မြင်ကွင်းနှစ်ခု
အောင်ဇေယျ
28th ASCC ကောင်စီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့တော်တွင်ကျင်းပခဲ့ရာ နိုင်ငံကိုယ်စား တက်ရောက်ခွင့်ရခဲ့သည်။ အိမ်ရှင်အစိုးရသည် ဧည့်ဝတ်ကျေပွန်လှပေ၏။
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များကို ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင်ထားပေးသည်။ ကိုယ်စားလှယ်တိုင်းကို လုံခြုံရေးဝန်ထမ်း တစ်ယောက်၊ ဆက်ဆံရေးဝန်ထမ်း (Lo /Liaison Officer) တစ်ယောက်၊ ဆလွန်းကားနက်တစ်စီးနှင့် ယာဉ်မောင်းပေးထားသည်။
လုံခြုံရေးဝန်ထမ်းမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်သည်။ ယူနီဖောင်းမဝတ်ချေ။ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ဆင်သည်။ လည်ဆွဲပြားနှင့်ဖြစ်သည်။ လက်ကိုင်ဆက်သွယ်ရေးစက်ပါသည်။ သူတာဝန်ယူရသော ကိုယ်စားလှယ်တော်ကြီးကို နံနက်ဟိုတယ်အခန်းထွက်သည်မှ ညပြန်ရောက် ချိန်အထိ တစ်လျှောက်လုံး လိုက်ပါစောင့်ရှောက်သည်။ ဆလွန်းပေါ်တွင် ယာဉ်မောင်းဘေးခုံတွင် ထိုင်၍လိုက်ပါသည်။
Lo ကလေးတွေကတော့ ဘွဲ့ရပြီးသူ၊ ကျောင်းတက်နေသူမိန်းကလေးတွေဖြစ်သည်။ နယ်စုံမှ ရွေးခေါ်ထားပုံရသည်။ စာရေးသူ၏ Lo မှာ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းတည်ရှိရာ ဆီရိယပ်ရိတ်ပြည်နယ်မှဖြစ်သည်။ ဘွဲ့ရပြီးပြီဟု သိရသည်။ တာဝန်ပြီးလျှင် မိဘများရှိရာ ပြည်နယ် သို့ ပြန်မည်ဟုဆိုသည်။ Lo တွေက ငယ်ရွယ်သူ ကလေးတွေဆိုတော့ သွက်လက်ချက်ချာကြသည်။ သူတို့သည် ကိုယ်စားလှယ်၏ ကိုယ်ပွားသဖွယ် အနီးတွင်ရှိနေကြပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။ အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်ကြသည်။ အစည်းအဝေးကိစ္စ၊ အစားအသောက်ကိစ္စ၊ သွားရေးလာရေးကိစ္စ သိလိုသမျှကို သက်ဆိုင်ရာနှင့်ဆက်သွယ်၍ အဖြေပေး နိုင်ကြသည်။ စိတ်စနိုးစနောင့်ဖြစ်စရာ တစ်ခုမျှ မရှိခဲ့ချေ။
အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာသောနေ့တွင် Lo ၏ စေတနာနှင့် သိတတ်ပုံကို တွေ့ခဲ့ရသည်။ ပြတိုက်ထဲတွင် အအေးဓာတ်လုံလုံ လောက်လောက်မရချေ။ မျက်နှာကြက်မှ တွဲလောင်းချထားသည့် ပန်ကာများသာ ဖြည်းဖြည်းချင်းလည်ပတ်နေသည်။ အဖွဲ့ဝင်တွေရော၊ ပြတိုက်လာသူတွေရော လူများသဖြင့် အိုက်စပ်စပ်ရှိသည်။ ဒါကို ကြိုသိထားသော Lo က သူ့သဘောနှင့် သူယူလာသော လက်ကိုင်ပလတ်စတစ်ဓာတ်ခဲသုံး ကော်ပန်ကာငယ်ကလေး ကိုဖွင့်ပေးသည်။ နောက်ကျောဘက်မှာ လေအေးအေး သက်ရောက်စေသည်။ နေရထိုင်ရသက်သာသွားပါသည်။
ကမ္ဘောဒီးယားနိုင်ငံက လူငယ်ကလေးများကို ကောင်းမွန်သောလမ်းကြောင်းပေါ်သို့ တင်ပေးပုံကို ကိုယ်တွေ့ကြုံရသောအခါ စာရေးသူတို့နိုင်ငံကလည်း ထိုကဲ့သို့လုပ်ဆောင်ခဲ့ဖူးသည်ကို အမှတ်ရမိ၏။
သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကပါ။ အလွန်ခမ်းနားကြီးကျယ်သော 27th SEA GAME ကို ကျင်းပခဲ့စဉ်က မြန်မာလူငယ်ကလေးများကို သူ့နေရာနှင့်သူသုံးခဲ့ဖူးပါသည်။ ကျောင်းသူ ကျောင်းသားငယ်ရွယ်သူ လူငယ်ကလေးတွေဖြင့် အက၊ အလှပုံဖော်လှုပ်ရှားမှုပြကွက်တွေကို ရင်သပ်ရှုမောဖွယ် တင်ဆက်ပြသခဲ့ဖူးသည်။ ကျား/မ Lo ကလေးတွေလည်း အများကြီးပါဝင်သည်။ ဘွဲ့ရပြီးသူ၊ ကျောင်းတက်နေသူစုံလင်သည်။ သူတို့ကို နိုင်ငံအလိုက် တာဝန်ခွဲဝေပေးထားသည်။ စာရေးသူသိသော Lo မိန်းကလေးတစ်ယောက်က မလေးရှားနိုင်ငံအသင်းကို ဆက်ဆံရေးတာဝန်ယူရသည်။ သူတို့ကို အားကစားကွင်းထဲက အဆောင်မှာထားသည်။ သူငယ်ချင်းတွေ ဖြစ်လာကြသည်။ ဤစေတနာ့ဝန်ထမ်းတာဝန်ကို ကျေနပ်ကြသည်။ ဂုဏ်ယူကြသည်။ SEA GAME ပြီးတော့ PARA GAME မှာလည်း နိုင်ငံတော်က သူတို့ကိုဆက်သုံး သည်။ ပြိုင်ပွဲတွေပြီးသည့်တိုင်အောင် Lo တွေ တွေ့ဆုံပွဲလုပ်၍ ရင်းရင်းနှီးနှီးရှိလာကြသည်ဟု သူကပြောသည်။ အကြောင်းတစ်ခုကိုပြု၍ စည်းလုံးသောလူငယ်အင်အားစုတစ်ခု ဖြစ်လာသည်ဟု မြင်ပါသည်။ လူငယ်တို့၏ စွမ်းအားကိုကောင်းသောနေရာတွင် အသုံးချခဲ့ပုံ မြင်ကွင်းဖြစ်၏။
ASCC ကောင်စီအစည်းအဝေး၏ နှုတ်ဆက်ညစာစားပွဲတွင် ဆုပေးပွဲသုံးခုပါဝင်သည်။ ASCC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးသည် ပညာရေး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို တာဝန်ယူရသူဖြစ်ရာ အာဆီယံလူငယ်များအတွက် ဖိတ်ခေါ်ပြိုင်ပွဲများပြုလုပ်ခဲ့သည်။ ဓာတ်ပုံပြိုင်ပွဲ၊ ဗီဒီယိုပြိုင်ပွဲနှင့် စကားရည်လုပွဲတို့ဖြစ်သည်။ နိုင်ငံအသီးသီးမှ ဆုရလူငယ်များကို ASCC တာဝန် ရှိသူတို့က ဆုချီးမြှင့်သည်။ အစီအစဉ်နောက်ဆုံးတွင် နိုင်ငံစုံမှဆုရလူငယ်ကလေးတို့က စုပေါင်းသီဆို ကပြကြသည်။ ဇာတ်ခုံပေါ်မှဆင်း၍ ကိုယ်စားလှယ်တော်များ ထိုင်နေရာရှေ့အထိ ရောက်လာကြ သည်။ တပျော်တပါးကြီးဖြစ်သည်။ လက်ခုပ်သံတွေကြားမှ ဆုရနိုင်ငံများ၏ ကိုယ်စားလှယ်တို့မှာ ပျော်မဆုံး မော်မဆုံးရှိကြသည်။ လူငယ်ကလေးတွေက စလိုက်သောအပျော်က ကျန်ကိုယ်စားလှယ် များကိုပင် ကူးစက်သွားလေသည်။
ဤတွင် စာရေးသူ၏ စက္ခုအာရုံထဲတွင် ဒုတိယမြင်ကွင်းတစ်ခုဝင်လာသည်။ တက်လမ်းတလူလူ၊ အညွန့်တဖူးဖူးရှိပါလျက် CRPH, NUG နှင့် NLD အစွန်းရောက်များ၏စနက်ကြောင့် တောထဲရောက် သွားကြသော မြန်မာ (ဗမာ) လူငယ်ကလေးတွေ၊ အာဏာမက်သူအတ္တသမားများနှင့် နိုင်ငံရေး လုပ်စားသူတို့၏ အသုံးချခံရမှုကြောင့် ဘဝပျက်သွားကြရသော နိုင်ငံ၏အရန် အင်အားကလေး တွေ...။ ။