Skip to main content

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့

ဟံသာညို(ပဲခူး)

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစူးစိုက်မှုရရှိစေရန်နှင့် ယနေ့ခေတ် ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် မိတ်ဖက်များအဖြစ် လူငယ်များ၏ စွမ်းဆောင်ရည်များနှင့် ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ်စတင်၍ ကုလသမဂ္ဂကသတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၂၄) ကြိမ်မြောက်ဖြစ်သည်။ အဆိုပါနေ့ဖြစ်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်သည် လူငယ်များမိမိမွေးဖွားရာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို အာရုံစိုက်လာစေရန်ဖြစ်သည်။

အနာဂတ်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်သည့် လူငယ်များလိုအပ်

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲခြင်းများဖြစ်ပေါ်စေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် အခွင့်ထူးများအဖြစ် စွမ်းဆောင် ပေးသည်။ မိုဘိုင်းကိရိယာများ၊ ဝန်ဆောင်မှုများနှင့် ဉာဏ်ရည်တုကဲ့သို့သော ဒစ်ဂျစ်တယ် နည်းပညာများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)ကို မြှင့်တင်ရာတွင် အလွန် အရေးကြီးသည်။ ဒစ်ဂျစ်တယ် အပြန်အလှန် ဆက်သွယ်မှုများမှ ဖော်ထုတ်ပေးသည့် သတင်း အချက်အလက်များသည် ပိုမိုကောင်းမွန်သည့် လမ်းညွှန်ချက်များကို ဖြစ်ပေါ်စေသည့်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်စွာ အသုံးချနိုင်သည့် လူငယ်များ အထူးလိုအပ်လျက်ရှိပါသည်။

ယနေ့ခေတ် လူငယ်အများစုသည် ဒစ်ဂျစ်တယ်အသုံးချခြင်းနှင့် ဆန်းသစ်တီထွင်မှုများတွင် ဝင်ငွေ အများဆုံးရရှိအောင် စွမ်းဆောင်နိုင်သူများဖြစ်ကြပြီး ၂၀၂၂ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်လေးပုံသုံးပုံသည် အခြားအသက်အရွယ် အုပ်စုများထက် အင်တာနက်အသုံးပြုနှုန်း ပိုမိုများပြားလာသည်။ အထူးသဖြင့် ဝင်ငွေနည်းသော နိုင်ငံများနှင့်အင်တာနက်၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု နည်းပါးလေ့ရှိသော နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ ရှိနေသေးသည်ကို တွေ့ရှိရသည်။ နိုင်ငံတိုးတက်ပြောင်းလဲရေးတွင် ဒစ်ဂျစ်တယ်အရေးပါမှု အထူးလိုအပ်နေသည့်အတွက် ပြောင်းလဲမှုနှင့် ပြဿနာရင်းမြစ်များကိုဖြေရှင်းရေးတွင် နည်းပညာကို အသုံးပြုသည့် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ လူငယ်များ၏ လုပ်ဆောင်ချက်များသည်လည်း အသိအမှတ်ပြုခံနေရပြီဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) အတွက် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုတွင် လူငယ်များ၏ အခန်းကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်လှပေသည်။

လူငယ်များ၏ ဒစ်ဂျစ်တယ်ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုပြီး ဂုဏ်ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပိုမိုဆန်းသစ် သစ်လွင်သည့်တီထွင်မှုများကို ပုံဖော်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုများရရှိနိုင်ရန် လှုံ့ဆော်မှုမျိုးကို ဖန်တီးပေးနိုင်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs)များကို ကိုင်တွယ်ဖြေရှင်းနိုင်သော လူငယ်များဦးဆောင်သည့် အဖွဲ့အစည်းများ (သို့မဟုတ်)လူငယ်များ ပူးပေါင်းပါဝင်နိုင်သည့် ဒစ်ဂျစ်တယ် နည်းပညာသစ်များ ဖော်ထုတ်နိုင်ရန် နိုင်ငံတကာမှ ဦးဆောင်လူငယ်များကို ဖိတ်ကြားဆောင်ရွက် သင့်သည်။

လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားပြောကြားရာတွင် “မောင်တို့မယ်တို့ လူငယ်များသည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီးသည့်လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း”ပြောကြားထားသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်က “လူငယ်များအား အဖိုးတန်လူငယ်များဖြစ်စေရန်နှင့် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် အလေ့အကျင့်ကောင်းများ အစဉ်အမြဲကိန်းအောင်းနေစေရန်လည်း ကြိုးပမ်း သွားကြရမည်ဖြစ်ကြောင်း၊ “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်”ဆိုသည့် ကျောင်းကောင်စီကတိကဝတ်နှင့် အညီ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက်ပါ အကျိုးရှိသည့် စံပြလူငယ် မောင်မယ်များဖြစ်အောင် ကြိုးပမ်းထိန်းသိမ်းသွား ကြရန်” တိုက်တွန်းပြောကြားထားသည်။

ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်ရန်လို

ကိုယ်ကျင့်တရား ကောင်းမွန်ရေးဆိုသည်မှာ ယခုရေတွင်းတူး၊ ယခုရေကြည်သောက်၍မရဘဲ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ရသော အရာတစ်ခုဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လုပ်သင့်သည်ကိုလုပ်ခြင်း (စာရိတ္တသီလ)နှင့် မလုပ်သင့်သည်ကိုမလုပ်ခြင်း (ဝါရိတ္တသီလ) ပင်ဖြစ်သည်။ ကိုယ်ကျင့်တရားကို အင်္ဂလိပ်ဘာသာ စကားဖြင့် Morality ဟု ခေါ်ဆိုပြီး ဂုဏ်ဒြပ်တစ်ခု၊ လူတစ်ယောက်၏ အဆင့်အတန်းကို တိုင်းတာသောပေတံတစ်ခု၊ အကောင်းဆုံး အဆင်တန်ဆာတစ်ခု အဖြစ် မှတ်ယူကျင့်သုံးကြပါသည်။ “လူသေသော်လည်း နာမည်မသေ” ဆိုသည့် စကားအတိုင်းလူတစ်ယောက်သည် ကိုယ်ကျင့်တရား ကောင်းမွန်မည်ဆိုပါက ၎င်းကျင်လည်ရာ ပတ်ဝန်းကျင်တွင် လူသေသည့်တိုင်အောင် နာမည်ဂုဏ်သတင်း မွှေးပျံ့နေမည်ဖြစ်ပါသည်။ မိမိ၏ဂုဏ်သတင်းသည် မိမိမိသားစု၏ ဂုဏ်သတင်းဖြစ်သည်၊ မိမိသားသမီး၏ ဂုဏ်သတင်းဖြစ်သည်။ မြန်မာဆိုရိုးစကားတွင် “စမ်းရေဘယ်လောက် အေးအေး၊ စန္ဒကူးဘယ်လောက်မွှေးမွှေး လောကတွင် အအေးဆုံး၊ အမွှေးဆုံးမှာ ကိုယ်ကျင့်တရား ပင်ဖြစ်သည်”ဟု အဆိုရှိသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ကျင့်တရားကို ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မာမြဲမြံစွာစောင့်ထိန်းရမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအတွင်းတွင် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူငယ်များအထူးလိုအပ်လှပေသည်။

ရှင်သန်နေသရွေ့ လေ့လာနေရမည်

တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်သည့် လူငယ်များအဖြစ် ပြောင်းလဲဖို့ရန်အလို့ငှာ အစဉ်အမြဲ လေ့လာသင်ယူနေရမည်ဖြစ်သည်။ “ရှင်သန်နေသရွေ့ လေ့လာနေရမည်” စကားရပ်ကို လက်ကိုင်ထားကာ ဘဝရှင်သန်အောင်မြင်ရေးအတွက် ရေရှည်ပန်းတိုင်ကိုမျှော်မှန်းပြီး အချိန်ရှိခိုက် လုံ့လစိုက်ထုတ်နေရမည်ဖြစ်သည်။ မည်သည့်ဘွဲ့များ ရနေစေကာမူ ရပ်တန့်နေ၍မရဘဲ လေ့လာမှုများ အမြဲတမ်းလုပ်ဆောင်နေရမည် ဖြစ်သည်။ တတ်နိုင်သည့်မိဘက မွေးဖွားသည့် လူငယ်များသည် အထောက်အပံ့ကောင်းများရရှိကြ သည့်အတွက် တက္ကသိုလ်ဘွဲ့များ လွယ်လင့်တကူ ရယူနိုင်ကြသည်များရှိသည်။ ထို့အတူ အလုပ်တစ်ဖက်နှင့် ဘွဲ့ရရှိအောင် ကြိုးစားနေကြရသည့် လူငယ်များလည်း ရှိနေကြပေသည်။ မည်သို့ပင် ဖြစ်စေကာမူ အားလုံးသည် ရှင်သန်နေသရွေ့ လေ့လာနေကြရမည်ဖြစ်ပေသည်။ သို့မှသာ ပြောင်းလဲတိုးတက်နေသည့်ခေတ်ကို အမီလိုက်နိုင် မည်ဖြစ်သည်။

သဘာဝတရားကြီးသည် လူသားအားလုံး အတွက် အချိန်ကို တန်းတူညီမျှပေးထားပြီး ဖြစ်သည်။ ယင်းအချိန်ကို အကျိုးရှိစွာအသုံးချခြင်းနှင့်အကျိုးမဲ့စွာ ဖြုန်းတီးခြင်းများကြောင့်သာရလာသည့် ရလဒ်များ ကွဲပြားခြားနားနေကြခြင်းဖြစ်သည်။ ငယ်ရွယ်နုပျိုမှုသည် နှစ်ခါပြန်မရနိုင်သည့် အခွင့်အရေးပင်ဖြစ်သည်။ ယင်းအခွင့်အရေးကို အဆုံးစွန် အထိ အသုံးချကာ အောင်မြင်တက်ကြွသည့် ခြေလှမ်းသစ်များဖြင့် အနာဂတ်သစ်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ခြွေရင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု ရေးသားဖော်ပြလိုက်ရပါသည်။ ။