Skip to main content

တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏

မောင်မောင်လင်း

တစ်ဦးတစ်ယောက်ကောင်းလုပ်ဆောင်မှုနဲ့ အများနဲ့ပူးပေါင်းလုပ်ဆောင်မှုဆိုတဲ့ နှစ်မျိုးအကြား ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကတော့ အင်မတန်မှကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ “တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုတဲ့စကားအတိုင်း လူ့သမိုင်းတစ်လျှောက်မှာ သူရဲကောင်း၊ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့်လည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လူ့အဖွဲ့အစည်းဟာ ပိုပြီးစုစည်းလာသလို ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာတာနဲ့အမျှ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့နဲ့စုပေါင်းလုပ်ဆောင်မှုဟာ တစ်ဦးတစ်ယောက်ကောင်း စွမ်းဆောင်မှုထက် ပိုမိုထိရောက်မှုရှိတယ်ဆိုတာ သိရှိလာပါတယ်။

အဖွဲ့နဲ့စုပေါင်းလုပ်ဆောင်မှုစနစ် ဆိုရာဝယ်

ဒီနေရာမှာတောင် ဘာသာရပ်ဆိုင်ရာ ဝေါဟာရ အရ Group နဲ့ Team ဆိုပြီး နှစ်မျိုးကွဲပြားမှု ရှိနေပါတယ်။ ဒီနှစ်မျိုးကို အလွယ်ခွဲခြားပြရမယ်ဆိုရင် Group ဆိုတာ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားထပ်တူကျတဲ့သူတွေ စုစည်းထားတဲ့ အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းမှာ မတူညီတဲ့ ပန်းတိုင်ကိုယ်စီရှိနေနိုင်ပြီး သီးခြားလွတ်လပ်စွာ လုပ်ဆောင်နိုင်သလို တစ်ဦးရဲ့လုပ်ဆောင်မှုက အခြားတစ်ဦးအပေါ် တိုက်ရိုက်သက်ရောက်တာမျိုးနဲ့ အပြန်အလှန် မှီခိုနေရတာမျိုးလည်း မရှိနိုင်ပါဘူး။ အချို့သော Group တွေမှာဆိုရင် ရှင်းလင်းတိကျတဲ့ ခေါင်းဆောင်မှုပုံစံတို့ တာဝန်ဝတ္တရားခွဲဝေမှု တို့တောင် မရှိတာမျိုးတွေ့ရှိရပါတယ်။

Team ဆိုတာကတော့ Together Everyone Achieves More ဆိုတဲ့ အစစကားလုံးတွေကို ပေါင်းစပ်ထားတာလို့ တင်စားကြပါတယ်။ မတူညီ တဲ့နယ်ပယ်တွေရဲ့ ကျွမ်းကျင်သူတွေကို စုစည်းထားတာဖြစ်တဲ့အတွက် ကျစ်လျစ်ပြီး အကျိုးသက်ရောက်မှု အားကောင်းပါတယ်။ သက်ဆိုင်ရာကဏ္ဍကို တာဝန်ယူထားရသူတွေက ကိုယ့်တာဝန်ကို ကျေပွန်အောင် တာဝန်ယူ၊ တာဝန်ခံလုပ်ဆောင်ရပါတယ်။ အားလုံးက ကိုယ့်အလုပ်ကို လုပ်ရပေမယ့် ပန်းတိုင်ကတော့ တစ်ခုတည်းပါ။ ကိုယ်တာဝန်ယူထားရတဲ့ကဏ္ဍကို ကျေပွန်အောင် အသီးသီးလုပ်နေကြရင်းနဲ့ကိုပဲ မိမိတို့ပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ အောင်မြင်မှုကို ရရှိစေပါတယ်။ သက်ဆိုင်ရာကဏ္ဍရဲ့ ကျွမ်းကျင်သူတွေကို ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတာမို့လို့ ပန်းတိုင်နဲ့သွေဖည် သွားမှာ၊ နှောင့်နှေးကြန့်ကြာမှာ၊ အလုပ်မပြီးမြောက် မှာတွေလည်း မရှိပါဘူး။

