အလွန်တန်ဖိုးရှိတဲ့ဘဝ လက်ဆောင်
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
ကျွန်တော်တို့ရဲ့ဘဝထဲမှာလည်းကောင်း၊ လူမှုကိစ္စအဝဝမှာလည်းကောင်း မကောင်းတာတွေ ခြစားတာတွေနဲ့ မပြီးမပြတ်ဖြစ်နေတဲ့ကိစ္စတွေကို ပစ်မှတ် (Focus) အဖြစ် ကြည့်မြင်ကြလေ့ရှိပါတယ်။ ဘယ်လိုကိစ္စတွေကို ဆောင်ရွက်ပြီးပြီလဲ၊ ကောင်းတာတွေနဲ့ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားနဲ့ စိတ်ထား၊ ဒုက္ခဖိစီးမှုစည်းကို ဖြေလျှော့ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက် လာမှုတွေကို ပိုအာရုံထားကြရမှာ မဟုတ်ဘူးလား။
လူယဉ်ကျေးတွေဟာ လူ့ဘဝယန္တရားကြီးကို ကြည့်တဲ့အခါ အလွန်တရာလှပတဲ့ မျက်မှန်နဲ့ မကြည့်သလို မျက်မှန်မည်းကြီးနဲ့လည်း ကြည့်လေ့ မရှိဘူးလို့ဆိုပါတယ်။ သူတို့ရဲ့ဆန္ဒ၊ မျှော်လင့်ချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွန်ပြီး သမ္မာဒိဋ္ဌိရှိရှိ ကြည့်တတ်မြင်တတ်တယ်လို့ ဆိုပါတယ်။
အပေါင်းလက္ခဏာနဲ့ချဉ်းကပ်
ပတ်ဝန်းကျင်မှာရှိသူတွေနဲ့ မှန်ကန်တဲ့ ဆက်ဆံပေါင်းသင်းမှုဟာ ခင်ဗျားကို အံ့မခန်းလောက်အောင် ထူးခြားမှုကြီးတွေ ရလာပါလိမ့်မယ်။ ခင်ဗျားရဲ့မျှော်လင့်ချက် အခွင့်အလမ်းတွေဟာလည်း အကောင်အထည်ဖြစ်လာပါလိမ့်မယ်။ အနုတ်လက္ခဏာနဲ့ အဆိပ်အတောက်တွေဟာ ခင်ဗျားကို ခြံရံလာပြီဆိုရင် သူတို့အဆင့်ကိုရောက်အောင်ဆွဲချပါလိမ့်မယ်။ ငွေလဲကုန်မယ်။ ဝမ်းနည်းပက်လက် ဖြစ်ရတဲ့အထိ မြောင်းထဲရောက်အောင် တွန်းချလိမ့်မယ်ဆိုတာသိထားစေချင်ပါတယ်။ မကောင်းမြင် ဝါဒီဆိုတာ အခြားသူတစ်ပါးရဲ့ နှမ်းစေ့မျှရှိသော အပြစ်ကိုမြင်တတ်ကြသော်လည်း၊ အုန်းသီးမျှရှိသော မိမိရဲ့အပြစ်ကို ဘယ်သောအခါမှမြင်လေ့မရှိ။ ထူးချွန်ထက်မြက်တဲ့ဘဝကို အပေါင်းလက္ခဏာနဲ့ ချဉ်းကပ်ရင် ခင်ဗျားဖြစ်ချင်တာတွေ ဖြစ်လာ နိုင်ပါတယ်။
တကယ်တော့ လူတစ်ဦးစီမှာ ပင်ကိုအရည် အသွေးတွေရှိနေပါလျက်နဲ့ ယခင်က မစမ်းသပ်ကြည့်ပေးလို့ပဲဖြစ်ပါတယ်။ ဘဝဟာအလွန်တန်ဖိုးရှိတဲ့ လက်ဆောင်ကြီးတစ်ခုဖြစ်ပါတယ်။ အသစ်အဆန်းတွေကို ပင်ကိုအရည်အသွေးတွေနဲ့ လုပ်ကြည့်လိုက်ရင် ခင်ဗျားဟာလူတစ်လုံး သူတစ်လုံးဖြစ်လာပါလိမ့်မယ်။ ပင်ကိုအရည်အသွေး တွေသေနေပြီဆိုရင် ခင်ဗျားဟာ အကြီးမားဆုံး ဆုံးရှုံးသူဖြစ်သွားပါလိမ့်မယ်။ သံဟာမသုံးရင် သံချေးတက်ဆိုသလို တုံဏှိဘာဝေနေခြင်းဟာ လည်း ပညာရှိအမြော်အမြင်ကို ပျက်သုဉ်းစေလိမ့်မယ်။
လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေဟာ မဇ္ဈိမပဋိပဒါ၊ အစွန်းတရားကင်းတဲ့သူတွေ ဖြစ်ပါတယ်။ အခက်အခဲ ပြဿနာတွေကြုံလာတဲ့ အခါမှာတောင် စိတ်အေးလက်အေးထား၊ အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ထမ်းရွက်ခြင်းဖြင့် လူ့ဘဝကိုတည်ထောင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါက ကမ္ဘာ့စိတ်အေးချမ်းမှုရှိတဲ့ နိုင်ငံတွေအကြောင်း ဖတ်တဲ့အခါ နယ်သာလန်နိုင်ငံဖြစ်နေကြောင်းတွေ့ရပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ပြဿနာတွေ ရှိတာတွေ့ရပါတယ်။ ကမ္ဘာ့အကြောင်းဆည်းပူးသူတွေဟာ ဒါကိုတွေ့မှာဖြစ်ပါတယ်။ လူငယ်တွေစာတတ်မှ၊ ပညာတတ်မှ၊ အရည်အချင်းပြည့်ဝနေမှ သူတို့ရဲ့အနာဂတ်ဟာ ရှင်သန်ရပ်တည်နိုင်မယ်။ လူတော်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ စိတ်ကောင်းစေတနာ ကောင်း၊ ထူးချွန်ထက်မြက်တဲ့ ပင်ကိုအရည်အသွေး၊ နိုင်ငံကြီးသားစိတ်ဓာတ်ရှိပြီဆိုရင်တော့ လူကောင်းဖြစ်လာပြီဆိုရင် သူတို့ရဲ့အနာဂတ်ကို ကောင်းစွာတည်ဆောက်နိုင်လိမ့်မယ်။
ပျော်ရွှင်တဲ့လူအများစုမှာ အံ့ဩလောက်အောင် ကောင်းတဲ့အရည်အချင်းတစ်ခုဟာ လူ့ဘဝရဲ့ကောင်းခြင်း ကြံအင်လက္ခဏာတွေ မြတ်နိုးတန်ဖိုး ထားတတ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နံနက်ခင်းမှာသတင်းစာဖတ်၊ အလုပ်သွားရင်း သတင်းစာချိုင်းအောက်ထား၊ ရထားကားစီးပြီး အလုပ်ဆင်းကြတယ်၊ အိမ်မှာကျန်ရစ်သူ မိသားစုတို့ကလည်း အိမ်မှု တာဝန်ထမ်းဆောင်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေဆီလည်ကြမယ်။ ရံဖန်ရံခါ ညစာစားပွဲလေးလုပ်ကြမယ်။ သဘာဝတရားကြီးကပေးတဲ့ နေရောင်ခြည်၊ ရေမြေ၊ တောတောင်အောက်မှာ ခံစားစံစားရင်း အလှအပတွေကို ခံစားစံစားကြပါတယ်။ ဒါတွေက ဘဝရဲ့ပျော်ရွှင်မှုအရင်းအမြစ်ပဲ ဖြစ်ပါတယ်။
“အနတ္တဝါဒ”ကို ကျင့်သုံးဖို့ ဟောကြား
