အကျပ်ရိုက်မှုအခြေအနေမျိုးမှ ရုန်းထွက်နိုင်ဖို့ဆိုရာဝယ် …..
မောင်မောင်လင်း
(ယမန်နေ့မှအဆက်)
မိုဒယ်အသုံးချမှုဥပမာများ
Prisoner’s Dilemma ကို နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ကဏ္ဍနယ်ပယ်စုံနဲ့ဆက်စပ်ပြီး လေ့လာနိုင်ပါတယ်-
(က) နိုင်ငံရေး။ နိုင်ငံကြီးနှစ်နိုင်ငံက အပြိုင်အဆိုင်လက်နက်တပ်ဆင်ဖို့ စီစဉ်နေတယ်။ နှစ်နိုင်ငံလုံးက လက်နက်တွေကို လျှော့ချတာက အကောင်းဆုံးဖြစ်ပေမယ့် တစ်နိုင်ငံတည်းက လက်နက်လျှော့ချမိသွားပြီး နောက်တစ်နိုင်ငံက လက်နက်ထပ်တိုးလိုက်ရင် အဲဒီနိုင်ငံ အကျိုးအမြတ် ရသွားမယ်ဆိုတဲ့ ယုံကြည်မှုပျက်ပြားမှုကြောင့် တစ်နိုင်ငံချင်းစီက လက်နက်ထပ်တိုး တပ်ဆင်လေ့ရှိပါတယ်။
(ခ) စီးပွားရေး။ Coca-Cola နဲ့ Pepsi လို အပြိုင်အဆိုင်ကုမ္ပဏီတွေဟာ စျေးနှုန်းသတ်မှတ်တဲ့အခါ Prisoner’s Dilemma ကို ကြုံတွေ့နိုင်ပါတယ်။ အကောင်းဆုံး အကျိုးအမြတ်ရရှိဖို့ဆိုရင် နှစ်ဖက်လုံးက အမြင့်ဆုံးစျေးနှုန်း သတ်မှတ်ရပါမယ်။ ဒါပေမဲ့ တစ်ဖက်ကအနိမ့်စျေး သတ်မှတ်လိုက်ပြီး များများရောင်းချနိုင်ခဲ့ရင် အဲဒီကုမ္ပဏီအတွက်အမြတ် ထွက်သွားမယ်။ တစ်ဖက်ကုမ္ပဏီရဲ့ အကျိုးအမြတ်လျော့နည်းမှုဖြစ်ပေါ် နိုင်ပါတယ်။
(ဂ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး။ နိုင်ငံပေါင်းများစွာဟာ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချဖို့ သဘော တူညီချက်စာချုပ်ထားပါတယ်။ နှစ်နိုင်ငံလုံး ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခဲ့ရင် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိမယ်။ ဒါပေမဲ့တစ်နိုင်ငံကပဲလျှော့ချပြီး နောက်တစ်နိုင်ငံက ထပ်တိုးထုတ်ခဲ့ရင် အဲဒီနိုင်ငံပဲ စီးပွားရေးကောင်းမွန်နိုင်မှာဖြစ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်စေနိုင်ပါတယ်။
(ဃ) နည်းပညာတီထွင်မှု။ ကုမ္ပဏီနှစ်ခုလုံးက နည်းပညာတီထွင်မှုအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိပါမယ်။ ဒါပေမဲ့တစ်ဖက်က နောက်တစ်ဖက်ရဲ့ နည်းပညာကို ခိုးယူခဲ့မယ်ဆိုရင်တော့ နှစ်ဖက်လုံး ဆုံးရှုံးပါမယ်။
(င) အားကစား။ အားကစားပြိုင်ပွဲတွေမှာ အားကစားသမားတွေ စွမ်းရည်မြှင့်တင်နိုင်ဖို့ တားမြစ်ဆေးအသုံးပြုတာကို ကန့်သတ်တာမျိုးမှာလည်း Prisoner’s Dilemma ကို ကြုံတွေ့နိုင်ပါတယ်။ တစ်ဦးကသုံးခဲ့ရင်ဆိုတဲ့ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုပျက်ပြားပြီး နှစ်ဦးလုံး သုံးစွဲကြတာမျိုး ဖြစ်စေနိုင်ပါတယ်။
(စ) လူမှုဆက်ဆံရေး။ လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး လူမှုဆက်ဆံရေးကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြား ယုံကြည်မှုမရှိခဲ့ရင် အပြန်အလှန် အပြစ် တင်နေတာမျိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပျက်စီးနိုင်ပါတယ်။ ဥပမာအားဖြင့် မိတ်ဆွေနှစ်ဦးအကြား တစ်ဦး နဲ့တစ်ဦး အကူအညီပေးခဲ့ရင် နှစ်ဦးလုံး အကျိုးရှိပါမယ်။ဒါပေမဲ့တစ်ဦးက နောက်တစ်ဦးကို လိမ်လည်ခဲ့ရင် နှစ်ဦးလုံးအကျိုးပျက်မှာ ဖြစ်ပါတယ်။ အိမ်ထောင်သည်နှစ်ဦးအနေနဲ့လည်း တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှသာ သာယာ ချမ်းမြေ့တဲ့ မိသားစုတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ ဥပမာတွေသာမက အွန်လိုင်းလုံခြုံရေးအတွက် အွန်လိုင်းအသုံးပြုသူ အားလုံးကလုံခြုံရေးကို ဂရုပြုဖို့လိုအပ်ပြီး အဖွဲ့အစည်းတစ်ခုမှာ တစ်ဦးတစ်ယောက်က အွန်လိုင်း လုံခြုံရေးဂရုမပြုမိတာကြောင့် လုံခြုံရေးစနစ်ကြီး တစ်ခုလုံးပြဿနာဖြစ်ပေါ်နိုင်တာမျိုး၊ တစ်ဦး တစ်ယောက်ရဲ့ သတင်းအမှားဖြန့်ချိမှုကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းမှုထိခိုက်နိုင်တာမျိုး၊ ကျောင်းသားတွေ အဖွဲ့လိုက်လုပ်ငန်းလုပ်ဆောင်ရာမှာ ကြိုးကြိုးစားစားမလုပ်တဲ့တစ်ယောက် ကြောင့် တစ်ဖွဲ့လုံး အခက်အခဲဖြစ်သွားတာမျိုးတွေဟာလည်း အကျဉ်းသား၏ အကျပ်ရိုက်မှုမိုဒယ်နဲ့ ဆက်စပ်မှုရှိတဲ့လက်တွေ့ဘဝနယ်ပယ်က ဥပမာအချို့ပဲ ဖြစ်ပါတယ်။
အဲဒီဥပမာတွေကို လေ့လာခြင်းအားဖြင့် အကျဉ်းသား၏ အကျပ်ရိုက်မှုမိုဒယ်ကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။ ဒီမိုဒယ်ကို နားလည်ခြင်းဖြင့် ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။
အကျိုး၊ အပြစ်နှင့် ကန့်သတ်ချက်များ
ဒီမိုဒယ်မှာ အားသာချက်များစွာရှိသလိုပဲ ကန့်သတ်ချက်နဲ့ အပြစ်အနာအဆာတွေလည်း ရှိနေပါတယ်-
(က) အကျိုး။ လူသားတွေဟာ ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး ဆုံးဖြတ်ချက် ချလေ့ရှိကြတယ်ဆိုတာကို သဘော ပေါက်စေပါတယ်။ မိမိတစ်ဦး တစ်ယောက်တည်းရဲ့ အကျိုးစီးပွားကို အဓိကထားလိုက်တဲ့ အခါမျိုးမှာ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြယ်နိုင် တယ်ဆိုတာကို သဘောပေါက်စေပါတယ်။ ဒီမိုဒယ်ကို အသုံးပြုပြီး စီးပွားရေးယှဉ်ပြိုင်မှု၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် လူမှုရေးပြဿနာတွေကို နားလည်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
(ခ) ကန့်သတ်ချက်နှင့်အပြစ်။ အလွန် ရိုးရှင်းတဲ့ အခြေအနေမျိုးအတွက်ပဲ ဖြစ်နေပါတယ်။ လူသားတွေရဲ့ ဆုံးဖြတ် ချက်ချမှုကို ယုတ္တိဗေဒအပေါ်သာ မူတည်တယ်လို့ မှတ်ယူထားပြီး ယုံကြည်မှု၊ စိတ်ခံစားမှု၊ လူမှုရေး ဆက်ဆံရေးစတဲ့ အခြားသောအချက်အလက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ လက်တွေ့ဘဝမှာ လူသားတွေဟာ ပိုမိုရှုပ်ထွေးတဲ့အခြေအနေတွေကို ရင်ဆိုင် ဆုံးဖြတ်ချက်ချရတာမျိုးတွေ ရှိနိုင်ပါတယ်။ လူတိုင်းက ကိုယ်ကျိုး စီးပွားကိုသာ ရှေ့တန်းတင်ပြီး ဆုံးဖြတ်မယ်လို့ အမြဲတမ်းသတ်မှတ်လို့မရနိုင် ပါ။ ပြန်လည်ပေးဆပ်မှု၊ ကောင်းမွန်သော ဆက်ဆံရေး၊ လူမှုရေးဖိအားစတဲ့ အခြားသော အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားမှသာ လက်တွေ့ဘဝနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။
အကျဉ်းသား၏ အကျပ်ရိုက်မှုမိုဒယ်ဟာ လူသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝရှင်းပြနိုင်ပေမယ့်လည်း လူသားတွေရဲ့ စိတ်ခံစားချက်၊ ယုံကြည်မှု၊ ဆင်ခြင်တွေးခေါ်မှုစတဲ့အခြား သောအချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိသေးမှုအပေါ် ဒီလိုဆန်းစစ်တွေ့ရှိပါတယ် -
