Skip to main content

မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာဆိုင်ရာ ရှေးဟောင်းသုတေသနအထောက်အထားများ

ဒေါက်တာမျိုးညွန့်အောင် (ရှေးဟောင်းသုတေသနပညာ)

(ဩဂုတ် ၁၃ ရက်နေ့မှအဆက်)

စာတိုက်နှင့် ပတ်သက်၍ ကျောက်စာတွင်ဖော်ပြထားသည်မှာ သက္ကရာဇ် ၆၁၀ ခုနှစ် ရေးထိုးထားသော အစေါကြွမ်းကျောက်စာ စာကြောင်းရေ (၄၁) တွင် “စတိုက  ပ္လုသော က္လသောငုယ်ကာ” (စတိုက် ပြုသော ကျသောငွေကား) ဟုရေးထိုးထားပါသည်။ မြန်မာ့ယွန်းထည်လုပ်ငန်းတွင် လူသိများသော မြန်မာ့ပေစာ၊ ပုရပိုက်စာကဏ္ဍတွင် အထူးအရေးပါသော “စာတိုက်” မှာ ပုဂံခေတ်ကာလခန့်ကတည်းက ပေါ်ပေါက်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ပုဂံခေတ်နောက်ပိုင်းကာလတွင် ခေတ်အဆက်ဆက် ပြုလုပ်ခဲ့သော စာတိုက်များကို ယွန်းကောလိပ်ပြတိုက်တွင် လည်းကောင်း၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် လည်းကောင်းနှင့် စလေရှေးဟောင်းသုတေသနပြတိုက်တို့တွင် လည်းကောင်း လေ့လာကြည့်ရှုနိုင်ပါသည်။

မြန်မာ့သစ်သားပန်းပု လက်ရာများအနေဖြင့် ပုဂံခေတ်မှ ရတနာပုံခေတ်တိုင်အောင် သစ်သားဗုဒ္ဓဆင်းတုတော်၊ ဘုရားလောင်းနတ်ရုပ်ပုံ၊ သိကြားပုံ၊ ဗြဟ္မာပုံ၊ ဆင်ပုံ၊ ခြင်္သေ့ပုံ၊ မကန်းပုံနှင့် နဂါးပုံတို့ကို ပုဂံပြတိုက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။ သတ္တ ဌာနခန်းတွင် အထူးထင်ရှားခဲ့သော မုစလိန္ဒာ နဂါးမင်း၏ ပါးပြင်းအောက်တွင် မြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပုံကို အင်းဝခေတ်နှင့် ညောင်ရမ်းခေတ် သစ်သားပန်းပုလက်ရာတို့မှာ ကျွမ်းကျင်ပိုင်နိုင်စွာ ထုလုပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

အင်္ဂတေပန်းတော့လက်ရာများ

မြန်မာ့အင်္ဂတေ ပန်းတော့လက်ရာသည်လည်း မြန်မာ့ရိုးရာပန်း ၁၀ မျိုးအနုပညာတွင် တစ်ခုအပါ အဝင် ဖြစ်ပါသည်။ အခြေခံကုန်ကြမ်းအနေဖြင့် ထုံးနှင့်သဲ၊ နွားနို့နှင့်ကော်တို့ကို အများဆုံးအသုံးပြု ထားပါသည်။ အင်္ဂတေပန်းတော့ လက်ရာမှာ ပုဂံခေတ်မတိုင်မီ ပျူခေတ်ကာလ (ဘီစီ ၂ ရာစု) ခန့်ကတည်းက ပေါ်ပေါက်နေပြီဖြစ်သည်။ အုတ်အဆောက်အအုံနှင့် ကျောက်အဆောက်အအုံတို့ပေါ်တွင် အင်္ဂတေသုတ်လိမ်းပြီး အချို့သာသနိက အဆောက်အအုံများတွင် အင်္ဂတေပန်းများ ပုံဖော်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ အစောဆုံးအင်္ဂတေ ပန်းလက်ရာများကို ပျူခေတ်ယဉ်ကျေးမှု ထွန်းကားသော ဗိဿနိုးမြို့ဟောင်းမှ အစောဆုံးတွေ့ရှိခဲ့ပါသည်။ ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက် များအရ ပျူခေတ်သာသနိက အဆောက်အအုံများ ဖြစ်သည့် စေတီ၊ ဂူဘုရား၊ ဘုန်းကြီးကျောင်းနှင့် နန်းတော်တို့အားလုံးကို အင်္ဂတေသုတ်လိမ်း၍ ထုံးသုတ်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရ ပါသည်။

