မေတ္တာထားရာ ဝါခေါင်လချိန်ခါ
စိန်ဌေးလှိုင်(ဟိုပုံးမြေ)
“ရာသီသိဟ်ငယ်၊ နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်မြတ်ထွဋ်စွန်၊ သရဝဏ်လည်း၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန် ဘွဲ့သည်ချိန်ကို၊ ဒေဝရိန်ပဇ္ဇုန်မှူးငယ်က၊ မြူးလှတယ်လေး” စသည်ဖြင့် ဖိုးသူတော်ဦးမင်းက ဝါခေါင်လဘွဲ့လွမ်းချင်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ ဝါခေါင်လသည် ဗေဒင်အလိုအားဖြင့် သိဟ်ရာသီတွင်ကျရောက်ပြီး သရဝဏ်နက္ခတ်သည် အာကာပြင်တောင်အရပ်တွင် ထွန်းလင်းနေသည်။ ပဇ္ဇုန်မိုးသည် မြူးထူးရွှင်ပျစွာဖြင့် ရွာသွန်းနေသည်။ ခတ္တာ ပန်းများ လှိုင်လှိုင်ဖူးပွင့်ကြပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် စာရေးတံအလှူပွဲကို ဆင်နွှဲကြသည်။
စာရေးတံအလှူ
ဝါခေါင်လ၏ ရာသီပွဲတော်မှာ စာရေးတံအလှူပွဲဖြစ်ပြီး စာရေးတံမဲပွဲဟုလည်း ခေါ်ဆိုကြသည်။ စာရေးတံအလှူပွဲပေါ်ပေါက်လာပုံမှာ မြတ်စွာဘုရားသခင်သည် ဝေဠုဝန်ကျောင်းတိုက် တွင် သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်၌ စားရေ ရိက္ခာရှားပါးကာ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရ၏။ ဒါယကာ ဒါယိကာမများမှာလည်း ကျောင်းတိုက် အတွင်းရှိ ရဟန်းအားလုံးကို ဆွမ်းကပ်မှုမပြုနိုင် သောကြောင့် ငါးပါး၊ ဆယ်ပါး၊ အပါးနှစ်ဆယ် စသည်ဖြင့် မိမိတတ်အားသရွေ့ ကပ်လှူခွင့်ပြုပါရန် ဘုရားရှင်ထံလျှောက်ထားရာ ခွင့်ပြုတော်မူခဲ့သည်။ မည်သည့်ရဟန်းဟူ၍ အမည်တပ်အစွဲမထားဘဲ စာရေးတံမဲချကာ လှူဒါန်းကြ၏။ မဲချပုံချနည်းမှာ ဝါးနှီးပြား သို့မဟုတ် သစ်သားတံ၏ထိပ်တွင် ဆွမ်းဒကာအမည်နှင့် နေရပ်တို့ကို ရေးမှတ်ထား သည်။ ရဟန်းတို့က စာရေးတံများကို အလှည့်ကျ မဲနှိုက်ရကာ မဲကျသောဆွမ်းဒကာနေအိမ်သို့ ဆွမ်းစားကြွရ၏။ ဘုရားရှင်က စာရေးတံပွဲကို မည်သည့်လတွင် ကျင်းပရမည်ဟု သတ်မှတ်မထားခဲ့ပါ။ ရှေးမြန်မာမင်းများလက်ထက်တွင် ရဟန်းများ တစုတဝေးတည်းရှိသော ဝါတွင်းကာလ ဝါခေါင်လ၌ စာရေးတံအလှူပွဲပြုလုပ်ခဲ့ရာမှ ဝါခေါင်လ၏ ရာသီပွဲတော်အဖြစ် ပေါ်ပေါက်လာသည်။ ယနေ့ခေတ် စာရေးတံအလှူပွဲကျင်းပပုံမှာ စာရေးတံများတွင် ဆွမ်းဒကာအမည်ကို မရေးသားတော့ဘဲ ရဟန်းဘွဲ့နှင့် ကျောင်းအမည်တို့ကို