Skip to main content

ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးမှသည် အရည်အသွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဆီသို့

ဒေါက်တာသစ္စာ (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)

ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေး ကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ

ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း မိမိတို့ နိုင်ငံတွင် Universal Health Coverage ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးနှင့် စိန်ခေါ်မှုအမြင့်မားဆုံးကိစ္စရပ်မှာ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ မွေးထုတ်ခန့်ထားရေးပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် များမွေးထုတ်နိုင်ရေး မဟာဗျူဟာစီမံကိန်းများနှင့်အညီ မိမိနိုင်ငံ၏ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်မွေးထုတ်ကြခြင်းပင် ဖြစ်ပါသည်။ သို့သော် လုံလောက်စွာမွေးထုတ်နိုင်ခြင်းမရှိသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများ အထူးသဖြင့် The Organization for Economic Co-operation and Development (OECD) အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မွေးထုတ်ထားသော ကျန်းမာရေးလူ့စွမ်းအားများကို ခေါ်ယူခန့်ထားနေကြသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးလူ့စွမ်းအား မလုံလောက်မှုများကို ပိုမိုရင်ဆိုင်နေရပါသည်။

Sustainable Development Goals- SDG 2030 ရည်မှန်းချက်များ ပြည့်မီရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်မှုအရ ဆရာဝန်၊ သူနာပြု၊ သားဖွားအရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် လူဦးရေတစ်သောင်းလျှင် ၂၂ ဒသမ ၈ ဦးရှိရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၄၄ ဒသမ ၅ ဦး ရှိရန်လိုအပ်ပါသည်။ ၂၀၁၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအခြေအနေမှာ လူဦးရေတစ်သောင်းလျှင် ၁၆ ဒသမ ၈ ဦးသာရှိသည့်အတွက် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည်လည်း သတ်မှတ်ချက်ပြည့်မီစေရေးများစွာ လိုအပ်နေဦးမည်ဖြစ်ပါသည်။

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်/သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်