ပုဂံခေတ်သာသနိက အဆောက်အအုံများတွင် အပြင်ပိုင်းရော အတွင်းပိုင်းပါ အင်္ဂတေသုတ်လိမ်းထားကြောင်း၊ အတွင်းပိုင်းအင်္ဂတေပန်းများပေါ်တွင် ဆေးရောင်စုံရေးခြယ်လေ့ရှိကြောင်း လေ့လာမှတ်သားရပါသည်။ ပုဂံဒေသတွင် ဘုရားစေတီပေါင်း ၄၀၀၀ နီးပါး ကျန်ရှိသည့်အနက် အင်္ဂတေပန်းလက်ရာ ကျန်ရှိသော သာသနိက အဆောက်အအုံပေါင်း ၁၀၀၀ ကျော်ခန့်ကျန်ရှိနေပါသေးသည်။ အေဒီ ၁၃ ရာစုခန့်တွင် တည်ထားခဲ့သော သိကြားပုန်းဘုရားသည် အင်္ဂတေပန်းလက်ရာ အတော်အသင့်ကျန်ရှိပါသေးသည်။ ယင်းဘုရားတွင် အလယ်မဏ္ဍိုင်မပါရှိဘဲ အဓိကဆင်းတုကြီး၏ ညာဘက်တံကဲပေါ်တွင် မူလအင်္ဂတေပန်းလက်ရာများထဲတွင် ရွှေဇဝါယွန်းကဲ့သို့ ရွှေချထားသည့် လက်ရာများ အနည်းငယ်ကျန်သေးသည်ကို ထူးခြားစွာဖြင့် လေ့လာတွေ့ရှိရပါသည်။ ပုဂံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဓာတုဗေဒ ထိန်းသိမ်းရေးဌာနစိတ်မှ ၂၀၁၃ ခုနှစ်တွင် နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရွှေချထားသည့်လက်ရာများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။ နှစ်ကာလကြာ ညောင်းပြီဖြစ်၍ အနည်းငယ်သာကျန်ပါတော့သည်။

