတဲ့ ပမာဏတစ်ခု ပေးလိုက်မယ်ဆိုရင် စုပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးကျေးဇူးကို အားလုံးမျှဝေခံစား၊ စံစားကြရပြီပေါ့။ ဘယ်ရွေ့ ဘယ်မျှ ခွဲဝေဆောင်ရွက်သင့်တယ်ဆိုတာတော့ ကိုယ့်အသင်းရဲ့ အခြေအနေပေါ်မူတည်ပြီး အမှုဆောင်အဖွဲ့နဲ့ အသင်းသားတွေ ညှိနှိုင်းတိုင်ပင်ဆွေးနွေးဆုံးဖြတ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမှာပေါ့။

ပိုမိုကောင်းမွန်ပြီး အကျိုးအမြတ်ပိုမိုရရှိစေရေး စီမံဆောင်ရွက်လျက်ရှိ

နို့စားနွားမွေးမြူသူအသင်းသားတွေအနေနဲ့ကလည်း သမဝါယမစနစ်နဲ့ မဆောင်ရွက်ခင် နို့ဖိုးကြိုတင်ငွေ ထုတ်ယူရတုန်းကဆို နို့ပွဲစားတွေ သတ်မှတ်တဲ့အတိုင်း တစ်ပိဿာမှ အနည်းဆုံး ငွေကျပ် ၁၅၀၀ ကနေအများဆုံး ငွေကျပ် ၁၈၀၀ လောက်နဲ့ ဈေးဖြတ် ခံခဲ့ရတာ၊ ကာလ/ဒေသပေါက်ဈေး ငွေကျပ် ၂၅၀၀/ ၂၆၀၀ လောက်ဖြစ်နေလည်း ကြိုတင်ယူထားတဲ့ သတ်မှတ်ကာလမပြည့်မချင်း မူလဖြတ်ထားတဲ့ ဈေးနဲ့ပဲကိုယ့်ဆီကနွားနို့ကို ညှစ်ယူခံခဲ့ ရတာပေါ့။ အခုလိုသမဝါယမအသင်းသား ဖြစ်သွားတော့နွားစာဖိုး ပံ့ပိုးချေးငွေရလို့ နို့ဖိုးကြိုတင်ငွေထုတ်ယူစရာ မလိုတော့ဘူးလေ။

ဒီတော့ နွားနို့ကိုကာလ/ ဒေသပေါက်ဈေးအတိုင်း ကိုယ့်အသင်းကနေ စုစည်းပြီး စုပေါင်းရောင်းချတော့ ဈေးအနှိမ်ခံရတာမျိုးလည်း မရှိတော့ဘူးပေါ့။ နောက်ပိုင်းကျရင် နို့စားနွားမွေးမြူသူ အသင်းသားတွေ လက်ရှိမွေးမြူတဲ့ လွှတ်ကျောင်းစနစ်ထက် ပိုကောင်းပြီး စနစ်တကျလည်းဖြစ်၊ အကျိုးအမြတ်လည်း ပိုမိုရရှိနိုင်မယ့် ခြံလှောင်မွေးမြူတဲ့စနစ်တို့ လွှတ်ကျောင်းနဲ့ ခြံလှောင်ပူးတွဲပြီး မွေးမြူတဲ့စနစ်တို့နဲ့ မွေးမြူ နိုင်ဖို့ နွားခြံတွေ၊ နွားတင်းကုပ်တွေ ဆောက်လုပ်နိုင်အောင်၊ နောက်ပြီးမျိုးကောင်းမျိုးသန့် နွားမတမ်းများ တိုးချဲ့မွေးမြူနိုင်အောင် ပံ့ပိုးချေးငွေများ ထုတ်ချေးပေးနိုင်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်လျက်ရှိတာကို သိရှိရပါတယ်။

သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်နေ

နို့စားနွား မွေးမြူရေးလုပ်ငန်း အောင်မြင်ပြီး စီးပွားဖြစ်ဖို့ဆိုရင် ငွေကြေးပံ့ပိုးထုတ်ချေးပေးမှုအပြင် နွားတွေရဲ့ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက် ရမယ့်နည်းလမ်း၊ အာဟာရမျှတတဲ့ အစားအစာ အစရှိတဲ့ နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို နို့စားနွားမွေးမြူသူ သမဝါယမအသင်းသားတွေ သိရှိအောင် ပညာပေးနည်းလမ်းပြသတာတွေ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နွားတွေရဲ့ကျန်းမာရေးအခြေအနေကို အမြဲတမ်းစောင့်ကြည့်ပြီး ရာသီအလိုက် နွားတွေမှာ ဖြစ်ပွားတတ်တဲ့ ထောင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ခွာနာ လျှာနာရောဂါ အစရှိတဲ့ရောဂါတွေမဖြစ်ပွား၊ မကူးစက်ရအောင် အချိန်နဲ့ တစ်ပြေးညီ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နွားတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ နွားခြံကို ရေမဝပ်တဲ့နေရာ၊ ကုန်းမြင့်တဲ့နေရာ၊ လူနေအိမ်နဲ့ သီးခြားဖြစ်တဲ့နေရာတွေမှာ ရွေးချယ် ဆောက်လုပ်ခြင်းတွေလိုအပ်တယ်၊ နွားတစ်ကောင်အတွက် နေရာဟာအလျားခုနစ်ပေ၊ အနံလေးပေ၊ အမြင့်ရှစ်ပေ ကျယ်ဝန်းရန် လိုအပ်တယ်၊ နွားတွေကို အစာကျွေးရာမှာ အာဟာရမျှတစေဖို့ တစ်နေ့ကိုနို့လေးပိဿာချပေးတဲ့ နွားမတစ်ကောင်အတွက် အစာ သုံးပိဿာနှုန်း ကျွေးရမှာဖြစ်တယ်၊ ကျွေးတဲ့အစာမှာ နှမ်းဖတ် ၂၅ ရာခိုင် နှုန်း၊ ဖွဲနု ၂၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၂၃ ရာခိုင်နှုန်း၊ ပဲခွံ ၁၇ ရာခိုင်နှုန်းနဲ့ ပဲမှုန့်ကြမ်း ၁၀ ရာခိုင်နှုန်း ပါဝင်ရန်လိုတယ်၊ သောက်ရေ အလုံအလောက်တိုက်ဖို့နဲ့ အစာကြမ်းကိုတစ်နေ့ ၁၀ ပိဿာကနေ ၁၂ ပိဿာလောက် ကျွေးဖို့ လိုအပ်တယ်စသဖြင့် ပညာပေးနည်းလမ်းပြသမှုတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။

လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိ

ယခုအခါ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ နို့နဲ့နို့ထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ဖို့၊ ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေဖို့နဲ့ နို့စားနွားမွေးမြူသူတွေရဲ့ လူမှုစီးပွားဘဝရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး နို့နဲ့နို့ထွက်ပစ္စည်းတွေ ပိုမိုထုတ်လုပ် နိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း မိတ္ထီလာဇုန်၊ ကျောက်ဆည်ဇုန်နဲ့ မန္တလေးဇုန်ဆိုပြီး ဇုန်သုံးဇုန် တည်ထောင်ဆောင်ရွက်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်ဆည်ဇုန်မှာ မြဘုရင်နို့ချက်စက်ရုံနဲ့ ထွန်းနို့ချက်စက်ရုံတို့ ရှိပြီးဖြစ်ပါတယ်။ မန္တလေးဇုန်မှာလည်း မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံ ရှိပြီးဖြစ်ပါတယ်။ မိတ္ထီလာဇုန်မှာ နို့ချက်စက်ရုံမရှိသေးတဲ့အတွက် နို့ချက်စက်ရုံတည်ဆောက်နိုင်ရေး လိုအပ်တဲ့ တွက်ချက်မှုတွေနဲ့တင်ပြဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါတယ်။ အဆိုပါ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဇုန်သုံးဇုန်အတွက် လိုအပ်တဲ့နွားနို့ကုန်ကြမ်းတွေပေးသွင်းနိုင်ဖို့ နို့စားနွားမွေးမြူရေး သမဝါယမအသင်းတွေ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အမရပူရမြို့နယ်မှာ ခုနစ်သင်း၊ ပြင်ဦးလွင်မြို့နယ်မှာ တစ်သင်း၊ ကျောက်ဆည် မြို့နယ်မှာ ၁၀ သင်း၊ စဉ့်ကိုင်မြို့နယ်မှာ လေးသင်း၊ မြစ်သားမြို့နယ်မှာ တစ်သင်း၊ တံတားဦးမြို့နယ်မှာ ရှစ်သင်း၊ မိတ္ထီလာမြို့နယ်မှာ ငါးသင်း စုစုပေါင်းနို့စားနွား မွေးမြူရေးသမဝါယမအသင်း ၃၆ သင်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အဆိုပါ အသင်း ၃၆ သင်းမှာ နို့စားနွားမကောင်ရေ ၂၅၉၇ ကောင်ရှိပါတယ်။ ထွက်ရှိတဲ့နွားနို့ကို ၎င်းတို့နဲ့နီးစပ်ရာ နို့ချက်စက်ရုံတွေကို ဒေသပေါက်ဈေးအတိုင်း ပေးသွင်းရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဇုန်သုံးဇုန်အတွင်း နို့စားနွားမွေးမြူရေး သမဝါယမအသင်းတွေ ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး တစ်မြို့နယ်ကို နို့စားနွားမအကောင် တစ်ထောင်နှုန်း မွေးမြူနိုင်အောင် စီမံလျာထား ဆောင်ရွက်လျက်ရှိပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

