Skip to main content

ပဲခူးတိုင်းဒေသကြီး စားသုံးမှုဖူလုံစေရေး စီးပွားဖြစ်တိုင်းရင်းကြက် အလေးထားမွေးမြူပေး

မြတ်သူ

ဇီဝလုံခြုံရေးအလေးပေးထားသည့်ခြံအတွင်းရှိ လျှပ်စစ်မီးထိန်ထိန်အောက်တွင် ရက်သားသာရှိသေးသော တိုင်းရင်းကြက်ပေါက်ကလေးများကအပြည့်။ ဥဖောက်စက်ဖြင့် ရှင်သန်လာသော ကြက်ပေါက်ကလေးများကို အပူဓာတ်ပေးပြီးကောင်းစွာရှင်သန်နိုင်ပါက လျှပ်စစ်မီးရောင်အောက်မှ သဘာဝအလင်းရောင်ရရှိသည့် ကြက်ခြံများအတွင်း ကူးပြောင်းမွေးမြူရမည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးသည် စနစ်တကျဆောင်ရွက်ပါက အချိန်တိုအတွင်း စီးပွားဖြစ်ဝင်ငွေရ လုပ်ငန်းဖြစ်သည့်အတွက် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာ၌ တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းကို မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွန်းမြင့်က အားစိုက်ဆောင်ရွက်နေခြင်းဖြစ်သည်။

“တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်းလုပ်ဖြစ်တာက နိုင်ငံတော်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအားပေးပြီး လိုအပ်တာတွေဖြည့်ဆည်းစီမံပေးတဲ့အတွက်ကြောင့်ပါ။ ပြီးခဲ့တဲ့နှစ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ချေးငွေအထောက်အပံ့ရခဲ့ပါတယ်။ တိုင်းရင်းကြက်မွေးမြူရေးအတွက် ဥဖောက်စက်နဲ့ မျိုးကောင်းမျိုးသန့်ကို ကိုယ်တိုင်စုစည်းမွေးမြူပါတယ်။ ဥဖောက်စက်သုံးတဲ့အခါ လျှပ်စစ်မီးပြတ်တောက်လို့မရတဲ့အတွက် လျှပ်စစ်မီးမလာတဲ့အခါ အရန်အဖြစ်ဆိုလာစနစ်နဲ့ကူနိုင်အောင်၊ မီးစက်ကူနိုင်အောင် ဆောင်ရွက်ထားရပါတယ်။ လျှပ်စစ်မီးလိုအပ်ချက်မရှိရင်တော့ တော်တော်သက်သာပြီး လုပ်ငန်းပိုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးလုပ်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်” ဟု ဦးတင်ထွန်းမြင့်က ဆိုသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့အပါအဝင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်မှ မြို့နယ် ၂၈ မြို့နယ်နှင့် ကျေးရွာများတွင် တိုင်းရင်းကြက်မွေးမြူရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုအခါ တိုင်းရင်းကြက်စီးပွားဖြစ်မွေးမြူသူ ၅၀၀ ကျော်နှင့် တိုင်းရင်းကြက်ခြံပေါင်း ၈၀၀ ကျော်ရှိကြောင်း သိရသည်။

 “တိုင်းရင်းကြက်လို့ခေါ်တဲ့ ဒေသကြက်က စားသုံးသူအတွက် အသားကအရသာရှိတယ်။ တိုင်းရင်းကြက်၊ ဒေသကြက်၊ ဗမာကြက်လို့ခေါ်ကြတဲ့ ဒီကြက်သားက ဈေးကွက်မှာပေါရင် စားသုံးက အရသာရှိတဲ့ ဒီကြက်သားကိုပဲ စားကြမှာပါ။ ကျွန်မတို့ကတော့ ကိုယ့်ရပ်ရွာမှာ ဒေသကြက်ကို စီးပွားဖြစ်မွေးတဲ့သူရှိတော့ တခြားဒေသထက် ဈေးချိုချိုစားရတယ်” ဟု ဒိုက်ဦးမြို့ ဒေသခံတစ်ဦးက ပြောပြသည်။

