ကိုယ့်မြို့ကိုယ့်ရွာတည်ငြိမ်အေးချမ်းဖို့ရာ ကိုယ့်ဝန်တာ
ငြိမ်းချမ်းအောင်
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် EAO အဖွဲ့အချို့သည် အခွင့်ကောင်းအဖြစ် ယူဆ၍ တစ်ချိန်တစ်ခါက လက်ကိုင်ထားခဲ့သည့် တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း ဖော်ဆောင်လာခဲ့ကြသည်။
လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီအစိုးရ ခေတ်ကာလမှာပင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲကိုယ်စီဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကာ တောခိုသူပုန်ထခဲ့ကြသော EAO အဖွဲ့အချို့သည် ယခုအကြိမ်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီအရေးဟု ကြွေးကြော်၍ ၎င်းတို့၏အကျိုးစီးပွားအလို့ငှာ တိုက်ကွက်များဖော်ဆောင်လာခဲ့ကြသည်။ နယ်စပ်ဒေသများရှိ တပ်မတော်၏ လုံခြုံရေးတပ်စခန်းများနှင့် မြို့ရွာအချို့ကို အင်အားသုံး စတင်တိုက်ခိုက်လာခဲ့ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တော်လှန်ရေးဟုဆိုခဲ့ကြသူ သောင်းကျန်းသူများက ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေများရှိ အစိုးရအခြေခံအဆောက်အအုံများ၊ လူမျိုးရေးနှင့် ဘာသာရေးအထိမ်းအမှတ် အဆောက်အအုံများအား စက်ယန္တရားများအသုံးပြု၍ မြေလှန်ဖျက်ဆီးခြင်း၊ ဗမာနှင့်အခြားတိုင်းရင်းသားများအားဖမ်းဆီး၍ နှင်ထုတ်ခြင်း၊ ဒေသခံပြည်သူများကိုခြိမ်းခြောက်၍ လူငယ်များ၊ ကလေးငယ်များကို အဓမ္မစစ်မှုထမ်းစေပြီး အတင်းအဓမ္မတိုက်ပွဲဝင်စေခိုင်းခြင်း စသည်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များစွာကိုလုပ်ဆောင်လာခဲ့ကြရာမှ ဒေသခံပြည်သူအများစုသည် မိမိတို့၏အိုးအိမ်များကိုစွန့်ခွာ၍ တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများသို့ သွားရောက်ခိုလှုံကြရတော့သည်။
ထို့အပြင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်နှယ် အကြမ်းဖက်သောင်းကျန်းသူများနှင့် မသမာသူများက တိုက်ပွဲရှောင်ပြည်သူများထံမှ အဖိုးတန်ရွှေငွေပစ္စည်းများလုယက်ခြင်း၊ ကျန်ရှိခဲ့သည့် အိုးအိမ်တိုက်တာ အဆောက်အအုံများမှ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးဝှက်ခြင်း၊ နေ့လယ်နေ့ခင်းအချိန်မှာပင် အုပ်စုလိုက် ပြောင်ပြောင်တင်းတင်း ဝင်ရောက်လုယက်ယူငင်ခြင်းများပြုလုပ်ခဲ့ကြရာ တိုက်ပွဲရှောင် ဒေသခံပြည်သူများမှာ ဒုက္ခပင်လယ်ဝေခဲ့ကြရလေသည်။
လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု
ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းတံတားမှစပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း ဖျက်ဆီးခဲ့ပြန်၍ နိုင်ငံသားများ၏ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလုံခြုံချောမွေ့စေရေးကို ထိခိုက်မှုများဖြစ်ပေါ်စေခဲ့သည်။