“ရဲဘော်ရဲဘက်စိတ်ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရတဲ့ တပ်မတော် သို့မဟုတ် ရဲတပ်ဖွဲ့လို အဖွဲ့အစည်းမျိုးမှာ တာဝန်ထမ်းဆောင် သူတွေကတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းရဲ့ သစ္စာရှိမှုအပေါ် ယုံကြည်စိတ်နဲ့ “နှစ်ဦးလုံး နှုတ်ဆိတ်နေမယ်”၊ တစ်ဖက်သားအပေါ် စာနာစိတ်ရှိပြီး ကိုယ့်ကြောင့် တစ်ဖက်သား မနစ်နာစေ လိုသူတွေ၊ လုပ်ရဲရင်ခံရဲရမယ်ဆိုတဲ့သူတွေကတော့ “တစ်ပါးသူကို အပြစ်ပုံမချ ကိုယ်တိုင်အတွက် အပြစ်ကို ဝန်ခံလိုက်မယ်”၊ မိမိအကျိုးထိခိုက်နစ်နာမှာကို စိုးစဉ်းမျှမလိုလားသူတွေကသာ “အစိုးရသက်သေလုပ်မယ်” ဆိုတဲ့လမ်းကြောင်းကို ရွေးချယ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ နှစ်ဦးလုံးက အဲဒီလမ်းကြောင်းကို ရွေးချယ်မိရာက အပြန်အလှန် ဝန်ခံချက်နဲ့ နှစ်ယောက်လုံး ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့အခြေအနေလည်း ဖြစ်နိုင်ပါတယ်။
အချုပ်အားဖြင့် အကျဉ်းသား၏ အကျပ်ရိုက်မှု မိုဒယ်ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေအကြား နှစ်ဦးနှစ်ဖက်ယှဉ်ပြိုင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ဆောင်ရတဲ့ အခါမျိုးမှာ တင်းမာမှုတွေကို နားလည်သဘောပေါက် ရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်တတ်ဖို့တိုက်တွန်း ပေးလိုခြင်းဖြစ်ပါတယ်။ ဒီမိုဒယ်ဟာ လူမှုသိပ္ပံ၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ ကွဲပြားခြားနားသောကဏ္ဍ တွေမှာ လူတစ်ဦးချင်းစီတိုင်းဟာ ကိုယ့်အကျိုးစီးပွားကို အများဆုံးရရှိဖို့ ကြိုးစားတဲ့အခြေအနေမျိုးမှာ မည်သို့မည်ပုံ ဆုံးဖြတ်ချက်ချလေ့ရှိတယ် ဆိုတာကို ရှင်းပြပေးတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ဒီမိုဒယ်က လူ့အဖွဲ့အစည်းမှာ လူတွေအကြားက ဆက်ဆံရေးတွေကို ပိုပြီးနားလည်ဖို့ ကူညီပေးနိုင်တာကြောင့် ဒါကိုနားလည်ထားရင် ကျွန်တော်တို့ဟာ ပိုပြီးဉာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းက ကိုယ့်အတွက် အကောင်းဆုံးဆိုတာကိုပဲ ရွေးချယ်မယ်ဆိုတာကို မမေ့သင့်သလို လူတစ်ယောက်ချင်းစီမှာ စိတ်ခံစားချက်၊ ယုံကြည်မှု၊ ဆင်ခြင်တွေးခေါ်မှုစတဲ့ အခြားသောအချက်တွေလည်း ရှိနိုင်ပါတယ်။ ဒီအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။
ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးအချက် တစ်ချက်ကတော့ ဒီမိုဒယ်အရ လူနှစ်ဦးဟာတစ်ဦးနဲ့ တစ်ဦးအကြား ဆက်သွယ်ဆက်ဆံမှုမရှိဘဲ သီးခြားစီဖြစ်နေချိန်မှာ ဆုံးဖြတ်ချက်ချရတဲ့အခြေ အနေမျိုးဖြစ်ပါတယ်။ အကယ်၍များ နှစ်ဖက်အကြား ထိတွေ့ဆက်သွယ်ခွင့်ရှိခဲ့ရင် ဆွေးနွေးညှိနှိုင်း စကားဝိုင်းတွေကနေတစ်ဆင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အကျဉ်းသား၏ အကျပ်ရိုက်မှုအခြေအနေမျိုးမှ ရုန်းထွက်နိုင်မှာဖြစ်ပါကြောင်း တိုက်တွန်း အပ်ပါတယ်ခင်ဗျား။ ။