နိုင်ငံတွင်း၌သာမက ကမ္ဘာ့နိုင်ငံများအထိ အသားစားသုံးမှုတွင် ကြက်သားနှင့် ကြက်ဥစားသုံးမှု များပြားသည့်အတွက် စားသုံးသူလိုအပ်ချက်အရ ကြက်မွေးမြူရေးလုပ်ငန်းသည် ဒေသတိုင်းတွင် တည်ရှိနေသည့်လုပ်ငန်းဖြစ်သည်။

ကြက်သားနှင့် ကြည်ဥစားသုံးမှု မြင့်မားသည့်အတွက် ကမ္ဘာအရပ်ရပ်က ကြက်မွေးမြူရေးကုမ္ပဏီများက အသားတိုးကြက်မျိုးများ၊ ဥစားကြက်မျိုးများ ထုတ်လုပ်ရောင်းချလာခဲ့ပြီး လက်ရှိမြန်မာနိုင်ငံတွင်လည်း ပြည်ပမှဝင်ရောက်သည့် အသားတိုးကြက်မျိုးများစွာ၊ ဥစားကြက်မျိုးများစွာတည်ရှိနေသည်။ အသားတိုးကြက်သားသည် တိုင်းရင်းကြက်သားထက် ဈေးနှုန်းသက်သာမှုကြောင့်သာ စားသုံးသူများပြားနေခြင်းဖြစ်ပြီး တိုင်းရင်းကြက်သား၏ အရသာကိုယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပေ။

သို့သော် တိုင်းရင်းကြက်ကို စီးပွားဖြစ်မွေးမြူခြင်းထက် မိရိုးဖလာတစ်နိုင်တစ်ပိုင်သာ မွေးမြူမှုက များပြားနေသည့်အတွက် စားသုံးသူများ၏ ဝယ်လိုအားလိုအပ်ချက်ကို ရာခိုင်နှုန်းပြည့် မရောင်းချနိုင်သေးပေ။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။

“တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ခရီးစဉ်တွေမှာ တိုင်းရင်းကြက်မွေးမြူရေးခြံတွေအထိ အရောက်သွားကာ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိကကတော့ နိုင်ငံတော်ကစားရေရိက္ခာဖူလုံရေးအတွက် ဒေသရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ ညွှန်ကြားထားတယ်။ နိုင်ငံတော်ရဲ့မူဝါဒနဲ့အညီ ကျွန်တော်တို့တိုင်းဒေသကြီးမှာလည်း ဒေသရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကနေ ဒေသဝမ်းစာဖူလုံမှုရရှိအောင် ကြိုးပမ်းတယ်။ တိုင်းဒေသကြီးအတွင်းမှာက အသားနဲ့ ငါးထုတ်လုပ် မှုကဏ္ဍအတွက် နွား၊ ဝက်၊ ဆိတ်၊ ဘဲ၊ ကြက်၊ ငုံး၊ ငါး စတဲ့ မွေးမြူမှု အစုံရှိပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေးကိုအရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီစိုက်ပျိုးရေးက ထွက်လာတဲ့ ဖွဲ၊ ဆန်ကျိုး၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ် စတဲ့ကုန်ကြမ်းပစ္စည်းတွေကို တိရစ္ဆာန်အစာအဖြစ် သုံးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေးကထွက်ရှိတဲ့ ကုန်ကြမ်းပေါ်အခြေခံပြီး မွေးမြူရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်နေခြင်းဖြစ်ပါတယ်။ တိုင်းရင်းကြက်မွေးမြူရေးဟာလည်း ဒေသရဲ့စီးပွားရေးကို အချိန်တိုအတွင်းတိုးတက်စေနိုင်တဲ့ လုပ်ငန်းတစ်ခုပါ” ဟု ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြောကြားသည်။

ဒေသတွင်းစားသုံးသူ ဝယ်လိုအားများသည့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းရှင်များသည် အကျိုးအမြတ်ရရှိနေသော်လည်း မွေးမြူရေးကို အပြည့်အဝ အားထုတ်လုပ်ကိုင်နိုင်ရန် လိုအပ်မှုများရှိနေသေးသည့်အပြင် စီးပွားဖြစ်မွေးမြူထုတ်လုပ်မှုများ တိုးတက်လာရန်လည်း လိုအပ်နေသည်။