မြန်မာနိုင်ငံအတွက် လိုအပ်သော ကျန်းမာရေးလူ့စွမ်းအားများကို ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနက အဓိကမွေးထုတ် ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားများ တိုးမြှင့်မွေးထုတ်နိုင်ရန်အတွက် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်/သင်တန်းကျောင်းများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ၁၉၈၈ ခုနှစ် မတိုင်မီက ဆေးတက္ကသိုလ်သုံးခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် တစ်ခုနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၂၅ ကျောင်းသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့သော Nay Pyi Taw State Academy, Faculty of Medicine အပါအဝင် ယခုအခါဆေးတက္ကသိုလ် ငါးခုနှင့်ဆေးပညာမဟာဌာနကြီး တစ်ခုစုစုပေါင်းခြောက်ခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှစ်ခု၊ သူနာပြုတက္ကသိုလ်နှစ်ခု၊ ဆေးဝါးတက္ကသိုလ်နှစ်ခု၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် နှစ်ခု၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် တစ်ခု၊ အခြေခံကျန်းမာရေးတက္ကသိုလ် တစ်ခုနှင့် တိုင်းရင်းဆေးတက္ကသိုလ်တစ်ခု စုစုပေါင်းတက္ကသိုလ် ၁၇ ခု၊ သူနာပြု/ သားဖွားနှီးနွှယ်သင်တန်းကျောင်း ၅၃ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်မွေးထုတ်လျက်ရှိပါသည်။ အဆိုပါကျောင်းများမှ ဆေးပညာဘွဲ့ရ ၄၇၆၈၆ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ၅၅၂၁ ဦး၊ ဆေးဝါးသိပ္ပံ ဘွဲ့ ၄၃၄၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ ၄၆၄၈ ဦး၊ သူနာပြုသိပွံ ဘွဲ့ ၁၀၂၄၀ ဦး၊ သူနာပြုနှင့် သားဖွားဆိုင်ရာဒီပလိုမာ ၈၃၅၁၂ ဦး၊ အမျိုးသမီး ကျန်းမာရေးဆရာမ ၅၃၁၇ ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ၂၄၂၀၊ လက်ထောက်ကျန်းမာရေးမှူး ၂၅၁၅ ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ၃၀၀၈ ဦး၊ အရေးပေါ် သူနာပြုစုမှုပညာလက်မှတ်ရ ၁၁၃ ဦးတို့ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင်ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၃၈၂၂ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၁၁၂၁၄ ဦး၊ ပါရဂူဘွဲ့ရ ၁၆၂၁ ဦးတို့ကို လေ့ကျင့် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ဆေးပညာဘာသာရပ်သည် လူ့အသက်များနှင့် တိုက်ရိုက်ဆက်စပ်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် တက်ရောက်လိုသူ အရေအတွက်ရရှိရေး အခက်အခဲ မရှိသော်လည်း လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် စိန်ခေါ်မှုများစွာရှိပါသည်။ ဆေးပညာဘာသာရပ်သည် လူ့အသက်များနှင့် တိုက်ရိုက်ဆက်စပ်နေသော ပညာရပ်ဖြစ်သည့်အားလျော်စွာ လေ့ကျင့်မွေးထုတ်လိုက်သော လူ့စွမ်းအားများအားလုံးတွင် လုံလောက်သောစွမ်းရည်၊ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်များ ပြည့်စုံနေစေရန် အထူးလိုအပ်လှပါသည်။ ထိုသို့ မွေးထုတ်ရန်မှာ အရည်အသွေးပြည့်ဝ ကျွမ်းကျင်သော ဆရာ ဆရာမများ၊ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် သင်ကြားရေးဆေးရုံကြီးများ၊ သင်ကြားရေး အထောက်အကူပစ္စည်းများ ပြည့်စုံရန်လိုအပ်ပါသည်။ အချို့သည် ငွေကြေးဖြင့် ချက်ချင်းဖြည့်ဆည်းရန်မှာ အလွယ်တကူရရှိနိုင်သော်လည်းအချို့မှာ ချက်ချင်းဖြည့်ဆည်းရန် မလွယ်ကူပါ။ ဥပမာအားဖြင့် သားဖွားပညာ တတ်မြောက်ရေးအတွက် မွေးလူနာဖြင့် လက်တွေ့လေ့ကျင့်ရန်မှာ မွေးလူနာရှိမှ သာ လေ့ကျင့်နိုင်မည်ဖြစ်ပါသည်။ ကျောင်းသားတစ်ဦးလျှင် သတ်မှတ် သင်တန်းကာလအတွင်း မွေးလူနာ ၂၀ လေ့ကျင့်ရန်လိုအပ်ပါက ကျောင်းသား ၁၀၀၀ ဦးအတွက်ဆိုလျှင် မွေးလူနာ ၂၀၀၀၀ သင်ကြားရေးဆေးရုံကြီးများ တွင်ရှိမှသာ လိုအပ်သော ကျွမ်းကျင်တတ်မြောက်မှုအတွက် လေ့ကျင့်နိုင်မည် ဖြစ်ပါသည်။

အထက်တွင်ဆိုပြီးသကဲ့သို့ လူတိုင်း လက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖော်ဆောင်ရန်မှာ ကျန်းမာရေး ဝန်ဆောင်မှုပေးကြမည့် လူ့စွမ်းအားများ၏ အရေအတွက်သာမက အရည်အသွေး ပြည့်မီစေရေးလည်း လိုအပ်သည်ဖြစ်ရာ ခေတ်အဆက်ဆက်တွင်လည်း ကျန်းမာ ရေးလူ့စွမ်းအားများ၏ အရည်အသွေး ပြည့်မီစေရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေးသကဲ့သို့ ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားရေးနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း အားထုတ်လျက်ရှိပါသည်။

