Skip to main content

လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး

မောင်သောင်းဝင်း (တမန်ဟောင်း)

လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုဖြစ်သည်။ နှစ်စဉ် တရားမဝင်လူကုန်ကူးခံရသူ သန်း ၂၀ ခန့် ရှိပြီး ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ခန့်ရရှိနေကြသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက် တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ်စက်တင်ဘာ ၁၃ ရက်ကို လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သတ်မှတ်ကျင်းပခြင်းဖြစ်သည်။

လူကုန်ကူးမှုဆိုသည်မှာ

လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းအလို့ငှာ လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ သို့မဟုတ် လက်ခံခြင်းကို ဆိုလိုပါသည်။ ထိုသို့ လူကုန်ကူးရန် အပြုအမူတစ်ရပ်ရပ်ပြုလုပ်ရာတွင် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ သို့မဟုတ် အခြားနည်းဖြင့် အနိုင် အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည် ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစား ပြုခြင်း၊ သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ သို့မဟုတ် အကျိုး အမြတ်ပေးခြင်း၊ သို့မဟုတ် လက်ခံရယူခြင်းတို့ ပါဝင်သည်။ ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီနှင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ သူတစ်ပါးခန္ဓာကိုယ်၏ အစိတ်အပိုင်းအား ထုတ်ယူခြင်း၊ ရောင်းချခြင်း တို့ကိုပြုရာမှငွေကြေး၊ အကျိုးအမြတ်လက်ခံရယူခြင်း၊ သို့မဟုတ် လက်ခံရန် သဘောတူခြင်းများသည်လည်း လူကုန်ကူးမှုကျူးလွန်သည့် လုပ်ရပ်များပင်ဖြစ်သည်။

လူကုန်ကူးခံရသည့် အကြောင်းတရားများ

လူကုန်ကူးခံရသူများသည် အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှု၊ အလွန်အကျွံဆင်းရဲမှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် သူငယ်ချင်းများ၊ ဆွေမျိုးများ စသည်တို့က နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကောင်းရမည်ဖြစ်ကြောင်း ပြောဆိုမှုများကို ယုံကြည်ကာ သွားရောက်ကြသဖြင့် လူကုန်ကူးသည့်မုဆိုးများ၏ ပစ်ကွင်းသို့သက်ဆင်းသွားကြရသည်။ တချို့သောသူများသည် အားနာတတ်မှု၊ ရိုးသားမှု၊ မသိနားမလည်မှု၊ နိုင်ငံခြားကို အထင်ကြီးမှုတို့ကြောင့် သားကောင်ဘဝ သက်ဆင်းကာ တစ်ဖက်နိုင်ငံတွင် အခိုင်းအစေအဖြစ် ရောင်းချခြင်းခံကြရသည်။ သဘောမတူသူနှင့်ပေးစားကာ လက်ထပ်ထိမ်းမြားပေးခြင်း၊ အဓမ္မအလုပ်စေခိုင်းခံရခြင်း၊ ပြည့်တန်ဆာအလုပ်စေခိုင်းခံရခြင်းတို့ကို ခံကြရသည်။ ထို့ပြင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင် လိုသူများအပေါ် အကျိုးအမြတ်ရယူလိုသူများ၊ ခေါင်းပုံဖြတ်လိုသူများကြောင့် လူမှောင်ခိုမှု၊ လူကုန် ကူးမှုများဖြစ်ပေါ်လာရသည်။ တရားမဝင်ရွှေ့ပြောင်းသွားလာမှု၏ ဘဝနိဂုံးသည် လူကုန်ကူးခံရခြင်းပင်ဖြစ်သည်။