အင်္ဂတေပန်း (ပန်းတော့) အတတ်ပညာသည် ပုဂံခေတ်တွင် ကျောက်စာအထောက်အထားနှင့် တကွ တွေ့ရှိနေပြီဖြစ်ပါသည်။ သက္ကရာဇ် ၅၉၈ ခုနှစ် ရေးထိုးသော အမတ်အသဝတ်ဓမ္မာမယား ကျောက်စာတွင် “အင်ကတိယ်ထောင်ခ ပိသည်ပိယ်သောစပါး ၁၂၀”(အင်္ဂတေထောင်းခ ပိသည်ပေးသောစပါး ၁၂ဝ) ဟု ဖော်ပြထားရာ အင်္ဂတေပန်းအတတ် ပညာဆောင်ရွက်ရာတွင် ပုဂံခေတ်ကာလ၌ပိသည် (အင်္ဂတေထောင်းသူ)မှာ အလွန်အရေးကြီးကြောင်း ကျောက်စာအရ သိရှိရပါသည်။ ထို့ပြင် အင်္ဂတေပန်းပုံစံခွက်များဖြင့်လည်း ပုဂံခေတ်တွင် ဆောင်ရွက်လေ့ရှိကြောင်း၊ ပုဂံပြတိုက်တွင် ပြသထားသော ပုဂံခေတ်လက်ရေးစာပါ ကြေးမိုပုံစံခွက် (Bronze Mould)များ တွေ့ရှိခြင်းက သက်သေခံလျက်ရှိ ပါသည်။ စာရေးသူအနေဖြင့် ယူဆသည်မှာ အင်္ဂတေပန်းပုံစံတူ အများအပြားထုတ်လုပ်ရာတွင် အင်္ဂတေပန်းများအတွက် ကြေးမိုပုံစံခွက်များ အသုံးပြုမည်ဟု ယူဆပါသည်။ မြေမီးဖုတ်အုတ်ခွက်အများအပြား ထုတ်လုပ်ရာတွင် ကြေးမိုနှင့် မြေမီးဖုတ်မိုတို့ကို အသုံးပြုခဲ့ကြောင်း လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံတွင် ပုဂံခေတ်အင်္ဂတေပန်း အကောင်းဆုံးကျန်ရှိနေသေးသော ဘုရားအနေဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အနီးရှိ သုံးထပ်ငုံထားသော တမုတ်ရွှေဂူကြီးဘုရားကို ပြသ ရမည်ဖြစ်ပါသည်။ ပုဂံဒေသတွင် မတွေ့နိုင်သော အင်္ဂတေပန်း ငါးရာ့ငါးဆယ်ဇာတ်တော်များနှင့် အင်္ဂတေပန်းပေါ်တွင် ရေးထိုးထားသည့် စာများကို ပုဂံခေတ်မူလလက်ရာများအတိုင်း လေ့လာသုတေ သနပြုနိုင်ပါသည်။ ငါးရာ့ငါးဆယ်ဇာတ်ကွက်မှာ ဘုရား၏ အရွယ်အစားအနေအထားအရ အပြည့်မရှိဘဲ (၁၈၀) ဇာတ်ကွက်သာ ဖော်ပြထားပါသည်။ ၎င်းဘုရားပေါ်၌ နဂါးသုံးကောင်ပေါ်တွင် ဂဠုန်နင်းထားသည့် ဟန်အရုပ်မှာ အင်မတန်လက်ရာမြောက်လှပါသည်။ မြန်မာ့ကညစ် ယွန်းအတတ်ပညာတွင် ထည့်သုံးပါက အလွန်လှပသော ကညစ်ထိုးယွန်းထည်တစ်ခု ဖြစ်မည်ဟု ယူဆရပါသည်။

ကျောက်ဆစ်ပန်းတမော့ လက်ရာများ

ကျောက်ဆစ်ပန်းတမော့ အတတ်ပညာရှင်တို့မှာ မြန်မာနိုင်ငံတွင် ပျူခေတ်ကာလခန့်ကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ကျောက်လက်နက်လုပ်သည့် အတတ်ပညာမှာ ကျောက်ခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သော ကျောက်ခေတ်ဦးကာလခန့်ကတည်းက တတ်မြောက်နေပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ မိမိတို့ ပုဂံသားတွေအနေဖြင့် ဂုဏ်ယူရမည့် အချက်မှာ ရှေးဟောင်းသုတေသနပညာရှင်များ၏ တူးဖော်တွေ့ရှိမှုအရ ကျောက်ခေတ်ယဉ်ကျေးမှု ထွန်းကားသော ကာလများဖြစ်သည့် ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်ကာလ တို့ကို ပုဂံဒေသတစ်နေရာတည်းတွင် လေ့လာဖော်ထုတ်နိုင်ခဲ့သည့်အတွက် အင်မတန်ဂုဏ်ယူရမည့် အချက်တစ်ခုဖြစ်ပါသည်။