“ကျွန်တော့်ခြံမှာ တိုင်းရင်းကြက် မျိုးသန့် ၃၅၀၀ လောက်ကို မွေးမြူထားပြီး ဥဖောက်စက်နဲ့ တိုင်းရင်းကြက်သားပေါက် ထုတ်လုပ်ရောင်းချတာ ဆယ်နှစ်ကျော်ရှိလာပါပြီ။ တစ်နိုင်ငံလုံးကို ပို့ဆောင်ရောင်းချရပါတယ်။ တိုင်းရင်းကြက်က ဈေးနှုန်းတည်ငြိမ်တယ်။ တိုင်းရင်းကြက်ရဲ့ အသားအရသာကို စားသုံးသူကကြိုက်တယ်။ ဈေးကွက်ဝယ်လိုအားရှိတယ်။ ဒါက အားသာချက်တွေပါ။ သားပေါက်ထုတ်လုပ်ရောင်းချတာအပြင် အနီးအနားက ကျေးရွာတွေက တောင်သူတွေ၊ မွေးချင်တဲ့သူတွေကို ကျွန်တော်က တိုင်းရင်းကြက်တစ်ပိုင်တစ်နိုင်မွေးမြူဖို့ အကောင် ၅၀၊ ၁၀၀ ပေးပါတယ်။ ပြီးရင် ကြက်ဥကို တန်ဖိုးတစ်ခုနဲ့ သူတို့ဆီကပြန်ကောက်ယူပြီး ကြက်သားပေါက်ဖောက်ပါတယ်။ အဲဒီလိုမျိုး ကြက်ဥပြန်ပေးတဲ့ စပ်တူလုပ်တဲ့သူက အရင်က ဦးရေ ၉၀ ရှိရာကနေ အစာစရိတ်အခက်အခဲ၊ တခြားမိသားစု အခက်အခဲအမျိုးမျိုးကြောင့် အခုက ၂၀ လောက်ပဲကျန်တော့တယ်။ ဒီတော့ ကြက်သားပေါက်ထုတ်လုပ်မှုက လျော့ကျသွားတဲ့ အနေအထားမှာ ရှိပါတယ်” ဟု နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် မင်းသားကြီး တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချိရေးလုပ်ငန်းမှ ဦးညွန့်ဝင်းက ပြောပြသည်။

ကြက်မွေးမြူရာတွင် လွှတ်ကျောင်းမွေးမြူသည့်စနစ်၊ ကြမ်းခင်းဖြင့် မွေးမြူသည့်စနစ်နှင့် အခန်းလိုက် မွေးမြူသည့်စနစ်တို့ဖြင့် မွေးမြူလေ့ရှိသည်။ တိုင်းရင်းကြက်များ မွေးမြူရာတွင် ဆန်ကွဲ၊ ဖွဲ (ဆန်)၊ ဖွဲ (ပြောင်း)၊ ငါးမှုန့် အစရှိသည်တို့ကို အများစုကျွေးမွေးလေ့ရှိသော်လည်း အသားဖွံ့ဖြိုးရန်အတွက် ပရိုတင်းဓာတ်အပြည့်အဝပါဝင်သည့် နိုင်ငံခြားမှ တင်သွင်းသည့်အစာကိုလည်း ထည့်သွင်းကျွေးမွေးကြသည်။