ကနဦးကာလများတွင် အစွန်းရောက်သူများ၊ အာဃာတကြီးမားသူများ၊ စိတ်ခံစားချက်ပြင်းပြသူများနှင့် မသိနားမလည်သူအချို့မှာလည်း ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများကိုနားယောင်ကာ အဟုတ်အမှန်ထင်၍ အကြမ်းဖက် သောင်းကျန်းသူများကို မင်းလောင်းမျှော်သလို မျှော်ခဲ့ကြသည်။ စစ်ကိုခေါ်ခဲ့ကြလေသည်။ လက်တွေ့ဘဝတွင် တည်ငြိမ်အေးချမ်းနေသောဒေသများ တကယ်တမ်းစစ်ပွဲဒဏ်သင့်လေမှ စစ်၏ အနိဋ္ဌာရုံများကို သူတို့လည်းမျက်ဝါးထင်ထင်တွေ့ကြုံခံစားကြရလေတော့သည်။
သမိုင်းဖြစ်ရပ်တစ်ခု
သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်း၏ “သမိုင်းသင်တာ မအအောင်” ဟူသည့် အဆိုအမိန့်က သွေးထွက်အောင်မှန်လှပေသည်။ ခေတ်စနစ်ချင်း၊ အခြေအနေချင်းမတူသည်မို့ နှိုင်းယှဉ်ပြစရာ မဟုတ်သော်လည်း ယနေ့လူငယ်များအား သမိုင်းဖြစ်ရပ်တစ်ခုကို ကန့်လန့်ကာ ဖွင့်ပြချင်ပါသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဖက်ဆစ်ဂျပန်တို့၏ “ဒိုက်တိုအာကျိုအေးကင်း”၊ အရှေ့အာရှတိုက်သားများသာတူညီမျှ ကောင်းစားရေးဟူသော ဝါဒဖြန့်ချိမှုအပေါ်ယုံစားပြီး နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်နိုင်ရန် မြန်မာပြည်သူများက ဂျပန်ကို အမျှော်ကြီးမျှော်ခဲ့ကြဖူးသည်။
ပြည်သူလူထုသည် မြန်မာနိုင်ငံကို သုံးကြိမ်တိုင်တိုင် မတရားစစ်ပြုပြီး သိမ်းပိုက်ခဲ့သော နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးခဲ့ကြသည်။ ဂျပန်များကိုအထင်ကြီး၍ နယ်ချဲ့အင်္ဂလိပ်ကို အနိုင်တိုက်သူများအဖြစ် လေးစားခဲ့ကြသည်။ မြန်မာတွေ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်အောင် အကူအညီပေးလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။
သို့နှင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဂျပန်လေယာဉ်များ ပထမဆုံး အခေါက် ရန်ကုန်မြို့ကြီးကို လာရောက်ဗုံးကြဲစဉ် ရန်ကုန်မြို့ခံ ပြည်သူအများစုသည် ဂျပန်များကို မိတ်ဆွေအဖြစ်ယူဆ၍ ဗုံးခိုကျင်းများနှင့် ဘေးလွတ်ရာများသို့ တိမ်းရှောင်ခြင်းမပြုကြဘဲ ဂျပန်လေယာဉ်များကို ထွက်ကြည့်ကြလေသည်။ အချို့ကားလက်များပင်ဝှေ့ယမ်း၍ နှုတ်ဆက်ကြလေသည်။ သူတို့၏စိတ်ထဲတွင် ၎င်းတို့၏မိတ်ဆွေ ဂျပန်တွေက စစ်နှင့်မဆိုင်သည့် မြို့လယ်ခေါင်ကို ဗုံးကြဲ၊ စက်သေနတ်နှင့် ပစ်ကြလိမ့်မည်ဟု လုံးလုံးထင်မှတ်မထားခဲ့ကြချေ။ သို့သော် စစ်ဦးဘီလူးဆိုသည့်နှယ် ဂျပန်ဗုံးကြဲလေယာဉ်၊ တိုက်လေယာဉ်များက မည်းမည်းမြင်ရာ ဗုံးကြဲ၊ စက်သေနတ်ပစ်တိုက်ခိုက်မှုပြုခဲ့ကြရာမှ ရန်ကုန်မြို့ခံ ပြည်သူစုစုပေါင်း ၂၀၀၀ ခန့်သေ၍ ၂၅၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြသည်။ ဒုတိယအကြိမ် ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် ဂျပန်လေယာဉ်များ၏ ထပ်မံလာရောက်တိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း အရပ်သားပြည်သူ ထောင်ချီ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပြန်သည်။
ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့နေပြည်သူအများစုသည် အထုပ်အပိုးကိုယ်စီဖြင့် စစ်ဘေးရန်မှ လွတ်ရာကျွတ်ရာသို့ရရာမီရာ ရထား၊ ကား၊ သင်္ဘော၊ လှေတို့ဖြင့် ထွက်ပြေးကြရလေတော့သည်။ ယာဉ်၊ ရထားမမီသူ၊ တက်၍မရနိုင်သူများကလည်း ခြေကျင်လျှောက်၍ ထွက်ပြေးတိမ်းရှောင်ကြရလေသည်။