ဘဒ္ဒကမ္ဘာမှာ - ဂေါတမမြတ်စွာဘုရားဟာ ဘီစီ ၅၆၃ မှာ သစ္စာလေးပါး (The Four Noble Truth) ကို ဆရာတစ်ဆူ တွေ့ရှိတော်မူခဲ့ပါတယ်။ ဒုက္ခအပေါင်းက ကင်းဝေးရာမှာ မဂ္ဂင်ရှစ်ပါး နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တကယ်တော့ သံသရာက လွတ်ကင်းစေတဲ့ တရားဓမ္မဖြစ်ပါတယ်၊၊ ဗုဒ္ဓက သာယာဝပြောတဲ့ အိန္ဒိယပြည်ကြီးမှာ လူတို့ ဟာ လောကစည်းစိမ်မှာ နစ်မြောမနေကြဘဲ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ ဟောကြား ခဲ့ပါတယ်။ ရိုးရာရှိရင်းစွဲဖြစ်တဲ့ “အတ္တဝါဒ” ကို စွန့်လွှတ်လျက် အယူအဆသစ်ဖြစ်တဲ့ “အနတ္တဝါဒ” ကို ကျင့်သုံးဖို့ ဟောကြားတော်မူခဲ့ပါတယ်။
နောက်ဆုံးဘီစီ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဂျီးစပ်ခရိုက် (Jesus Christ) ကို ဖွားမြင်တော်မူခဲ့ပါ တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်လောက်က မိုဟာမက် (Mohamad) ဆိုတဲ့ ဘာသာရေးပုဂ္ဂိုလ်ထူးတွေဟာ လူသားတို့ကောင်းကျိုးအတွက်၊ တရားဓမ္မတွေနဲ့ ကိုယ်ကျင့်တရားတွေကို ပြခဲ့ကြပါတယ်။ ဒီဘာသာတရားကြီးသုံးခုဟာ လူသားတို့ ကိုးကွယ် ယုံကြည်ရာဖြစ်ခဲ့တယ်။ လူသားကိုထပ်ဆင့်ပြီး စိတ်ပိုင်းဝိညာဉ်ပိုင်းတွေအထိ သိမြင်ခံစားလာတဲ့ကိစ္စဟာ အလွန်တရာမှ အံ့ဩစရာကောင်းတဲ့ သဘာဝရဲ့ လက်ဆောင်လို့ ဆိုရလောက်အောင် လူ့ယဉ်ကျေးမှုကြီးဟာ ပေါ်ပေါက်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ လူရယ်လို့ အထွတ်အထိပ်ဖြစ်တည်ရာ သက်ရှိဘဝရှိလာတဲ့လူဟာ မအို၊ မနာ၊ မသေဆိုတဲ့ သုခမျိုး မရနိုင်သေးပါဘူး၊၊ သက်ရှိဘဝဖြစ်တည်ရာမှာ မအို၊ မနာ၊ မသေဆိုတဲ့ ဘဝမရှိပါဘူး။ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ အသီးသီးဟာ ဘဝဖြစ်စဉ်ထဲက အစိတ်အပိုင်းတွေပဲ။
လောဘ၊ ဒေါသ၊ မောဟရဲ့ ဇာစ်မြစ် လျော့ပါးကင်းရှင်းချုပ်ငြိမ်းရာ တရားဓမ္မ
လူ့သက်တမ်းရဲ့အဆုံးမှာ သေခြင်းတရားဟာ အဆုံးစွန်ဒုက္ခပဲ၊၊ “Death is a misery” လို့ နားလည်ကြပြီဆိုသော်လည်း သေခြင်းတရား ရဲ့ဟိုဘက်ကမ်းမှာ ထင်ထင်ရှားရှား မသိနိုင်လောက် အောင် လူသားတို့ရဲ့ လွန်ကဲလှတဲ့ လောဘမထိန်း နိုင်တဲ့ဒေါသနဲ့ စိုးစဉ်းမျှကို မသိလိုက်ဘဲဖြစ်တဲ့ မောဟတွေဟာလည်း အတောမသတ်ဘဲ ဘဝနဲ့အတူ ဒွန်တွဲပါနေပါတယ်။ လောဘ၊ ဒေါသ၊ မောဟရဲ့ ဇာစ်မြစ်၊ ဒါတွေ လျော့ပါးကင်းရှင်းချုပ်ငြိမ်းရာ တရားဓမ္မကို ဗုဒ္ဓရှင်တော်မြတ်ဘုရားက ဟောကြား ခဲ့ပါတယ်။