အနှစ်ချုပ်ပြောရရင် Team က ပုံစံတကျဖွဲ့စည်းမှုနဲ့ ပေါင်းစည်းထားတဲ့ လူအစုအဖွဲ့၊ ရည်ရွယ်ချက် အပေါ် မျှဝေရမှု၊ တစ်ဦးချင်း ထမ်းဆောင်ရမယ့် တာဝန်နဲ့ပါဝင်ရမယ့် အခန်းကဏ္ဍကို သတ်မှတ်ထားမှုနဲ့ ပူးပေါင်းစွမ်းဆောင်မှုအပေါ် အလေးထားမှုတို့ ဖြစ်ပါတယ်။ Group က အစုအဖွဲ့တစ်ခုအနေဖြင့်သာ တည်ရှိနေချိန်မှာ Team ကတော့ ရည်မှန်းချက် တစ်ခုပေါက်မြောက်အောင်မြင်စေဖို့ အဖွဲ့ဝင်တွေအားလုံး တက်တက်ကြွကြွနဲ့ ပူးပေါင်းလုပ်ဆောင်ကြ ရတာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် Fan Clubs လို Group တွေနဲ့ Manchester United ဘောလုံး အသင်းတို့၊ Apple နဲ့ Google လို Team တွေဖြစ်ပါတယ်။

အစုအဖွဲ့တစ်ခု ဖွံ့ဖြိုးတိုးတက်လာမှုအဆင့်များ

အစုအဖွဲ့တစ်ခု စတင်ထူထောင်တာကနေ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ စပ်လျဉ်းပြီး ၁၉၆၅ ခုနှစ်မှာ အမေရိကန်လူမျိုး စိတ်ပညာရှင် Bruce Tuckman ဖော်ထုတ်တွေ့ရှိထားတာကတော့ ပထမဆုံးအဆင့်အနေနဲ့ စတင်ဖွဲ့စည်းရပါမယ် (Forming)။ ပြီးရင် အဖွဲ့ဝင်တွေအကြား အားပြိုင်မှု (Storming)ဖြစ်ပေါ် လာမှာဖြစ်ပါတယ်။ အခန့်မသင့်ရင် “စလယ်ဝင် ဖင်မမည်းခင်ကကွဲ ဆိုတဲ့အတိုင်း အဖွဲ့အစည်းပြိုကွဲသွားပါမယ်။ အဲဒီလိုမဟုတ်ဘဲ ပြေလည်သွားကြပြီး အဖွဲ့ဝင်တွေအကြား ပူးပေါင်းဆောင်ရွက်ကြတော့ မယ်ဆိုရင်တော့ အားလုံးလက်သင့်ခံနိုင်မယ့် မူဘောင်တွေချမှတ်တာမျိုး၊ ရှေ့လုပ်ငန်းစဉ်ချမှတ်တာမျိုး (Norming) တွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီနောက် အဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်လို့ရပြီဖြစ်ပါတယ် (Performing)။ နောက်ဆုံးအဆင့်ကတော့ လုပ်ငန်းပြီးမြောက်တာ၊ ရည်ရွယ်ချက်အထမြောက်တာကြောင့် အဖွဲ့ကို ဖျက်သိမ်းလိုက်တာ (Adjourning) ဖြစ်ပါတယ်။ ဒီသီအိုရီဟာ Group နဲ့ Team နှစ်မျိုးလုံးနဲ့ ယေဘုယျအားဖြင့် ကိုက်ညီမှုရှိပါတယ်။

ဆက်လက်ပြီးတော့ အဖွဲ့စနစ်နဲ့ ခေါင်းဆောင်မှု ဆိုင်ရာ အထူးပြုဖော်ထုတ်တွေ့ရှိထားတဲ့ သီအိုရီ တွေ၊ မိုဒယ်တွေကို နက်နက်ရှိုင်းရှိုင်း လေ့လာမှတ်သားပြီး အသင်းအဖွဲ့တစ်ခုကို အောင်မြင်စွာဦးဆောင်နိုင်ဖို့၊ စီမံခန့်ခွဲနိုင်ဖို့နဲ့ အဖွဲ့ထဲမှာ ပါဝင်နေသူတွေရဲ့ စွမ်းရည်တွေကို အကဲဖြတ်ပေးနိုင်ဖို့ အကြံပြုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီအပြင် အသင်းအဖွဲ့တစ်ခု အောင်မြင်မှုရရှိစေရေးအတွက် မတူကွဲပြားမှုများ (Diversity) နဲ့ လိုက်လျောညီထွေမှု (Adaptability) တို့ရဲ့အရေးပါမှုကိုလည်း ဖော်ပြပေး လိုက်ရပါတယ်။