ယနေ့ခေတ်အချိန်တွင် အရည်အသွေး ပြည့်မီသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ သင်ကြားမွေးထုတ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ ရလဒ်အခြေပြု ဆေးပညာသင်ကြားရေး စနစ်ဖြစ်ကြောင်း နိုင်ငံတကာမှ တညီတညွတ်တည်း စံတစ်ခုအဖြစ် လက်ခံကျင့်သုံးလျက်ရှိပါသည်။ ရလဒ် အခြေပြုဆေးပညာသင်ကြားရေးစနစ်ဆိုသည်မှာ ပြည်သူလူထုအား ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးရန်အတွက် ကျန်းမာရေးစွမ်းအားစုများတွင်ရှိရမည့် လိုအပ်သောစွမ်းရည်များကို ဖော်ထုတ်လျက် ၎င်းစွမ်းရည်များ ပြည့်မီစေရေး ဦးတည်လေ့ကျင့်ပေးခြင်း ပင်ဖြစ်ပါသည်။ ရလဒ်အခြေပြုပညာရေး၏ အနှစ်သာရတွင် ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်များ၊ ပြဿနာအခြေပြု သင်ယူမှုစနစ်များ၊ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်များ၊ လူနာအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ၊ နည်းပညာအခြေပြုသင်ကြားရေးနည်းစနစ်များ၊ ရလဒ်အခြေပြု စစ်ဆေးနည်း စနစ်များ ပါဝင်မည်ဖြစ်ပါသည်။

၂၁ ရာစုပညာရေးတွင် အလွတ်ကျက်မှတ်၍ နားလည်တတ်မြောက်မှုကို သင်ကြားစစ်ဆေးသော နည်းလမ်းများကို အလေးမပေးတော့ဘဲ ဝေဖန်ပိုင်းခြား၍ တီထွင်ကြံဆမှုကို မြှင့်တင်သင်ကြား စစ်ဆေးသော သင်ကြားသင်ယူမှုစနစ်များကို ပြောင်းလဲကျင့်သုံးရန် လိုအပ်ပါသည်။ လက်တွေ့နယ်ပယ်တွင် အမှန် တကယ်ကြုံတွေ့ရမည့် စစ်မှန်သော ပြဿနာများကိုချဉ်းကပ်၍ အုပ်စုဖွဲ့ သင်ယူလေ့လာ ဖြေရှင်းနည်းများကို အလေးပေးလာပြီဖြစ်ပါသည်။ ထို့ကြောင့် ဆေးပညာသင်ကြားရေးတွင် Lecture ဖြင့် ဆရာကတိုက်ရိုက်သင်ကြားခြင်း နည်းလမ်းထက် ပြဿနာအခြေပြု သင်ယူစေခြင်း (Problem Based Learning)၊ အုပ်စုဖွဲ့လေ့လာအဖြေရှာသင်ယူနည်း (Team Based Learning)၊ ရောဂါအခြေပြုသင်ယူနည်း (Case Based Learning) များကို ဆေးပညာသင်ကြားရေးတွင် ပြောင်းလဲကျင့်သုံးလျက်ရှိနေပြီ ဖြစ်ပါသည်။

 ဆေးပညာပုံတူပြုလေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်

ထို့ပြင် Education 4.0 ဟုခေါ်သော နည်းပညာခေတ်တွင် ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence)သည်လည်း ဆေးပညာသင်ကြားရေး၊ ရောဂါရှာဖွေကုသရေးနှင့် သုတေသန နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုလာနေပြီဖြစ်ပါသည်။ ဆေးပညာသင်ကြားရေးတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် လိုအပ်သော လက်တွေ့လေ့ကျင့်မှုများကို လူနာများအပေါ် အန္တရာယ်ကျရောက်စေမှုမရှိဘဲ ကြိမ်ဖန်များစွာ လေ့ကျင့်နိုင်ရေးအတွက် အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထားသော High Fidelity Simulator ခေါ် လူနာအတုများကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သကဲ့သို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်/သင်တန်းကျောင်းများတွင်လည်း ဆေးပညာပုံတူပြု လေ့ကျင့်ရေးစင်တာ (Medical Simulation Center) များ ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးလျက်ရှိနေပြီ ဖြစ်ပါသည်။