“ဒေသကြက်အကောင်ရေ ၆၀၀ မွေးမြူထားပါတယ်။ မျိုးအနေနဲ့ မျိုးဥဖောက်ရောင်းတဲ့ ဒေသကြက်မျိုး ရောင်းချတဲ့လုပ်ငန်းကနေ ဝယ်ယူမွေးမြူတာဖြစ်ပါတယ်။ မွေးမြူတဲ့လုပ်ငန်းကနေ စားသုံးသူလက်ထဲ ကိုယ်တိုင်ထုတ်လုပ်ရောင်းချတဲ့ အဆင့်အထိလုပ်ပါတယ်။ ကျွန်တော်က ကိုယ်တိုင်မွေးမြူပြီး ထုတ်လုပ်ရောင်းချတဲ့အဆင့်အထိ သွားတာဖြစ်တဲ့အတွက် မွေးမြူတဲ့သူနဲ့ စားသုံးသူတိုက်ရိုက် ထိတွေ့ခွင့်ရတယ်။ ကြားထဲက အဝယ်ပွဲစား၊ အဝယ်ဒိုင်၊ လက်လီရောင်းချသူ အစရှိတဲ့ အဆင့်တွေကို ကျော်လွန်သွားနိုင်တယ်၊ စားသုံးသူဆီပိုမိုသက်သာတဲ့ ဈေးနှုန်းတစ်ခုနဲ့ ပေးနိုင်ပါတယ်” ဟု ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် အောင်ဘာလေကျေးရွာ မေမြင့်မိုရ်တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းမှ ဦးစန်းဌေးအောင်က ပြောပြသည်။

တိုင်းရင်းကြက်မွေးမြူရေးအပါအဝင် ကြက်မွေးမြူရေးလုပ်ငန်းတိုင်းတွင် ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါ စသည့်ကူးစက်မြန်ရောဂါများကြောင့် ကြက်တစ်အုပ်လုံး ဆုံးရှုံးနိုင်သည့် စိန်ခေါ်မှုများရှိနေသည်။

“မွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်တဲ့အချက်တွေကို ကျွန်တော်တို့ဌာနအနေနဲ့ အမြဲအသိ ပညာပေးဆောင်ရွက်တယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်းက မွေးမြူရေးလုပ်ငန်း ထွက်ကုန်တွေဟာ ဒေသရဲ့အသားစားသုံးမှုဖူလုံရေးကို အထောက်အကူပြုနိုင်စေဖို့၊ မွေးမြူသူတွေ အကျိုးအမြတ်ရစေဖို့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဗိုလ်က ပြောကြားသည်။

ထို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးခြံနှင့်ပတ်သက်သည့် မှတ်တမ်းများ ထားရှိခြင်း၊ ကြက်ခြံသန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ခြင်း၊ ကြက်နာသားများ၊ ကြက်သေများကို စားသုံးခြင်းမပြုဘဲ စနစ်တကျ မြှုပ်နှံဖျက်ဆီးခြင်း၊ ကြက်ခြံကိုထုံးဖြူးခြင်း၊ မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဖျန်းခြင်း စသည့်မွေးမြူရေးကျင့်စဉ်ကောင်းများကို ဆောင်ရွက်သွားနိုင်ရန်နှင့် လိုအပ်သည့် မွေးမြူမှုနည်းပညာများရရှိစေရန် ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

“မွေးမြူရေးခြံတွေက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ဆက်သွယ်ဖို့လည်းလိုအပ်ပါတယ်။ လိုအပ်တဲ့မွေးမြူရေးနည်းပညာပိုင်းကိုဌာနက အများကြီးအထောက်အကူပြုပါတယ်။ ဒေသကြက်ကို မွေးတဲ့အခါမှာ မွေးမြူတဲ့အချိန်ကနေ ထုတ်လုပ်တဲ့အချိန်အထိ သုံးလ၊ သုံးလကျော်ကြာတယ်၊၊ ကိုယ်တိုင်မွေးမြူထုတ်လုပ်ပြီး စားသုံးသူလက်ထဲကို ထည့်မယ်ဆိုရင် ကြက်အကောင် ၁၀၀၀ ကို ကျပ်သိန်း ၃၀ အမြတ်ရရှိပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကြက်ခြံမှာပဲ အချိန်နဲ့ရောင်းမယ်ဆိုရင်တော့ ငွေကျပ် ၁၀ သိန်းလောက်မြတ်ပါတယ်” ဟု မွေးမြူရေးလုပ်ငန်းရှင် ဦးစန်းဌေးအောင်က ပြောသည်။