The Drexler/ Sibbet Team Performance Model ဆိုရာဝယ်

ဒီမိုဒယ်က အသင်းအဖွဲ့တစ်ခု ပုံမှန်ဖြတ်သန်းသွားရမယ့် အဆင့်ခုနစ်ဆင့်နဲ့ဖော်ပြထားပြီး အဖွဲ့ဝင်တွေအနေနဲ့ အဆင့်တစ်ခုချင်းစီကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ကြဖို့ လက်တွေ့လုပ်ဆောင်ရမယ့် အချက်တွေကတော့-

(က) မိတ်ဆက်ခြင်း (Orientation)။ အဲဒီ အဆင့်ကတော့ အတူလက်တွဲလုပ်ကိုင်ဖို့ Team ကို စတင်ဖွဲ့စည်းတဲ့အချိန် ဖြစ်တာကြောင့် ဇဝေဇဝါဖြစ်မှု၊ ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာမသိမှုနဲ့ စိုးရွံ့နေမှုတွေ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် Team ရဲ့ရည်ရွယ်ချက်၊ ဘယ်လိုအဖွဲ့အစည်းဆိုတာမျိုးနဲ့ ဘယ်သူတွေ ပါဝင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိအောင် လုပ်ပေး ရပါမယ်။

(ခ) ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building)။ ဒီအဆင့်မှာတော့ အဖွဲ့ဝင်တွေအကြား အချင်းချင်းအပြန် အလှန်လေးစားမှုနဲ့ ယုံကြည်ကိုးစားမှုရရှိစေဖို့၊ မကြာခဏ တွေ့ဆုံထိတွေ့မှု တွေ ပြုလုပ်စေတာမျိုးနဲ့ ယုံကြည်မှု တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

(ဂ) ရည်မှန်းချက်ပန်းတိုင်သတ်မှတ်ခြင်း (Goal Clarification) ။ ဒီအဆင့်မှာတော့ Team ရဲ့ ရည်မှန်းချက်သတ်မှတ်လို့ ရပြီဖြစ်ပါတယ်။

(ဃ) တာဝန်ယူစေမှု (Commitment)။ ဒီအဆင့်မှာတော့ တစ်ဦးချင်းထမ်းဆောင်ရမယ့်တာဝန်နဲ့ အခန်းကဏ္ဍကို သတ်မှတ်ပေးရပါမယ်။ အရင်းအမြစ်ခွဲဝေမှုနဲ့ အဆုံးအဖြတ်ချမှတ်မှုတွေ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

(င) အကောင်အထည်ဖော်ခြင်း (Implementation)။ ဒီအဆင့်မှာတော့ တိုးတက် မှုတွေလည်း ရှင်းလင်းမြင်သာစွာ တွေ့ရမှာဖြစ်သလို အချင်းချင်းအကြားမှာလည်း ညီညွတ်မှုရှိလာကာ Team ရဲ့ ရည်မှန်းချက်တွေကို စည်းစနစ်ကျနစွာ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

(စ) မြင့်မားစွာ စွမ်းဆောင်နိုင်ခြင်း (High Performance)။ ဒီအဆင့်မှာတော့ အချင်းချင်းအကြား သဟဇာတဖြစ်ပြီး သူ့သဘောကိုယ်သိ၊ ကိုယ့်သဘောသူသိဖြစ်လာကာ ညီညွတ်မှုစွမ်းအား ရရှိလာကြတာကြောင့် Team ရဲ့ စွမ်း ဆောင် ရည်ဟာ အမြင့်မားဆုံးအဆင့်ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။

(ဆ) သက်တမ်းအသစ်အစပြုခြင်း (Renewal)။ ရည်မှန်းချက် အောင်မြင်ပြီးမြောက် သွားတဲ့နောက်ပိုင်းမှာခြေကုန် လက်ပန်းကျတာမျိုး၊ ငြီးငွေ့သွားတာမျိုးတွေ ဖြစ်တတ်တာကြောင့် အသိအမှတ်ပြုတာ၊ အောင်ပွဲခံတာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ ကျွမ်းကျင်ပိုင်နိုင်သွားပြီဖြစ်တဲ့ လုပ်ငန်းကဏ္ဍကို အခြားအသစ်တစ်ခုနဲ့ ပြောင်းလဲလိုက် တာမျိုးပြုလုပ်ပြီး Team ရဲ့ စွမ်းဆောင် နိုင်ရည်နှုန်းကို ဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။