ခေတ်ပျက်ကာလ ထုံးစံအတိုင်း မသမာသူများကလည်း လူသူကင်းမဲ့သွားသည့် အိုးအိမ်၊ တိုက်တာ၊ ဆိုင်ခန်းများမှ ကျန်ရစ်ခဲ့သော အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းသယ်ယူခဲ့ကြသလို လူဆိုးဓားပြတို့ကလည်း စစ်ဘေးရှောင်များ၏ ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများကို လမ်းခရီးမှာပင် ဓားပြတိုက်လုယက်ခဲ့ကြပြန်သည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရကလည်း ရန်ကုန်မြို့မှ ဆုတ်ခွာမပေးမီ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ အာရ်အီးတီဓာတ်အားပေးစက်ရုံ၊ ကမ်းနားရှိကရိန်းများ၊ သိမ်ကြီးဈေး၊ သန်လျင်နှင့် ဓနိတောရှိ ရေနံချက်စက်ရုံစသည့် အချက်အချာနေရာများ၊ အဆောက်အအုံစက်ရုံများကို မြေလှန်စနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြရာ တစ်ချိန်ကစည်ကားလှသော ရန်ကုန်မြို့ကြီးသည် မီးဟုန်းဟုန်း တောက်လောင်ပျက်စီး၍ မြို့ပျက်ကြီးတစ်ခု ဖြစ်သွားခဲ့ရလေသည်။
မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်၊ ပြည်သူနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းလက်တွဲ
နယ်မြို့၊ မြို့ရွာအသီးသီးရှိဒေသခံပြည်သူများမှာလည်း ဖက်ဆစ်ဂျပန်တပ်များ၏ ရိုင်းပျစော်ကားမှုများကို ခါးစည်းခံကြရပြန်ပါသည်။ မော်လမြိုင်မြို့သို့ ချီတက်လာသော ဖက်ဆစ်ဂျပန်တပ်များကို ပန်းသပြေနှင့် အားတက်သရော သွားရောက်ကြိုဆိုခဲ့ကြသည့် ဒေသခံပြည်သူများကိုလည်း ဂျပန်စစ်သားများက လက်နက်ခဲယမ်း မီးကျောက်များ၊ ရိက္ခာများကို ထမ်းခိုင်းခဲ့ကြသည်။ ဤသို့ဖြင့် ဂျပန်ခေတ်တစ်လျှောက်လုံး မြန်မာပြည်သူတို့မှာ ဖက်ဆစ်ဂျပန်တို့၏ ပါးရိုက်၊ နားရိုက်နှိပ်စက်မှုများ၊ စော်ကားမှုများကို အံကြိတ်ခံခဲ့ကြရလေသည်။ သို့နှင့် မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်၊ ပြည်သူနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းလက်တွဲကာ စည်းလုံးညီညွတ်မှုအားမာန်ဖြင့် ဖက်ဆစ်ဂျပန်ကို ဆက်လက်တွန်းလှန် တိုက်ခိုက်ခဲ့ကြရပြန်ပါသည်။
ကွန်မြူနစ်အပါအဝင် ရောင်စုံသူပုန်များနှင့် ကျေးလက်နေပြည်သူများကပင် “ဒီမိုးကရေကစီးပဲ စီးနိုင်လွန်းတယ်” ဟု ဆိုရလောက်အောင်နှုတ်က ဒီမိုကရေစီအရေး ရှေ့တန်းတင် ဟောပြောခဲ့ကြသော်လည်း ဒေသခံပြည်သူများကို ဆက်ကြေးတောင်း၊ နှိပ်စက်ညှဉ်းပန်းရုံမက အစိုးရ၏ဒေါက်တိုင်များ၊ ဓနရှင်များဟုစွပ်စွဲကာ အစုလိုက်၊ အပြုံလိုက်ရွာလုံး ကျွတ်သတ်ဖြတ်ခဲ့ကြ၍ ကျေးလက်နေပြည်သူ အများစုမှာ ရန်ကုန်မြို့အပါအဝင် စစ်ဘေးလွတ်ရာသို့ စစ်ဘေးရှောင် ပြောင်းရွှေ့အခြေချခဲ့ကြရသည်။
ဗိုလ်မှူးကြီး (ဟောင်း) တင်မောင်က မုန်တိုင်းလွန်သော်စာအုပ်တွင် “ထိုပြည်တွင်းစစ်ကြောင့် တိုင်းပြည်တွင် အလဟဿနစ်နာဆုံးရှုံးမှုတို့ကတော့ တွက်ချင့်နိုင်စွမ်းမရှိတော့သော လူမျိုးတစ်မျိုးလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ၊ ဂုဏ်သရေနှင့် လူနေမှုအဆင့်အတန်းတို့အပြင် တွက်ချင့်၍ရသမျှ အမေရိကန်စာရေးဆရာကြီး ရစ်ချတ်ဘတ်ဝဲ (လ်) ၏ အဆိုအတိုင်းမူ --- ၁၉၄၈၊ ၄၉၊ ၅၀ ခုနှစ်များအတွင်း မြန်မာပြည်သည် ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးနိုင်သောမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းတို့ ကောခဲ့ရသည်။ လူဦးရေသုံးသန်းခန့်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ပြည်သူပြည်သား နှစ်သောင်းနှစ်ထောင်နှင့် အစိုးရဘက်မှ စစ်ဘက်နယ်ဘက်အမှုထမ်းပေါင်း ငါးထောင့်ခုနစ်ရာတို့ အသက်ဆုံးကြရသည်။ ပြည်သူပိုင်ပစ္စည်းတန်ဖိုး ဒေါ်လာ ငါးသန်း၊ ပြည်သူပြည်သားတို့၏ကိုယ်ပိုင် အိုးအိမ်ပစ္စည်းတန်ဖိုး ဒေါ်လာ ကိုးဆယ့်ငါးသန်းဆုံးရှုံးခဲ့ကြရသည်ဟု သူ၏စာအုပ်တွင် ဖော်ပြခဲ့သည်။ အမိမြန်မာပြည်ကြီးကတော့ မငိုတော့ပါ၊ မပြုံးတော့ပါ။ ငိုအားပြုံးအားလည်း မရှိရှာတော့ ပါ”ဟူ၍ မှတ်တမ်းတင်ရေးသားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဩဂုတ်လ ၅ ရက်နေ့က လက်ရှိကာလ နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူများအား ဆက်စပ်တင်ပြပြောကြားရာတွင် “သောင်းကျန်းသူ ခေါင်းဆောင်တွေရဲ့စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုးလာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒကြီးစိုး ခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းတွေနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည်ရှင်သန်ကြရတော့မှာလည်း ဖြစ်ပါတယ်။ အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက်ရတော့ မယ့်အခြေအနေလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့ တပ်မတော်အနေနဲ့ ကျွန်တော်တို့ပြည်သူတွေ ဒီလိုအခြေအနေမျိုးရောက်မှာကိုလည်း လုံးဝခွင့်ပြု ပေးမှာ မဟုတ်ပါဘူး။
“ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ခေတ်အဆက်ဆက် ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ဒဏ်ကို မြန်မာ့တပ်မတော်နဲ့ လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းပြီး ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင် စွမ်းလည်းရှိကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေ သတိပြုရမှာက ဒီနေ့ ကမ္ဘာ့ရေးရာအခြေအနေတွေဟာ အင်မတန်မှနက်နဲရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်” စသည်ဖြင့် ပြောကြားခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာပြည်သူများအနေဖြင့် သမိုင်းရှုထောင့်အမြင်၊ သမိုင်းအတွေ့အကြုံ၊ သမိုင်းသင်ခန်းစာများအရလည်းကောင်း၊ မျက်မှောက်ကာလတွင် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့သွားသော နယ်မြေဒေသအချို့မှ ဒေသခံပြည်သူများ ကြုံတွေ့ခဲ့ကြရသည့်အနိဋ္ဌာရုံ သာဓကများအရလည်းကောင်း၊ ကိုယ့်မြို့ကိုယ့်ရွာ တည်ငြိမ်အေးချမ်းရေးကို ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်တာဝန်အဖြစ် ရှုမြင်သုံးသပ်ပြီး နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်တို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းကာကွယ်စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားတင်ပြလိုက်ရပါသည်။ ။