စက္ကူမဲလိပ်၌ ရေးမှတ်ပြီး ဒါယကာ ဒါယိကာမများက မဲနှိုက်ရပါသည်။ မိမိ မဲပေါက်သောကိုယ်တော်ကို အိမ်သို့ပင့်ဆောင်ကာ ဆွမ်းဆက်ကပ်ကြ၏။ ထို့ပြင် အထက်အညာဒေသတွင် စာရေးတံမဲအလှူကျင်းပပုံ ဓလေ့ထုံးတမ်း တစ်ခုလည်း ရှိနေပါသေးသည်။ ကပ်လှူလိုသည့် ပစ္စည်းနှင့် အလှူရှင်အမည်တို့ကို စက္ကူမဲလိပ်တွင် ရေးသားပြီး ပင့်ဖိတ်ထားသောရဟန်းများက မဲနှိုက်ရ၏။ မဲကျသောအလှူရှင်တို့က ထိုရဟန်းကို အသုံးအဆောင်ပစ္စည်းဖြင့် ကပ်လှူကြခြင်းကို ဘုရားပွဲဟု ခေါ်ဆိုကြသည်။
ဝါခေါင်လတွင် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက်လည်း ရှိနေပေရာ ဝါခေါင် လပြည့်နေ့တွင် ကျရောက်သော “မေတ္တာအခါတော် နေ့” ဖြစ်သည်။ ၎င်းနေ့ပေါ်ပေါက်လာပုံမှာ သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူစဉ် ရဟန်းပေါင်း ၅၀၀ တို့ ကမ္မဋ္ဌာန်းတရားကို နာယူကြသည်။ ထို့နောက် တရားအားထုတ်ရန် ခရီးထွက်သောအခါ တစ်ယူဇနာဝေးသော သစ်တောမှ သစ်ပင်တစ်ပင်စီအောက်တွင် တရားအားထုတ်ကြ၏။ ရုက္ခစိုးနတ်များမှာ ထိုသစ်ပင်များတွင် နေထိုင်လျက်ရှိပြီး ရဟန်းတို့၏ သီလစွမ်းအားကြောင့် မနေနိုင်တော့ဘဲ လှည့်လည် သွားလာနေထိုင်ကြရသည်။ ရဟန်းများ ကာလကြာမည်ကို ရုက္ခစိုးနတ်တို့သိသောအခါ ကြောက်မက်ရွံရှာဖွယ် အဆင်း၊ အသံ၊ အနံ့တို့ဖြင့် ခြောက်လှန့်ကြရာ ရဟန်းတို့မှာ တရားအားထုတ်၍မရဘဲရှိကြ၏။ ထို့ကြောင့် ဘုရားရှင်ထံပြန်လာပြီး အကြောင်းစုံကို လျှောက်ထားကြရာ မြတ်စွာဘုရားက မေတ္တသုတ်ဒေသနာတော်ကို ဝါခေါင်လပြည့်နေ့တွင် သင်ကြားပေးတော်မူသည်။ ဘုရားရှင်က ရဟန်းတို့နှင့် သင့်လျော်မည့်အရပ်ဒေသကို ကြည့်တော်မူရာ မူလနေရာပင် ဖြစ်နေပေသည်။ ထို့ကြောင့် ၎င်းနေရာသို့ ပြန်သွားစေပြီး မေတ္တသုတ်ရွတ်ပွားကာ တရားအားထုတ်ရန် မှာကြားတော်မူလိုက်၏။ ရဟန်းတို့သည် ဘုရားရှင်မှာကြားလိုက်သည့်အတိုင်း ဆောင်ရွက်ကြသည်။ မေတ္တသုတ်ရွတ်ဖတ်မှုကြောင့် ရုက္ခစိုးနတ်တို့က မနှောင့်ယှက်သည့်အပြင် တံမြက်လှည်းခြင်း၊ သောက်သုံးရေ တည်ခြင်းတို့ကို လုပ်ဆောင်ကြပြီး ဘေးရန်မကျရောက်စေရန် စောင့်ရှောက်ကြ၏။ ရဟန်းတို့သည် ကမ္မဋ္ဌာန်းတရားကို ကောင်းစွာအားထုတ်နိုင်ကြပြီး ဝါမကျွတ်မီအချိန်တွင် အာသဝေါကုန်ခန်းကာ ရဟန္တာအဖြစ်သို့ ရောက်ရှိကြသည်။ ဗုဒ္ဓဘာသာဝင် များသည် မေတ္တာအခါတော်နေ့တွင် ဘုရားကျောင်း ကန်များသို့ သွားရောက်ပြီး ဥပုသ်သီတင်းသီလ ဆောက်တည်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ကြ၏။ ရဟန်းတော်များက စုပေါင်းပြီး မေတ္တသုတ်ဒေသနာ တော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။
မေတ္တသုတ်ဒေသနာတော်
ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်ဒေသနာတော်တွင် လူနတ်ဗြဟ္မာတို့ လိုက်နာရမည့်အချက် ၁၅ ချက်ကို ဟောကြားထားပါသည်။ ၎င်းတို့မှာ “မေတ္တာစိတ်ကို တစိုက်မတ်မတ် စွမ်းနိုင်အောင် ပွားများရပါမည်။ ကိုယ်၊ နှုတ် နှစ်ပါးလုံး ရိုးသားဖြောင့်မတ်ရာတွင် သာမန်မဟုတ်ဘဲ အလွန်ကောင်းစွာ ဖြောင့်မတ်ရပါ မည်။ ဆိုဆုံးမလွယ်သူဖြစ်ပြီး စိတ်ထားမှာ နူးညံ့ သိမ်မွေ့ရပါမည်။ မိမိကိုယ်ကို အထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေးခြင်းဆိုသည့် မာန်မာနမထားရပါ။ ရောင့်ရဲလွယ်တတ်ပြီး အသက်မွေးမှု ပညာရှိရပါမည်။ အမှုကိစ္စတို့နည်းပါးသင့်ပြီး ပေါ့ပါး သောအသက်မွေးမှုရှိရပါမည်။ ငြိမ်သက်သော ဣန္ဒြေရှိပြီး ရင့်ကျက်တည်ငြိမ်သည့် ပညာဉာဏ်လည်းရှိရပါမည်။ ကိုယ်၊ နှုတ်၊ နှလုံး ကြမ်းတမ်း ခြင်းမရှိစေရ။ အမျိုးလေးပါးတို့တွင် တပ်မက်မှုမရှိဘဲ ဒုစရိုက်တို့ကို အနည်းငယ်မျှမပြုကျင့်ရာ”တို့ ဖြစ်ကြ ပါသည်။ မေတ္တသုတ်ရွတ်ဖတ်ပူဇော်မှုနှင့် မေတ္တာ ဓာတ်၏ အကျိုးတရားများနှင့်ပတ်သက်၍ “မေတ္တာ ဂုဏ်ရည်၊ ဆယ့်တစ်လီကား၊ အညီသတ္တာ၊ မလပ်ပါအောင်၊ ခါခါနေ့စဉ်၊ မေတ္တာယှဉ်မူ၊ ကြည်လင်အိပ်ပျော်၊ ထချိန်တော်၍၊ နိုးသော်ရွှင်ရွှင်၊ အိပ်မက် မြင်လည်း၊ အစဉ်ကောင်းစွာ၊ မြင်မက်ရာ၏၊ ပြည်ရွာလူသား၊ နတ်အများလည်း၊ မြင်ကြားသမျှ၊ ချစ်ခင်ကြသဖြင့်၊ ဒေဝထွေထွေ၊ စောင့်ရှောက်လေ၏၊ မီးရေခိုးသူ၊ များရန်သူလည်း၊ မယူမဖျက်၊ မနှောင့်ယှက်တည်း၊ စိတ်ဓာတ်လည်းတည်၊ မျက်နှာ ကြည်၍၊ သေမည်ခါချဉ်း၊ တွေဝေကင်း၏။ မှန်းရင်း ဓမ္မ၊ မဂ်မရလည်း၊ ဈာန်ရလေလစ်၊ ဗြဟ္မာဖြစ်သည်၊ ဆယ့်တစ်မေတ္တာအကျိုးတည်း”ဟူ၍ မဟာဂန္ဓာရုံ ဝတ်ရွတ်စဉ်တွင် ရေးသားထားပါသည်။ မေတ္တာပို့သူ သည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှနိုးထရသည်။ မကောင်းသောအိပ်မက်များ မမြင်မက်ဘဲ လူအများ၏ချစ်ခင်မှုကိုရစေ၏။ ပရလောကသားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက် ကြသည်။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေးတို့ မထိရောက်ပါ။ ကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံပြုမည်ဆိုလျှင် သမာဓိရလွယ်၏။ မေတ္တာစိတ်ကြောင့် မျက်နှာမှာကြည်လင်နေပြီး သေဆုံးခါနီးအချိန်တွင် ချမ်းသာသုခဖြင့် သေဆုံးရပါသည်။ ယခုဘဝတွင် မဂ်ဖိုလ်မရနိုင်လျှင်သော်မျှ မေတ္တာဈာန်ဖြင့် ဗြဟ္မာပြည်ကို ရောက်နိုင်ပါသည်။
မိုးခေါင်ရပ်ဝန်းဖြစ်သော အထက်အညာဒေသ
ဝါခေါင်လကို ကျောက်စာတို့တွင် နံကာလဟုရေးသားခဲ့ရာ “နံ”ဆိုသည်မှာ အချိန်ကာလအပိုင်း အခြားကိုခေါ်ဆိုပြီး “ကာ”ဟူသည်ကား လယ်လုပ်ငန်းကိုခေါ်ဆိုသည်။ ထို့ကြောင့် “လယ်လုပ်ချိန်၊ လယ်ထွန်ချိန်နှင့် သက်ဆိုင်သည့်လ”ဟု အဓိပ္ပာယ်ရသည်။ ထို့ပြင် “ဝါ”ဆိုသည်မှာ ဝါတွင်းကာလကို ခေါ်ဆိုခြင်းဖြစ်ပြီး “ခေါင်”ဆိုသည်မှာ အလယ်(ဗဟို)ဖြစ်ရာ ဝါတွင်းသုံးလ၏အလယ်လဟုလည်း ဆိုကြသည်။ မိုးကောင်းစွာရွာသွန်းသဖြင့် “ဝါဆိုဝါခေါင်ရေဖောင်ဖောင်”ဟုလည်း ပြောကြသည်။ သို့သော် “ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ် ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း”ဟု မုံရွေးဆရာတော်၏ ဆယ့်နှစ်လရာသီမိုးဘွဲ့တွင် ရေးသားခဲ့ရာ မိုးခေါင်ရပ်ဝန်းဖြစ်သော အထက်အညာဒေသကို ဆိုလိုဟန်တူပါသည်။
အချုပ်အားဖြင့်ဆိုရသော် ယနေ့ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်များ၊ စစ်ပွဲများ၊ နိုင်ငံရေးပဋိပက္ခများဖြင့် ကြုံတွေ့နေရပြီး လူသားတို့မှာ စိုးရိမ်ကြောင့်ကြမှုများ ရင်ဆိုင်နေရပါသည်။ ဝေနေယျသတ္တဝါအားလုံး အနှောင့်အယှက် ဘေးအန္တရာယ်ကင်းစင်စေရန် တစ်ဦးချင်းကအစ မေတ္တာဓာတ်လွှမ်းခြုံပေးရန် လိုအပ်နေပေရာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေနှင့်လည်း တိုက်ဆိုင်နေသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ဝါတွင်းကာလ ဥပုသ်သီတင်းစောင့်ထိန်းလျက် ကောင်းမြတ်သော မေတ္တာစိတ်ထားဖြင့် နေထိုင်ကျင့်ကြံကြပါရန် “မေတ္တာထားရာ ဝါခေါင်လချိန်ခါ” ဟူ၍ ရေးသားလိုက်ရပါသည်။ ။
ကိုးကား-
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်။