The Drexler/ Sibbet Team Performance Model ကို အသုံးပြုပြီး ခေါင်းဆောင်တွေဟာ မိမိ Team ရဲ့ တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်ကို အကဲဖြတ်နိုင်ပြီး အကူအညီ လိုအပ်နိုင်မယ့် နေရာတွေကို ကြိုတင်သိရှိမှတ်သားထားနိုင်ပါတယ်။ အဆင့်တိုင်းမှာရှိနေတဲ့ အဖွဲ့ဝင်တွေရဲ့ ကိုယ်စီတာဝန်တွေနဲ့ တာဝန်ယူမှုတွေကို နားလည်သိရှိနိုင်သလို အဖွဲ့သားအချင်းချင်းလည်း ဘယ်လိုထိရောက်စွာ ဆက်သွယ်ဆက်ဆံရမယ်ဆိုတာကို ပိုမိုနားလည်သိရှိနိုင်တာကြောင့် Team စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အသင်းအဖွဲ့မိုဒယ် (The Team Model) ဆိုရာဝယ်

ဒီမိုဒယ်မှာ အဖွဲ့အစည်းတစ်ရပ်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို အကဲဖြတ်နိုင်ဖို့အတွက် အခြေခံမူဘောင်တွေကို ဖော်ပြပေးထားပါတယ်။ ဒီမိုဒယ်ရဲ့အဓိကအချက်ကတော့ အဖွဲ့စည်းတစ်ရပ်ဟာ ရည်မှန်းချက်ကို အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိ၊ မရှိ သေချာစေဖို့အတွက် တစ်ဦးချင်းစီရဲ့စွမ်းရည်တွေကို မှန်ကန်စွာ အကဲဖြတ်နိုင်ရမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့မိုဒယ်ရဲ့ အဓိကအချက် တွေကတော့-

(က) လုပ်ငန်းတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ကျွမ်းကျင်မှု၊ အသိပညာနဲ့ အရင်းအမြစ်တွေကို သေချာစွာသတ်မှတ်ဖို့လိုအပ်ပါတယ်။

(ခ) Hard Skills နဲ့ Soft Skills အကြား ခွဲခြားခြင်း။ Hard Skills ဆိုတာကတော့ သင်ယူရလွယ်ကူတဲ့ အတတ်ပညာတွေ၊ ကျွမ်းကျင်မှုတွေဖြစ်ပြီး Soft Skills ဆိုတာကတော့ အဖွဲ့အစည်းအတွင်းမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းတွေ ဖြစ်ပါတယ်။

(ဂ) အဲဒီလိုကျွမ်းကျင်မှုအရည်အသွေးတွေကို သုညမှ ၁၀ အထိ လိုအပ်သလို အဆင့်သတ်မှတ်ရပါမယ်။

(ဃ) အဲဒီလို သတ်မှတ်ထားရှိချက်တွေနဲ့အညီ Team မှာပါဝင်တဲ့ တစ်ဦးချင်းစီရဲ့ စွမ်းရည်တွေကို အကဲဖြတ်ရပါမယ်။

(င) တွေ့ရှိ အကဲဖြတ်ချက်တွေကိုလည်း ဇယားရေးဆွဲ ဖော်ပြခြင်းအားဖြင့် Team တစ်ခုရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မတူကွဲပြားမှု (Diversity) ရဲ့ အရေးပါမှုပဲဖြစ်ပါတယ်။ ဒီမိုဒယ်ရဲ့အဆိုအရကွဲပြားမှုဟာ အားနည်းချက်မဟုတ်ဘဲ အားသာချက်ဖြစ်ပါတယ်။ အောင်မြင်တဲ့ Team တွေအနေနဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။

Team တစ်ခုကို ဦးဆောင်ရမယ့် လူဟာ ဒီလို မေးခွန်းတွေကို မိမိကိုယ်ကို မေးကြည့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်-

(က) မိမိဆီမှာ ဒီပရောဂျက်နဲ့ အမှန်တကယ် ကိုက်ညီတဲ့ လူတွေရောရှိရဲ့လား။

(ခ) မိမိအပါအဝင် အားလုံးရဲ့အရည်အချင်း တွေကရော ကိုယ့်ကိုချမှတ်ပေးလာမယ့် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ကိုက်ညီရဲ့လား။