ပုဂံတွင် ဗုဒ္ဓသာသနိက အဆောက်အအုံများကို အုတ်ဖြင့်သာ တည်ဆောက်လေ့ရှိပြီး ကျောက်ဖြင့် တည်ဆောက်သော အဆောက်အအုံများ အလွန်နည်းပါးပါသည်။ ပုဂံဒေသတွင် ကျောက်ဆစ် ပန်းတမော့လက်ရာဖြင့် တည်ဆောက်ထားသော ကျောက်အဆောက်အအုံ ကိုးခုသာ ရှိပါသည်။ ကျောက်ထည်ဝတ္ထုပစ္စည်းများအနေဖြင့် ကျောက်ဗုဒ္ဓဆင်းတုတော်၊ ကျောက်ဘုရားလောင်းနတ်ရုပ်၊ ကျောက်စာ၊ ကျောက်ရေတလျှောက်၊ ကျောက်တံခါးစောင့်နတ်ရုပ်၊ ကျောက်ဇာပေါက်ပြတင်း၊ တိုင်အောက်ခံကျောက်ခွက်၊ ကြာမှောက်ကြာလန်ပန်းပါကြာပလ္လင်၊ တံခါးခုံကျောက်တို့ကို ပုဂံတွင်အများအပြား တွေ့ရှိခဲ့ပါသည်။ ယင်းကျောက်ထည်ဝတ္ထု ပစ္စည်းများထဲတွင် သရိုးပန်းယွန်းထည်အတွက် အသုံးပြုဖွယ်ရှိသော ပုဂံခေတ်ပန်းဒီဇိုင်းပုံစံခွက်ပြုလုပ်ထားသော သရိုးပန်းကျောက်မို (Stone Mould) နှစ်ခုအနက် ကျောက်မိုတစ်ခုကို ၂၀၀၃ ခုနှစ်တွင် အနော်ရထာမင်းနန်းတော်ရာ တူးဖော်မှုမှ တွေ့ရှိခဲ့ပြီး အခြားကျောက်မိုတစ်ခုကိုလည်း ပုဂံဒေသမှပင် ရရှိခဲ့သဖြင့် ပုဂံပြတိုက်တွင် သိမ်းဆည်းထားပါသည်။ အထက်တွင်ဖော်ပြခဲ့သော ပန်းချီ၊ ပန်းပုနှင့် ပန်းတော့လက်ရာများကဲ့သို့ ပုဂံခေတ် ကျောက်ဆစ်ပန်းတမော့လက်ရာများပေါ်တွင် မူလက ဆေးရေးသည့်အလေ့အထရှိပါသည်။ ဥပမာအားဖြင့် ပုဂံဒေသတွင် ထင်ရှားသော နန်းဘုရားနှင့် ကျောက်ဂူဥမင်တို့တွင် လေ့လာတွေ့ရှိနိုင်ပါသည်။ ကျောက်ဂူဥမင်၊ နဂါးရုံ၊ အပါယ်ရတနာ၊ မြင်းကပါ ဂူပြောက်ကြီးဘုရားတို့မှ ရရှိသော ပုဂံခေတ် သဲကျောက်ဗုဒ္ဓဆင်းတုတော်တို့တွင်လည်း မူလဆေးရောင်များရှိကြောင်း တွေ့ရှိနိုင်ပါသည်။ အခြားကျောက်ထည်ဝတ္ထုပစ္စည်းများကိုလည်း ပိုမိုလှပစေရန် ရည်ရွယ်၍ ဆေးခြယ်ခဲ့မည်ဟု ယူဆပါသည်။ အချို့ပန်းတမော့လက်ရာများမှာ နှစ်ကာလ ကြာညောင်းပြီဖြစ်သောကြောင့် မူလဆေးရောင်များကို မတွေ့ရခြင်းဖြစ်ပါသည်။

လောကနန္ဒာဘုရားရင်ပြင်တော်မှ တွေ့ရှိသော ပုဂံခေတ်ဗုဒ္ဓကျောက်ခြေတော်ရာတွင် အမှတ်စဉ်(၆)၌ ဖော်ပြထားသည့် ထမင်းပွဲပုံမှာ ယခုခေတ် ဘုန်းကြီးကျောင်းများတွင် အသုံးပြုသည့် ယွန်းဆွမ်းအုပ်တို့နှင့် ဆင်တူပါသည်။ ယင်းထမင်းပွဲကို ခြေထောက်သုံးချောင်းထောက်ဖြင့် အနုပညာမြောက်စွာ ပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။