တိုင်းရင်းကြက် မွေးမြူရေးသည် ရာသီသဘာဝနှင့်ကိုက်ညီသည့်အတွက် စိုက်ပျိုးတောင်သူများ၊ တိုင်းရင်းကြက် တစ်နိုင်တစ်ပိုင် မွေးမြူသူများအနေဖြင့် တိုးချဲ့ဆောင်ရွက်သင့်သည့် အကျိုးအမြတ်ရ မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။

သို့သော် တိုင်းရင်းကြက်သည် အသားတိုးကြက်၊ ဥစားကြက်များနှင့်နှိုင်းယှဉ်လျှင် ကြီးထွားနှုန်းနှေးကွေးခြင်း၊ ဥနှုန်းနည်းပါးခြင်း၊ ဥအရွယ်အစား သေးငယ်ခြင်းများ ရှိနေသည်။ ထို့အတွက် တိုင်းရင်းကြက်မွေးမြူရေးမှ ထုတ်လုပ်မှုတန်ဖိုးတိုးတက်စေရန်အတွက် မွေးမြူရေးစနစ်၊ အစာကျွေးမွေးမှုစနစ်နှင့် မျိုးရိုးဗီဇမျိုးတွင်းမျိုးစပ်ပြုပြင်ခြင်းတို့ဖြင့် တိုးတက်အောင် ဆောင်ရွက်လာကြသည်။

“တိုင်းရင်းကြက်မျိုးက ကြီးထွားနှုန်းနှေးတယ်၊ ဥနှုန်းနှေးတယ်။ ဒါက အားနည်းချက်ပါ။ ဒါပေမယ့် အသားအနေနဲ့ကျ စားသုံးသူအတွက် အရသာကောင်းတယ်။ ဒါကြောင့် တိုင်းရင်းကြက်မျိုးကို အခြေခံထားပြီးတော့ ကြီးထွားမှုရှိတဲ့ စီးပွားဖြစ်အသားထုတ်လုပ်တန်ဖိုးရရှိအောင် ကြိုးပမ်းရပါ တယ်။ မြန်မာ့ရွှေဒင်္ဂါး (RIR) မျိုးကိုအခြေခံထားတဲ့ မျိုးသန့်ကြက်နဲ့ အသားတိုးနှုန်းကောင်းတဲ့ ပြည်ပမျိုးကြက်ထီးကို မေထုန်မဲ့သားစပ်နည်းနဲ့ မျိုးစပ်သားဖောက်ပြီး အသားတိုးကြက်မျိုး Super Chick Half Broiler ကြက်သားပေါက်တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ ကြက်သားပေါက်ကို မွေးမြူရောင်းချတာဖြစ်တဲ့အတွက် ကြက်မျိုးကောင်းမျိုးသန့်၊ အစာကျွေးမွေးမှု၊ ရောဂါဒဏ်ခံနိုင်မှု စတဲ့အချက်တွေကို အမြဲဂရုပြုရပါတယ်။ ကျွန်တော်တို့ခြံက ကြက်သားပေါက်တွေကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်” ဟု တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ဧဒင်ကြက်မွေးမြူရေးနှင့် သားပေါက်လုပ်ငန်းမှ ဦးစောအယ်ဒိုက ရှင်းပြသည်။

တိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းမျိုးကြက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်ခြောက်ဦးနှင့် ကြက်မျိုးခြံ ၁၂ ခြံရှိကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်း အသားစားသုံးမှုဖူလုံရေး အထောက်အကူပြုစေရန်ရည်ရွယ်၍ တိုင်းရင်း ကြက်မွေးမြူရေးလုပ်ငန်းများ အားပေးမြှင့်တင်ရာတွင် မွေးမြူသူမှ စားသုံးသူလက်ဝယ်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံ ဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော်က မွေးမြူရေးကိုအားပေးတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ချင်ကြပါတယ်။ ကိုယ့်ရပ်ကိုယ့်ဒေသမှာ မွေးမြူပြီး ထုတ်လုပ်ရောင်းချတော့ မွေးတဲ့သူရော စားသုံးတဲ့သူပါ အဆင်ပြေတာပေါ့။ ဒါပေမယ့် လက်ရှိမှာက မွေးမြူရေးလုပ်ငန်းရှင် တော်တော်များများက တိရစ္ဆာန်အစာ၊ လုပ်ငန်းအတွက် လိုအပ်တဲ့လျှပ်စစ်မီး အခက်အခဲရှိကြတာများတယ်။ နိုင်ငံတော်ကပေးတဲ့ လျှပ်စစ်မီးမရရင် စက်သုံးဆီနဲ့လည်ပတ်ရတာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်းတက်လာတယ်။ ပြီးတော့ မွေးမြူရေးလုပ်ငန်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အတွက် အနံ့အသက်၊ သန့်ရှင်းမှုကို အမြဲဂရုပြုရသလို မွေးမြူရေးလုပ်ငန်းအတွက် ရောဂါကူးစက်မှုမရှိစေဖို့ ဇီဝလုံခြုံရေးကိုလည်း ဂရုပြုရပါတယ်။ နေရာအခက်အခဲရှိကြတယ်။ မွေးမြူရေးလုပ်တဲ့သူတိုင်းအတွက် လိုအပ်နေတဲ့ အချက်တွေအပေါ်မှာ နိုင်ငံတော်ရဲ့ပံ့ပိုးကူညီမှုကို မျှော်လင့်ပါတယ်” ဟု တိုင်းရင်း ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးစောအယ်ဒိုက အကြံပြု ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများအပြင် အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူထုတ်လုပ်ရောင်းချသည့် မွေးမြူရေးလုပ်ငန်းများစွာလည်းတည်ရှိသည်။ တိုင်းဒေသကြီးအတွင်း အသားတိုးကြက်မွေးမြူသည့် ခြံပေါင်း ၈၀၀ ကျော်၊ ဥစားကြက်မွေးမြူသည့် ခြံပေါင်း ၁၄၀ ကျော်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ကျွန်တော့်ရဲ့ ခြံကထွက်ရှိတဲ့ ကြက်ဥတွေကို တောင်ငူမြို့အပါအဝင် ဒေသနဲ့နီးစပ်တဲ့မြို့တွေကို ဖြန့်ဖြူးပါတယ်။ ကြက်ဥငါးသောင်းလောက် ထွက်ရှိပါတယ်။ အဓိကကတော့ ကိုယ့်ဒေသမှာ မွေးမြူထုတ်လုပ်ပြီး ဒေသကသူတွေ ဈေးနှုန်းသက်သာစွာနဲ့ စားသုံးနိုင်ဖို့ရည်ရွယ်ပါတယ်။ လိုအပ်တဲ့ ထုတ်လုပ်မှုစရိတ် တက်လာတာရှိတဲ့အတွက် စားသုံးသူလက်ထဲပို့တဲ့အခါ ဈေးနှုန်းက ပြောင်းလဲရပါတယ်။ မွေးမြူတဲ့အခါ ဥနှုန်းမကျစေဖို့ ပရိုတင်းပြည့်နေအောင် ပြည်ပကတင်သွင်းတဲ့ ပဲပုပ်အစာနဲ့ ဆေးတွေကိုလည်း သုံးရပါတယ်။ အခုက မွေးမြူရေးလုပ်ငန်းတွေအတွက် အစာနဲ့လျှပ်စစ်မီး လိုအပ်ချက်ကရှိနေပါတယ်”ဟု တောင်ငူမြို့ ရွှေဝါကြက်မွေးမြူရေးလုပ်ငန်းမှ မွေးမြူရေးလုပ်ငန်းရှင် ဦးရဲဝင်းက ပြောသည်။

စင်စစ်အားဖြင့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသ တောင်သူလယ်သမားများအတွက်ဖြစ်စေ၊ စီးပွားဖြစ်မွေးမြူ ဆောင်ရွက်လိုကြသည့် မွေးမြူရေးလုပ်ငန်းရှင်များအတွက်ဖြစ်စေ သင့်လျော်သည့်စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် တိုင်းရင်းကြက် စီးပွားဖြစ် မွေးမြူထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်မှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။