(ဂ) မိမိတို့အားလုံးဟာ အဖွဲ့ရဲ့ရည်မှန်းချက်ကို အချိန်မီပြီးမြောက်အောင် လုပ်နိုင်ပါ့မလား။

ပြီးရင်တော့ မိုဒယ်ရဲ့အစီအစဉ်အဆင့်ဆင့်အတိုင်း ပရောဂျက်အတွက် အရေးကြီးတယ်လို့ ကိုယ်ထင်မြင်ယူဆထားတဲ့ ကျွမ်းကျင်မှုနဲ့ အရင်း အမြစ်တွေကို သတ်မှတ်ခြင်းနဲ့ စတင်ရပါမယ်။ လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Hard Skills နဲ့ Soft Skills တွေကို ပိုင်းခြားရပါမယ်။ အဲဒီ ကျွမ်းကျင်မှုတစ်ခုချင်းစီတိုင်းအတွက် အရည် အချင်း၊ အရည်အသွေးစကေး သတ်မှတ်ပြီးရင် အကဲ ဖြတ်တာမျိုးနဲ့ Team မှာ ပါဝင်နေသူတွေရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ ဆိုတာ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားထားဖို့လိုတဲ့ အဓိကအချက်တွေကတော့ Team ကောင်းတစ်ခုဖြစ်ဖို့ဆိုရင် ကိုယ်ပိုင်စွမ်းရည်တွေကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ လိုအပ်တယ်ဆိုတာနဲ့ စစ်မှန်တဲ့ ခွန်အားဆိုတာ Team အတွင်းမှာ ပါဝင်သူတွေရဲ့ အရည်အချင်း အရည်အသွေးတူနေတာမျိုးထက် မတူကွဲပြားမှုရှိတဲ့ စွမ်းဆောင်ရည်ရှိတဲ့သူတွေ ပေါင်းစည်းထားတဲ့အပေါ်မှာ တည်မီနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

Belbin ရဲ့ မတူညီတဲ့ပရိုဖိုင်ကိုးခု

အထက်ပါမိုဒယ်ကို မဖော်ထုတ်ခင်ကတည်းက Team မှာပါဝင်သူအားလုံးဟာ တူညီသောအမြင်နဲ့ စရိုက်လက္ခဏာတွေအရ တစ်ပုံစံတည်းဖြစ်နေရင် အလုပ်သိပ်မဖြစ်ဘူးဆိုတာကို ၁၉၇၀ ပြည့်နှစ်များတုန်းက Meredith Belbin သုတေသနပြုမှုတစ်ခုမှာ ဖော်ထုတ်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေကိုအခြေခံပြီး အဖွဲ့ဝင်လူတစ်ဦးချင်း ရဲ့ စရိုက်လက္ခဏာ၊ သူတို့ကဏ္ဍနဲ့ ဩဇာလွှမ်းမိုးမှုတွေအရ အုပ်စုသုံးစုကိုအခြေခံပြီး မတူညီတဲ့ပရိုဖိုင်ကိုးခုကို သူကဖော်ထုတ်ခဲ့ပါတယ်။ အဲဒါတွေ ကတော့-

(က)    လုပ်ဆောင်ချက်အားသန်သူ အုပ်စု (Action-oriented)။ လုပ်ဆောင်သူ (Doer)၊ အကောင်အထည်ဖော်သူ (Implementer)၊ ပြီးပြည့်စုံသူ (Perfectionist)။

(ခ)     ဆက်ဆံရေးအားသန်သူအုပ်စု (Communication-oriented)။ ညှိနှိုင်း ပေါင်းစပ်ပေးသူ (Coordinator)၊ အသင်းကစားသမား (Team Player)၊ လမ်းသစ်ဖော်ဆောင်သူ (Trailblazer)။

(ဂ)     အသိပညာအားသန်သူအုပ်စု (Know-ledge-oriented)။ ဆန်းသစ်တီထွင်သူ (Innovator)၊ စူးစမ်းလေ့လာသူ (Observer)၊ အထူးကျွမ်းကျင်သူ (Specialist)။