ထိုကဲ့သို့ ပြောင်းလဲတိုးတက်လာသော ဆေးပညာသင်ကြားရေးစနစ်များကို နိုင်ငံတကာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း မြှင့်တင်ပြောင်းလဲကျင့်သုံးနိုင်စေရန်အတွက် ဆေးပညာနှီးနှော ဖလှယ်ပွဲ (National Medical Education Seminar) များ ကျင်းပ၍ တိုင်ပင်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။ ဆေးပညာ သင်ကြားရေး နှီးနှောဖလှယ်ပွဲများကို ၁၉၆၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊ ၁၉၇၂ ခုနှစ် တွင် တတိယအကြိမ်၊ ၁၉၇၈ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ပဉ္စမအကြိမ်၊ ၂၀၀၃ ခုနှစ်တွင် ဆဋ္ဌမအကြိမ်၊ ၂၀၀၈ ခုနှစ်တွင် သတ္တမအကြိမ်၊၂၀၀၉ ခုနှစ်တွင် အဋ္ဌမအကြိမ်၊ ၂၀၁၁ ခုနှစ်တွင် နဝမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။

ဒသမအကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲမှ ချမှတ်ခဲ့သော လမ်းစဉ်များအရ ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးစနစ်ကို အကောင် အထည်ဖော်ခဲ့ပြီး ဆေးတက္ကသိုလ်များ တွင် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) ဖြင့် ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်း (Outcome Based Curriculum)ဖြင့် ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ပြောင်းလဲ ကျင့်သုံးနိုင်ခဲ့ပြီးဖြစ်ပါသည်။

ဇုန်ငါးခုဖြင့် အကောင်အထည်ဖော်

ထို့ပြင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မလုံလောက်မှု၏ ဖြေရှင်းမှု နည်းလမ်းတစ်ခုအဖြစ်လည်းကောင်း၊ မတူကွဲပြားသော ကျန်းမာရေးဝန်ထမ်းအမျိုးအစားများအကြား အပြန်အလှန် ချိတ်ဆက်နားလည်မှု ကောင်းမွန်စွာဖြင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးဝန်ထမ်းများ အချင်းချင်းအတူတကွ လေ့လာသင်ယူခြင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း (Interprofessional Education and Interprofessional Collaborative Practice) ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ထမ်းများအကြား Interprofessional Collaborative Practice ရရှိစေရန်အတွက် Interprofessional Education ကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ခဲ့ပြီး ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇုန်ငါးခုဖြင့် အကောင်အထည် ဖော်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ဇုန်များအားလုံးတွင် ဖော်ဆောင်ပြီးဖြစ်ပါသည်။ ယခုအခါ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းများတွင် Interprofessional Education ကို ထည့်သွင်းသင်ကြားနေပြီဖြစ်ပါသည်။

ဘွဲ့ကြို/ဘွဲ့လွန်ပညာရပ်များ

ယခု (၁၁) ကြိမ်မြောက် နှီးနှော ဖလှယ်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူး၍ ကျင်းပတော့မည်ဖြစ်ပါသည်။ ယခုနှီးနှောဖလှယ်ပွဲကြီးကို နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ တိုးတက်ပြောင်းလဲနေသော သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်ပညာရပ်များ၏ သင်ကြားရေးတွင် လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးနှင့် သင်ကြားရေးစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အခြေခံပညာ ရေးတွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော KG+12 သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေစွာဖြင့် ဆေးနှင့်ဆေးပညာနှီးနွှယ် ပညာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဘွဲ့ကြို/ဘွဲ့လွန်ပညာရပ်များ၏ ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ မွမ်းမံပြင်ဆင်နိုင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်ကျင်းပခဲ့သည့် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲများမှ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးအတွက် ထိရောက်သော ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ ပြောင်းလဲကျင့်သုံးခြင်းများ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ယခုကျင်းပမည့် (၁၁) ကြိမ်မြောက် ဆေးပညာ သင်ကြားရေး နှီးနှောဖလှယ်ပွဲကြီးမှလည်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးကြမည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးပြည့်ဝစွာ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးနည်းစနစ်များ၊ ဆန်းစစ်မှုစနစ်များကို မြှင့်တင်ပြောင်းလဲ ကျင့်သုံးနိုင်မည်ဟု အပြည့်အဝ ယုံကြည်မျှော်လင့်မိပါသည်။ ။