ဒုက္ခအပေါင်းက ကင်းဝေးရာ မဂ္ဂသစ္စာကို ဟောကြားတော်မူခဲ့ပါတယ်၊၊ စိတ်မှာ ပြင်းထန်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတို့ဟာ ပုထုဇဉ်လူသား တို့အား ဒုက္ခပေးတတ်ပါတယ်။ နေ့စဉ်နေ့တိုင်း နံနက်ခင်းအိပ်ရာက ထတာနဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာ၊ မစ္ဆရိယ၊ ဒိဋ္ဌိတို့ကို သယ်ဆောင် မိပြီဆိုရင် သင့်ရဲ့ တစ်နေ့တာဘဝက သင့်ကို လေးလံစွာဖိစီးနေပါလိမ့်မယ်။ လောဘ၊ ဒေါသနဲ့ မောဟကင်းစင်အောင် ကျင့်ကြံအားထုတ်ရမယ့် ကိစ္စဟာ လူတစ်ဦးချင်းဘဝရဲ့ အစိတ်အပိုင်းကြီး တစ်ခုပဲ။ ကျွန်ုပ်တို့ လူသားတို့က ကျင့်ကြံဖို့ပဲဖြစ်ပါ တယ်။
“ကျွန်တော့်စိတ်တွေ ရှုပ်ထွေးညစ်ညမ်းနေရင် ဒေါသတွေ အမုန်းတရားတွေ ရန်ငြိုးထား၊ အခဲမကျေ၊ ခါးခါးသီးသီး ရွံမုန်းတဲ့စိတ်တွေနဲ့ ပြည့်နေရင် ဒီကမ္ဘာကြီးကို ငြိမ်းချမ်းမှုဘယ်သို့ပေးနိုင် အံ့နည်း။” ဒါကြောင့် မြတ်ဗုဒ္ဓက “သင့်ရဲ့ ကိုယ်စိတ်ထဲမှာ ငြိမ်းချမ်းမှုကို ပထမရှာဖွေပါ။ သင့်ကိုယ်သင် သိအောင်လုပ်ပါလို့ မြွက်ကြားခဲ့ပါ တယ်။” လို့ ဆရာကြီး (S.N. Goenka) အက်စ်အင် ဂိုအင်ကာက ၂၀၀၀ ပြည့်နှစ် ဩဂုတ်လ ၂၉ ရက်နေ့ ကုလသမဂ္ဂဘာသာပေါင်းစုံညီလာခံမှာ အဲဒီလို ပြောခဲ့ပါတယ်။
“ကျွန်တော်ဟာ ဒေါသတွေ၊ အမုန်းတရားတွေ၊ ရန်ငြိုးတွေ၊ ခါးသီးရွံမုန်းတဲ့စိတ်တွေ ကိုယ့်စိတ်ထဲမှာ ထုတ်နေရင် ဒီမကောင်းစိတ်တွေရဲ့ ပထမဦးဆုံးသားကောင်ဟာ ကိုယ်ပါပဲ။ ရှေးဦးစွာကိုယ့်ကိုအန္တရာယ်ပြုနေပါပြီ။ ပြီးရင်အခြားသူကို အန္တရာယ်ပြုဖို့ဖြစ်လာပါပြီ။ ဒါဟာ သဘာဝတရားကြီးရဲ့ ဥပဒေသပဲဖြစ်ပါတယ်။ ဒီဥပဒေသဟာ တစ်ဦးတစ်ယောက်အတွက်သာမက အားလုံးအတွက် အသုံးပြုလို့ရတဲ့ ဥပဒေသဖြစ်ပါတယ်။ ဒီအကုသိုလ်စိတ်တွေကို မိမိစိတ်ထဲမှာ ထိန်းသိမ်းလေ့မရှိ။ အခြားသူတို့ထံ လွှဲပြောင်းပစ်လေ့ရှိတယ်။ ဒါကြောင့် ထိုသူတို့ဟာလည်း ဆောက်တည်ရာမရ ဖြစ်လေတော့တယ်။”ဟု ဆရာကြီး ဂိုအင်ကာက ဆက်လက်ရှင်းလင်း တင်ပြခဲ့ပါတယ်။
ဗြဟ္မစိုရ်တရား လက်ကိုင်ထား