ပုဂံခေတ် နံရံဆေးရေးပန်းချီတွင်လည်း ဗုဒ္ဓ၏ခြေတော်ရာပုံများကို ယွန်းထည်လုပ်ငန်းတွင် အသုံးပြုရန်အတွက် လေ့လာသုတေသနပြုနိုင်ပါသည်။

မြန်မာ့ပန်းထိမ်အတတ်ပညာ

မြန်မာ့ပန်းထိမ်လုပ်ငန်း အတတ်ပညာကို ပျူခေတ်ကာလကတည်းက ကျွမ်းကျင်တတ်မြောက် ခဲ့ပါသည်။ ပျူခေတ်ပန်းထိမ်ဆရာတို့သည် ပုဂံခေတ်ပန်းထိမ်ဆရာတို့ထက် ပိုမို၍ ကျွမ်းကျင်ကြသည်ဟု ဆရာကြီးလုစ်က ချီးမွမ်းခဲ့ဖူးပါသည်။ ပျူခေတ်တွင် ရွှေဗုဒ္ဓဆင်းတု၊ ရွှေဘုရားလောင်း ရုပ်တု၊ ရွှေနယားလက်ကောက်၊ ရွှေလက်စွပ်၊ ရွှေနားကပ်နှင့် ရွှေဆွဲကြိုးတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ပုဂံခေတ် ပန်းထိမ်အတတ်ပညာသည် စာပေအထောက်အထားနှင့်တကွ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်ကို လေ့လာမှတ်သားရပါသည်။ ပုဂံခေတ်က ရွှေကို(ရှုယ်)ဟု ရေးလေ့ရှိပြီး ငွေကို(ငုယ်)ဟု ရေးလေ့ရှိပါသည်။ ဘုရား၏ အထွတ်ပိုင်းကို ကြေးပြားခံ၍ ရွှေချလေ့ရှိပါသည်။ ကျောက်စာတွင် “ရွှေအထွတ်မူသောဂူပြု၏” စသည်ဖြင့် အမြဲရေးလေ့ရှိပါသည်။ ပုဂံခေတ်တွင် ကျောက်စာများအရ ရွှေရည်ဖြင့် ရေးခြင်းနှင့် ရိုးရိုးရွှေချခြင်း နှစ်မျိုးရှိနိုင်ပါသည်။

သက္ကရာဇ် ၅၉၈ ခုနှစ်တွင် ရေးထိုးသော အမတ်အသဝတ်ဓမ္မာမယား ကျောက်စာတွင် ဖော်ပြထားသည်မှာ နန်းရေးသော ရွှေနှစ်ကျပ်သားဟု ဖော်ပြထားသည်။ ယွန်းပညာရှင်တို့ ထင်မြင်ယူဆချက်အရ ပုဂံခေတ်က ရွှေချခြင်းအတတ်ပညာတွင် ဟင်္သပြဒါးနှင့် ဆေးဒန်းတို့အပြင် သစ်စေးကို အသုံးပြုနိုင်ဖွယ်ရှိကြောင်း ယူဆကြပါသည်။ ပုဂံခေတ်တွင် ရွှေသားဖြင့်ပြုလုပ်သည့် ဗုဒ္ဓဆင်းတုတော်နှင့် ငွေသားဖြင့်ပြုလုပ်သော ဗုဒ္ဓဆင်းတုတော်များကို ပြုလုပ်လေ့ရှိပါသည်။ ရွှေဖောင်းကြွဆင်းတုတော်နှင့် ငွေဖောင်းကြွဆင်းတုတော်များလည်း ပြုလုပ်လေ့ရှိသည်။ ရွှေသားဖြင့် ပြုလုပ်သောရွှေဆင်းတုများတွင်လည်းကောင်း၊ ငွေဆင်းတုများတွင် လည်းကောင်း ဆင်းတုတော်များကို အခေါင်းပြုလုပ်လေ့ရှိပြီး ဆင်းတုအတွင်းမှ ချိပ်ခံလေ့ရှိပါသည်။ ပုဂံဒေသရှိ မြေဘုံသာဘုရားအနီး ဘုရားအမှတ် (၁၅၁၅)တွင် လည်းကောင်း၊ အာနန္ဒာဘုရား မြောက်ဘက်ရှိ စောမင်းလတ်ဘုရားတွင် လည်းကောင်း၊ ရွှေဆင်းတုနှင့် ငွေဆင်းတုတော်တို့ကို တွေ့ရှိခဲ့ပါသည်။ ၁၉၇၅ ခုနှစ် ပုဂံဒေသတွင် ငလျင် အကြီးအကျယ် လှုပ်ခတ်စဉ်က အာနန္ဒာဘုရား၏ ကွမ်းတောင်အတွင်းမှ ရွှေဖောင်းကြွ၊ ငွေဖောင်းကြွ ဘုရားများ မြောက်မြားစွာ ဌာပနာခဲ့သည်ကို တွေ့ရှိရသည်။