လူကုန်ကူးသူများသည် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူသားများကို မက်လုံးပေးစည်းရုံးသိမ်းသွင်း ရောင်းချလေ့ရှိကြသည်။ လူကုန်ကူးမှုများသည် တစ်စတစ်စ ကြီးထွားလာသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများပင်ဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း လူကုန်ကူးသူများကို လူ့အခွင့်အရေးချိုးဖောက်သူများအဖြစ် ပြစ်တင်ရှုတ်ချလျက်ရှိသည်။ သို့သော် လူ့အသိုက်အဝန်းကို ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။ ဆင်းရဲတွင်းနက်နေသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးငယ်များသည် လူကုန်ကူးသူများ၏ ပစ်မှတ်ဖြစ်လေ့ရှိကြသည်။ လူကုန်ကူးသူများသည် အမျိုးသမီးငယ်များကို လိင်ကျွန်ပြုရန်လည်း ကောင်း၊ အရွယ်ရောက်သူ အမျိုးသားများကို လုပ်အားခေါင်းပုံဖြတ်ရန်လည်းကောင်း၊ ကလေးသူငယ်များကို ကိုယ်လက်အင်္ဂါဖြတ်တောက် ရောင်းချရန်လည်းကောင်း မက်လုံးပေးဆွဲဆောင်စည်းရုံး ရောင်းချလေ့ရှိကြသည်။

လူကုန်ကူးခံရသူများ

လူကုန်ကူးခံရသူတစ်ဦးအား လိင်ဖျော်ဖြေရေး အတွက် ခေါင်းပုံဖြတ်စေခိုင်းခြင်းကို လိင်ကုန်ကူး ခြင်းဟုခေါ်ဆိုသည်။ ကလေးငယ်များကို လိင်ကျွန်ပြုခြင်းအပါအဝင် ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် လိင်ကုန်ကူးသူများက အမြတ်ထုတ်လေ့ရှိကြသည်။ လိင်ကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာကြီးထွားလာသော ရာဇဝတ်မှုလုပ်ငန်းတစ်မျိုး ဖြစ်နေသည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့၏ အဆိုအရလူ ၄၉ ဒသမ ၆ သန်းသည် အဓမ္မအလုပ်စေခိုင်းခြင်းခံနေရပြီး ၎င်းတို့အနက် ၁၂ သန်းသည် ကလေးသူငယ်များဖြစ်သည်။ ထို့ပြင် ခေတ်သစ်ကျွန်ပြုခံနေရသည့် သန်း ၂၀ ကျော်ခန့်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်သည်။ ၎င်းတို့အနက် လူ ၄ ဒသမ ၅ သန်းသည် လိင်ကျွန်ပြုခံနေရသည်။ ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမားသန်း ၁၆၀ ကျော်ခန့်ရှိသည်။ ၎င်းတို့အနက် ၆၃ သန်းသည် မိန်းကလေးများဖြစ်ပြီး ၉၇ သန်းခန့်သည် ယောကျ်ားလေးများဖြစ်သည်။

လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ လူကုန်ကူးခံရသူ ၄၀ ဒသမ ၃ သန်းခန့်သည် လုပ်အားခမရဘဲ ကျွန်ပြုခံနေကြရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူကုန်ကူးခံရသူများသည် ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ကြောင့် အနည်းငယ်သောလုပ်အားခ၊ သို့မဟုတ် လုပ်အားခလုံးဝမရဘဲ အလုပ် လုပ်နေကြရသည်။ နေရာတိုင်းတွင် တရားမဝင် ကျွန်ပြုနေခြင်းဖြစ်သည်။ ဆိုရလျှင် လူကုန်ကူးခံရသူများသည် ခေတ်သစ်ကျေးကျွန်များပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှုမြင့်မားခြင်း၊ ကျောင်းနေရန် အခွင့်အလမ်းမရှိခြင်းတို့ကြောင့် ကလေးအလုပ်သမားများ မြင့်မားနေဆဲ၊ ရှိနေဆဲပင်ဖြစ်သည်။ လူကုန်ကူးသူများသည် ကလေးများကို မက်လုံးပေးဆွဲဆောင်ကာ လုပ်ငန်း ခွင်များသို့ ပြန်လည်ရောင်းချလေ့ရှိကြသည်။