လူဟာ မွေးဖွားလာပြီး ဘဝရလာပြီဆိုကတည်းက ဒုက္ခအပေါင်းနဲ့ ကြုံရဆုံရဖို့ရှိတယ်လို့ တွေးလိုက်ပါ။ လူ့ဘဝရောက်လာပြီဆိုတာနဲ့ ဒုက္ခ ပင်လယ်တွေဝေနေတဲ့အထဲ တဝဲလည်လည်ပဲ။ ဖြစ်ချင်တာတွေ မဖြစ်နိုင်သလို မဖြစ်ချင်တာတွေ ဖြစ်ခြင်းဟာလည်း လူ့ရဲ့ပကတိ သဘာဝလက္ခဏာပါပဲ။ လောကကြီးမှာ မကျေနပ်စရာတွေ ရှိနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာငါးပါးဟာ အမြဲအလုပ်လုပ်နေကြလို့ပဲ။ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကြီးကို မထမ်းချင်ဘဲလည်း ထမ်းရမှာပဲဖြစ်ပါတယ်။ သို့သော် ဗြဟ္မစိုရ်တရား လက်ကိုင်ထားကြရင် ပေါ့ပါးပါလိမ့်မယ်။ လောဘ၊ ဒေါသ၊ မောဟနည်းရင် ပေါ့ပါးပါလိမ့်မယ်။ လူဟာဘုရားဖူး တွေဖြစ်ကြပါတယ်။ တရားထူး တရားမြတ်တွေ တွေ့တဲ့သူတွေရှိသလို သံသရာမှာ လည်ကြဦးမယ့် သူတွေဟာလည်း နည်းမယ်မထင်။
သေသည်၏ ဟိုဘက်ကမ်းကို မြင်နိုင်တဲ့ ဦးနှောက်၊ သိနိုင်တဲ့ဦးနှောက်ကို သဘာဝတရားကြီးက မဖန်တီးခဲ့ပါဘူး။ ရနံ့သင်းတဲ့ ပန်းအလှတွေဝေနေတဲ့ ပန်းမန်တို့မှာ ဝိညာဉ်ရေးရာကိစ္စတွေကို သဘာဝတရားကြီးက ထည့်မပေးလိုက်ဘူးဆိုတဲ့ သဘောမျိုးလိုပါပဲ။ သဘာဝတရားကြီးက ဒီဘဝရဲ့အတိတ်၊ ဥပမာ နှစ် ၆၀၊ ၇၀ က အတိတ်ကို ပြန်လည်မှတ်မိနိုင်တဲ့ ဦးနှောက်ကို ဖန်တီးပေးထား ပေမယ့် ရှေးရှေးဘဝအဆက်ဆက်က အတိတ်ကိုတော့ မသိနိုင်ရှာတဲ့ဦးနှောက်၊ သေခြင်းရဲ့တခြား ဘက်မှာ ဘာတွေဘယ်လိုဆိုတာ ဂဃနဏ မသိနိုင်တဲ့ ဦးနှောက်မျိုးကို တမင်ဖန်တီးထားလေ ရော့လား၊ စဉ်းစားစရာပင်။
ဒီတစ်ဘဝမှာ မနက်ဖြန် သဘက်ဘာတွေဘယ်လိုဆိုတာ၊ အိုမလား၊ နာမလား၊ သေမလား၊ ကပ်ကြီးသုံးပါး၊ ရန်သူမျိုးငါးပါးနဲ့ ကြုံရမလားဆိုတာ ကြိုတင်သိနိုင်တဲ့ ဦးနှောက်မျိုးဖြစ်ခဲ့ရင်၊ လူ့လောကကြီးဟာ စိတ်အေးချမ်းစွာ နေနိုင်ပါ့မလားဆိုတာ တွေးတောစရာကြီးပဲ ဖြစ်ပါတယ်။ ရှေးရှေးအတိတ် ကိုမစဉ်းစားနိုင်အောင် လောဘ၊ ဒေါသ၊ မောဟတို့က ဖုံးကွယ်ထားသလို နောက်တစ်နေ့၊ နောက် တစ်နာရီမှာတောင် ဘယ်လိုဘယ်ပုံဖြစ်မလဲဆိုတာ ကို ကြိုတင်မသိနိုင်အောင်လည်း ဖုံးကွယ်ထားနေတဲ့ သဘောပဲလား၊ လားပေါင်းများစွာ စဉ်းစားစရာတွေချည်းပါပဲ၊၊
လောဘ၊ ဒေါသ၊ မောဟတို့အပြင် မာန၊ မစ္ဆရိယ၊ ဒိဋ္ဌိဆိုတဲ့ စေတသိက်တွေက လူ့စိတ်ကို မသန့်စင်အောင် လှုံ့ဆော်တတ်ကြရာ သံသရာကို မသိနိုင်အောင်သာမက ဒီဘဝကို ကြိုတင်မြင်နိုင်ဖို့ ခဲယဉ်းနေပါတော့တယ်။ ။