ယင်းရွှေဖောင်းကြွ၊ ငွေဖောင်းကြွဘုရားများမှာ မူလပုဂံခေတ်လက်ရာများဖြစ်ကြပြီး ဖောင်းကြွ ဘုရားများအောက်တွင် ချိပ်ခံ၍ ဆောင်ရွက်ခဲ့ကြောင်း၊ နမူနာအနေဖြင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။ ပုဂံခေတ်တွင် ရွှေ၊ ငွေ၊ ကြေး၊ ခဲဖြူ၊ ခဲမည်း ပါဝင်ရောစပ်ထား သော ပဉ္စလောဟာ ဗုဒ္ဓဆင်းတုတော်များကိုလည်း ပြုလုပ်လေ့ရှိပါသည်။ အစဉ်အလာအားဖြင့် ပြောခဲ့ သည်မှာ အာနန္ဒာဘုရား၏ အနောက်ဘက်မုခ်ရှိ မူလဆင်းတုတော်ကြီးမှာ ပဉ္စလောဟာဆင်းတုတော် ကြီးဖြစ်ကြောင်း သိရှိရပါသည်။ အင်းဝခေတ်လောက်က မူလဆင်းတုတော်ကြီးမှာ ဖိုကျင်ထိုးခံရပြီး ပျက်စီးသွားခဲ့ပြီးနောက် ကျွန်းသားဖြင့် ပြုလုပ်သော သစ်သားဆင်းတုတော်ကို အစားထိုးခဲ့ပြီး မူလ လက်ရာအနေဖြင့် အောက်ခြေကြာမောက် ကြာလန်ပိုင်းသာ ကျန်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ပုဂံခေတ်ကျောက်စာများအရ အထွတ်ပိုင်းကို ကြေးပြားခံပြီး ရွှေချလေ့ရှိပါသည်။ ရွှေဗုဒ္ဓဆင်းတုတော်၊ ရွှေပလ္လင်နှင့် ကျောက်ဖြူပြု၍ ရွှေချခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါသည်။ အချို့ဘုရားများတွင် ရွှေထီးတင်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ကျောက်စာအရ သိရှိရပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာတို့သည် ရှေးဟောင်းသုတေသန ဆိုင်ရာ ကျောက်စာ၊ မြန်မာ့ရာဇဝင် အထောက်အထားများအရ လည်းကောင်း၊ တူးဖော်မှုအရလည်းကောင်း၊ ပျူခေတ်နှင့် ပုဂံခေတ်ကာလကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ပန်း ၁၀ မျိုးတွင် ပါဝင်သည့် အချို့လက်မှုပညာတို့မှာ ပျူခေတ်ကာလခန့်ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီဖြစ်ပြီး အချို့ လက်မှုအနုပညာဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့နှင့် ပန်းထိမ်အတတ်ပညာတို့မှာ ပုဂံခေတ်မြန်မာ့စာပေတို့တွင် ထင်ထင်ရှားရှား ဖော်ပြ ထားခဲ့ပြီး အထူးကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ပါသည်။ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး အတတ်ပညာတွင် ပါဝင် သော ပန်းယွန်းအနုပညာနှင့်ပတ်သက်၍ ပုဂံခေတ် ရှေးဟောင်းမြန်မာ့စာပေတို့တွင် ဖော်ပြထားသည်မှာ သစ်စေး(သေစ်ဆိ)၊ ဒေါင်းလန်း၊ ဆေး(ဆိယ်)ဘုရား၊ ဆေးဒန်း၊ ဟင်္သပြဒါး၊ ဆုန်းနှင့် ချိပ်တို့ အသုံးပြုမှုကိုလည်း ရှာဖွေဖော်ထုတ်တင်ပြနိုင်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာ့ယွန်းထည်လုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ယွန်းထည်ဆိုင်ရာ အတတ်ပညာရှင်များအား လူမှုစီးပွားဘဝမြှင့်တင်ရန် အထူး လိုအပ်လှပေသည်။ ယွန်းထည်လုပ်ငန်းဆောင်ရွက်ရာတွင် အဓိကအသုံးပြုနေသော ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဝါး၊ သစ်သား၊ သစ်စေး၊ ဆေးဒန်းနှင့် ဟင်္သပြဒါး ထုတ်လုပ်မှုတို့ကိုလည်း ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် အထူးအားပေး၍ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ မြန်မာ့ယွန်းထည်လုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော သုတေသနပြုလုပ်ငန်းများနှင့်အတူ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ရှာဖွေဖော်ထုတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ကျမ်းကိုးစာရင်း