ဆိုလိုတာကတော့ လူတိုင်းဟာ ထူးခြားတဲ့ အရည်အသွေးတွေ ကိုယ်စီရှိနေပါတယ်။ ဒါကြောင့် Team မှာ ပါဝင်သူတစ်ဦးတစ်ယောက်ဟာ အကြံ ကောင်းတစ်ခုခုရှိရင် အများလက်မခံမှာ စိုးရိမ်ပြီး မတင်ပြဘဲ မနေပါနဲ့၊ အခြားအဖွဲ့ဝင်တွေလည်း ကိုယ်တိုင် အကြံဉာဏ်အသစ်တွေ ဖော်ထုတ်ပေး နိုင်မယ်လို့ ယုံကြည်တဲ့အနေမျိုးနဲ့ ချပြပြီး ဦးဆောင် ဆွေးနွေးဖို့ ကြိုးစားပါ။ ဒါဆိုရင် ကျန်သူတွေလည်း သူတို့ကိုယ်တိုင် အကြံဉာဏ်တွေ ထွက်လာမယ်လို့ ခံစားလာကြပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ အားလုံးရဲ့ စိတ်အားထက်သန်မှုကို ရယူခြင်းဖြင့် အသင်းအဖွဲ့ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက်အောင် အကောင်အထည်ဖော်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် Team တစ်ခု ဖွဲ့စည်းပြီဆိုတာနဲ့ Leader တစ်ဦးက ဦးဆောင်ပြီး ကျန်တဲ့အဖွဲ့ဝင် (Team Member) တွေက Teamwork ရှိရှိနဲ့တက်ညီ လက်ညီ လှုပ်ရှားကြရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အဖွဲ့လိုက်လုပ်ဆောင်တဲ့အခါမှာ တာဝန်ယူမှုတွေကို အပိုင်းလိုက်အပိုင်းလိုက် စေ့စပ်သေချာစွာ လုပ်ကိုင်မယ်ဆိုရင် အလုပ်တွေမြန်ဆန်ပြီး ခရီးတွင်မှာ အသေအချာပဲဖြစ်ပါတယ်။ တစ်ဦးချင်းစီကလည်း စိတ်ကူးစိတ်သန်းတွေကို ပြောပြဆွေးနွေးတိုင်ပင်ပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာအောင် ဖန်တီးကြရမှာဖြစ်သလို အခက်အခဲတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး ဖေးမရိုင်းပင်းကူညီပြီး ဖြေရှင်းနိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Team မှာ ပါဝင်မယ့် လူတွေဟာ သူ့နေရာနဲ့သူ အသုံးတည့်တဲ့လူတွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်သည်အထိ အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။         

ဒီနေရာမှာ ဖြည့်စွက်ဖော်ပြလိုတာကတော့ အမေရိကန်သမ္မတဟောင်း သီအိုဒိုရုစဗဲ့ပြောဖူးသလို “အကောင်းဆုံးအုပ်ချုပ်သူဆိုတာ လုပ်ချင်တာကိုလုပ်နိုင်ဖို့၊ ယောက်ျားကောင်းတွေကိုရွေးချယ်ဖို့ လုံလောက်တဲ့ဉာဏ်ရှိသူဖြစ်ပြီး သူတို့နဲ့အတူ အနှောင့်အယှက် အဟန့်အတားတွေဆီကနေ ရုန်းထွက်နိုင်တဲ့ ကိုယ်ပိုင်ထိန်းကျောင်းနိုင်စွမ်း လုံလောက်စွာ ရှိသောသူဖြစ်ရမယ် ဆိုတဲ့စကား အတိုင်း Team Leader ကောင်းတစ်ဦးရဲ့ ကဏ္ဍကလည်း အင်မတန်မှအရေးကြီးပါတယ်။

နိဂုံးချုပ်အားဖြင့် Group နဲ့ Team ရဲ့ထူးခြားတဲ့ အင်္ဂါရပ်တွေကို သေချာစွာ သိရှိနားလည်ထားမယ် ဆိုရင် Team Member တွေရဲ့ ထိရောက်တဲ့ စုပေါင်းစွမ်းအားတွေကြောင့် အဖွဲ့အစည်းတစ်ရပ်ဟာ မှန်ကန်စွာဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်သလို အဖွဲ့ဝင်တစ်ဦးချင်း တစ်ဦးချင်းစီရဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီးမြောက်မှုနဲ့အတူ အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်သို့တိုင်အောင် ချီတက်လျှောက်လှမ်းနိုင်မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။ ။