စည်းလုံးခြင်းသည် အင်အား၊ ညီညွတ်ခြင်းသည် ခွန်အားဆိုတဲ့ စကားအတိုင်း နို့စားနွားမွေးမြူသူတွေ တစ်ဦးတစ်ယောက်တည်းရဲ့ အားနဲ့ရပ်တည်ဖို့ မစွမ်းသာဘူးဆိုရင် စုပေါင်းအားနဲ့ စွမ်းဆောင်နိုင်ဖို့ဘဝတူ၊ လုပ်ငန်းတူနို့စားနွားမွေးမြူသူအားလုံးက စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူနဲ့သမဝါယမအသင်းဖွဲ့စည်းပြီး စုပေါင်းအားကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ထို့အတူ နို့ပွဲစားတွေအနေနဲ့ကလည်း နို့စားနွားမွေးမြူသူတွေအပေါ် စီးပွားရေးအရ မှီခိုရပ်တည်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်လို့ နို့စားနွား မွေးမြူရေးသမဝါယမအသင်းမှာ မိမိတို့ရဲ့လုပ်အား၊ နည်းပညာနဲ့ငွေကြေး အရင်းအနှီးတွေ အားဖြည့်ပူးပေါင်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့အောင် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နို့စားနွားမွေးမြူသူများအတွက် စနစ်ကျပြီး အကျိုးအမြတ်ပိုမိုရရှိစေရန်အလို့ငှာ နွားစာဖိုး၊ မွေးမြူဖို့နွားမတမ်း ဝယ်ယူဖို့၊ နွားခြံ/ နွားတင်းကုပ်များ ဆောက်လုပ်နိုင်ဖို့ ပံ့ပိုးချေးငွေထုတ်ချေးပေးမယ့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနရဲ့အား၊ နွားတွေရဲ့ ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်း၊ အာဟာရမျှတတဲ့ အစားအစာအစရှိတဲ့ နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်များကိုသိရှိအောင် ပညာပေးနည်းလမ်းပြသ ဆောင်ရွက်မယ့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့အားတွေကိုပါ အပေးအယူ မျှတစွာပူးပေါင်းလိုက်မယ်ဆိုရင် နို့စားနွားမွေးမြူသူတွေရဲ့ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေကာ ပြည်တွင်း စားသုံးမှုဖူလုံပေါများစေပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းရမှုကို လျှော့ချသွားနိုင်မှာဖြစ်ပါတယ်။

 ယနေ့ နိုင်ငံတော်ကချမှတ်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ အကျုံးဝင်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို ခေတ်မီနည်းစနစ်တွေနဲ့ တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍတွေကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုတဲ့ စီးပွားရေးဦးတည်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာ ဖြစ်တဲ့အတွက် “တို့အားများ အပေးအယူမျှတလို့ နို့စားနွားမွေးမြူသူ သမဝါယမဖွဲ့ကြစို့” လို့ နို့စားနွားမွေးမြူရေး သမဝါယမအသင်းများအား ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါတော့တယ်။ ။