၁။      ငြိမ်းမောင်၊ ဦး၊ ရှေးဟောင်းမြန်မာကျောက်စာ များ (ပထမတွဲ)၊ (ဒုတိယတွဲ)၊ (တတိယတွဲ)။

၂။       မြ၊ ဦး၊ သီရိပျံချီ၊ အုတ်ခွက်ရုပ်ပွားဆင်းတုတော်များအကြောင်း (ပထမတွဲ)။

၃။      မြတ်ကျော်၊ ဦး၊ ပုဂံခေတ်ကျောက်စာ အဘိဓာန်။

၄။      ချစ်သိန်း၊ ဦး၊ ရှေးဟောင်းမွန်ကျောက်စာ ပေါင်းချုပ်။

၅။      ကိုကိုနိုင်၊ ရာမည၊ အမွေခံထိုက်သော မြန်မာ့ ပန်းပုပညာ။

၆။      အောင်ကြိုင်၊ မင်းဘူး၊ ပုဂံခေတ် ဗိသုကာ လက်ရာများ။

၇။      အောင်ကြိုင်၊ မင်းဘူး၊ မြတ်ဘုရား ရွှေစည်းခုံ လက်ရာစုံ။

၈။      အောင်ကြိုင်၊ မင်းဘူး၊ ခေတ်အဆက်ဆက် မြန်မာ့ပန်းချီများ။

၉။      အောင်ကြိုင်၊ မင်းဘူး၊ လက်ရာစုံစွာ အာနန္ဒာ။

၁၀။    အောင်သော်၊ ဦး၊ မြင့်အောင်၊ ဦး၊ စိန်မောင်ဦး၊ ဦး၊ သန်းဆွေ၊ ဦး၊ မြန်မာ့ရှေးဟောင်းမြို့တော်များ။

၁၁။    မောင်လင်း၊ ဦး၊ ရှေးဟောင်းအမွေအနှစ်နှင့် ကျောက်စာ၊ စာပေတို့မှ မြန်မာ့ယွန်းပညာ။

၁၂။     မြင့်အောင်၊ ဦး၊ ဟန်လင်းကွင်းဆင်းသုတေသန။

၁၃။    Aung Thaw, U , 1972. Historical Sites in Burma.