လက်မှတ်ရေးထိုးထား

မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်း ခဲ့သော နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲစာချုပ်ဖြစ်သည့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အထူးပြုသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပြစ်ဒဏ်ပေးရေး ဆိုင်ရာစာချုပ်၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်း အသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ်တို့ကို ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ လူကုန်ကူးခြင်း၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုး ခဲ့သည်။

ထို့ပြင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံပါဝင်သော မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၃၀-၃-၂၀၀၄ ရက်နေ့တွင် လည်းကောင်း၊ တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယနိုင်ငံတို့ နှင့် နှစ်နိုင်ငံအကြား လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးအဆင့် အစည်းအဝေးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဘာလီလုပ်ငန်းစဉ် စသည့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပြီး အဆိုပါယန္တရားများ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံအဆင့်၊ ဒေသအဆင့် ဦးစားပေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး

လူကုန်ကူးမှုသည် လူသားအချင်းချင်းစာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ခြိမ်းခြောက်ရုံ သာမက လူ့အဖွဲ့အစည်းကိုလည်း ထိခိုက်စေနိုင် သည်။ လူကုန်ကူးသူများသည် ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချလျက်ရှိပါသည်။ လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများက လူကုန်ကူးမှုများအား နိုင်ငံဖြတ်ကျော် မှုခင်းအမျိုးအစားတစ်ရပ်အဖြစ် လက်ခံထားကြပြီး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ် တားဆီးကာကွယ်နေကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ အဓမ္မ လက်ထပ်ထိမ်းမြားမှု စသည့်လူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခြင်းခံနေရသည်။ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုအပါအဝင် ဘဝရပ်တည်ရန်ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ တရားဝင်/ တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင် ကြရာမှပွဲစားများ၏ မက်လုံးပေးစည်းရုံးမှုကြောင့်လည်းကောင်း၊ တရားဝင် အလုပ်သမားစေလွှတ်ရန်သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများသို့ တရားမဝင်ပို့ဆောင်ခံရခြင်း ကြောင့်လည်းကောင်း လုပ်အားခေါင်းပုံဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့ကို ခံနေကြရသည်။         

စင်စစ်အားဖြင့် လူကုန်ကူးမှုပြဿနာသည် နိုင်ငံတစ်နိုင်ငံရှိ အစိုးရတစ်ရပ်တည်း ဖြေရှင်း၍ မရနိုင်သည့် ရာဇဝတ်မှုမျိုးဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်မှသာ ထိုရာဇဝတ်မှု လျော့နည်းကျဆင်းနိုင်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပေါင်းစပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့် တာဝန်ရှိသူများ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ ပြည်သူများအား ဗဟုသုတမျှဝေခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခြင်း၊ လူကုန်ကူးခံရသူများအား အပြည့်အဝကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူများအကြား လူကုန်ကူးသူများအား ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေးစိတ်ဓာတ် ကိန်းအောင်းလာအောင်ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ စတုတ္ထငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် ထိခိုက်လွယ်အုပ်စုများ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းများ၊ ကယ်တင်ရေးနှင့် ကူညီရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုအပ်သည်။ အရေးကြီးဆုံးအချက်မှာ လူကုန်ကူးခံရသူများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူများ ဖြစ်ခြင်းကြောင့် လူ့အသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ၎င်းတို့၏ အသံကိုအလေးထား နားထောင်သွားရမည်ဖြစ်သည်။

ကမ္ဘာလုံးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် လူကုန်ကူးမှုသည် နေ့ချင်းညချင်း ပပျောက်အောင် တိုက်ဖျက်နိုင်မည့် လုပ်ငန်းစဉ်မဟုတ်သောကြောင့် အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ပါသည်။ ။

ရည်ညွှန်း-

(၁) ၁၃-၉-၂၀၂၃ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ။

(၂) Human Trafficking Statistics and Facts In 2024 | OUR Rescue

(၃) Child Labour | International Labour Organization (ilo.org)